http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အထက်လွှတ်တော်အမတ် John Kerryနဲ့ သမ္မတ ဘရက်ခ် အိုဘားမား


အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ၀န်ကြီးအသစ် အဖြစ်အမည်စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော်အမတ် John Kerry ကို လွှတ်တော်မှာ ကြားနာရာမှာ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ အဓိကနိုင်ငံခြားရေးရာ မူဝါဒတခုဖြစ်တဲ့ အာရှတိုက်ကို ပိုမို အာရုံစိုက်လာတဲ့ အစီအစဉ်အပေါ် ဝေဖန်ခဲ့တဲ့အတွက် အများက အာရုံစိုက်ခံခဲ့ကြရပါတယ်။ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဒီနှစ်ထဲ တာဝန်က အနားယူပြီးချိန်မှာ အထက်လွှတ်တော်အမတ် Kerry ကို အစားထိုး ခန့်အပ်ခံရဖို့ သေချာသလောက် ရှိနေတာပါ။

နိုင်ငံခြားရေးဝန်ကြီအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့အပေါ် ကြားနာပွဲမှာတော့ အာရှတိုက်မှာ အမေရိကန်က စစ်ရေးချဲ့ထွင်မှုတွေ လုပ်သင့်တယ်လို့ သူ့အနေနဲ့ မယူဆကြောင်းနဲ့ ဒီလိုလုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ မလိုအပ်ပဲ ထိပ်တိုက်ရင်ဆိုင် တိုးစေမယ့် အခြေအနေတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားကတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညှိတဲ့ မူဝါဒအဖြစ် ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့နောက် သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်္ကာပူတို့အပြင် အာရှ-ပစိဖိတ် ဒေသတွင်းက တခြား နိုင်ငံတွေမှာ အမေရိကန်ရဲ့ တပ်ဖွဲ့တွေ၊ ပစ္စည်းအသုံးအဆောင်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာခဲ့တာပါ။

အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန် အနေနဲ့ အာရှဒေသနဲ့ အဆက်အဆံတွေ တိုးမြှင့်လာတာဟာ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားလာနေတာကို ထိန်းချုပ်ဖို့ မဟုတ်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံကတော့ ဒီမူဝါဒနဲ့ ပတ်သက်လို့ ဘ၀င်မကျတဲ့ သဘောထားတွေ ပြောဆိုနေတာလည်း ဖြစ် ပါတယ်။ VOA Burmese Fan Page

မသောက်နဲ့ဦး

နော်ဝေနိုင်ငံသားတစ်ဦး ငပလီတွင်ရေနစ်သေဆုံး

နော်ဝေနိုင်ငံသား Mr .STA BURSVID AMEFINN ဆိုသူ မှာ ငပလီကမ်းခြေသို့ အပန်းဖြေ ရန်လာရောက်စဉ် ဇန်န၀ါရီ ၂၃ ရက်နေ့လယ်(၁း၃၀)အချိန်တွင် ပင်လယ်ကမ်းခြေသို့ ရေဆင်းကူး ရာမှ ရေနစ်သေဆုံးခဲ့ကြောင်းသိရ သည်။အဆိုပါ နော်ဝေနိုင်ငံသား Mr .STA BURSVID AMEFINN မှာငပလီကမ်းခြေ Amata ဟိုတယ် s19 အခန်း တွင် တည်းခိုသည်ဟု သိရပြီး ယင်းနိုင်ငံခြား သားမှာ ငပလီကမ်းခြေသို့ ရောက် ရောက် ခြင်းနေ့တွင်ပဲ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ် သည် ဟု Amata ဟိုတယ် မှ တာဝန်ရှိ့သူတစ်ဦးက ဆိုသည်။

သေဆုံးသွားတဲ့နိုင်ငံခြား သားက ၂၃ ရက် နေ့ ၁၁း၁၅ ကကျွန်တော်တို့ ဟိုတယ် ကိုရောက်တယ်၊ သူရောက်ရောက်ခြင်းပဲ ဟိုတယ်မှာ အထုပ် အပိုးတွေ ထားပြီးတော့ ပင်လယ်ကမ်းခြေ ကို ဆင်းသွာတာ၊နေလည် (၁း၃၀)လောက်မှာ ကမ်းခြေမှာ အလောင်းတစ် လောင်းတွေတယ်ဆို လို့ သွားကြည့်တော့ ကျွန်တော် တို့ ဟိုတယ်မှာတည်းတဲ့ နိုင်ငံခြားသား ဖြစ်နေတယ် ဆိုတာ ကို သိရတယ် ဟု Amata ဟိုတယ် မှ ပြောရေး ဆိုခွင် ရှိ့ သူငပလီကမ်းခြေ Amataဟိုတယ်မှ ကိုကျော်သူထွန်း ကပြော ပြသည်။

အဆိုပါနော်ဝေနိုင်ငံသား မှာ အသက် ၇၉နှစ်အရွယ်ရှိပြီး ၎င်းမှာ နှလုံးရောဂါအခံလည်းရှိ ကြောင်း ၎င်း၏မိသားစုဝင်များ၏ ပြောပြချက်အရသိရကြောင်း ကိုကျော်သူထွန်းကထပ်မံပြောပြ သည်။ ယင်း ရေနစ်သေဆုံးသွား သည့် နော်ဝေနိုင်ငံသား၏ရုပ်အ လောင်းအား သံတွဲမြို့နယ်ဆေးရုံ ကြီးရှိ ရေခဲတိုက်တွင် ရင်ခွဲစမ်းသပ် ကြည့်ရာ ရိုးရိုးသာမန်ရေနစ်သေ ဆုံးခြင်းဖြစ်သည်ဟု သိရပြီး ၎င်း နိုင်ငံခြားသား၏ ရုပ်အလောင်း အား သံတွဲမြို့နာရေးကူညီမှုအသင်း မှ ရန်ကုန်မြို့သို့ မပို့ဆောင်ခင် အထိ ထိန်းသိမ်းစောင့်ရှောက်ထား ပေးကြောင်းလည်းသိရသည်။

အဆိုပါနော်ဝေနိုင်ငံသား ရေနစ်သေဆုံးမှုနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်ရဲစခန်းမှ ရဲ လုပ် ထုံးလုပ်နည်းအတိုင်းသေမှုသေခင်း အဖြစ် အမှုဖွင့်ထားကြောင်းသိရ သည်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရှိ ငပလီကမ်းခြေသည် နိုင်ငံခြား သားအများအပြားလာရောက် အပန်းဖြေရာ နေရာဖြစ်ပြီး ယခု ရေနစ်သေဆုံးသည့်နော်ဝေနိုင်ငံ သားနှင့်ဆိုလျှင် ငပလီတွင်သေဆုံး သူ နိုင်ငံခြားသားနှစ်ဦးရှိပြီဖြစ် ကြောင်း ငပလီသတင်းရပ်ကွက်မှ သိရသည်။
မျိုးမြင့်
The Hot News

မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ပိုင်ခွင့်တွေ တကယ်လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေဆီကို လွှဲပြောင်းပေးသင့်နေပြီ

မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ပိုင်ခွင့်တွေ တကယ်လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ဆီကို လွှဲပြောင်းပေးသင့်နေပြီလို့ ဦးသိန်းဦးကပြောပါတယ်။ ရိုက်ကူး စောနန်း
DVB TV News


ဘာသာရပ် ၃ ခု ဂျပန်တက္ကသိုလ်နှင့် ပူးပေါင်း သုတေသနပြုမည်

နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေးနှင့် ဥပဒေဘာသာရပ်များကို ဂျပန်တက္ကသိုလ်နှင့်ပူးပေါင်း၍ သုတေသနပြုလုပ်သွားမည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ရန်ကုန်တက္ကသိုလ်နှင့် ဂျပန် နိုင်ငံရှိ နာဂိုရာတက္ကသိုလ်တို့ ပူးပေါင်း၍ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် သဘောတူညီမှု ရရှိသွားပြီဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

''ပထမဦးဆုံး ဥပဒေဌာနမှာ သုတေသနစင်တာ တည်ထောင်ပါမယ်။ ပြီးမှ နိုင်ငံတကာဆက် ဆံ ရေးနဲ့ဘောဂဗေဒတွေကိုဆက်လုပ် သွားပါ့မယ်''ဟု ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေဌာန မှာ ၁၉၈၈ ခုနှစ်ရှေ့ပိုင်း ကာလများက တောင်ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ ဂျာမနီတို့နှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ သည့်အပြင် ၂ဝ၁ဝ ခုနှစ်မှစ၍ ပြင်သစ် Toulouse 1 တက္ကသိုလ် နှင့် သင်ကြားမှုလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နေသော်လည်း သုတေသနစင်တာတစ်ခု တည် ထောင်သည့် အခြေအနေအထိ မရောက်ခဲ့ကြောင်း ၄င်းဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်မာရီထံမှ သိရသည်။

''ဥပဒေဌာနမှာ သုတေသန စင်တာ တည်ထောင်တယ် ဆိုရင် ဒါက ပထမဆုံးပဲ။ ပညာရပ်ပိုင်း ဆိုင်ရာအသစ်တွေကို ပူးပေါင်းပြီး လေ့လာ သုတေသနပြုလို့ ပိုရတာ ပေါ့'' ဟု ဒေါက်တာခင်မာရီက သုံးသပ်သည်။ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှ တာဝန်ရှိသူများအား ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ခေါ်ယူတွေ့ဆုံမှုကို ဒီဇင်ဘာလ အတွင်းက နေပြည်တော် ၌ ပြုလုပ်ခဲ့သည်။ Popular Myanmar News Journal

ပြည့်တန်ဆာနှင့် ပျော်ပါးသူများ အရေးမယူသည့် ဥပဒေ ပြင်မည်မဟုတ်

ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ (ဓာတ်ပုံ – Felix Features)
မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်မည်မ ဟုတ်ဘဲ ယင်းဥပဒေအရ ပြည့်တန်ဆာနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း တရားခံများအဖြစ် သတ်မှတ် တရားစွဲဆို အရေးယူခွင့် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော် ထွန်းက ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့်ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ ရဲချုပ်ကျော်ကျော်ထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေသည် ပြည့်တန်ဆာမှုများ ပပျောက်ရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ပြစ်မှုကျူးလွန်သော အမျိုးသမီး၊ အမျိုးသားများကို တန်းတူ အခွင့်အရေး ပေးရန်မဖြစ်နိုင်ကြောင်း၊ ပြည့်တန်ဆာမှုများသည် မမြင်ကွယ်ရာတွင် ဖြစ်ပွားသော အမှုများဖြစ်သည့်အတွက် သက်သေ အထောက်အထား လက်ပူးလက်ကျပ်ဖြင့် ဖမ်းဆီးရန် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် အသွင်ယူသူနှင့် ငွေကြေးပေး ကာမ ရယူသော အမျိုးသားများကို သက်သေအဖြစ် အသုံးပြုကာ တရားစွဲဆို တင်ပို့ရခြင်း ဖြစ်ကြောင်း၊ ဥပဒေအရလည်း ပျော်ပါးသူ အမျိုးသားများက သက်သေအဖြစ် ထွက်ဆိုလျှင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုထားကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

“ပြည့်တန်ဆာ ပြစ်မှုကို သက်သေထင်ရှား ပြသနိုင်ဖို့ အကြောင်း အားလုံး သိရှိသမျှ ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသားများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်တဲ့အတွက် အမျိုးသမီးများနဲ့အတူ ဖမ်းဆီးရမိတဲ့ ငွေကြေးပေး ကာမရယူတဲ့ အမျိုးသား များကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၁၁၄ နဲ့ ၁၀၉ တို့အရ အားပေးကူညီသူအဖြစ် တရားစွဲဆို ပြစ်ဒဏ်ချမှတ် နိုင်ခြင်း မရှိပါ” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

