http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆယ်တန်းအမှတ်စာရင်း မလိုဘဲ ဆရာ၊ဆရာမအဖြစ် လျှောက်ထားနိုင်ပြီ

4 May, 2013
အစိုးရမှဖွင့်လှစ်လျက်ရှိသည့် မူလတန်းကျောင်းများ၌ ဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ယမန်နှစ်များကဲ့သို့ (၁၀)တန်းအမှတ်စာရင်းမလိုတောင်းတော့ဘဲ အသက်(၁၈)နှစ်မှစ၍ မည်သူမဆို
အလုပ်ဝင်ခွင့်စာမေးပွဲ ပေးပြီဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်မှူးထံက သိရှိရသည်။

ပြည်နယ်နှင့်တိုင်းများရှိ မူလတန်းကျောင်းများတွင် ဆရာ၊ဆရာမများ လိုအပ်လျက်ရှိခြင်းကြောင့် ၂၀၁၃ခုနှစ် ပညာသင်နှစ်မှစ၍ ဆရာ၊ဆရာမများကို သတ်မှတ်စည်းကမ်းများ လျော့ချကာ ခေါ်ယူခြင်းဖြစ်သည်ဟု
ညွှန်မှူးဦးအေးကြိုင်က ဆိုသည်။

ယမန်နှစ်များတွင် ဆရာ၊ဆရာမများ ခေါ်ယူရာ၌ (၁၀)တန်းအမှတ်စာရင်းကိုသာ ကြည့်၍၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး ရရှိလာသည့် အမှတ်ပေါ်မူတည်၍ အတန်းများခွဲကာတာဝန်ထမ်းဆောင်စေကြောင်း သိရှိရသည်။

“ ဘယ်ဘာသာတွဲနဲ့ ဘွဲ့ရသည်ဖြစ်စေ ဆရာ၊ဆရာမ အဖြစ်အလုပ်ဝင်ဖြေဆိုခွင့်ရှိပါတယ်၊ လစာအနေနဲ့ကတော့ မူလတန်း ဆရာမ နှုန်းနဲ့အတူတူလောက်ရမယ်၊ ဒါပေမဲ့ အခုစာမေးပွဲဖြေဆိုအောင်မြင်သွားတဲ့သူတွေကနေ့စားအနေနဲ့စ ၀င်ရမှာ၊ ပြီးမှ နောက်ထပ် သင်တန်းပေးပြီးတော့မှ ပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်မှာဖြစ်တယ်” ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ ညွှန်မှူး ဦးအေးကြိုင်က ပြောသည်။

အဆိုပါ ၀င်ခွင့်စာမေးပွဲကို ဧပြီလ (၉) ရက်နေ့တွင် ဖြေဆိုခဲ့ရပြီး ဖြေဆိုသူဦးရေအနေဖြင့် အထက်မြန်မာပြည်တွင် တစ်သိန်းနှစ်သောင်း၊ အောက်မြန်မာပြည်တွင် ကိုးသောင်း ကျပ်ဝန်းကျင်နှင့် အမှတ် ( ၃)
အခြေခံပညာဦးစီးဌာန လက်အောက်တွင် လူဦးရေ သုံးသောင်းဝန်းကျင်ခန့် ၀င်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

“ အထွေထွေ၊ အင်္ဂလိပ်စာနှဲ့ သချာင်္ ဖြေရတယ်၊ သုံးဘာသာလုံးကိုတစ်နာရီပဲ ဖြေရတယ်၊ဖြေရတာကတော့ ဘာမှ အခက်အခဲ မရှိပါဘူး၊ ဒါပေမဲ့ သိချင်တာက အဲလောက် လူအများကြီး ၀င်ဖြေတာ သူတို့ ဘယ်လို ပြန်ရွေးမလဲဆိုတာ မသိဘူး၊ ဘာလို့လဲဆိုတော့ ဖြေတဲ့ သူတွေ အများကြီးပဲ၊ အကုန်လုံးကလည်း ဖြေနိုင်ကြတယ်ပဲ ပြောကြတယ်” ဟု ပခုက္ကူမြို့တွင် လာရောက်ဖြေဆိုသူ မဆုချိုသင်းက ပြောသည်။

အဆိုပါမူလတန်းပြ ၀င်ခွင့်စာမေးပွဲအတွက် အသက်(၁၈) နှစ်မှ (၄၀) အထိ သတ်မှတ်ထားပြီး ၀င်ခွင့်အောင်စာရင်းကို မေလအတွင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းပြတွေအတွက် အခုလို လုပ်ပေးတာကောင်းပါတယ်၊ ဒါပေမဲ့ အရေအတွက်တိုးလာပြီး အရည်အချင်း မရှိမှာပဲ စိုးရိမ်တယ်၊ ဒါပေမဲ့ မူလတန်းပြတွေအပြင် အထက်တန်းပြ ဆရာ/ဆရာမတွေလည်း ခေါ်ပေးစေချင်တယ်၊ အခုက ကျွန်မ သားအတန်းမှာဆိုရင် ကျောင်းသားတွေက အယောက် (၈၀) ကျော်တယ်၊ အဲဒီတော့ ဆရာမတစ်ယောက်က ကျောင်းသားတွေအကြောင်း အကုန် ဘယ်သိပါ့မလဲ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုရာတွင် မိမိလျှောက်ထားလိုသည့်နေရာဒေသကို လျှောက်ထားနိုင်ပြီး အဆိုပါ နေရာဒေသတွင်  နေရာလစ်လပ်မှုရှိပါက ခန့်အပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(မြစ်မခ)
Myit Makha Mediagroup

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

4 May, 2013
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံးသည်အထိဖြစ် ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်းကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ ဆေးရုံတွေ ကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့် တာတွေ ဖြစ်လာတယ်။ အဲဒီတော့ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ် သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါခံစားနေရသူများ သည် ရောဂါလက္ခဏာမပြသည့် အတွက်ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင် ကဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီးသွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင် ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ်အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။


လွင်ထူးကို(မြစ်မခ)
Myit Makha Mediagroup

နာဂစ်ဒဏ်သင့် ဘိုးဘွားများအတွက် နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဆောက်မည်

စနေနေ့၊ မေလ ၀၄ ရက် ၂၀၁၃ ခုနှစ်
နာဂစ်ဒဏ်သင့် ဘိုးဘွားများနှင့် ခိုကိုးရာမဲ့ ဘိုးဘွားများအား ရည်ရွယ်ကာ နာဂစ်ဆည်းဆာ ဘိုဘွား ရိပ်သာအား တည်ထောင်မည်ဟု အသက် ၇၈ နှစ် အရွယ်ရှိ ဒေါ်ရှု(ပြည့်သူ့ဂုဏ်ရည်) မှ ပြောသည်။

၎င်းက “ အခုရိပ်သာ တည်ဆောက်ဖို့ ဦးရှမ်းအောင်မြင်က ပြုပြင်ပြီးသားမြေယာ ၆ ဧက လှူထားပါတယ်။ အခုအုတ်တသောင်းခွဲ ကျောက်ကျင်း ၈၀ နဲ့ ပိုက်ဆံ ၂,၅၀၀,၀၀၀ ကျပ် စုမိထားပါတယ်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀၀ နီးပါး ရှိသော ကဒုံကနိကျေးရွာတွင် တည်ဆောက်မည်ဖြစ်ပြီး ဓမ္မာရုံ၊ ထမင်းစားဆောင်နှင့် အဖိုးဆောင် ၊ အဖွားဆောင် စသည်ဖြင့် စုစုပေါင်းလေးဆောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဒေါ်ရှုက ဆိုသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီအား အဖွဲ့ဝင် ၁၅ ယောက်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ရွှေတွံတေး ဆရာတော်မှ နာယကအဖြစ် ပါဝင်ကာ ငွေ ၁၀ သိန်းကျော် လှူဒါန်း ထားကြောင်း သိရသည်။ ဘိုကလေးမြို့နယ် စက်စမ်းကျေးရွာရှိ ရှေ့ကျောင်း လက်ထောက် ဆရာတော် ဦးကာတုံည မှလည်း မေ ၉ ရက်တွင် ကျင်းပမည့် တရားပွဲမှ ရရှိလာသော အလှူငွေများအား န၀ကမ္မ အလှူငွေ အဖြစ် ဘိုးဘွားရိပ်သာ ကော်မတီသို့ လှူဒါန်းမည့်အပြင် ဦးကျော်သူ(နာရေးကူညီမှု အသင်း) မှလည်း ဘိုးဘွား ရိပ်သာရှိ ဘိုးဘွားများ၏ ကျန်းမာရေးကိစ္စအား ကူညီပေးရန် ပြောထားကြောင်း သတင်းရရှိသည်။

ဒေါ်ရှုက “နာဂစ်ဖြစ်ပြီး ငါးရက်လောက်နေတော့ နာဂစ်ဖြစ်တဲ့ ဒေသတွေကို သွားပြီးလှူဒါန်းဖြစ်ရာက မြင်တွေ့ လာရတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကိုမြင်တွေ့ရာကနေ ဒီလိုမျိုး ဘိုးဘွားရိပ်သာ တည်ဆောက်ဖို့ စိတ်ကူးဖြစ်တာပါ" ဟု ရှင်းပြသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ပန္နက်ရိုက်ရန် ရက်အား အတိအကျ မသတ်မှတ် ရသေး သော်လည်း ထိုင်းနိုင်ငံမှ ဘုန်းကြီးများမှ လာရောက် ပန္နက်ရိုက်ပေးမည် ဖြစ်ကြောင်း ဒေါ်ရှုမှ တဆင့် သိရသည်။