သို့ရာတွင် ပြည့်တန်ဆာ လုပ်ငန်းကို စီးပွားဖြစ် လုပ်ဆောင်သူ၊ ပြည့်တန်ဆာလုပ်ရန် ဆွဲဆောင်သူများ၊ ပြည့်တန်ဆာအဖြစ် ရရှိသည့် စီးပွားကို အသက်မွေးဝမ်းကြောင်း ပြုသူ၊ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန် သွေးဆောင် အနိုင်ကျင့်သူ၊ ပြည့်တန်ဆာအိမ် စီမံကြီးကြပ်သူ၊ စီမံကြီးကြပ်ရာမှာ ကူညီဆောင်ရွက်သူများကို အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဥပဒေအရ အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်စီရင်မည်ဟု သိရှိရသည်။
ပြည့်တန်ဆာပင် ဖြစ်သော်လည်း အမျိုးသားက အလိုမတူဘဲ ကာမဆက်ဆံလျှင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ မုဒိမ်းမှု မြောက်ပြီး ယင်းအမျိုးသားကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကမူ ပြည့်တန်ဆာ အမျိုးသမီးကို အရေးယူပြီး ပျော်ပါးသူ အမျိုးသားကို အရေးမယူခြင်းသည် ကျားမ ခွဲခြားမှုတရပ် ဖြစ်သည်ဟု ပြောသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့် အမျိုးသမီးများကို ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ရာတွင်လည်း အသက် ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်နေပြီး ယင်းအမျိုးသမီးများကို အသက်ပြည့်ပြီးသူများ ကဲ့သို့ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ပေးထားသည်ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်တွင် တင်ပြ ပြောဆိုသွားသည်။

“ပြည့်တန်ဆာအဖြစ် အဖမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူရဲ့ မိခင်နဲ့ အစ်မက လာရောက် အကူအညီ တောင်းခံလို့ ဒီမေးခွန်း ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်လျက် ရှိနေကြောင်း သိနေရပါတယ်။ အဆိုပါ အသက်မပြည့်ပြီးသူများ အရေးယူရာမှာ အသက်ပြည့်ပြီး အရွယ်ရောက် သူများသဖွယ် တရားစွဲဆိုပြီး ပြစ်ဒဏ် ကျခံစေလျက် ထောင်ကျခံစေကြောင်း သိရပါတယ်။ အဲဒီလို အရွယ် မရောက်သေးဘဲ ထောင်ဒဏ် ကျခံနေရတဲ့ အမျိုးသမီးငယ်များကို အကျဉ်းထောင်များအတွင်း ပြန်လည် စိစစ်ပေးစေလိုပါတယ်” ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

ရဲချုပ် ကျော်ကျော်ထွန်းကမူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသော အမျိုးသမီးများကို အသက်စိစစ် လက်ခံကြောင်း၊ ပြည့်တန်ဆာမှုဖြင့် အကျဉ်းကျ ခံနေရသော အကျဉ်းသူများကို အသက်မွေးဝမ်းကြောင်း လုပ်ငန်း သင်ကြားပေးပြီး ခုခံအား ကျဆင်းမှုရောဂါရှိ၊ မရှိ စစ်ဆေးပေးကြောင်း၊ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မန္တလေးနှင့် ရန်ကုန်တိုင်း ဒေသကြီး တွံတွေးမြို့တွင် ရှိသော အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ပေးပို့ စောင့်ရှောက်မှုများ ပြုလုပ်ပေးကြောင်း ရှင်းလင်းပြောဆိုသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာများကို ကျန်းမာရေး စိစစ်ပြီး တရားဝင် လိုင်စင်ထုတ်ပေးခွင့် ပြုသော စနစ်ဖြစ်ထွန်းရေးမှာ မြန်မာ့ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးကြောင်း၊ ဥပဒေအရ တရားဝင် ခွင့်မပြုပေးထားသော်လည်း မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာလုပ်ငန်း ကြီးထွားနေပြီး ကူးစက်ရောဂါများ ပျံ့ပွားစေသော ကျန်းမာရေး ဆိုးကျိုးများနှင့် လူမှုရေး ဆိုးကျိုးများ ဖြစ်ထွန်းနေကြောင်း ရှင်းပြသည်။ “ဒီနိုင်ငံမှာ ဥပဒေနဲ့ ပြည့်တန်ဆာတွေ ခွင့်ပြုဖို့က ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ပြည့်တန်ဆာ လုပ်ငန်းက ကြီးမားစွာ ရှိနေတာပဲ။

အဲဒါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း တော်တော်ကို များပါတယ်။ လူတွေကို ကျန်းမာရေး အသိပေး သင်တန်းတွေ၊ ပညာပေးလုပ်ငန်းတွေနဲ့ ဆက်သွားရမယ် ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာများကို ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ အသိပညာပေးရန် အလွန်ခက်ခဲပြီး ပြည့်တန်ဆာများ ကလည်း ကျန်းမာရေး အသိပညာပေး သင်တန်းများ တက်ရောက်ရန်ပင် ကြောက်ရွံ့ နေကြကြောင်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ ခေတ်မမီတော့သည့်အတွက် ပြင်ဆင်သင့်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများတွင်ပင် ပြည့်တန်ဆာများကို ဥပဒေအရ ခွင့်ပြုလာပြီဟု သိရှိထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် HIV/AIDS ဝေဒနာရှင်များ ကုသစောင့်ရှောက်ပေးနေသော ကိုရာဇာက ပြောသည်။

“ဥပဒေကြောင့် အသိပညာပေးရေး လုပ်ငန်းလုပ်ရတာ တော်တော်ခက်ပါတယ်။ ၂၀၀၆ ခုနှစ် တုန်းကဆိုရင် World Vision က၀န်ထမ်းအမျိုးသမီးက ဈေးတခုမှာ ပြည့်တန်ဆာတွေနဲ့အတူ ဖောက် သည်တွေကို ကွန်ဒုံးဝေတယ်။ အဲဒါကို ရဲက အဲဒီ World Vision ဝန်ထမ်းကို ပြည့်တန်ဆာပါဆိုပြီး ဖမ်းပြီး အရေးယူဖို့ လုပ်တော့ ကျနော်တို့ မနည်းလိုက်ရှင်းပေးရတယ်။ ပြောချင်တာက အဲဒီဥပဒေက ခေတ်မမီတော့ဘူး။ ပြင်ဆင်ဖို့ လိုနေပါပြီ” ဟု ကိုရာဇာက ဆိုသည်။
irrawaddy

စာပေစိစစ်ရေး ဖျက်သိမ်း၍ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအသစ် ဖွဲ့စည်းမည်

ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ မူပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင် လုပ်ငန်းများကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲအသစ်ကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်မှ စပြီး ထုတ်ဝေစာတွေ ကြိုတင်စီစစ်တဲ့စနစ်ကို ဖျက်သိမ်းခဲ့ပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲကိုလည်း ဖျက်သိမ်းနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

“စာပေစိစစ်ရေးလုပ်ငန်းက အခုလက်ရှိအချိန်နဲ့ ဘယ်လိုမှ မကိုက်ညီတဲ့အတွက် ဖွဲစည်းပုံ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းရမှာ။ စာပေစိစစ်ရေးကို ဖျက်ကတည်းက မူပိုင်ခွင်နဲ့ မှတ်ပုံတင်ဌာနကို လုပ်မယ်ဆိုပြီး လျာထားတာ။ အခု အဲဒီအတိုင်း လုပ်တာပါ” ဟု မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဌာနခွဲအသစ်အား ဖွဲ့စည်းခြင်းဖြင့် ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင်လုပ်ငန်း၊ စာပေ အနုပညာဆိုင်ရာ မူပိုင်ခွင့်နှင့် မှတ်ပုံတင်လုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ဆက်စပ်၍ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

“အရင်က ပြည်နယ်/တိုင်းတွေကို ဗဟိုခံပြီးလုပ်တာပေါ့။ ပြန်ဆက်ရဲ့ ထူးခြားချက်က ပြည်နယ်/တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ အဲဒီအတွက် မှတ်ပုံတင်တဲ့သူတွေ ပိုပြီး လွယ်ကူလာမှာပေါ့။ လုပ်ဆောင်တဲ့ အဆင့်တွေ နည်းသွားတာပေါ့။ နယ်မှာ မှတ်ပုံတင်ခွင့်က ပေါ်လာမယ့် စာနယ်ဇင်း ဥပဒေနဲ့ ဆိုင်တယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ မှတ်ပုံတင်ခွင့်ကို လုပ်ပေးနိုင်မယ့် အစီအစဉ်တွေကို ထည့်တော့ စဉ်းစားထားတယ်” ဟု မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က ပြောသည်။Mizzima - News in Burmese

လာဘ်ပေးလာဘ်ယူမှုသတင်း တင်ပြခြင်း

မုံရွာ၊ဇန်န၀ါရီ ၂၄
မုံရွာမြို့နယ်တွင် တရုတ်နိုင်ငံသူတစ်ဦးအား ငွေကြေးတောင်းယူ၍ နိုင်ငံသားအဖြစ် မှတ်ပုံတင်...။
စစ်ကိုင်းတိုင်းဒေသကြီး မုံရါာမြို့နယ် ခတ္တက္ကန်တောင်ရွာတွင် တရုတ်နိုင်ငံသူတစ်ဦးအား ငွေကြေးတောင်ခံရယူပြီး နိုင်ငံသားအဖြစ်မှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း ၎င်းကျေးရွာခံရွာသားတစ်ဦးက ပြောကြားသည်။
" သူတို့သားသမီးမဟုတ်ကြောင်းလဲ ရွာသိရပ်သိကြီးဗျာ..။ ပြီးတော့ တရုတ်မတစ်ယောက်ကို နိုင်ငံသားစီစစ်ရေး ရရှိအောင်လုပ်ပေးတာကတော့ အရမ်းကိုလွန်တာပေါ့"ဟု ၎င်းဒေသခံက ပြောသည်။
မှတ်ပုံတင်ပြုသူ အမျိုးသမီမှာ ရှမ်းပြေည်မြောက်ပိုင်းတွင် တရားမ၀င်..၀င်ရောက်နေထိုင်သော ဦးအိုက်စံ၏သမီး မအာကျဲမေဆိုသူအား မကြူအေး ဆိုသည့်နာမည်ပြောင်းဖြင့် ခတ္တက္ကန်မြောက်ရွာအုပ်ချုပ်ရေးမှုး ဦးမြင့်ဆွေ ဆိုသူကငွေကျပ် (၅) သိန်ရယူ၍ နိုင်ငံသားစီစစ်ရေးကဒ်ပြားရရှိရန် ဆောင်ရွက်ပေးလိုက်ကြောင်းသိရှိရသည်။
 
Monywa Times

ဒီနေ့နေပြည်တော် ဖြစ်ရပ်မှန်နှင့် နေပြည်တော်လာမည့်သူများ သိထားသင့်သော ၀န်ကြီးရုံးများအခြေအနေ


နေပြည်တော်လျှပ်စစ်ဝန်ကြီးရုံး (ယခင် ပြည်သူ့မေတ္တာဖြင့် ပြုတ်သွားသော ၀န်ကြီးဇော်မင်းရုံး) ၀င်ပေါက်တွင် လုပ်ငန်းလုပ်ကိုင်ရန်လာရောက်လုပ် ကိုင်သူများအား မည်သူ့မျှ ပေးမ၀င်တော့ပါ။

လုပ်ငန်းဆောင်ရွက်ချင်သူ၊ လုပ်ငန်းလုပ်ချင်လို့ လာရောက်စုံစမ်းသူများ၊ လုပ်ငန်းဆောင်ရွက်နေသူများအားလုံးကို ၀န်ကြီးရုံးအတွင်းသို့ မည်သူမျှဝင်ခွင့်မပြုတော့ပဲ တွေ့လိုသူအမည်ကို ပြောနိုင်မှသာ အဆိုပါလူအား ဂိတ်မှ Intercom ဖြင့် လှမ်းခေါ်ပေးမှ အပြင်ကို အထဲမှ ၀န်ထမ်းမှ လာတွေ့မှသာ ဂိတ်တွင်တွေ့ခွင့်ရပါသည်။