ရိပ်သာ တည်ဆောက်ရန် ဦးဆောင်သူ ဒေါ်ရှုသည် ၂၀၁၁ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်သော သံဃာတော်များအား ကူညီခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ မိသားစုများမှ ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့သည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာတွင် လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်ရှု (ပြည့်သူ့ဂုဏ်ရည်) ၀၉ - ၇၃၀၆၆၁၇၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
ယုဝေ
Mizzima - News in Burmese

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ငွေဒဏ်မဆောင်ဘဲ ထောင်သုံးလကျခံ

ရန်ကုန်၊ မေ ၂
ရဲတပ်ဖွဲ့ဝင်များ လာဘ်စား သည်ဟု ပြောဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲထားသော အမှုကို ပန်းတနော် မြို့နယ် တရားရုံးက မေလ၂ရက်နေ့တွင် ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ငွေဒဏ်ကို လက်မခံ ဘဲ ထောင်သုံးလသာ ကျခံရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ အတွင်းရေးမှူး ဦးကျော်က အတည်ပြုပြောကြားသည်။
"နေ့ခင်း ၁ နာရီထဲက ထောင်ထဲ ရောက်သွားပါပြီ"ဟု ၄င်းက ဆိုသည်။

တရားစီရင်ရေးမဏ္ဍိုင်တွင် တရားဥပဒေ မစိုးမိုးသည်ကိုပြချင်၍ တရားရုံး၏ ငွေဒဏ်ကိုငြင်းပယ် လိုက်သည့်အတွက် မအူပင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ပန်းတနော်မြို့နယ် အောက် ကဇင်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော လူထု တွေ့ဆုံပွဲ၌ ရဲများလာဘ်စားသည်ဟု ထည့်သွင်းပြောဆို ခဲ့ခြင်းကြောင့် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
"တရားရုံးက ဒဏ်ငွေမဆောင်ရင်တော့ ထောင်ဒဏ်ချမှာပဲ။ ဒါဥပဒေပဲ" ဟု ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။

ဦးနေမျိုးဇင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ပန်းတနော်မြို့နယ်တွင် ပြုလုပ်သည့် အခွင့်အရေးနှင့် ရပိုင်ခွင့် ဆုံးရှုံးနေသည့် ရေလုပ်သားနှင့် လယ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ခဲ့သည့် အပြင် ပန်းတနော်ဒေသခံ တစ်ထောင်ကျော် ပါဝင်သော ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌရာထူးမှ မပြောင်းရွှေ့ရေး တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲ တွင်လည်း ဦးဆောင်ခဲ့သည်။
The Voice Weekly

တာဝန်ကျေစပါးရောင်းချနိုင်သော်လည်းလူကြီးကလယ်သိမ်းသည်

May 4, 2013
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်း တန်းကျေးရွာနေ လယ်သမားကြီး ဦးရှမ်းနီ မိသားစုသည် ကွင်းအမှတ် (၅၈၉)ဦးပိုင်အမှတ်(၁/က)လယ် ဧက(၁၅.၄၆)လုပ်ကိုင်လာပြီး ၁၃၃၇ ခုနှစ်တွင် နိုင်ငံတော်မှ စပါးပြီးစပါး စိုက်ပျိုးရန်စီမံကိန်း အား အကောင်အထည်ဖော်ဆောင် ရွက်ပေးသည့်အတွက် ကျောက် တန်းမြို့နယ် ပါတီကလပ်စီး ဦးဗလ နှင့် ဦးကျော်စွာတို့၏ စီမံခန့်ခွဲမှုဖြင့် ဇွဲဘာကုန်းတန်းကျေးရွာ ပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဦးသိန်းငွေမှ အဆိုပါ လယ်မြေအား ဦးရှမ်းနီ နာမည်ဖြင့် မြေခွန်ပြေစာရရှိအောင် လုပ်ကိုင်ပေးခဲ့ကြောင်း ဦးရှမ်းနီက ဆိုပါသည်။

ထိုသို့လုပ်ကိုင်လာစဉ် ဦးရှမ်းနီသည် ပြစ်ဒဏ်တစ်ခု ဖြင့် ပြစ်ဒဏ်ကျနေစဉ် အဆိုပါ လယ်အား ဇနီးနှင့်တူတို့ လုပ် ကိုင်ရန် တာဝန်ကျေစပါးရောင်း သော်လည်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းငွေက စည်းကမ်း ပျက်ဟု သတ်မှတ်စွပ်စွဲပြီး ပြန် လည်သိမ်းယူ၍ ၎င်းင်း၏ သမီး ဖြစ်သူ ဒေါ်မြင့်ဌေးအမည် ပေါက်ပြုလုပ်၍ လုပ်ကိုင်စေခဲ့ ကြောင်း ဦးရှမ်းနီနှင့်ဇနီးတို့က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ ဦးရှမ်းနီက ကျေးရွာမြေယာ ကော်မတီနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ ကန့်ကွက်စာတင် ထား၍ (၂၀၁၃)ခုနှစ် မတ်လ (၁၇)ရက်တွင် ကျေးရွာမြေယာ ကော်မတီမှ ဦးရှမ်းနီမိသားစုနှင့် သက်သေအဖြစ် လယ်ကံဇဉ်းတင် (၃)ဦးအား စစ်ဆေးပြီးကြောင်း ဦးရှမ်းနီမှHot News ဂျာနယ်သို့ ပြောပြ၍ သိရှိရသည်။

၎င်းလယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ကျောက်တန်းမြို့ နယ်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောစံနိုင်နှင့် (၂၀၁၃)ခုနှစ် ဧပရယ်လ (၂၂)ရက်တွင် မီဒီယာ မှ တွေ့ဆုံမေးမြန်းရာ ကျေးရွာ မြေယာကော်မတီမှ ၎င်းထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း တင်ပြလာသည့်အခါတွင် လယ် သမားများအား ခေါ်ယူစစ်ဆေး ၍ တွေ့ရှိချက်အရ အမှန်အတိုင်း ဖြစ်စေရမည်ဟု ပြောကြားပါ သည်။
အရိန္ဒမာ(ဘိုကလေး)
 The Hot News

မိုးသက်လေပြင်းကြောင့်ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်ဆီး

May 4, 2013
ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အရှေ့စု တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျသိဒ္ဓိ ဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ အထက(ခွဲ) ရှိ ပေလေးပင် ကျောင်းဆောင်နှင့် ဗိသနိုးကျောင်းဆောင်ရှိ သွပ် ၂၀၄ ချပ်လွင့်ပါပျက်စီးကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်

အလားတူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သွပ် ၁၆ ချပ်ခန့် လွင့်ပါပျက်ဆီး ကာ ဒိုင်းမျှား ၄ ချောင်းပျက်စီးသွား ပြီး ကုက္ကိုစုကျေးရွာ အနောက်စုရှိ အမက -၂ ကျောင်းတွင် ခေါင်မိုးတခြမ်း အမိုးလန်သွားကာ သွပ် ၄၀ ခန့်လွင့်ပါပျက်စီး ကာ ကုက္ကိုဝရွာတွငိ နေအိမ် ၇ လုံးပြိုကျပျက်စီးကာ အမိုးလန်သွားသော နေအိမ် ၈၀ ခန့်ရှိကြောင်း ပရပ်ကြယ်ကျေးရွာတွင်လည်း နေအိမ် ၃လုံးခန့် အမိုးအကာ များပျက်စီးသွားကြောင်း တောင်တွင်းကြီးသတင်းထောက် ဟင်္သာ(တောင် တွင်းကြီး) ကသတင်းပေးပို့သည်။
ဟင်္သာ(တောင်တွင်းကြီး)
The Hot News

ဘရိတ်ပေါက်တော့ အသက်ပျောက်ပေါ့

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် နေ့ ညနေ (၃)နာရီ (၁၅) မိနစ် ချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၅) ကွတ်ခိုင်လမ်း နှင့် သာသနာ (၂၅၀၀) လမ်းဆုံ အနီးတွင် ယာဉ်ထပ်ဆင့်တိုက်မှု ကြောင့် သေကြေ၊ ထိခိုက်ဒဏ် ရာရနှင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ ရပါပြီ။