လုံးခြုံရေးဗိုလ်ကြီးဆိုသူ၏ ပြောကြားချက်အရ ၀န်ကြီးရုံးအတွင်းက ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်က ၀င်ခွင်းပေးပါဆိုတောင် ၀င်ခွင့်မပေးတော့ကြောင်း၊ ညွှန်ကြားချက်ထုတ်ထားကြောင်း ပြောကြားပါသည်။

ပြင်ပမှ လုပ်ငန်းလာရောက်လုပ်ကိုင်သူများမှာ နေပူထဲရပ်စောင့်နေရပြီး လုပ်ငန်းဆောင်ရွက်လို့မရတော့ကြောင်း၊ ၀န်ကြီးရုံးနှင့် ဒီလိုလုပ်လျှင် ၀န်ကြီးဌာနနှင့် မည်သို့မှ အလုပ်လုပ်လို့မရကြောင်း။

အခုလိုလုပ်တာဟာ လာဒ်ပေးလာဒ်ယူလို့ မရအောင်လို့ ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတိုးမြင့်သည့် အတွက်ဖြစ်ကြာင်း၊ ထို့ကြောင့် ကုမ္ပဏီများမှ မိမိတို့ လုပ်ငန်းအတွက် ၀န်ကြီးရုံးနှင့် ဆက်ဆံရမည့်သူများအား ညဖက်အိမ်များတွင် သွားတွေ့၊ လက်ဆောင်ပေးပြီး ချိတ်ဆက်လုပ်ကိုင်မှသာ အချင်းချင်းအဆင်ပြေပါသည်။

လုပ်ငန်းအသစ်လုပ်ချင်သူများလာရောက်စုံးစမ်းပါကလည်း အ၀င်မခံ၊ အတွေ့မခံသဖြင့် ၀န်ကြီးဌာနနှင့် လုပ်ငန်းလုပ်ကိုင်လိုသူများ ဘာမှလုပ်လို့မရဖြစ်နေပါသည်။

ကုမ္ပဏီများ၊ အ၀င်အထွက်ရှိသူများမှ လူကြီး၊ ဌာနမှ ဆက်ဆံရမည့်သူများ အား ဖုန်းဆက်၊ အပြင်တွင် တွေ့ဆုံပြီး လုပ်ခိုင်းမှသာ ၀န်ကြီးရုံးနှင့် အလုပ်လုပ်ပြီး အဆင်ပြေလျှက်ရှိပါသည်။

ထို့ကြောင့် အတွေ့ခက်အောင်လုပ်ခြင်းဖြင့် ရုံးတွင်လာဒ်ပေးလို့မရအောင် ၀န်ကြီးရုံးများမှ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ကြောင့် နေပြည်တော်သို့ လာရောက်လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ဖုန်းသိ၊ ဂွင်သိမှသာ အဆင်ပြေမည်ဖြစ်ပါသည်။

Massage From နေပြည်တော်

အ ေ မ ့ ေ ခ ၚ သံ ( မောင်စွမ်းရည် )



အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ ၊
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။

အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။

တစ်ခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။

အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။

ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။

ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။

မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…။

ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။

ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။

တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။

တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ၀ိသမ။

တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ။

မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များ အကြောင်း။

ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေ အကြောင်း။

အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"… တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။

အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။

ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။

မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။

ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။

ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။

ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။

ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။

သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။

အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။

ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။

သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။

အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။

အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။

သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။

"မလာဖြစ်နိုင်ဘု၊ ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။

မြန်မာလူမျိုးကကိုယ့်မြန်မာ လူမျိုးကို မကူညီရင် ဘယ်သူကူညီ မလဲ ဂျပန်နိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာ ဇာနည်ထူးထူး


'ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင် နာအဖြစ် အောင်မြင်ကျော်ကြားနေတဲ့ မြန်မာ လူမျိုးဇာနည်ထူးထူး (ခေါ်)shibuya zarny နဲ့တွေ့ဆုံခြင်း' အကြောင်း ကို ပေါ်ပြူလာဂျာနယ် အတွဲ ၁၆၊ အမှတ် ၄၄မှာဖော် ပြပြီးကတည်း က ဇာနည်ထူးထူးရဲ့ အကြောင်းတွေ ကို မြန်မာပရိသတ်တွေ ဖတ်ရပြီး စိတ်ဝင်စားခဲ့ကြပါတယ်။

အင်တာနက် ပေါ်မှာလည်း နိုဘယ်ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ မြန်မာဝတ်စုံကို ကိုယ်တိုင်ချုပ်ပြီး ကန်တော့ခဲ့သူ ဇာနည်ထူးထူး ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အခုတပတ် မှာတော့ မြန်မာနိုင်ငံက ဖက်ရှင်ပွဲ တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေ ကို "အင်တာနက်က တစ်ဆင့် မြန်မာနိုင်ငံမှာ ဖက်ရှင်ပွဲေ တ်ာတော်များများ လုပ်တာလည်းတွေ့ ရပါ တယ်။ ကျွန်တော်စဉ်းစား မိတာကတော့ မြန်မာနိုင် ငံမှာ ဒီလိုဖက် ရှင်မော်ဒယ်တို့၊ကြီးကျယ်တဲ့ ဖက်ရှင်ရှိုးပွဲတွေ လိုလားလို့ေ တွးမိတယ်။ မြန်မာနိုင်ငံက လူတွေက အင်္ဂလိပ် လိုပြောတာ တော်ကြတယ်။ ဒါပေမဲ့ ဒီလိုအင်္ဂလိပ် စာကောင်းတဲ့လူတွေ ကို နိုင်ငံတော်က ဘာလို့ မပံ့ပိုး တာလဲ။

ကိုရီးယားနိုင်ငံကိုကြည့်လိုက်ရင် သူတို့နိုင်ငံက တောင်ကိုရီးယား နဲ့ မြောက် ကိုရီးယားဆိုပြီး၂ခုကွဲ နေတယ်။ ဒါပေမဲ့ကိုရီးယားနိုင်ငံက ဒီ ၁ဝနှစ်အတွင်း မှာ တော်တော်တိုးတက်လာတာ တွေ့ရတယ်။သူတို့ စွမ်းရည်ကို သူတို့ ထုတ်ပြနိုင်ကြတယ်။ သူတို့ နိုင်ငံကလည်း သူတို့ကိုတအား ပံ့ပိုးကြ တယ်။မြန်မာနိုင်ငံ မှာကြီးကျယ်တဲ့ ဖက်ရှင်ရှိုးပွဲတွေ လုပ်လည်း ဒါတွေကို ဘယ်နိုင်ငံကမှ မသိကြဘူး။အဲဒါကြောင့် ကျွန်တော် က မြန်မာနိုင်ငံက လူငယ်မင်းသား၊ မင်းသမီးတွေကို ရွေးချယ်ပြီး ဂျပန်က ကုမ္ပဏီနဲ့ပူးပေါင်းပြီး ဂျပန် က ဖက်ရှင်ရှိုးပွဲတွေမှာ မော်ဒယ်အဖြစ် ရှိုးလျှောက်ခိုင်းတာမျိုးတွေ လုပ်ချင် တယ်။ မြန်မာလူမျိုးတွေအတွက် ဖက်ရှင်ရှိုးပွဲတွေက သိပ်မလိုဘူး။ စိတ်ချမ်းသာမှ ဖက်ရှင်ဆို တာကို တွေးလို့ရတယ်။ ကျွန်တော် တို့ မြန် မာနိုင်ငံမှာ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ၊ လမ်းမမှာ အမှိုက် ကောက်တဲ့ ကလေးတွေ၊ပန်းတွေလိုက်ရောင်း နေတဲ့ကလေးတွေ အများ ကြီးရှိနေကြ တယ်။ဖက်ရှင်ရှိုးပွဲကြီးတွေအများကြီးလုပ်မယ့်အစား အဲဒီလိုကလေး လေးတွေကိုကာကွယ်စောင့် ရှောက်တဲ့ ကုမ္ပဏီတွေ ဖြစ်သင့်ပါတယ် ။

မြန်မာစကားမပြောနိုင်တဲ့ တိုင်းရင်းသား တွေရှိကြတယ်။သူတို့ အားလုံး က မြန်မာစကားကို သင်ကြပြီး တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေး လိုင်းကိုယူပြီး ဖက်ရှင်ရှိုး လုပ်တာပိုမကောင်းဘူးလား။ ကျွန်တော်က ဂျပန် နိုင်ငံတို့၊ကိုရီးယားနိုင်ငံတို့က မင်းသား၊ မင်းသမီးတွေနဲ့ အမြဲ တမ်း ပေါင်းသင်းဆက်ဆံဖြစ်တယ်။ သူတို့ကိုလည်း အမြဲတမ်း မေးဖြစ် တယ်။ဘယ်သူ့ကြောင့်မင်းသား ဖြစ်ချင်တာလဲ။ ဘယ်သူ့ကြောင့် မင်းသမီး ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖက်ရှင် ရှိုးပွဲလုပ်ချင်တာလဲ လို့ မေးဖြစ်တယ်။

ဒီနိုင်ငံလူတွေကိုလည်း မြန်မာလူမျိုးကိုဘယ်လိုမြှင့်တင်ချင်တယ်။ဘယ်လိုတိုးတက်ချင်တယ် ဆိုတာ မျိုးပဲလိုချင်တယ်"လို့ပြောပါတယ်။ ဇာနည်ထူးထူး က မြန်မာနိုင်ငံ ကလူငယ် တွေကိုကြိုးစားချင်စိတ်တွေ ပျောက်သွားမှာ စိုးရိမ်ကြောင်းကိုလည်း "ကျွန် တော့်ရဲ့ အဘိုးအဘွား၊ အဖေ၊ အမေ တို့အားလုံးက ဗုဒ္ဓဘာသာကိုကိုးကွယ် ကြပါတယ်။ကျွန်တော်ကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ အခုမြန်မာပြည်ရဲ့စဉ်းစားမှုမှာ အမှားတစ်ခုရှိတယ်လို့ထင်တယ်။ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ က ရှေးကုသိုလ် ကောင်းမှုနည်းခဲ့လို့ ဒီ ဘဝမှာဒီလို ဆင်းရဲနွမ်းပါးတဲ့ ဘဝကို ရောက်နေတာပဲလို့ သူတို့ပေါ်ကိုယ့် ထိုက်နဲ့ကိုယ့်ကံလျစ်လျူရှုချင်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါ တယ်။ သူတို့မှာ စပွန်ဆာဖိနပ်မရှိရင်လည်းကိုယ့် ဘာသာကိုယ်ကြိုးစားပြီးဖိနပ်ဝယ်နိုင် ဖို့ business တစ်ခုမြန်မာပြည်မှာ လုပ်ဖို့လိုအပ်တယ်။