ဖြစ်စဉ်မှာ မန္တလေးမှမူဆယ် သို့ယာဉ်မောင်းသိန်းရွှေမောင်းနှင် လာသောယာဉ်အမှတ် (၃ခ/၅၉၁၈) နီဆန်းဒီဇယ် (၁၂) ဘီးယာဉ်သည် ဆောက်လုပ်ရေးသံချောင်းများ တင်ပြီး (တောင်မှမြောက်)သို့ ကွတ်ခိုင်ဘက်သို့ဆင်းလာစဉ် အမေ့အိမ်စားသောက်ဆိုင်အလွန် တွင် ဘရိတ်ပေါက်ပြီး အဆင်းလမ်း  ကြောင့် အရှိန်တဖြည်းဖြည်းများ လာကာ လမ်းဘေးဓာတ်တိုင် အမှတ် (၀၂) အား တိုက်မိကာ တဖက်ယာဉ်ကြောသို့ရောက်ရှိသွား  ကာကွတ်ခိုင်ဘက်လမ်းမှတက်လာ သော (မြောက်မှတောင်)သို့မောင်း  နှင်လာသော ယာဉ်မောင်းမိုးထက် ကျော်မောင်းနှင်သည် (Foton- Colling) သုံးတန်လိုက်ထရပ်ယာဉ် နောက်ပိုင်းဖျားအား တိုက်မိခဲ့ပြီး ၎င်းယာဉ်နောက်မှ ကပ်လျက်လိုက်  ပါလာသည့်သက်နိုင်ဦးမောင်နှင် ပြီးနောက်မှ မနီနီလွင်တို့စီးလာ သည့်မော်တော်ဆိုင်ကယ်ကို ထပ်မံတိုက်မိခဲ့ပြီး ၎င်းင်းမှတဖန် ဒေါ်ခင်ယုစာသင်ဝိုင်းရှေ့လမ်းဘေး တွင် ရပ်ထားသည့်ဆိုင်ကယ် (၂) စီးကို ထပ်မံတိုက်မိပြီးအရှိန်လွန်  ကာဒေါ်ခင်ယုစာသင်ဝိုင်းနေအိမ် ခြံဝန်း(ချိုင့်ဝှမ်း) အတွင်းသို့ကား ပတ်လက်လန်ပြုတ်ကျသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် (၃ခ/ ၅၉၁၈) ယာဉ်မောင်းသိန်းရွှေ (သေဆုံး)၊ ခေါင်းခန်းတွင် လိုက်ပါ လာသူမခင်မေ၀င်း (သိန်းရွှေ၏ ညီမ)မှာ ရင်ဘတ်နာကျင်၊ ၀မ်းဗိုက် နာကျင်၊ စကားမပြောနိုင်၊ ဒဏ်ရာ  ရခဲ့ (မစိုးရိမ်ရ) စပယ်ယာမောင် အောင်နိုင်မှာ ဒဏ်ရာမရသော် လည်း ကွတ်ခိုင်ဘက်မှဆိုင်ကယ် ဖြင့် စီးနင်းတက်လာသူ (ကိုသက် နိုင်ဦး) ဦးနှောက်ပွင့် (သေဆုံး)၊ ဆိုင်ကယ်နောက်တွင် စီးနင်းလာ သူမနီနီလွင်သတိမေ့၊ ဒဏ်ရာရခဲ့ (ဆေးရုံတွင်ကုသမှုခံယူဆဲ)။

အဆိုပါယာဉ်တပ်ဆင့်တိုက်မှု ကြောင့် (၃ခ/၅၉၁၈) (၁၂) ဘီး ကားကြီး လုံးဝပျက်စီး၊ အတိုက်ခံ ရသည့် (Foton-Collin) အနောက်  ဘက်ပိုင်းကိုယ်ထည်ပိန်ချိုင့်ခဲ့၊ အတိုက်ခံရသည့်ဆိုင်ကယ် (၃) စီး တစ်စစီပျက်စီးသွားခဲ့ကာ ရပ်ကွက် (၁)၊ နယ်မြေ (၅) ကွတ်ခိုင်လမ်း  ဒေါ်မေသန်းအိမ်အုတ်ခြံစည်းရိုး  ပျက်စီးပြီး၊ ဓာတ်တိုင်အမှတ် (၀၂)  ပျက်စီးသွားပါသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက် ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုဖွင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ဒဏ်ရာရသူတို့အား လားရှိုး မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု    ခံယူနေကြောင်း သိရပါသည်။
ယခုကဲ့သို့မော်တော်ယာဉ်များ ၏ ဘရိတ်ပေါက်မှုကြောင့် လူသေ၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုများ  မကြာခဏကြုံတွေ့နေရသဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် တို့မှ မော်တော်ယာဉ်အား အထူး ဂရုပြုစစ်ဆေးပြီး သတိနှင့်အသိ ထိန်းကားမောင်းနှင်ကြဖို့ထပ်ဆင့်  နှိုးဆော်လိုက်ရပါစေခင်ဗျာ။
ထက်နိုင်လူ (ရှမ်း/မြောက်)
The Hot News

တရုတ်မှာ ကြွက်သားတွေ ညာရောင်း

04.05.2013
တရုတ်နိုင်ငံမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့၊ ကြွက်သားတွေကို သိုးသားလို့ ညာရောင်းသူတွေကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အခုနောက်ဆုံး ကျော်မကောင်းကြားမကောင်းသတင်း ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တရုတ်စားသုံးသူတွေကြားမှာလည်း ဒီအကြောင်းတွေကိုပဲ ပြောဆိုနေကြပါတယ်။

ရှန်ဟိုင်းနဲ့ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Wuxi မြို့တွေမှာ ခုလို ကြွက်သားတွေ ကို သိုးသားလို့ ညာပြီး ရောင်းချခဲ့မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူ ၆၃ ဦး ရှိတယ် လို့ တရုတ်ရဲတွေက ပြောပါတယ်။ ဒီဖမ်းဆီးမှုဟာ ဇန်န၀ါရီလကုန်စလို့ တရုတ်နိုင်ငံမှာ အသားတု ဒါမှမဟုတ် မကောင်းတဲ့အသားတွေကို ညာရောင်းသူ ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်တဲ့၊ အသားတု လုပ်ရောင်းသူတွေ အပေါ် နှိမ်နင်းမှုကြီးရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ကြွက်နဲ့ တခြား အသေးစား နို့တိုက်သတ္တ၀ါတွေရဲ့ အသားနဲ့ လုပ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူတွေ မစားရမနေချင်အောင် စွဲဆောင်တဲ့ဆေးတွေနဲ့ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အသားတန်ချိန် ၂ သောင်းကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေကတော့ သူတို့ရဲ့ဒေါသတွေကို ဝေဘို (Weibo) လို တရုတ် အင်တာနက်လူမှု ကွန်ယက်ပေါ်ကနေတဆင့် ထုတ်ဖော် ပြောဆိုနေကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကာယကံရှင် ကိုရင်လေးနှင့် တွေ့ဆုံမေးမြန်းခန်း(ရုပ်/သံ)

1-5-2013 ရက်နေ့တွင်ဖော်ပြပါရှိသော 'တိုက်ကြီးနားက ဥက္ကံမှာဖြစ်ပြန်သည့် ပဋိပက္ခအေး ဆေးစွာ ပြေလည်ပြီးနောက် ရဲတိုင် အမှုဖွင့်ရာမှပြန်ဖြစ်ရ' သတင်းခေါင်း ဖြင့် ဖော်ပြခဲ့ပြီး ယင်းသတင်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ဖြစ်ရပ်မှန် သတင်းများ၊ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့တွင် ကာယကံရှင်များ ကြုံတွေ့ခဲ့ရသည် များနှင့် မျက်မြင်သက်သေများ မြင်တွေ့ခဲ့ရသည့် ဖြစ်စဉ်အကြောင်းအရင်းမှန်တို့ကို ပြည်သူလူထုအမှန်အတိုင်း သိရှိစေရန်၊ ကောလာ ဟလသတင်း များအပေါ်၌လည်း မယုံကြည်ကြစေ ရန်အတွက် ရွှေနိုင်ငံသစ် သတင်းစာသတင်းအဖွဲ့မှ ဥက္ကံမြို့သို့ မေလ ၃ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။

(သတင်းအပြည့်အစုံကို မေလ ၄ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာတွင် ဖော်ပြပါရှိပါသည်။)
The Golden Fresh Land Daily Newspaper

အမျိုးသားသတင်းဆု ရရှိသူများ

၂၀၁၂ ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ဝေသော The Myanmar Independent News Journal မှာ ပါတဲ့ အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း ခေါင်းစဉ်ဖြင့် စာရေးဆရာမ မသီတာ(စမ်းချောင်း)မှ အကောင်းဆုံး အယ်ဒီတာ အာဘော်ဆု ရရှိစဉ်
..............................
The Voice Journal Vol-8, No-13 ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ခေါင်းစဉ်ဖြင့် အကောင်းဆုံး သတင်းဆုကို The Voice သတင်းအဖွဲ့ မှ ရရှိ

 ..........................................
မြစ်ဆုံ ပြန်စမည်လော (၂၀၁၂ ထုတ် မတ် ၂၆-ဧပြီ ၁) ခေါင်းစဉ်ဖြင့်
အောင်ဘိုဘိုရှိန် + ကျော်စွာစိုး(The Voice)တို့မှ အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ
.............................................
မော်နီတာသတင်းဂျာနယ်မှ ဓာတ်ပုံဆရာ ဇော်မင်းနိုင် ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲဓာတ်ပုံနှင့် အကောင်းဆုံး သတင်းဓာတ်ပုံဆု ရရှိစဉ်

............................................
The Voice Weekly Journal အတွဲ ၈ အမှတ် ၁၈တွင် ပါဝင်သော ကာတွန်းဖြင့် ကာတွန်းဆရာ ကျော်သူရိန်က အကောင်းဆုံး သတင်း ကာတွန်းဆု ရရှိသွားစဉ်

..............................................
မီဒီယာဖိနှိပ်မှုနှင့်လူငယ်သတင်းစာ ဆရာများ မီဒီယာ လွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့က အကောင်းဆုံး ရုပ်သံ သတင်းဆုကို ရရှိစဉ်

 The Myanma Age

ကျွမ်းကျင်သူများ ဆုံးဖြတ်ပေးသောဆုဖြစ်၍ လိပ်ပြာသန့်သည်ဟု ဦးဝင်းငြိမ်းပြော

ရန်ကုန်၊ မေ ၃။
ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲအခမ်းအနားကို အမျိုးသားသတင်းဆု ကော်မတီက
ကြီးမှူး၍ ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ အမျိုးသားဇာတ်ရုံတွင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက် ညနေ ၆ နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“အမျိုးသားသတင်းဆုလို့ ကြေညာပေမယ့် ဆုပေးခဲ့တဲ့ နှစ်နှစ်လုံးမှာ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ပြီးမှ ချီးမြှင့်ရသလို ဖြစ်နေတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပြိုင်ပွဲပုံစံဖြစ်သွားရတဲ့ အတွက် နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားသွားဖို့ ရှိပါတယ်။ ဆု ၆ ဆု ဖြစ်တဲ့ အတွက် ရွေးချယ်ရေးကော်မတီ ၆ ဖွဲ့ ဖွဲ့ပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများ ဆုံးဖြတ်ပြီးမှ ပေးတဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်သန့်ပါတယ်” ဟု အမျိုးသားသတင်းဆု ကော်မတီဥက္ကဌ ဦးဝင်းငြိမ်းက ပြောကြားသည်။

ယခုကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အကောင်းဆုံး အယ်ဒီတာအာဘော်ဆုကို  The Myanmar Independent  News Journal၊ အကောင်းဆုံး သတင်းဆုကို The Voice Weekly Journal ၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို  မြစ်ဆုံပြန်စမည်လော ခေါင်းစဉ်ဖြင့် အောင်ဘိုဘိုရှိန်နှင့် ကျော်စွာစိုး (The Voice)၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို မော်နီတာသတင်းဂျာနယ်မှ ဓါတ်ပုံဆရာ ဇော်မင်းနိုင်၊ အကောင်းဆုံး သတင်းကာတွန်းဆုကို The Voice Journal မှ
ကာတွန်းဆရာ ကျော်သူရိန်၊  အကောင်းဆုံး ရုပ်/သံ သတင်းဆုကို မီဒီယာဖိနှိပ်မှုနှင့် လူငယ်သတင်းစာ ဆရာများမီဒီယာ လွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့ စသည့်မီဒီယာ များမှ
ရရှိသွားကြောင်း သိရသည်။

“အခု ထုတ်ဝေနေတဲ့ ပုံမှန်ထုတ် ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ပါတဲ့ ခေါင်းကြီးလို့ခေါ်တဲ့ အယ်ဒီတာ့အာဘော်ဟာ အလွန်အရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိလုပ်ကိုင်နေတဲ့ စာနယ်ဇင်းရဲ့ မူဝါဒကို
ကိုယ်စားပြုပြီး စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်နေသလဲဆိုတာ ဖွင့်လှစ်ပြသရတာကြောင့်ပဲ ဖြစ်တယ်” ဟု အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုရွေးချယ်ရေးအဖွဲ့မှ ဦးကြည်မင်းက သုံးသပ် ပြောကြားသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းစာ လွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့ပြီးနောက်ပိုင်း
သတင်းစာများမှာ အစိုးရ၏ ဝါဒဖြန့်ချီရေးအဆင့်သာ ရှိခဲ့ကြောင်း၊ ထိုအချိန်မှစ၍ သတင်းကာတွန်းများ၏ အခန်းကဏ္ဍမှာ လုံးဝမှေးမှိန်ခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီနှင့် ဝေးကွာခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ပြုလုပ်သော အမျိုးသား သတင်းဆု ပေးပွဲတွင် အကောင်းဆုံး သတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာ (၆)ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ အနာဂါတ်သစ်အတွက် အစပျိုးခြင်းသတင်း၊ အကောင်းဆုံး
သတင်းဆောင်းပါးဆုကို ၂၀၁၁ အောက်တိုဘာ (၂၇)ရက်နေ့ထုတ် 7Day News Journal တွင်ပါသည့် လက်နက်ကိုင်စကားဝိုင်းပေါ် ရောက်ပြီလား ဆောင်းပါး၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို ၂၀၁၁ ဇူလိုင်လ (၇)ရက်နေ့ထုတ် Popular News Journal ပါ အငြိမ်းစားများ သတင်းဓါတ်ပုံနှင့် အကောင်းဆုံး သတင်းကာတွန်းဆုကို ၂၀၁၁ ဇူလိုင်လ (၂၆)ရက်နေ့ထုတ် True News Journal တွင် ဖော်ပြသည့် ပုံပြင်ထဲကလိုတော့ သတင်းကာတွန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ယင်းလေးဆုအပြင် ၂၀၁၁ ခုနှစ်
ဖြည့်စွက်ဆုဖြစ်သော တစ်နှစ်အတွင်း ထူးခြားသတင်းဓါတ်ပုံဆုကို ၂၀၁၁ ခုနှစ် သြဂုတ်(၂၀)ရက်နေ့တွင်
နိုင်ငံပိုင် သတင်းစာများ၌ မျက်နှာဖုံးဓါတ်ပုံအဖြစ် ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံအောက်တွင်
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ရိုက်ထားသော သတင်းဓါတ်ပုံက ဆုရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ်မြောက် အမျိုးသားသတင်းဆု ပေးအပ်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု
ကျင်းပပြုလုပ်သည်မှာ ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ပေးအပ်ပွဲဖြစ်ပြီး ယင်းပွဲသို့
စာရေးဆရာများ၊ မီဒီယာသမားများအပြင် နိုင်ငံရေးသမားအချို့ပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ကလောမြေပြို လူဆယ်ဦးကျော်သေဆုံး

03.05.2013
မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရဲ့တောင်ပိုင်း ကလောမြို့မှာ မိုးသည်းထန် စွာ ရွာသွန်းပြီးတော့ ရွှေတွင်းပြိုကျခဲ့တဲ့အတွက်  အနည်းဆုံး လူ ၁၆ ဦးသေ ဆုံးပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ကလောမြို့အနီးဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာ ခဲ့ပြီးတော့ ရွှေတွင်းပြိုကျတာ အပါအဝင်  အနည်းဆုံး နှစ်နေရာမှာ မြေပြို မှုတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြပေးထားပါတယ်ရှင်။

ရှမ်းပြည်နယ်။ ကလောမြို့နဲ့ ၁၈ မိုင်လောက် ကွာတဲ့ ရွှေမြင်းကုန်းရွာဘက်က လာတဲ့ တောင်ကျရေကြောင့် မြေပြိုကျပြီး အာရှ ကမ္ဘာမြေ ရွှေနဲ့ သတ္တု တူးဖော်ရေး လုပ်ကွက်က ဝန်ထမ်း ၁၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ပျောက်ဆုံးနေ ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။ မြေပြို တဲ့နေရာကို ရောက်ခဲ့တဲ့ နယ်မြေခံတစ်ဦးလည်းဖြစ်၊ ချယ်ရီ FM သတင်းထောက် တစ်ဦးလည်းဖြစ်တဲ့ ဦးဇော်သိန်းရီကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ မေလ ၂ ရက်နေ့ မနက်ပိုင်း တောင်ကျရေကြောင့် မြေပြိုခဲ့ရာမှာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။

“မိုးပြင်းလေပြင်းတွေ တိုက်ခတ်ပြီးတော့ မိုးတွေရွာလို့ သစ်ပင်တွေ ပြိုလဲကျပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ မိုးသည်းထန်စွာရွာပြီး တောင်ကျရေ တရှိန်ထိုး ဆင်းလာပြီးတော့ သတ္တုတွင်းလုပ်ငန်းခွင်တွေထဲကို ရေတွေ ဝင်လာပြီးတော့ လူ ကိုးဦးသေဆုံးတယ်။ ၈ ဦး ဒဏ်ရာရတယ်။ ပျောက်ဆုံးနေ တာလည်း ကိုးဦး ရှိပါတယ်။ ကိုးဦးကတော့ အလောင်းချက်ခြင်း မနေ့က တည်းက ရပါတယ်။ ၇ ယောက်က မနေ့ကတည်းက နွံတွေထဲမှာ နစ်နေတာ။ ဒီနေ့ ၂ ယောက် ဆယ်လို့ ရပါတယ်။ အခုနက ပြောတဲ့ လူတွေကို ဆယ်ကြ၊ ရှာကြတာပေါ့နော်။ ရဲတွေအင်အားနဲ့ နောက်ပြီးတော့ မီးသတ်တွေ၊ ကြက်ခြေနီတွေအင်အားနဲ့ ဆင်းဆယ်ကြတာပေါ့။ ဆယ်ကြတော့ နောက် ၂ လောင်းတော့ တွေ့ပါတယ်။ လုံခြုံရေးအရာရှိတွေ ဝန်ထမ်းတွေပေါ့နော်- အဲလိုလူတွေ ဆုံးသွားတာပေါ့။ သူတို့တွေက တောင်ကြီးတွေကို လှိုဏ်ခေါင်းကြီးလို တူးပြီးတော့ ရွှေထုတ်ကြတာပေါ့။ ရွှေတွင်းထဲ ကို တောင်ကျရေတွေရော ကမ္ဘားပြိုတာတွေရော အကုန်လုံးက ရေမွန်း ကုန်ပြီး မြေကြီးတွေနဲ့ အကုန်လုံး ရောသွားတာပေါ့။ နွံတွေလို ဖြစ်သွားတာပေါ့။”