အခုအချိန်မှာ မြန်မာပြည် က သမိုင်းသစ်ကို ရောက်နေပါ ပြီ။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေလည်း အခုရောက်နေတဲ့ ဘဝကို အားမလျော့စေချင် ဘူး။ အခုဆိုရင် ဂျပန်မှာ သူတောင်းစားဆိုတာ လုံးဝ မရှိတော့ပါဘူး။ံHomeless ဆိုတာတော့ရှိတယ်။ ဒါပေမဲ့ သူတို့တွေက လည်း ပိုက်ဆံ ရှိပြီးတော့ အလုပ်မလုပ် ချင်လို့ မလုပ်ကြတဲ့လူတွေပဲ။ အဲဒီလိုပုံစံနဲ့ မြန် မာပြည်က Homeless ဖြစ်နေကြတဲ့ အခြေအနေနဲ့ လုံးဝ မတူပါ ဘူး။ ကိုယ်က အခုဘဝမှာ ချမ်းသာပြီး ရုပ်ရည်ချောမောလှပလို့ ကံကောင်းတယ်လို့ ထင်တဲ့လူငယ်တွေက ကံမကောင်းတဲ့ ဆင်းရဲချို့တဲ့ သူတွေကို ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာပြည်မှာက ပိုက်ဆံ တအား ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့ လူတွေရဲ့အခြေအနေတွေက တအား ကို ကွာဟနေတယ်။ မြန်မာနိုင်ငံက လူတွေယဉ်ကျေးတယ်ဆိုတာကို တခြားနိုင်ငံက လူတွေကနားလည် ထားကြတယ်။ မြန်မာလူမျိုးက ကိုယ့်မြန်မာလူမျိုးကို မကူညီရင် ဘယ်သူကူညီမလဲ။" လို့ ပြောပြပါတယ်။
ခိုင်ဝေလွင်
Popular Journal

မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည်


မြန်မာနိုင်ငံနှင့် ကုန်သွယ်ဆက်ဆံမှုမြင့်မားလာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အလားအလာကောင်းသည့် နိုင်ငံများသို့ မြန်မာ့စီးပွားရေးသံမှူးများစေလွှတ်ပြီး တာဝန်ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာအနှံ့တွင် မြန်မာသံရုံးပေါင်း လေးဆယ်ကျော် ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း စီးပွားရေးကောင်စစ်ဝန်အဖြစ် ကျွမ်းကျင်သံမှူးများကို ရွေးချယ်သင်တန်းပေးကာ ထိုအထဲမှ ထပ်မံရွေးထုတ်၍ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအတွက် ရွေးချယ်ထားသူများမှာ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူးအဆင့် အယောက် ငါးဆယ်ကျော်ရှိကြောင်း သင်တန်းတက်ရောက်နေသူ အရာရှိတစ်ဦးကပြောသည်။

အဆိုပါ သင်တန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ကြီးမှူး၍ ဇန်န၀ါရီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံနိုင်ငံခြား စီးပွားရေးသင်တန်းဟု အမည်ပေးထားသည်ဟု သတင်းရရှိသည်။

“၀န်ကြီးဌာနတွေမှာ ဘာသာစကားကောင်းတဲ့ အရာရှိတွေကို ရွေးပြီး အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှာ သင်တန်းပေးနေတာပါ။ ဒီလမကုန်ခင်သင်တန်းပြီးမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် စီးပွားဆက်သွယ်မှုများ ပိုမိုများပြားလာပြီဖြစ်သောကြောင့် နိုင်ငံခြားစီးပွားဆက်ဆံ ရေးတိုးတက်စေရန်အတွက် စီးပွားရေးသံမှူးများကို နိုင်ငံ့စီးပွားရေးမျက်နှာစာတွင် ရှေ့တန်းတိုက်စစ်မှူးများအဖြစ် ခန့်အပ်ရန်လိုအပ်သောကြောင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့က ဇန်န၀ါရီ ၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် တကူးတကသီးသန့်လာရောက်စရာမလိုတော့ဘဲ မြန်မာနိုင်ငံ၏ စီးပွားရေးသတင်းအချက်အလက်များကို စီးပွားရေးသံမှူးများထံမှ အလွယ်တကူရရှိနိုင်လိမ့်မည်ဖြစ်ပြီး စီးပွားရေးသံမှူးများသည် မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကူအညီပေးလိုသည့်
နိုင်ငံနှင့် အဖွဲ့အစည်းများကိုလည်း ရှင်းလင်းပြောကြားပေးရနိုင်ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်း နိုင်ငံခြားစီးပွားဆက်ဆံရေးနယ်ပယ်အောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရှာဖွေရေး၊ မိမိနိုင်ငံ၏ ပို့ ကုန်များ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် နေရာရယူနိုင်ရေး၊ မိမိနိုင်ငံအတွက် လိုအပ်သည့် သွင်းကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရရှိစေရေး၊ စီးပွားရေးသတင်းအချက်အလက်နှင့် အဆက်အသွယ်များရရှိစေရေး၊ နိုင်ငံခြားမှ အကူ အညီအထောက်အပံ့များ၊ အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိစေရေး၊ လူသားဖွံ့ဖြိုးမှု ဖြစ်
ပေါ်စေရေးတို့အတွက် ယခုခန့်အပ်သွားမည့် စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း အဆိုပါ သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

“စီးပွားရေးသံမှူးတွေအနေနဲ့ အဓိကဆောင်ရွက်ရဖွယ်ရှိနိုင်တာတွေကတော့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံချင်သူတွေ၊ ကုန်သွယ်မှုလုပ်ချင်သူတွေအတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်တွေ၊ အခြေခံလိုအပ်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် နယ်ပယ်၊ နေရာစတာတွေကို ရှင်းလင်းဆွေးနွေးပေးရမယ်ထင်တယ်” ဟု အဆိုပါ သင်တန်း၌ တက်ရောက်နေသော သင်တန်းသားအရာထမ်းတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO) ရှိသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာမြို့ရှိ မြန်မာသံရုံးတစ်ခုတည်းတွင်သာ စီးပွားရေးသံမှူးတစ်ဦးခန့်အပ်ထားရှိပြီး ကျန်နိုင်ငံများတွင် ယခုအချိန်ထိ စီးပွားရေးသံမှူးများ ခန့်အပ်တာဝန်ပေးထားခြင်းမရှိပေ။
 
7Day News Journal

ခရီးသည်နှင့် ၀န်ဆောင်မှု လု သူများ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးနှင့် ရန်ကုန်မြို့တော်ကို အဓိကချိတ်ဆက်ပေးနေသော လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေးဝင်းထဲသို့ ကိုဝေလွင် ၀င်လိုက်သည်။ ကားဝင်းထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အ၀တ်အစားညစ်ထေးထေး ၀တ်ဆင်ထားသော ဦးရေနှစ်ဆယ်ခန့်ရှိမည့်ဧည့်ကြို(ခေါ်)လူခေါ်ပွဲစားများ၏ ဘယ်သွားမလို့လဲ၊ ဘယ်လဲဟူသည့် အမေးနှင့်အတူ ၎င်း၏ခရီးဆောင်အိတ်အား ၀ိုင်းဝန်းလုယက်ဆွဲသည့် အခြေအနေမျိုးနှင့် ကိုဝေလွင်တစ်ယောက် ကြုံတွေ့ရပါသည်။

ကိုဝေလွင်သည် ဟင်္သာတမြို့မှ ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ မျက်စိခွဲစိတ်ရန် လာရောက်သူတစ်ဦးဖြစ်ပြီး ခရီးသွားအတွေ့အကြုံနည်းသောကြောင့် ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို ကြုံတွေ့ရသည့်အခါ စိုးရိမ်ထိတ်လန့်မိကြောင်း ပြောသည်။

“အတင်းဆွဲလုတော့ လူကိုအနုကြမ်းစီးသလားလို့တောင် ထင်ရတယ်”ဟု ၎င်းကဆိုသည်။

ခရီးသည်များ၏အထုပ်အပိုးများ လုယက်သယ်ယူခြင်း၊ ဆိုင်ရာကားဂိတ်သို့ အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ ခရီးသည်တစ်ဦးအား လူခေါ်ပွဲစား နှစ်ယောက်၊ သုံးယောက်က ဟိုဘက်သည်ဘက် ၀ိုင်းဝန်းဆွဲကြခြင်း၊ ခရီးသည်ဟုခေါ်ခြင်းတို့က ပြည်တွင်းရှိ ရေဆိပ်၊ လေဆိပ်၊ ကားဂိတ်နှင့် ရထားဘူတာရုံတို့သို့ ၀င်ထွက်သွားလာဖူးသူတိုင်း ကြုံတွေ့နေရမည့်ကိစ္စဖြစ်သည်

ကားဝင်းများတွင် ခရီးသည်များအား အပြိုင်အဆိုင် လူလုပွဲများ ဖြစ်ပေါ်နေခြင်းအား အဝေးပြေးဝင်းအတွင်း တာဝန်အရှိဆုံး ကွပ်ကဲရေးရုံးမှ နယ်မြေရဲ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြည့်အရေးယူသော်လည်း အဆိုပါလူခေါ်ပွဲစားဦးရေမှာ အလွန်များသောကြောင့် ထိထိရောက်ရောက် အရေးယူ၍မရကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးကပြောသည်။

ဧည့်ကြိုခေါ် လူခေါ်ပွဲစားများမှာ မြို့နယ်အသီးသီးရှိ အဝေးပြေးကားဂိတ်တိုင်းတွင်ရှိပြီး အများစုမှာ အလုပ်အကိုင် အတည်တကျမရှိဘဲ ကျပန်းလာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

အဝေးပြေးကားဂိတ်၊ မီးရထားဘူတာ စသည့် ခရီးသွားပြည်သူများနှင့် သက်ဆိုင်သည့်နေရာများကို ကိုယ့်အိမ်သဖွယ်နေကြရင်း ၀မ်းစာရှာနေကြသော အဆိုပါ အလုပ်သမားများမှာ နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနေသော ခရီးသွားများအတွက် ရှောင်လွဲမရနိုင်သော လူအစုအဖွဲ့ဖြစ်နေသည်။

“တန်ရာတန်ကြေးဆို ပေးပါတယ်။ အခုက လက်ထဲကအထုပ်ကို လာဆွဲပြီး လိုင်းကားပေါ် တင်ပေးပြီးကာမှ မတန်တဆတောင်းတာတော့ လွန်လွန်းပါတယ်”ဟု အောင်မင်္ဂလာအဝေးပြေးဝင်းဂိတ်သို့လာသော နေပြည်တော် တပ်ကုန်းမှ ခရီးသည် မန်းအေးကဆိုသည်။

ဒဂုံ-ဧရာအဝေးပြေးမှ လူခေါ်ပွဲစား ကိုကျော်ဦးသည် ဧည့်ကြိုအလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကားဝင်းအတွင်းရှိ ဈေးသည်များက ဈေးရောင်းရင်း ခရီးသည်များက ကားဂိတ်များဆီ ခေါ်ဆောင်သွားသောကြောင့် ၀င်ငွေနည်းပါးလာကြောင်း ၎င်းကဆိုသည်။

“ခရီးသည်တစ်ယောက် ပို့ပေးရင် ငါးရာရပါတယ်။ ဒါပေမဲ့ ဧည့်ကြိုတွေကို သတ်သတ်မှတ်မှတ် စိစစ်မပေးတဲ့အတွက် ကြုံရာလူက ၀င်လုပ်တော့ အဆင်မပြေပါဘူး”ဟု ၎င်းကပြောသည်။ လူခေါ်ပွဲစားခေါ် ဧည့်ကြိုများမှာ သက်ဆိုင်ရာဌာနမှ တရားဝင်လုပ်ခွင့် ပေးထားခြင်းမဟုတ်ဘဲ ကားဂိတ်များက ခရီးသည်ပိုရရှိရင် တစ်ဦးလျှင် ကျပ် ၅၀၀ နှုန်း သတ်မှတ်ပေးခြင်းဖြစ်သည်။

“အရင်လို ခရီးသည်ကို ဂိတ်ရှေ့ကနေ ခေါ်လို့မရတော့ဘူး။ အဝေးပြေးအပေါက်ဝအထိသွားပြီး အလုအယက်ခေါ်မှ ခရီးသည်ရတာပါ”ဟု ရန်ကုန်-ပုသိမ်ကားဂိတ်တစ်ခုမှ ကားဒရိုက်ဘာတစ်ဦးကပြောသည်။