မေလ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျောက်ဆုံးနေ သူတွေထဲ အလောင်း ၂ လောင်းကို သာ တွေ့ခဲ့ရပြီး နောက်ထပ် ဆက် မရှာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေ အပါ အဝင် ပျောက်ဆုံးနေသူရှိနေတဲ့အတွက် လူ ၁၆ ဦးခန့် သေဆုံးနိုင်တယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။ ကလောမြို့မှာတော့ မိုးရွာသွန်းဆဲ ဖြစ်ပြီး သစ်ပင်တွေ ပြိုလဲကျမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်ရှင်။
မအေးအေးမာ
VOA Burmese

ပါကစ္စတန် အထူးရှေ့နေတဦး အသတ်ခံရ

မော်တော် ဆိုင်ကယ် တစီးပေါ်ကနေ သေနတ် သမားတွေက
သူ မောင်းလာတဲ့ ကားကို လှမ်း ပစ်ခဲ့
3 မေလ 2013
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ ခံရမှုကို စုံစမ်း စစ်ဆေး မှုတွေ လုပ်နေတဲ့ တရားလို အထူး ရှေ့နေ တဦး အစ္စလာမ် မာဘတ် မြို့မှာ သေနတ် သမားတွေရဲ့ လက်ချက်နဲ့ သေဆုံး သွားခဲ့ ပါတယ်။

ချောင်ဒရီ ဇူဖီကာ ဆိုသူ ရှေ့နေဟာ တရားရုံးကို ကားမောင်း သွားနေစဉ် မော်တော် ဆိုင်ကယ် တစီးပေါ် ကနေ သေနတ် သမားတွေက သူ့ကို လှမ်း ပစ် သွားတာ ဖြစ်ပြီး ဆေးရုံ ရောက်တော့မှ သေဆုံး သွားတာ ဖြစ်ပါတယ်။

သူဟာ ၂၀ဝ၈ ခုနှစ်က လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ ရတဲ့ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ တိုက်ခိုက် ခံရမှုနဲ့ ပတ်သက်ပြီး လည်း လိုက်ပါ ဆောင်ရွက်နေတဲ့ အဓိက ရှေ့နေ တဦး ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းကတော့ သူ့ကို သတ်ဖြတ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ တယ်လို မစ္စတာ ဇူဖီကာက ဘီဘီစီကို ပြောခဲ့ဖူး ပါတယ်။

အဲဒါကြောင့်မို့ သူ့အတွက် သက်တော်စောင့် တဦး ပေးဖို့ အာဏာပိုင် တွေထံ သူက တောင်းခံ ခဲ့ပါသေးတယ်။
BBC Burmese

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်းတိုး

နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေပြီး၊ မြောက်ကိုရီးယားနဲ့လည်း ဆက်ဆံမှု
ရှိ နေတာ ကြောင့် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

3 မေလ 2013
အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး လိုက် ပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့လည်း စစ်ရေး ဆက်ဆံ မှုတွေ ဆက်ရှိ နေတာ ကြောင့် အခုလို သက်တမ်း ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့မှု တွေကတော့ မြန်မာ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ဆန့်ကျင်တဲ့ ဒါမှ မဟုတ် မြောက်ကိုရီးယားနဲ့ ပတ်သက်နေ သူတွေနဲ့ ကုမ္ပဏီ တွေကို အဓိက ထား ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက ကွန်ဂရက်ကို ပေးပို့တဲ့ စာထဲ မှာတော့ မြန်မာ နိုင်ငံက ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုတွေဟာ နောက်ကြောင်း ပြန် မလှည့်ဘူး ဆိုတာ သူ့ အနေနဲ့ လက်ခံ ယုံကြည် လို့ မရသေးဘူးလို့ ဖေါ်ပြထား ပါတယ်။

ဒါပေမယ့်လို့ မြန်မာ နိုင်ငံ စစ်အာဏာရှင် စနစ်ကို အဓိက ကြိုးကိုင် ခဲ့သူတွေ အပေါ် အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားတာတွေ ကိုတော့ ပြန်ရုပ်ပေး လိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာလည်း မေလ တတိယ ပတ်ထဲမှာ အမေရိကန်ကို သွားရောက်ဖို့ ရှိပြီး ဝါရှင်တန်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရ ပါတယ်။
BBC Burmese

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

ဖနိဒါ | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ်
ချင်းမိုင်(မဇ္စျိမ)။ ။ အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူးစောဆန်းအောင် က ပြောဆိုလိုက်သည်။

“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။ အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့ နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်းကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှု ရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှသေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။
Mizzima - News in Burmese

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မွန်ဂိုလီယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 မွန်ဂိုလီယားနိုင်ငံမှ ပြန်လည်ရောက်ရှိလားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၃ခုနှစ်၊မေလ ၃ရက် ညပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ကြိုဆိုသူများနှင့်အတူတွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)




ဒ်ါအောင်ဆန်းစုကြည်သည် မွန်ဂိုလီယားနိုင်ငံမ္မတ၏ ဖိတ်ကြားခြင်းကြောင့် မွန်ဂိုလီယားနိုင်ငံသို့ ဧပြီလ၂၇ရက်နေ့ကသွားခဲ့ပြီ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ”ကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်
လေဆိပ်သို့ ည (၁၀) နာရီ(၁၅) မိနစ်အချိန်တွင်ရောက်ရှိခဲ့သည်။
Mizzima - News in Burmese

ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာလူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တယ်လို့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှုး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရခိုင်စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာနဲ့ ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ မေးမြန်းချက်အပေါ် ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြောကြားတာဖြစ်ပါတယ်။

"ရိုဟင်ဂျာဆိုတဲ့စကားလုံး ခိုင်ခိုင်မာမာတရားဝင်အနေနဲ့ မြန်မာနိုင်ငံမှာမရှိဘူး၊ ဒါပေမယ့် လက်တွေ့မှာပြဿနာက ဘာလဲဆိုတော့ အခုဟာကြီးက ဒီနေရာမှာက ဒီကိစ္စကြီးက လှုပ်ရှားမှုကြီးတစ်ခုအနေနဲ့ လူတွေကပါဝင်လာကြတယ်၊ ရန်ကုန်မှာရှိနေတဲ့ ဒီအသိုင်းအဝိုင်းကလူတွေ၊ လန်ဒန်မှာရှိနေတဲ့လူတွေ၊ နယူးယောက်မှာရှိတဲ့လူတွေ ဒါတွေအားလုံးဟာ ဒီရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို ရိုဟင်ဂျာမပြောရင် မလုပ်နဲ့ဆိုတဲ့အခါမှာ သူတို့ကသွေးထိုးပေးနေကြတာ"

ရခိုင်စုံစမ်းရေး အစီအရင်ခံစာ ရေးသားဖို့အတွက် ကွင်းဆင်းအချက်အလက် ကောက်ယူတဲ့နေရာမှာ ဘာသာစကားအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို ဒေသခံအချို့ရဲ့ ချဲ့ကားပြောဆိုမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံအလံကို အလေးမပြုကြဘူးလို့လည်း သူကပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့ရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့တဲ့နေရာမှာ မဖြစ်နိုင်တဲ့ကတိတွေကို ပေးခဲ့တဲ့အတွက် အခုလိုရိုဟင်ဂျာလူမျိုး ပြဿနာဟာ ပိုမိုရှုတ်ထွေးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် ကိုးကားပြီး သူကပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူဦးရေစာရင်း ကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာလူမျိုးအဖြစ် ထည်သွင်းဖေါ်ပြဖို့ တောင်းဆိုချက်တွေကြောင့် စာရင်းကောက်ယူတာတွေ ရပ်ဆိုင်းလိုက်ရသလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားအောင် လှုံ့ဆောင်ခဲ့တဲ့လူအချို့ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်

မိထ္ထီလာမြို့မှာဖြစ်ခဲပတဲ့ပဋိပက္ခအတွင်းမြင်တွေ့ရတဲ့မီးလောင်မှု (Credit: AFP)

3 May 2013
ရန်ကုန်တိုင်း ​ဥက္ကံမြို့ ​ပဋိပက္ခကို ​စဖြစ်စေတဲ့ ​ဖြစ်ရပ်မှာ ​ပါဝင်ခဲ့တဲ့ ​အစ္စလာမ်ဘာသာဝင် ​အမျိုးသမီးကို ​ရဲတွေက ​သာသနာကိုညိုးနွမ်းစေမှုနဲ့ ​စွဲချက်တင်မယ်လို့ ​သိရပါတယ်။

အစ္စလာမ်ဘာသာဝင် ​မဝင်းဝင်းစိန်ဟာ ​ဆွမ်းခံကြွလာတဲ့ ​ကိုရင် ​အရှင်ပုည ​ကို ​ဝင်တိုက်မိပြီးနောက်ပိုင်း ​ဥက္ကံမြို့က ​ဗလီနဲ့ ​မူဆလင်နေအိမ်တချို့ ​ဖျက်ဆီးခံရပြီး ​လူ ​တစ်ဦး ​သေဆုံးခဲ့ရပါတယ်။

မဝင်းဝင်းစိန်နဲ့ ​တခြား ​အမျိုးသမီး ​တစ်ဦးအပါအဝင် ​စုစုပေါင်း ​လူ ​၂၁ ​ယောက်ကို ​စွဲချက်တင်မယ်လို့ ​မြန်မာရဲက ​ပြောတဲ့အကြောင်း ​အေဖက်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မဝင်းဝင်းစိန် ​မတော်တဆ ​ဝင်တိုက်မှုကြောင့် ​အရှင် ​ပုညရဲ့ ​သပိတ်ကျကွဲခဲ့ရပါတယ်။

မြန်မာအစိုးရပိုင် ​ရုပ်သံမှာတော့ ​ဆွမ်းခံကြွရင်း ​ဝင်တိုက်ခံခဲ့ရတဲ့ ​အရှင်ပုညရဲ့ ​အင်တာဗျူးကို ​ထွင့်လွှင့်ခဲ့ပြီး ​အဲဒီ ​အင်တာဗျူးအတွင်း ​အရှင်ပုညပြောပြချက်အရ ​ဝင်တိုက်တဲ့ ​အမျိုးသမီးက ​သပိတ်အသစ် ​တလုံးဝယ်ဖို့ ​ငွေကြေး ​ကမ်းလှမ်းခဲ့တဲ့အကြောင်း ​အခင်းဖြစ်ပွားပြီး ​မကြာခင်မှာပဲ ​ရဲတွေ ​ရောက်လာတဲ့အကြောင်း ​ရဲစခန်းကို ​ရောက်တဲ့အခါ ​ဝင်တိုက်တဲ့ ​အမျိုးသမီးက ​တောင်းပန်စကားပြောခဲ့တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​သံဃာတော်တွေကို ​ဒီမိုကရေစီအရေးနဲ့ ​ပတ်သက်ပြီး ​သူရဲကောင်းလို ​ရှုမြင်ခဲ့ကြပြီး ​နိုင်ငံရဲ့ ​ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ​ဦးဆောင်သူတွေလို့လည်း ​မြင်ခဲ့ကြပေမယ့် ​မိတ္ထီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေအတွင်း ​သံဃာတော်တွေကပါ ​အကြမ်းဖက်မှုမှာ ​ပါဝင်တာကို ​သက်သေနဲ့တကွ ​တွေ့ခဲ့ရပြီးနောက်ပိုင်း ​ပြည်ပမှာသာမက ​ပြည်တွင်းမှာပါ ​မွတ်စလင်တွေအပေါ် ​တိုက်ခိုက်မှုတွေကို ​ဝေဖန်မှုတွေ ​ပြုလုပ်လာ ​ကြပါတယ်။
ABC Radio Australia

ဂျာကာတာ မြန်မာသံရုံးကို တိုက်ခိုက်မယ့် အစီအစဉ် ဖေါ်ထုတ်နိုင်

3 မေလ 2013
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာက မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ မသင်္ကာသူ နှစ်ယောက်ကို အကြမ်းဖက်မှု နှိမ်နင်းရေး ရဲက သတင်း အရ ဖမ်းဆီး ဖေါ်ထုတ် နိုင်တယ်လို့ အင်ဒိုနီးရှား ရဲအဖွဲ့က ပြောပါတယ်။

အဲဒီ မသင်္ကာသူ တွေရဲ့ နေအိမ်ကို ရှာဖွေ ရာမှ ပိုက်နဲ့ လုပ်တဲ့ ဗုံး ၅ ခု ကိုလည်း သိမ်းဆီး ရမိခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေကို တိုက်ခိုက်တဲ့ အပေါ် မကျေနပ်တဲ့ အတွက် လက်စားချေဖို့ သံရုံးကို တိုက်တာလို့ သတင်းထွက် နေပါတယ်။

မြန်မာ သံရုံး ရှေ့မှာ ဒီကနေ့ ကန့်ကွက် ဆန္ဒပြပွဲ လုပ်ဖို့ အစီအစဉ် ရှိပြီး ကြာသပတေး ညပိုင်းက ဖေါက်ခွဲမယ့် အစီ အစဉ်ကို ဖေါ်ထုတ် နိုင်တာ ဖြစ်ပါတယ်။

အခု အခါ မြန်မာ သံရုံးနဲ့ သံအမတ် နေအိမ်ကို လုံခြုံရေး တိုးချထား ပါတယ်။
BBC Burmese

အမှားအယွင်း ကင်းစေရန် တိုင်းရင်းသား ဆက်ဆံရေး ကော်မတီ NLD ဖွဲ့စည်း

Friday, May 3, 2013
စံခလပူရီ (မဇ္ဈိမ)။   ။ တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ပါတီတွင်း ဆုံးဖြတ်ချက်များ ချရာတွင် အမှား အယွင်း ကင်းနိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ တရပ်ကို ဧပြီလကုန်တွင် ဖွဲ့စည်းလိုက်သည်။

ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးထွန်းထွန်းဟိန်နှင့် နန်းခင်ထွေးမြင့် တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

“ကျနော်တို့က နိုင်ငံရေးပါတီ တခုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြား အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့က ရှိလည်း ရှိတယ်လေ။ ရှိလည်း ရှိရမယ်လေ။ ဒါ့ကြောင့် ကျနော်တို့ အမြင်တွေ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မမှားယွင်းရအောင် အခုလို လိုအပ်တဲ့ ကော်မတီကို ဖွဲ့တာ ဖြစ်တယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများတွင် တဦးအပေါ်တဦး ယုံကြည်မှု အားနည်းခြင်းသည် အားနည်းချက်တခု ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ၎င်း အားနည်းချက်များကို ပြုပြင်ရန် လိုအပ်သည်ဟုလည်း ဦးဉာဏ်ဝင်း က ရှုမြင်သည်။

NLD တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး နိုင်ငံသားအပေါ် အခြေခံသည့် ပါတီတခု ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းဟု ဆိုရာတွင် လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များလည်း ပါဝင်ပြီး လက်ရှိတွင် ဆက်သွယ်ရသည့် အဖွဲ့များနှင့် တိုင်းရင်းသားအရေးကို တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသော် လည်း ကော်မတီ ဖွဲ့စသာ ဖြစ်သည့်အတွက် အစီအစဉ် အသေးစိတ်ကို မချရသေးကြောင်း NLD ပြောခွင့် ရလည်းဖြစ်၊ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ နန်းခင်ထွေးမြင့် က ပြောသည်။

၎င်းပြင် NLD အနေနှင့် ဧပြီလကုန်တွင်ပင် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးခြင်း အပါအဝင်
တောင်သူလယ်သမားရေးရာ ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ စသည်တို့ကိုလည်း ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြင့် လုပ်ငန်း ဖော်ဆောင်ရာတွင် လွယ်ကူပြီး ပိုမိုထိရောက် အောင်မြင် လိမ့်မည်ဟု မျှော်လင့်ကြောင်း နန်းခင်ထွေးမြင့် က ဆိုသည်။

“ကျမတို့က အလုပ်တခု လုပ်တဲ့အခါကျတော့လေ ကိုယ့်မှာ ကိုယ့်တာဝန်နဲ့ ဆက်စပ်မှု ရှိတဲ့အခါကျတော့ အလုပ်က အရင်ကလိုလည်း မပြန့်ကျဲတော့ ပိုပြီးထိရောက်တယ်လေ” ဟု မဇ္ဈိမကို ပြောဆိုသွားသည်။
ကွန်းချမ်း
Mizzima - News in Burmese

လူနှစ်ဦးကို လက်လုပ်ဗုံး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိထား

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)

သံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူဟု ယူဆရသည့် လူနှစ်ဦးကို အင်ဒိုနီးရှား အကြမ်းဖက် နှိပ်နင်းရေး ရဲအဖွဲ့က ယမန်နေ့ညတွင် လက်လုပ်ဗုံး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိထားသည်။
Mizzima - News in Burmese

နွေရာသီ ပိတ်ရက် မန်းရှိ ကျောင်းများတွင် မြန်မာ့ ရိုးရာ ဝတ်စား ဆင်ယင်မှု သင်ကြားပေးနေ

မန္တလေး၌ နွေရာသီ ကျောင်းပိတ် ရက်များတွင် စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှုကို သင်ကြားပေးလျက် ရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောသည်။
သရုပ်ပျက် ယိုယွင်းနေသော ယဉ်ကျေးမှု၏ အဓိကဖြစ်သည့် ဝတ်စား ဆင်ယင်မှု မှန်ကန်ရေးအား သမိုင်းပေး တာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်ရန် လိုအပ်နေပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ ညွှန် ကြား ဆောင် ရွက် ပေးမည်နည်းဟု သိရှိရန် ချမ်းအေးသာစံ မြို့နယ် မဲဆန္ဒ နယ် အမှတ် (၂) မှ ဒေါ်တင်တင်မာ ၏ မေးခွန်းအား ဝန်ကြီးမှ အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအား ထိန်းသိမ်းပြီး သရုပ်ပျက် ဝတ်စားဆင် ယင်မှုများ နည်းပါးစေရန် မီဒီယာများနှင့် ပူးပေါင်း၍ လူထုအား သိရှိရန် ဆောင်ရွက် ပေးသွားမည်ဟု ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောသည်။
”မင်္ဂလာပွဲများ ကျင်းပချိန်၌ မြန်မာ ဝတ်စုံဝတ်ဆင်ခြင်း မရှိဘဲ နိုင်ငံခြား ဝတ်စုံတွေ ဝတ်ဆင်လျက် ရှိတယ်။ မြန်မာ စစ်စစ်ဖြစ်ပြီး မြန်မာလို မဝတ်ဘဲ ရှေ့ကွဲ၊ နောက်ကွဲ၊ ရှေ့ဟိုက်၊ နောက်ဟိုက် ဖြစ်နေတယ်ဆို ယိမ်းက သလိုဖြစ်နေတယ်။ မည်ကဲ့သို့ ပြုလုပ်ပေးမှာလဲ” ဟု ဒေါ်တင်တင်မာက မကြာမီက ကျင်းပ ပြီးစီးခဲ့ သောတိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက တက္ကသိုလ်များ အားလုံး တွင် ကျောင်းတက်ချိန်၌ သတ်မှတ်ထား သော မြန်မာဆန်ဆန် ရင်စေ့ရင်ဖုံး အင်္ကျီ၊ ထမီ၊ စတစ်ကော်လံ၊ ပုဆိုးများ ဝတ်ဆင်ရန် ညွှန်ကြားထား ရှိကြောင်းနှင့် ဘုရားကျောင်းကန် စသည့် သာသနိက အဆောက်အအုံ များတွင် ဘောင်းဘီတို၊ ဂါဝန်တို၊ စကပ်ကွဲများ ဝတ်ဆင်ခြင်းကို တားမြစ် ထားကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

”မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ များတွင်လည်း ပြိုင်ပွဲဝင် များကို ရိုးရာ ဝတ်စုံ အပြည့်ဝတ်ဆင်စေ ပြီး ရိုးရာ ဝတ်စားဆင်ယင်မှုများကို ဖော် ထုတ်ပေးနေပါတယ်” ဟု ဝန်ကြီးက ထပ်မံဖြေကြားခဲ့သည်။
စိုင်းလမင်း
Popular Myanmar News Journal

ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ


Collected Papers The International Seminar on Presentation and Protection of Buddhist Cultural Heritage ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဆက်ဆံရေးေ ကာင်စီ (ICCR) တို့က ကြီးမှူးကျင်းပ သည့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် မြန်မာအပါအဝင် နိုင်ငံတကာမှ ပညာရှင်များက အင်္ဂလိပ်ဘာသာဖြင့်ဖတ်ကြား တင်သွင်းခဲ့သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ စာတမ်း ၂၅ စောင်ကို ဤစာအုပ်တွင် စုစည်းဖော်ပြထားသည်။ နှစ်ပေါင်း ၂၆ဝဝ မျှ ထွန်းလင်းတောက်ပခဲ့သော ဗုဒ္ဓသာသနာတော်ကြီးနှင့်အတူ ကာလရှည်ကြာ တည်ရှိခဲ့ပြီးဖြစ်သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အကြံပြုချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ UNESCO ကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်သည်ကို တွေ့ရသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီစဉ်ထုတ်ဝေပြီး ဦးမျိုးဇော်ထွန်းနှင့် ဒေါ်ဝတ်ရည်ထွေး မိသားစုမှ ဓမ္မဒါနပြုထားသည်။
Popular Myanmar News Journal

စင်ကာပူ ဖိတ်ခေါ် နဂါးလှေလှော် ပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်

မြန်မာ့ (ရိုးရာ) လှေလှော် အဖွဲ့ စင်ကာပူ တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ဖိတ်ခေါ် နဂါး လှေလှော် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ရိုးရာ လှေလှော် အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ အပြည်ပြည် ဆိုင်ရာ ဖိတ်ခေါ် ပြိုင်ပွဲကို မေလ ၁၈ ရက်နှင့် ၁၉ ရက်တွင် စင်ကာပူ နိုင်ငံ မရီနာ ကမ်းခြေတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာ အသင်း အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံခန့် ပါဝင်မည်ဟု သိရသည်။
”ကျွန်တော်တို့ မြန်မာ အခေါ်ကတော့ ရိုးရာလှေပါ။ စင်ကာပူ အခေါ်ကျတော့ နဂါးလှေလို့ ခေါ်တယ်။ ဆီးဂိမ်း အတွက် လက်ရည်စမ်းတဲ့ သဘောနဲ့ ဝင်ပြိုင်ဖြစ်တာပါ။ ပြိုင်ပွဲမှာ အာဆီယံ နာမည်ကြီး နိုင်ငံတွေ အပြင် ဥရောပ နိုင်ငံတွေလည်း ပါဝင်မယ်လို့ သိရတယ်။ အကောင်းဆုံးတော့ ယှဉ်ပြိုင် သွားမှာပါ” ဟု ရိုးရာလှေ နည်းပြချုပ် ဦးဝင်းဖေက ပြောသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား ၂၂ တက် မီတာ ၅ဝဝ မီတာ ၂ဝဝ၊ အမျိုးသမီး ၁၂ တက် မီတာ ၅ဝဝ၊ မီတာ ၂ဝဝ ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး ဆုတံ ဆိပ် ၁၂ ခု ပေးအပ်မည် ဖြစ်ကြောင်း၊ မြန်မာ လှေလှော် အဖွဲ့မှ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် နည်းပြ အဖွဲ့ ၆ ဦး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

”အာဆီယံမှာ နာမည်ကြီးတဲ့ အင်ဒို၊ ဖိလစ်ပိုင် တို့အပြင် ဥရောပ အသင်းတွေပါ ပါဝင်မယ် ဆိုတဲ့ အတွက် ပြိုင်ပွဲမှာ အတွေ့အကြုံတွေ အများကြီး ရမှာပါ။ အခု ပြည်ပ ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်တယ် ဆိုပေမယ့် ဆီးဂိမ်း အတွက် လက်ရည်စမ်းတဲ့ အပိုင်း မပြီးသေးပါဘူး။ မြန်မာနိုင်ငံ မှာလည်း ပြိုင်ပွဲ တစ်ရပ် ကျင်းပဖို့ ရှိပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ ပြည်တွင်း၌ ကျင်းပမည့် လှေလှော်ပြိုင်ပွဲကို ငလိုက်ဆည်နှင့် အခြားနေရာ များတွင် ကျင်းပရန် စီစဉ်ထားပြီး မည်သည့်နိုင်ငံအား ဖိတ်ခေါ် ယှဉ်ပြိုင်မည်ကို စင်ကာပူ လှေလှော်ပြိုင်ပွဲ ပြီးမှသာ သက်ဆိုင်ရာ အဖွဲ့ များနှင့် တိုင်ပင်၍ ဆောင်ရွက် သွားမည်ဟု ၄င်းက ဆက်ပြောသည်။
အောင်ဇော်
 Popular Myanmar News Journal

ခြေလေးချောင်နဲ့ မွေးလာသူ


ရှမ်းပြည်နယ် တောင် ပိုင်း လွိုင် လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့ကြောင်းကို
ဓနု မလေး Facebook မှ ဖော်ပြထားပါသည်။
Shan News

ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယား ခရီးစဉ်အတွင်း ဂျင်းဘောင်းဘီဖြင့် လွတ်လပ်ပေါ့ပါးစွာတွေ့ရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယားနိုင်ငံရှိ မြင်းစီးကွင်းတစ်ခုတွင် တွေ့ရစဉ်
Friday, 03 May 2013
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီးကို စတင်သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

''မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံမှာတူတဲ့ အချက်တွေ အများကြီးပါ။ ဥပမာအနေနဲ့ ပြောရရင် နှစ်နိုင်ငံစလုံးဟာ အင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဒီအိမ်နီးချင်းတွေနဲ့ တန်းတူ ရည်တူ ဆက်ဆံရေး ထူထောင်ဖို့ ကျွန်မတို့ လိုအပ်ပါတယ်။ မွန်ဂိုလီးယား အတွေ့အကြုံတွေကနေ မြန်မာနိုင်ငံအတွက် လေ့လာစရာ အခွင့်အလမ်းတွေ ရှိနေပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း တစ်ရာကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj က လွန်ခဲ့သော နှစ်နှစ်က ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ ကျင်းပချိန်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့၍ နှုတ်ဆက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် လူကိုယ်တိုင် တက်ရောက်လာနိုင်သည့် အတွက် အလွန်ဝမ်းမြောက် မိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် အာရှတွင် မဆုတ်မနစ်သော လုံ့လဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သည့် သတ္တိအပြည့်ရှိသည့် အာဂအမျိုးသမီး ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learned မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ မေ ၃ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
Eleven Media Group

ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ

Friday, 03 May 2013
ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင်များအား လိုက်လံစစ်ဆေးရာတွင် စက်သုံးဆီဆိုင် ၁၆ ဆိုင်သည် ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် တစ်လမှ သုံးလအထိ ပိတ်သိမ်းရန် မေလ ၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ကာ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဆီမပြည့်၍ အရေးယူခံရသည့် စက်သုံးဆီ ဆိုင်များထဲတွင် ဦးပိုင်မှ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင် သုံးဆိုင်အထိ ပါဝင်ကြောင်း၊ GL(အေးရှားဝေါလ်)မှ နှစ်ဆိုင်၊ နီလာရိုးမ စက်သုံးဆီဆိုင် နှစ်ဆိုင်၊ Denko စက်သုံးဆီဆိုင်မှ နှစ်ဆိုင်ဖြင့် အများဆုံး ပါဝင်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များသို့ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအရ သိရှိရသည်။

ဆီမပြည့်သည့် စက်သုံးဆီ ဆိုင်များအား အရေးယူရာတွင် နှစ်ကြိမ်စစ် နှစ်ကြိမ်မိသည့် ဆိုင်များအား သုံးလအထိ ပိတ်သိမ်းရန် ညွှန်ကြားထားပြီး ကျန်ဆီဆိုင်များကို တစ်လတိတိ ပိတ်သိမ်းရန် ခွဲခြားညွှန်ကြား ထားကြောင်း သိရသည်။