အဝေးပြေးကားဂိတ်များတွင် ကိုကျော်ဦးတို့လို ဂိတ်မှခန့်အပ်ထားသော တရားဝင်လုပ်သားများ ရှိသကဲ့သို့ အနီးအနားရပ်ကွက်များမှ အလုပ်မရှိ၍ လူခေါ်ပွဲစား လာလုပ်ကြသော ကားလောကအခေါ် အာကြီးဆိုသူများလည်းရှိသည်။ ယင်းအာကြီးဆိုသူများမှာ ကားဂိတ်များမှ တရားဝင် အလုပ်သမားမဟုတ်၍ ခရီးသည်နှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက ထွက်ပြေးသွားလေ့ရှိကြောင်း သိရသည်။

“ခရီးသည်လုလို့ ပြဿနာတက်တာချင်းအတူတူ ကျွန်တော်က အချုပ်ထဲမှာ ခုနစ်ရက်နေခဲ့ရပြီး အဲဒီအာကြီးတွေ လွတ်မြောက်သွားတာ ကြုံခဲ့ဖူးတယ်” ဟု ကမ္ဘာမြေကားဂိတ်မှ ဂိတ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုနိုင်လင်းကပြောသည်။

ကိုနိုင်လင်းတို့လို လူခေါ်ပွဲစားများမှာ ခရီးသည်နှင့် ပြဿနာဖြစ်ပွားပါက အဝေးပြေးဝင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ တိတိကျကျ သတ်မှတ်မထားသော ဒဏ်ငွေသုံးသောင်းမှ ငါးသောင်းအထိ ဒဏ်ရိုက်ခံရပြီး ကွပ်ကဲရေးရုံးအနေဖြင့် အာကြီးခေါ် ကျပန်းလာရောက်လုပ်ကိုင်နေသူများအား စိစစ်အရေးယူပေးပါက ခရီးသည်နှင့်လူခေါ်ပွဲစားများအကြား ပြဿနာအနည်းငယ် လျော့ပါးသွားနိုင်ဖွယ်ရှိသည်။

မန္တလေးမြို့ရှိ ရန်ကုန်- မန္တလေး ခရီးသည်တင်ကားများ အများဆုံးဂိတ်ထိုးသော ကျွဲဆည်ကန်ကားကြီးကွင်းတွင်လည်း ဆိုင်ကယ်တက္ကစီမောင်းသူပေါင်း ရာချီရှိပြီး ၀င်လာသမျှ ခရီးသည်ကို အလုအယက်ဆွဲခေါ်ကြမြဲဖြစ်သည်။

ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ကိုရဲရင့်နိုင်က“လုပ်တဲ့သူတွေက များလာတော့ ခရီးသည်မရမှာစိုးလို့ ကားတစ်စီးဝင်လာတာနဲ့ အတင်းပြေးလိုက် လုယက်ပြီး သူ့ထက်ငါ ဦးဆောင်ခေါ်ရတော့တာပဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ရယူမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသည်များကို အမြင့်ဆုံးအဆင့် ၀န်ဆောင်မှုပေးသော လေဆိပ်လိုနေရာမျိုးမှစ၍ ခရီးသည်များ စိတ်ဝင်တစား သွားရောက်လေ့ရှိသော နေရာဒေသများရှိ ဆိုင်ကယ်ကယ်ရီ ၀န်ဆောင်မှုများအထိ ပြင်ဆင်ထားရန် လိုအပ်သည်။ တစ်နေရာမှတစ်နေရာသို့ သွားရောက်နေကြခြင်းသည် မိမိတို့၏ စီးပွားရေးကိစ္စများအတွက် ပါဝင်သလို စိတ်ချမ်းသာမှုကိုရလို၍ အပျော်ခရီးထွက်သော ခရီးသွားများလည်း ရှိသောကြောင့် ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ရန် အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း အတွင်းရေးမှူး ဦးထွန်းမြတ်ကပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်းသည် လွန်စွာအရေးပါပြီး တိုးတက်လာမည့် စီးပွားရေး နိုင်ငံရေး ဖြစ်စဉ်များနှင့်အညီ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကို အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။

“အိမ်သာမှဧည့်လာမှာပါ။ ၀န်ဆောင်မှုတွေ ညံ့ဖျင်းမှုတွေ ညံ့ဖျင်းရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းမှာပါ။ အခုကတည်းက ပြင်ဆင်မယ်ဆိုရင် အချိန်မီပါသေးတယ်”ဟု နှစ်လေးဆယ်ကြာ ခရီးသွားဝန်ဆောင်မှုသက်တမ်းရှိသော ရွှေလွန်းပျံ(Taxi Service)မှ ဥက္ကဋ္ဌဦးစိန်မြင့်ကဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးခရီးသည်တင် ယာဉ်ရပ်နားစခန်းဖြစ်သော အောင်မင်္ဂလာအဝေးပြေးဝင်းတွင်လည်း ခရီးသွားများနှင့် တက္ကစီယာဉ်များ၏ မပြည့်စုံသော ၀န်ဆောင်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်။

လူခေါ်ပွဲစား၊ အထုပ်သယ်သမားများက လုကြ၊ ဆွဲကြသည့်အခါ အားနာတတ်သည့် အရိုးခံစွဲရှိသူ ခရီးသည်များလည်း ဆွဲသည့်နောက်ပါကြရသည်။ ခရီးဆောင်အိတ် လုဆွဲသည့်အခါ ပေးလိုက်ကြရသည်။ သူတို့သဘောနှင့်သူတို့ ဆွဲကြ၊ သယ်ကြပြီးသည့်အခါ သူတို့သဘောနှင့် သူတို့ပင် ငွေတောင်းကြပြန်သည်။

“အန်တီက ကားခေါင်းမှာထိုင်တာ။ ပစ္စည်းချတော့ ဘယ်အချိန် ၀င်ထမ်းသွားမှန်းမသိဘူး။ ကိုယ်ကလည်း ဘူတာရုံထုံးစံပဲဆိုပြီး မပြောတော့ပါဘူး”ဟု ကျောင်းပန်းတောင်းမြို့မှ အသက် ၅၀ အရွယ် ခရီးသည်ဒေါ်မြမြက ရန်ကုန်ဘူတာကြီးအတွေ့အကြုံကို ပြောပြသည်။

“အခုတော့ ငါးထောင်၊ တစ်သောင်း သူတောင်းသလောက် ပေးရတော့မယ်။ သူက သယ်သွားတာကိုး”ဟုပြောရင်း ဒေါ်မြမြက အထုပ်သယ်သွားသည့် အထမ်းသမားနောက် စိတ်ပျက်လက်ပျက်နှင့် လိုက်ပါသွားလေသည်။ ။

7Day News Journal

ဘဂင်လားဒေ့ရှ် နိုင်ငံမှာ နာမည်ကျော် မူဆလင် ဘာသာရေး ဆရာ တယောက်ကို လူသား မဆန်တဲ့ ပြစ်မှုတွေ ကျူးလွန် ခဲ့မှု အတွက် တရားရုံးက သေဒဏ် ချမှတ်လိုက် ပါတယ်။

၁၉၇၁ ကာလ ဘဂင်လားဒေ့ရှ် နိုင်ငံ လွတ်မြောက်ရေး စစ်တွင်း ကာလမှာ အခု နာမည်ကျော် အစ္စလာမ် တရားဟော အစီ အစဉ်တင်ဆက်သူ ဖြစ်နေတဲ့ အဗဒူ ကလမ် အဇက်ဟာ ဟိန္ဒူ လူမျိုး ခြောက်ဦးကို ပစ်သတ်ပြီး ဟိန္ဒူ အမျိုးသမီး တွေကို မုဒိမ်း ကျင့်ခဲ့ တယ်လို့ တရားစွဲ အရာရှိ တွေက ပြောပါတယ်။
အဗဒူ ကလမ် အဇက်ဟာ ဟိန္ဒူ လူမျိုး ခြောက်ဦး ကို ပစ်သတ်ပြီး ဟိန္ဒူ အမျိုးသမီး တွေကို မုဒိမ်း ကျင့်ခဲ့
ဒီလူဟာ ပါကစ္စတန် နိုင်ငံမှာ အခု ရှိနေမယ်လို့ ယူဆ ရပြီး၊ သူ့မျက်ကွယ်မှာ သေဒဏ် ချမှတ်ခြင်း ခံရတာ လည်း ဖြစ်ပါတယ်။ ဘီဘီစီ ဘဂင်လီ ဌာန အယ်ဒီတာ ဆဗား မူစတာဖာ ကတော့ အခုလို ပြစ်ဒဏ် စီရင် နိုင်တာဟာ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ အောင်ပွဲ ပဲလို့ သုံးသပ် ပါတယ်။

ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ နှစ် ၄၀ က ဖြစ်ပျက် ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေကို တရား စီရင်ဖို့ဟာ သူ့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းပဲလို့ ဆိုခဲ့ဖူး ပါတယ်။

ဒီလို သေဒဏ် ချမှတ်လိုက်တဲ့ တရား စီရင်ရေးကို ဝေဖန် သူတွေ ကတော့ အဇက်နဲ့ တခြား လူတွေကို စစ်ရာဇဝတ်မှု တွေနဲ့ တရားစွဲဆို ခဲ့တာဟာ နိုင်ငံရေး နောက်ခံ အကြောင်း တရားတွေ ရှိနေ တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး ဒီတရားခွင် ဟာလည်း ကုလသမဂ္ဂက အသိအမှတ် ပြုထားတာ မဟုတ်ဘူးလို့ သုံးသပ် ကြပါတယ်။

တရားသူကြီးတွေ ကတော့ ဒီဘာသာရေး ဆရာရဲ့ မိသားစု တွေဟာ ရှေ့နေ ငှားနိုင်ဖို့ အတွက် တရားရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ သလို တရားခံ ပြ သက်သေတွေ တင်ဖို့လည်း မလုပ်ဆောင် ခဲ့ကြဖူးလို့ ပြောပါတယ်။ ဒါကြောင့် စီရင် ဆုံးဖြတ်မှုဟာ လိုတာ ထက်ပိုပြီး မြန်မြန် ပြီးမြောက်ခဲ့ တာလည်း ဖြစ်ပါ တယ်။

၁၉၇၁ မှာ အရှေ့ အနောက် ပါကစ္စတန် နှစ်နိုင်ငံ ခွဲထွက်ဖို့ ပြည်တွင်းစစ် ဖြစ်ကြတော့ အိန္ဒီယက အရှေ့ ပါကစ္စတန် ပြည်သူတွေရဲ့ လိုလားချက်နဲ့ပါကစ္စတန်ကို ဝင်သိမ်းပြီးနောက် အရှေ့ ပါကစ္စတန်ဟာ ၁၉၇၁ ဒီဇင်ဘာ ၁၆ မှာ ဘဂင်လားဒေ့ရှ် နိုင်ငံရယ်လို့ ဖြစ်လာတာပါ။

အဲဒီ ကာလတွေမှာ အဇက်နဲ့ တခိျု့က စစ် ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့ကြလို့ အခုလို ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖိလစ်ပိုင်မှပြန်လည်ရောက်ရှိ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေးဖော်ဆောင်မှု ၅ ရက်ကြာခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင်မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိလာကြသည်။ အဆိုပါ ခရီးစဉ်တွင် သမ္မတအကြံပေးပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့်ပြန်လည်တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်သည့်အချက်များကို လေ့လာတွေ့ရှိခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲအား မကြာမီရက်ပိုင်းအတွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်နိုင် —
Popular Myanmar News Journal

ကျမ်းစာအုပ် ၃ အုပ်ဖြင့် ၂ ကြိမ် ကျမ်းကျိန်မည့် အိုဘားမား

obama
(ပထမအကြိမ် သမ္မတသက်တမ်းအတွက် ၂၀၀၉ ခုနှစ်က အိုဘားမား ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်)
(၂၀၀၉ ခုနှစ်က ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် တွေ့ရသည့် အိုဘားမားမိသားစု)
အမေရိကန်သမ္မတ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရာတွင် အိုဘားမားသည် ကျမ်းစာအုပ် ၃ အုပ်ကို ကိုင်တွယ်၍ ၂ ကြိမ်တိုင် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။ သမ္မတအဖြစ် ဒုတိယသက်တမ်းအတွက် အိုဘားမား၏ ကျမ်းသစ္စာကျိန်ဆိုမှုကို လာမည့် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၀ ရက်) အိမ်ဖြူတော် အပြာရောင်အခန်း၌ အကျဉ်းချုံး ပြုလုပ်မည်ဖြစ်ပြီး တနင်္လာနေ့ (ဇန်နဝါရီ ၂၁ ရက်) တွင် ပြည်သူလူထုရှေ့မှောက်တွင် အခမ်းအနားဖြင့် နောက်တစ်ကြိမ် ကျမ်းသစ္စာကျိန်ဆိုမှု ထပ်မံပြုလုပ်မည် ဖြစ်သည်။

အမေရိကန်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတအဖြစ် ရွေးကောက်ခံရပါက ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆို၍ တာဝန် စတင်ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားသည်။ သို့သော် ယခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ အများပြည်သူ အားလပ်ရက် တနင်္ဂနွေနေ့ဖြစ်နေသဖြင့် အိုဘားမားအနေဖြင့် ထိုနေ့တွင် အိမ်ဖြူတော်၌သာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းဖြစ်ပြီး တနင်္လာနေ့ကျမှသာ ပြည်သူလူထုရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမှုကို အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်သည်။

အိုဘားမားသည် အိမ်ဖြူတော်တွင် ပြုလုပ်မည့် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ၎င်း၏ဇနီး မစ်ချယ်လ်မိသားစု၏ ကျမ်းစာအုပ်ကို ကိုင်တွယ်ကျိန်ဆိုမည် ဖြစ်သည်။ တနင်္လာနေ့တွင် ထပ်မံပြုလုပ်မည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် အိုဘားမားက အမေရိကန်၏ သမိုင်းဝင် ကျမ်းစာအုပ်နှစ်အုပ်ကို ကိုင်တွယ်၍ ကျမ်းကျိန်ဆိုသွားမည် ဖြစ်သည်။ သမိုင်းဝင် ကျမ်းစာအုပ်နှစ်အုပ်မှာ အမေရိကန်၏ ၆ ယောက်မြောက် သမ္မတဖြစ်သူ အေဗရာဟင်မ် လင်ကွန်း၏ ကျမ်းစာအုပ်နှင့် ၁၉၆၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် အမေရိကန်လူမည်းတစ်ဦးဖြစ်သည့် မာတင်လူသာကင်း၏ ကျမ်းစာအုပ်တို့ဖြစ်ကြောင်း သိရှိရသည်။
Planet News
Source: ABCNews

ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

ဇန်နဝါရီလ(၁၆)ရက်နေ့က ဘုရင့်နောင်ဗောတံတား အမှတ်(၁) တွင် နစ်မြုပ်ခဲ့သည့် ငွေဝင်တိုးစက်လှေအ တွင်း၌ရှိသည့် ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ကြသူများအား ရဲမှ လေးဂွဖြင့် ခြောက် လန့်ပစ်ခတ်ခဲ့ပြီး လာရောက်ယူဆောင်သူများမှလည်း လေးဂွများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မှမြိတ်သို့ ကုန်ပစ္စည်းတင်ဆောင်သော ငွေဝင်တိုး စက်လှေ သည် ကုန်ပစ္စည်းအပြည့်ဖြင့် နစ်မြုပ်ခဲ့ကြောင်းသိရသည်။ ထိုစက်လှေအတွင်း၌ရှိသော ပစ္စည်းများအား လာရောက်ယူဆောင် ကြရာမှ ရဲမှလေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုလာယူတဲ့သူတွေက ရှမ်းချောင်း၊ ဒိုင်ဆုကလူတွေများတယ်။ သူတို့ကိုရဲက ခြောက်လှန့်ပြီး ပစ်တယ်။ ထိအောင်တော့ မပစ်ဘူး။ သူတို့ကလည်း ပြန်ပစ်တယ်။ ကျွန်တော့်ကိုတောင် ခဲတစ်လုံးထိသွားသေးတယ်။”ဟု လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။
ထိုစက်လှေနစ်မြုတ်မှုအပေါ် ယင်းအနီးအနားတွင် နေထိုင်သူများက ထင်မြင်ချက်မျိုးစုံ ပြောဆို လျက်ရှိပြီး ယခုအခါတွင် ယင်းစက်လှေအား ပြန်လည်ဆယ်ယူနေပြီဖြစ်သည်။ စက်လှေနစ်မြုပ်မှုတွင် ကုန်ပစ္စည်းများသာ ဆုံးရှုံးမှုရှိပြီး အခြားမည်သည့် အသက်အန္တရယ်မှ မရှိကြောင်း သိရသည်။

“အဲ့ဒီစက်လှေမြုပ်သွားတာကို ကျွန်တော်ကြားတာက အရှေ့က တိုင်မှာတပ်ထားတဲ့ကြိုး မဖြုတ်လို့မြုတ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီကြိုးကို မဖြုတ်ပဲစက်လှေကို မောင်းရင်းနစ်မြုတ် သွားတယ်။ အဲ့ဒီအထဲမှာ ကုန်ပစ္စည်းတွေက အပြည့်ပဲ။”ဟု ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှ ဆိုက်က္ကား မောင်းသူတစ်ဦးက ပြောသည်။ ယင်းစက်လှေထဲတွင် ဆန်အိတ်များအပြင် အခြားလူသုံးကုန်ပစ္စည်းမျိုးစုံအပြည့်ပါဝင်ကြောင်းကိုလည်း သိရသည်။

“ဆန်အိတ်တွေတင်ပဲ ၀မ်းဗိုက်ထဲမှာ (၂၀၀၀) ကျော်လောက်ပါတယ်လို့ ကြားတယ်။ ဆန်အိတ်တွေ အပြင်အခြား ကုန်ပစ္စည်းတွေဖြစ်တဲ့ ခြင်ဆေးခွေတွေ၊ ဖယောင်းတိုင်တွေ၊ တိုလီမိုလီတွေ အကုန်ပါတယ်။”ဟု စက်လှေပြန် လည်ဆယ်ယူရာတွင် လာရောက်ကြည့်ရှုသူတစ်ဦးကပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ယခုစက်လှေနစ်မြုပ်မှုမှာ (၃)ကြိမ်မြောက် နစ်မြုပ်မှုလည်းဖြစ်သည်။
ထက်အောင်ခန့်-ယမင်း (မြစ်မခ)
Myit Makha Mediagroup  

ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ငါးစီးအား ဖမ်းဆီး


Thursday, 17 January 2013 
ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို ဖမ်းဆီးသိမ်းဆည်းထားပြီး အရေးယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စည်းကမ်းမဲ့မောင်းနှင်ခဲ့သည့် ပြိုင်ကားငါးစီးကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့စွာ ပြိုင်မောင်းနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၁၃ရက် ညပိုင်း က ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ ပြိုင်မောင်းနေသည့် ယာဉ် ၁၃စီးအနက်မှ ငါးစီးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးက '' အခုလို စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့တဲ့ ပြိုင်ကားငါးစီးကို ထိန်းသိမ်းထားပါတယ်။ဘယ်လိုနည်းလမ်းမျိုးနဲ့ အရေးယူ အပြစ်ပေးမယ် ဆိုတာကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။အဲဒီ မှတ်ချက်ပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမှာပါ''ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ ထိန်းသိမ်းထားကြောင်း သိရသည်။ဖမ်းဆီး သိမ်းဆည်းခဲ့သည့် ပြိုင်ကား အမျိုးအစားများမှာ ၉က/၄--- Toyota Supra အနက်ရောင်၊၉ဃ/၂--- Nissan Skyline အနက်ရောင်၊၄င/၄--- Nissan Skyline အဖြူရောင်၊၁င/၃--- Nissan Skyline အဖြူရောင်နှင့် ၂ဃ/၉--- Subaru အပြာရောင် ယာဉ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်များအားလုံး၏ မှန်များမှာ စတေကာများ တပ်ဆင် ထားပြီး ယာဉ်မောင်းများမှာ အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း ရှိသူများ ဖြစ်ကြောင်း သတင်းရရှိသည်။ ဖမ်းစီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်းယှဉ် ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ခဲ့ဘဲ Drift မောင်းယှဉ်ပြိုင်သည့် ယာဉ်နှစ်စီးမှာ ၄ဂ/၃၂-- နံပါတ်ပြားတပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅-- နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက် နံပါတ်ပြားတစ်ခုသာပါရှိပြီး ရှေ့နံပါတ်ပြားမပါရှိဘဲ အနက်ရောင်ကားတို့ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့် ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် ပတ်သက်သူများနှင့် နီးစပ်သူများ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းစီးထားသော ပြိုင်ကားငါးစီး၏ ယာဉ်မောင်းများအား နောက်နောင်တွင် စည်းကမ်းမဲ့စွာ ပြိုင်ကားများ အုပ်စုဖွဲ့မောင်းနှင်ခြင်း မပြုလုပ်ရန် ခံဝန်ကတိပြုလုပ်၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အုပ်စုလိုက် ကားပြိုင်မောင်းပြီး ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များ၊အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ်


ကေအိုင်အေ တပ်မဟာ(၄)မှ ဗိုလ်ကြီးအဆင့်ရှိ ရမ်ဆိုင်းနှင့်အဖွဲ့ တပ်မတော်စစ်ကြောင်းသို့ လက်နက်/ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်

ဇန်နဝါရီ ၁၄ရက် နံနက် ၆ နာရီခန့်တွင် တပ်မတော်လှုပ်ရှား စစ်ကြောင်းတစ်ကြောင်း နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ကွတ်ခိုင်မြို့နယ် မုံးဟောင်ကျေးရွာအနီး၌ ကေအိုင်အေ တပ်မဟာ (၄) မှ ဗိုလ်ကြီးအဆင့်ရှိ ရမ်ဆိုင်းခေါင်းဆောင်၍ အဖွဲ့ဝင် ခုနှစ်ဦးသည် တပ်မတော် လှုပ်ရှားစစ်ကြောင်းသို့ လာရောက် ဆက်သွယ်ပြီး ၎င်းတို့နှင့်အတူ အမ် ၂၅ သေနတ် တစ်လက်၊ ကေအိုအမျိုးအစား သေနတ် သုံးလက်၊ အမ်-၂၂ ခေါက်ဒင် သေနတ် တစ်လက်၊ အမ် ၂၅ဖြင့် ပစ်ခတ်ရသည့် ဗုံးသီး သုံးလုံးနှင့်အတူ အလင်း ဝင်ရောက် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
Yangon Media Group

မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုးကာ ယာဉ်တစ်စီးအား ဝင်တိုက်

ယနေ့ ညနေ ၄ နာရီ အချိန်က စက်သတ် ရပ်နား ထားသော မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုးကာ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်ခဲ့သည်။ အဆိုပါ ကားမှာ ရပ်နားထားပြီး ၁၅ မိနစ်ခန့် အကြာတွင် ထိုသို့ ဖြစ်ပွားခဲ့သည်ဟု ယင်းနေရာတွင် ယာဉ်ရပ်နားခ ကောက်ခံသည့် ဦးနိုင်ဝင်းက The Voice Weekly သို့ပြောကြားသည်။
The Voice Weekly

မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးကို လေဒီဂါဂါ ဝယ်ယူလို

 တစ်ချိန်က မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သော Neverland ခြံကြီးကို လေဒီဂါဂါက ဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ Popဂီတ လောက၏ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ်သည် အဆိုပါ ခြံကျယ်ကြီးတွင် နှစ်ပေါင်း အတန်ကြာ နေထိုင် ဖြတ်သန်းခဲ့ဖူးသည်။ ယနေ့ခေတ် Popဂီတလောက၏ မင်းသမီး တစ်ပါးအဖြစ် တင်စားခံနေရသော ဂါဂါသည် သူမပိုင်ဆိုင်သည့် သန်းပေါင်းများစွာသော ဒေါ်လာများအနက် အချို့အဝက်ကို Neverlandအတွက် မြှုပ်နှံရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဂါဂါသည် မိုက်ကယ်၏ ပရိသတ် တစ်ဦးလည်း ဖြစ်ပြီး မကြာသေးမီက လေလံပွဲ တစ်ခုတွင် မိုက်ကယ် ပိုင်ဆိုင်ခဲ့သော ပစ္စည်းအချို့ကို အမှတ်တရ ဝယ်ယူခဲ့သေးသည်။
“မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးကို လေဒီဂါဂါ ဝယ်ယူလို” တစ်ချိန်က မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သော Neverland ခြံကြီးကို လေဒီဂါဂါက ဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ Popဂီတ လောက၏ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ်သည် အဆိုပါ ခြံကျယ်ကြီးတွင် နှစ်ပေါင်း အတန်ကြာ နေထိုင် ဖြတ်သန်းခဲ့ဖူးသည်။ ယနေ့ခေတ် Popဂီတလောက၏ မင်းသမီး တစ်ပါးအဖြစ် တင်စားခံနေရသော ဂါဂါသည် သူမပိုင်ဆိုင်သည့် သန်းပေါင်းများစွာသော ဒေါ်လာများအနက် အချို့အဝက်ကို Neverlandအတွက် မြှုပ်နှံရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဂါဂါသည် မိုက်ကယ်၏ ပရိသတ် တစ်ဦးလည်း ဖြစ်ပြီး မကြာသေးမီက လေလံပွဲ တစ်ခုတွင် မိုက်ကယ် ပိုင်ဆိုင်ခဲ့သော ပစ္စည်းအချို့ကို အမှတ်တရ ဝယ်ယူခဲ့သေးသည်။
Planet Myanmar Network

ဟယ်လီကော်ပရာ ပျက်ကြ လူ ၂ ဦးသေ(ရုပ်/သံ)

အင်္ဂလန်နိုင် လန်ဒန်မြို့လယ်ခေါင် Vauxhall ဘူတာအနီးတွင် ဟယ်လီကော်ပရာ တစီးပျက်ကြရာ လူ ၂ ဦးသေဆုံးကြာင် RT News မှသတင်းရရှိပါသည်။




ခွင့်လွှတ်တယ်၊ ဒါပေမယ့် မမေ့ဘူး

ညှဉ်းပန်းခဲ့သူနဲ့ အညှဉ်းပန်းခံခဲ့ရသူ နှစ်ဦး ဆုံတွေ့စဉ် တယောက်ကို တယောက် မမှတ်မိကြတော့။ အချိန်ကာလ အားဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မျက်နှာများ၊ ပုံသဏ္ဍန်များ၊ အနေအထားများ အားလုံး ပြောင်းလဲခဲ့ပြီ။

ထိုစဉ်က ကျွဲပေါက်ကြီးတကောင်လို သန်မာကြံ့ခိုင်သူက အခု ရှုနာရှိုက်ကုန်း ရောဂါသည် ပုံစံ၊ ထိုစဉ်က ဂျစ်ကန်ကန် မာကျောကျော မဟုတ်မခံ ပုဂ္ဂိုလ်တယောက်က အခု အရာရာကို သည်းခံခွင့်လွှတ်စိတ်ဖြင့် ကြည့်တတ်သည့် သံဃာတော် တပါး၊ ထိုစဉ်က ပျော်ပျော်ရွှင်ရွှင်နှင့် လူငယ်ဘဝ မျှော်လင့်ချက်တို့ လင်းလက်တောက်ပနေမည့် မျက်နှာ ပိုင်ရှင်က အခု လောကဓံ၏ အထုအထောင်းကို ပြင်းထန်စွာ ခံခဲ့ရသည့် မှိုင်းရီရီ မျက်ဝန်းများဖြင့် စကားကို သတိထားပြောနေသူ၊ ထိုစဉ်က … အာဏာရှင်၏ ပါးကွက် သားအဖြစ် ရက်စက်ခဲ့သူက ယခု နာမည်ရ အစိုးရ အတိုက်အ ခံ နိုင်ငံရေးပါတီကြီးတခုတွင် ဝင်ရောက် လှုပ်ရှားနေသူ … ထိုစဉ်က …၊ ထိုစဉ်က စသည်ဖြင့်။

သူတို့ ဆုံတွေ့ခဲ့သည်က သာယာဝတီ ငရဲစခန်းဟူ၍ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်၊ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖြစ်သည်။ ကောင်းသော ဆုံတွေ့ခဲ့ခြင်းတော့မဟုတ်၊ တဦးက နိုင်ငံရေး အကျဉ်းသား အဖြစ်နှင့် တဦးက ထောင်အာဏာပိုင် အဖြစ်နှင့် ဆုံတွေ့ကြခြင်းသာ။ မကြာသေးခင်ကတော့ သူတို့နှစ်ဦး အိမ်တအိမ်တည်းတွင် ဧည့်သည် နှစ်ဦးအဖြစ် အမှတ်တမဲ့ ဆုံခဲ့ကြ သည်။

“သူငယ်ချင်းက ဖုန်းဆက်တော့ မင်း အဲဒီမှာ အဘိုးကြီးတယောက်နဲ့ မတွေ့ခဲ့ဘူးလား၊ အဲဒီအဘိုးကြီး က ထောင်မှူးကြီး —-လေဆိုမှ ကျနော် တော်တော် အံ့သြသွားတာ” ဟု နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဇော်မြင့်က ဆိုသည်။

ကိုဇော်မြင့် ဆိုသည်မှာ ၁၉၈၉ ခုနှစ်က တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦး ဖြစ်သည်။ ၉ ရက် ၈ လ ၁၉၈၉ ခုနှစ် ၈ လေးလုံး နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်စဉ် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်အချမှတ် ခံခဲ့ရသည်။ ထိုစဉ်က နဝတ အစိုးရ၏ ပထမဆုံး ထောင်ပြောင်းစာရင်းတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်သည်။

“နိုဝင်ဘာ ၁၇ ရက်နေ့ညမှာထောင်အာဏာပိုင်တွေ သံချောင်းခေါက်ပြီး ဝင်လာတယ်။ ထုံးစံအ တိုင်း ထောင်ပုံစံထိုင်၊ လှုပ်ရင် အရိုက်ခံရမယ် ပြောပြီးတော့ ဦးစောဘုရားရှိတဲ့ မိန်းထောင်ကြီး မှာ နှစ်ယောက်တွဲ ခြေကျင်းရိုက် သံကြိုးတွဲခံရတာ” ဟု ကိုဇော်မြင့်က သာယာဝတီထောင် သို့ ပြောင်းရွှေ့ခံခဲ့ရပုံကို ပြန်ပြောပြသည်။ ကိုဇော်မြင့်နှင့် သံကြိုးတွဲချည်ခံရသူမှာ ခြေတဘက် သိမ်နေ သူဖြစ်ပြီး ချိုင်းထောက်နှင့် လျှောက်နေရသူ ဖြစ်ကြောင်း သိရသည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ညက သာယာဝတီအကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသူများထဲတွင် ယခု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုကျော်ကျော်ထွေး (ခေါ်) ကိုမားကီးလည်း ပါသည်။ ကိုမားကီးက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် တနှစ်ပြည့် နှစ်ပတ်လည်တွင် စာဝေမှု၊ ဆူပူဆန္ဒပြရန် ပြင်ဆင်မှုဆိုသည့် စွပ်စွဲချက်များဖြင့် ထိုစဉ်က အင်းစိန်ထောင်တွင် ၁ နှစ်ခွဲ အကျဉ်းချ ခံခဲ့ရသူ ဖြစ်သည်။

“ကျနော်တို့တွေကို ထုတ်လာပြီး ခြေကျင်းရိုက်၊ ဆံပင်တွေကို စက်နဲ့ ပုံမကျပန်းမကျ ထိုးပြီး သာယာဝတီကို ပို့လိုက်တာ” ဟု ကိုမားကီးက ဆိုသည်။

ထိုစဉ်က သာယာဝတီထောင်ကို စံပြအကျဉ်းထောင် ဖြစ်စေရန် ပြုပြင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် နဝတ အစိုးရက နိုင်ငံရေး အကျဉ်းသား အတော်များများကို ပို့လိုက်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

သာယာဝတီထောင်ရောက် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းလုပ်ရန် ထောင်အာဏာပိုင်များက ခိုင်းစေရာ နိုင်ငံရေး အကျဉ်းသားများက ငြင်းဆန် ဆန္ဒပြရာမှစ၍ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တိုက်စပိတ်ခဲ့သည်။

“တိုက်ဝ ရောက်တာနဲ့ ပါလာတဲ့ အဝတ်အစားအပို အကုန်ထားခဲ့ရတယ်။ ပါလာတဲ့ ပစ္စည်းပို မှန်သမျှလည်း အကုန်ချန်ထား ခဲ့ရတယ်။ ပြီးတာနဲ့ မိချောင်းသွား သွားခိုင်းပြီး နောက်ကနေ ဝိုင်းရိုက်ကြတော့တာပဲ” ဟု ကိုမားကီးက ဆိုသည်။
ထောင်တွင်း အကျဉ်းခန်း တနေရာ (ဓာတ်ပုံ – ဧရာဝတီ)
သာယာဝတီ ငရဲစခန်းဟု သူတို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ခေါ်တွင်ခဲ့သည့် ထို အကျဉ်းထောင်သည် ထိုစဉ်ကာလက အရက်စက်ဆုံးနှင့် အဆိုးရွားဆုံး အကျဉ်းထောင်ဟု နာမည်ထွက်ခဲ့သည်။ အလုပ်လုပ်ရန် ငြင်းဆန် ဆန္ဒပြသဖြင့် တိုက်ပိတ်သည်၊ ရိုက်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသော်လည်း ထောင်ဖောက်ရန် ကြိုးစားသဖြင့် တိုက်ပိတ်သည်ဟု သတင်းလွှင့်ခဲ့ကြောင်း သိရသည်။

“လူ ၁၀ ယောက်လောက်ကို အယောက် ၅၀ လောက်က ဝိုင်းရိုက်တာ။ ထပြေးတော့ လည်း ပြေးစရာ နေရာက မရှိဘူး။ ဘယ်လောက်ထိ ဝရုန်းသုန်းကား နိုင်လဲဆိုရင် သူတို့အချင်းချင်း ရိုက်မိကြတာတွေတောင် ရှိတယ်” ဟု ကိုမားကီးက ပြောသည်။

ထိုစဉ်က သာယာဝတီ အကျဉ်းထောင်တွင် အရိုက်ခံခဲ့ရပြီး နံရိုးကျိုးသွားသည့် သူရိန်နေမျိုးဦး ဆိုသူမှာ ထောင်ကလွတ်ပြီး တပတ်အကြာတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က အရိုက်ခံခဲ့ရသူ၊ တိုက်ပိတ် အကျဉ်းချ ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၉၅ ဦးရှိသည်။ ၉၅ ဦးဟု ဆိုသော်လည်း တဦး၏ အမည်စာရင်းပျောက်နေသည်။ ထိုဒဏ်များကြောင့်ဟု မဆိုနိုင်သော်လည်း သူတို့ထဲက ကွယ်လွန်သူ ၇ ဦးရှိသည်၊ မကျန်းမာသူများလည်း ရှိသည်။ အခု လက်ရှိတွင်တော့ အားလုံး ထောင်က လွတ်ခဲ့ပြီ ဖြစ်သည်။

“ဒါ နဝတ လက်ထက် ထောင်ထဲမှာ ပထမဆုံး အစုလိုက် အပြုံလိုက် အရိုက်ခံခဲ့ရတာပဲ။ ဒီဒဏ်တွေကြောင့် တချို့ဆို အလေးအပင် မမနိုင်တော့တာမျိုးတွေ ရှိတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။