စက်သုံးဆီ ရောင်းချပြီး ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိထားသည့် စက်သုံးဆီဆိုင် ၁၆ ဆိုင် အနေဖြင့် လာမည့် မေလ ၆ ရက်နေ့မှစ၍ ဆိုင်ပိတ်သိမ်းရမည်ဖြစ်ပြီး တစ်လပိတ်သိမ်းရမည့် စာရင်းတွင် ပါဝင်သည့် ဆိုင်များမှာ လာမည့် ဇွန်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ သုံးလပိတ်သိမ်းရမည့် ဆိုင်များမှာ သြဂုတ်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူ တစ်ဦးက ''ဟုတ်ပါတယ်။ ၁၆ ဆိုင် အရေးယူခံရတယ်။ လေးဆိုင်က ၃ လအထိ ပိတ်ခံရ တယ်။ ကျန်တဲ့ ၁၂ ဆိုင်က ၁ လပိတ်ရတာ မှန်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး ၂၁ ဆိုင်မှာ ဆီအခြင်အတွယ် မပြည့်ကြောင်း တွေ့ရှိရ၍ သတိပေးထားခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးရာတွင် ဆီအခြင်အ တွယ်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသည့် လိုင်စင်ကို ပြန်လည်သုံးသပ်အရေးယူ ဆောင်ရွက်သွားမည်ဟု ညွှန်ကြားထားခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အနက် Denko(0221)၊ ဦးပိုင်(လင်းလက်အောင် 0219)၊ Myanmar Naing Group(0237)နှင့် ရာဇာမင်း (မင်္ဂလာဒုံ) ဆိုင်တို့မှာ သုံးလအထိ ပိတ်သိမ်းခံရပြီး သူရိယ (0221 စမ်းချောင်း)၊ Denko (သာကေတ)၊ ဦးပိုင် (0264)၊ ဦးပိုင်(မြ၀တီ 0270)၊ နီလာရိုးမ (0277)၊ နီလာရိုးမ ဆိုင်ခွဲ ၁၈၊ နေရွှေသွေးအောင် (0257)၊ 2000(0273 ဗိုလ်တထောင်)၊ Green Luck (0268)၊ Green Luck (0253) ၊ ကမ္ဘောဇ(လှိုင်သာယာ)၊ ပါဝါနိုင်း(မင်္ဂလာဒုံ) စသည့်ဆိုင်တို့မှာ ရောင်းချခွင့် တစ်လပိတ်သိမ်း ခံရကြောင်း သိရသည်။
Eleven Media Group  

သမ္မတ ဦးသိန်းစိန် ဝါရှင်တန်ကို လာမည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို မေလ ၂ဝ ရက်နေ့ဝန်းကျင်အတွင်း လာရောက်လည်ပတ်မယ်လို့ နိုင်ငံခြားသတင်းဌာနအချို့က ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့အပြင် တခြားထိပ်တန်းခေါင်ဆောင်တွေလိုက်ပါပြီး ဝါရှင်တန်ဒီစီကို မေလ ၁၈ ရက်နေ့ ရောက်ရှိမှာဖြစ်ကြောင်းနဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့ကို သွားရောက်ကြိဆိုပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်လာဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကပဲ နေပြည်တော်ကို ထွက်ခွာသွားကြောင်း RFA ကို ပြောဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်းသိရပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သွားရောက်ခဲ့ပြီးနောက် အခုလို သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ပေါ်ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော် အသိုင်းအဝန်းကရတဲ့ သတင်းအရဆိုရင်တော့ သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဘားမားလို့ ခေါ်ဆိုနေရာကနေ မြန်မာအစိုးရခေါင်းဆောင်တွေ လိုလားတဲ့အတိုင်း မြန်မာလို့ပြောင်းလဲခေါ်ဝေါ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင်တွေထဲက ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်သမ္မတ Lyndon B. Johnson လင်ဒန်ဘီဂျွန်ဆင်ရဲ့ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို ၁၉၆၆ ခုနှစ်က လာရောက်ဖူးပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့မျှဖြစ်ပြီး တခြားဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိပါဖူး။ ဒါကြောင့် အခုခရီးစဉ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။
RFA

အမေရိကန်အခြေချ ကရင်နီ ၂ ဦး ဓားထိုးခံရပြီး သေဆုံး

May 2, 2013
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်စ်မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘအခမ်းအနားမှာ ဝတ်ပြု ဆုတောင်းနေကြတဲ့ လူအုပ်ထဲက ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

ဧပြီ ၂၇ ရက် ညနေမှာ ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘအခမ်းအနားကို သူနေတဲ့ Central Phoenix Apartment မှာ ပြုလုပ်နေတုန်း အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲအထိ ပြေးပုန်းတာတွေ ဖြစ်ပြီး အခုလို ဖြစ်ခဲ့တာလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က အခု လို ပြောပါတယ်။

“ကရင်ကလေး ၃ ယောက် မက်ဆီကန်လား၊ စပိန်တွေလားတော့ မသိဘူး။ လမ်းမှာ သူတို့နဲ့ ရန်ဖြစ်ကြတယ်။ ပြီးတော့ ကရင်လေး ၃ ယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးလာတယ်။ အထဲမှာရှိနေတဲ့ အသုဘအတွက် လူငယ်တွေ သီချင်းဆိုပေးနေကြတုန်း ဘယ်သူဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတာ။ ထွက်ကြည့်မိတော့ လူ ၅ ယောက်ရှိတယ်၊ သူတို့လိုက်ရန်ဖြစ်တဲ့သူတွေကို မမှတ်မိတော့ဘူးလို့ ယူဆတာပဲ။ အပြင်ဘက်မှာ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၃ သုံးယောက်က ၀ိုင်းပြီး ထွက်ကြည့်တဲ့ ကျနော်တို့လူကို ထိုးကြိတ်ကြပြီး ကျနော်တို့ လူ ၂ ယောက်က သေသွားတယ်” လို့ပြောပါတယ်။

သေဆုံးသွားသူတွေက အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးနဲ့ အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓားထိုးမှု ဖြစ်ပွားပြီးနောက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ ဦးကို ရဲတွေက ခေတ္တထိန်းသိမ်း စုံစမ်းမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီဗွီဘီ

လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး


May 3, 2013
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သိန္နီလမ်းမကြီးမှာ မနေ့ ညနေ ၃ နာရီခွဲက ကုန်တင်ယာဉ် ၁၂ ဘီးကားတစီး ဘရိတ်ပေါက်ပြီး မော်တော်ဆိုင်ကယ်ကို ၀င်တိုက်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ လားရှိုးမြို့ မော်တော်ယာဉ်ရုံး တာဝန်ကျတဦးက ပြောပါတယ်။

“ကားက သီပေါဘက်ကလာတယ်။ ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးဓာတ်တိုင်ကို တိုက်မိတာ။ လမ်းဘေးဓာတ်တိုင်ကို တိုက်မိပြီး တဖက်ယာဉ်ကြော ရောက်သွားတယ်။ ပြီးတော့ တဖက်က တက်လာတဲ့ ဆိုင်ကယ်တစီးကို ထပ်တိုက်တယ်။ ပြီးတော့ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးကို ထပ်တိုက်ပြီးတော့ မြေကွက်လပ်ထဲကို ပက်လက်လန် ကျသွားတယ်။”

ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီးလည်း တာဝန်ကျ ယာဉ်ထိန်းရဲ အရာရှိက “ယာဉ်မောင်း သေဆုံးပြီး ကားပေါ်ပါတဲ့ သူရဲ့ညီမကတော့ ဒဏ်ရာအပြင်းအထန်ရတယ်။ သေတာက ၂ ယောက်သေတယ်။ တဖက်ယာဉ်ကြောက တက်လာတဲ့ ဆိုင်ကယ်မောင်းတဲ့သူ သေသွားတယ်။ ဒဏ်ရာရတာက ၂ ယောက်။ ဆိုင်ကယ်မောင်းတဲ့သူ နောက်က ထိုင်လာတဲ့ အမျိုးသမီး ဒဏ်ရာရတယ်။ နောက် ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်းရဲ့ ညီမ ဒဏ်ရာရတယ်။” လို့ ဆိုပါတယ်။




သေဆုံးသွားသူနှစ်ဦးဟာ ၁၂ ဘီးယာဉ်မောင်းသူ အသက် ၂၇ နှစ်အရွယ် ကိုသိန်းဆွေနဲ့၊ ဆိုင်ကယ်မောင်းသူ အသက် ၃၇ နှစ်အရွယ် ကိုသိန်းနိုင်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင် တာဝန်ရှိသူတဦးက ဒဏ်ရာရသူ ၂ ဦးထဲက ၁ ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“ကားမှောက်တာ ၂ ဦးရောက်လာတယ်။ ဒဏ်ရာအခြေအနေက ၁ ယောက်ကတော့ သိပ်အခြေအနေမကောင်းဘူး။ စောင့်တော့ ကြည့်ရဦးမယ်။ စိုးရိမ်ရတဲ့အခြေအနေမှာတော့ ရှိတယ်။ တယောက်ကတော့ ကောင်းပါတယ်။”

ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ မော်တော်ယာဉ်ပိုင်ရှင် ဘယ်သူဆိုတာ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲ တာဝန်ရှိသူက ပြောပါတယ်။
 ဒီဗွီဘီ

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com