ထိုစဉ်က သာယာဝတီ ထောင်ထဲတွင် ဝက်များ မွေးမြူထားသောကြောင့် သူတို့ကို ရိုက်နေချိန်တွင် တဘက်ခန်းက ဝက်များကိုလည်း ရိုက်သည်ဟု သိရသည်။

“ဝက်တွေက အော်တော့ ကျနော်တို့ အော်သံတွေကို တခြားသူတွေ မကြားရတော့ဘူးပေါ့” ဟု ထိုစဉ်က ၉၅ ဦးထဲတွင် ပါခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်မျိုးထွဋ်က ပြောသည်။

ယခုလက်ရှိ ဦးပဉ္ဇင်း ဦးပဏ္ဍိတလည်း ထိုစဉ်က လူဝတ် ဦးမြင့်စိုးအဖြစ် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သည်။ သာယာဝတီ ထောင်တွင် အရိုက်ခံရသူများထဲ ဦးပဉ္ဇင်းလည်း ပါဝင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ အဖြစ် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် တိုက်ပိတ်မခံရခင် အာဏာပိုင်များက “ဒူးထောက်၊ ခွေးလိုလျှောက်” ဟု အမိန့်ပေးကာ မြင်ရာကို ဝိုင်းရိုက်ခဲ့ကြောင်း ဦးပဏ္ဍိတ မိန့်သည်။

“မိတဲ့နေရာကို ရိုက်တာပဲ။ အရပ်ထဲမှာ ခွေးရူးတကောင်ကို လူတွေ လိုက်ရိုက်တာ မြင်ဖူးလိမ့်မယ်၊ အဲဒီလိုကို ဝိုင်းရိုက်ကြတာ” ဟု သူက ဆိုသည်။

သူတို့ အားလုံးကို ဝိုင်းရိုက်ကာ တိုက်ပိတ်ထားသော်လည်း သံခြေကျင်းများကို ဖြုတ်မပေးခဲ့ဟု သိရသည်။ ၁၅ ရက်အကြာ တွင်မှ အာဏာပိုင်တယောက်က “မင်းတို့အားလုံး ဝမ်းသာပြီး ထခုန်မနေနဲ့ဦး” ဟုဆိုကာ ခြေကျင်းများကို ပြန်ဖြုတ်ပေးခဲ့သည်။ သူတို့အားလုံး ၁၇ ရက်တိတိ ရေချိုးခွင့်မရှိ၊ ဆီးအိုး၊ မစင်အိုး သွန်ခွင့်မရှိ။

“ကြိမ်ကို ရာဘာစွပ်ထားတဲ့ တုတ်နဲ့ အချက် ၂၀၀ ကျော် အရိုက်ခံထားရတာ၊ စဉ်းစားကြည့်တော့၊ အရက် ၂၀ နီးပါး မထနိုင်ဘူး” ဟု ဦးဉ္ဇင်း ဦးပဏ္ဍိတက ဆိုသည်။ သူက အရိုက်ခံခဲ့ရစဉ် လက်သည်း ၁၀ ခုစလုံး ကျွတ်ထွက်ခဲ့ရသည်။

နံရိုးကျိုးသူအပြင် အရိုက်ခံရစဉ် မစင်အတောင့်လိုက် ထွက်ကျသူပင်ရှိသည်ဟု ကိုမားကီးနှင့် ကိုဇော်မြင့်တို့က ရယ်မောရင်းဆိုသည်။ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က အဖြစ်အပျက် ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ရယ်နိုင်နေသော်လည်း အဖြစ်အပျက်က ရယ်စရာ တကွက်မှမရှိ၊ သူတို့အားလုံး မမေ့နိုင်ကြဟု ကိုဇော်မြင့်က ပြောသည်။

“အဲဒီလို ဖြစ်တော့လည်း ကိုယ့်မစင်ကြောင့် အဝတ်လဲစရာမရှိဘူး။ ဒီတိုင်းကြီးပဲ တိုက်ထဲမှာနေရတယ်။ တိုက်ခန်းတွေက အရင်က ဝက်မွေးခဲ့တဲ့ အခန်းတွေ။ ဝက်သန်းတွေ တရွရွနဲ့၊ ညဘက်မှာ အရိုက်ခံရတဲ့ဒဏ်နဲ့ ဘယ်သူမှ မအိပ်နိုင်ဘူး” ဟု ကိုမာကီးက ဆိုသည်။

အခုတော့ သာယာဝတီ ငရဲစခန်းတွင် ဆုံတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး ပြန်ဆုံကြရန် စီစဉ်နေကြပြီ။ စာရင်းအရ တယောက်၏ နာမည် ကျန်နေသောကြောင့် ၉၄ ဦး တိတိရှိမည်။ ထိုကဲ့သို့သော အချိန်တွင်မှ တိုက်ဆိုင်စွာ ကိုဇော်မြင့်က သူတို့ကို အုပ်စုလိုက် ဝိုင်း၍ ရိုက်နှက်ရန် စနစ်တကျ စီစဉ်ခဲ့သူနှင့် ရုတ်တရက် ဆုံတွေ့ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် သူဆိုတာ သိလိုက်ချိန်မှာ အရမ်းတွေ့ချင်သွားတယ်။ အဲဒါနဲ့ စုံစမ်းလိုက်တော့ တောင်ငူမှာလို့ သိရတာနဲ့ တောင်ငူကို လိုက်သွားလိုက်တယ်” ဟု ကိုဇော်မြင့်က ဆိုသည်။

ထောင်အာဏာပိုင် ဟောင်းကြီးက ယခုလက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ်အဆင့် တခုတွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်နေပြီ။

“သူ့ကို အဖြစ်အပျက်တွေ ပြောပြပြီး မိတ်ဆက်လိုက်တော့ မျက်နှာနည်းနည်း ပျက်သွားတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။ သာယာဝတီငရဲခန်း ဝင်ခဲ့ရသူအားလုံး ထိုထောင်အာဏာပိုင် ဟောင်းကြီးကို မမေ့ကြသေး၊ ဖြစ်နိုင်လျှင် ဝန်ချတောင်းပန် ခိုင်းစေချင်ကြသည်ဟု ပြောကြသည်။

“တောင်းပန်စေချင်တယ် ဆိုတာက သူလည်း သူ့သမိုင်းရှင်းအောင်၊ ကျနော်တို့ သမိုင်းလည်း ခိုင်အောင်ပါ” ဟု ကိုဇော်မြင့်က ဆိုသည်။

ယခု အသက် ၆၀ ကျော်နေပြီ ဖြစ်သည့် သာယာဝတီထောင် အာဏာပိုင်ဟောင်းကြီးကို ပြန်လည် ဝန်ချ တောင်းပန်ခိုင်း စေချင်သည် ဆိုရာတွင် အညှိုးအတေးကြောင့် လက်စားချေလိုသည့် စိတ်ဖြင့် မဟုတ်ကြောင်း၊ လူအများကို အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်ခြင်းမှာ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံများတွင်သာ ဖြစ်လေ့ရှိကြောင်း၊ စနစ်ကြောင့် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို လူပုဂ္ဂိုလ် တဦးတယောက် အပေါ်တွင် ပုံမချလိုကြောင်း၊ ဦးပဉ္ဇင်း ဦးပဏ္ဍိတက ရှင်းပြသည်။

“မှားခဲ့တဲ့သူက မှန်ခဲ့တဲ့သူတွေအပေါ် ကျူးလွန်ခဲ့သမျှ ပြန်တောင်းပန်တယ်ဆိုတာ ယဉ်ကျေးမှု တရပ်ကို ထူထောင်တာပဲ။ ဒီလို ယဉ်ကျေးမှုတရပ်ကို ထူထောင်ဖို့ ဦးဇင်းတို့ အနေနဲ့ သူ့ကို တောင်းပန်စေချင်တာ” ဟု ဦးပဉ္ဇင်းက မိန့်သည်။

ယခင်က အာဏာရှင် စနစ်တခုမြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ပြီး ယင်းစနစ်မျိုး နောင်တွင် ထပ်မံမကျင့် သုံးမိစေရန် အရေးကြီးသည်၊ ထို့အတွက် ယခင် အဖြစ်အပျက်များကို သင်ခန်းစာယူရမည်ဟု သူက ဆိုသည်။

လက်ရှိတွင် ကိုမားကီး၊ ကိုဇော်မြင့်၊ ဦးပဏ္ဍိတ အပါအဝင် သာယာဝတီ အကျဉ်းထောင် ငရဲစခန်းတွင် ဆုံခဲ့သူအားလုံး ပြန်လည်ဆုံတွေ့ကာ ထိုစဉ်က ငရဲခန်း အဖြစ်မှန်ကို ပြန်ပြောင်းပြောကြတော့မည်။ သူတို့၏ အဆိုအရ နောင်တွင် ဒါမျိုး ထပ်မဖြစ်ရန်၊ သင်္ခန်းစာယူရန် ဖြစ်သည်။

“တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည် ဖြစ်စေ အားလုံးကို ခွင့်လွှတ်တယ်။ ဒါပေမယ့် ဒီအဖြစ်အ ပျက်ကြီးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ကိုမားကီးက ပြောသည်။
 
The Irrawaddy (Burmese Version)

မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းရောက်ရှိ

January 15, 2013


ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင် များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။ အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကို ထိုင်းနိုင်ငံလုပ်လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေရသည်။ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည် လည်း..ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံတစ်ခုဖြစ်နေသောကြောင့် မဖြစ်နိုင်ဟု သုံးသပ်သူများ လည်းရှိနေသည်။BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူမဖျက်နိုင်ရန် ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီး လက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ်ပါရှိသည်။ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့်ရှိသည်။ဓားအသွားအနက်ရောင်နှင့်လက်ကိုင်ရိုးမှာ အနီရောင်ဖြစ်သည်။ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။
The Hot News
ဥယျာဉ်မှုး

လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ

ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။

" မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းတွေကို နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်းနီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာစားနိုင် သောက်နိုင်အောင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်"

အစိုးရတပ်တွေ အခြေစိုက်တဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မျောက်ဖြူရွာတွေကနေ ဖားကန့်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ၁ မိုင်ကနေ ၄ မိုင်အကွာအဝေးမှာရှိတဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်ရာ လမောင်ကုန်း၊ မှော်မောင်းလျန်၊ ဆိုင်းဂျာဘွမ်၊ ဗလခ၊ မှော်မောင်းကုန်းစတဲ့ ရွာတွေဘက်မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်သံအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။RFA Burmese


အသိပေးကြေညာခြင်း

Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။

Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

Myanmar Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ် မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှုများစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစားမီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချိရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
Voice Of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် Eleven Media Group ၀က်ဘ်ဆိုက်အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိဘဲ EMG Technical Team မှ ပြန်လည် ပြင်ဆင်ခဲ့ရပါသည်။ အချိန်လေးနာရီမျှအကြာတွင် Eleven Media Group ၀က်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုနိုင်ခဲ့ပါသည်။

Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခြင်းသည် Cyber Crime ဖြစ်ပြီး တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တစ်ဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အရာရှိကြီးများအနေဖြင့်လည်း မိမိဌာန၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိလက်အောက်ရှိ အရာရှိငယ်များ၊ ၀န်ထမ်းများက တရားဝင်ရပ်တည်နေသော မီဒီယာများအပေါ် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ မရှိစေရေး သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း Eleven Media Group က တိုက်တွန်းအပ်ပါသည်။Eleven Media Group



ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ ၁ ဦး သေဆုံး

ဇန်န၀ါရီ ၁၅

၁၄-၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ နေပူကုန်းလမ်းအတိုင်း တောင်ငူမြို့တွင်းသို့ ကျောက်တံခါးမြို့နယ်၊ ယင်းတိုက်ကုန်းအုပ်စု၊ အလယ်ကျွန်း ရွာနေ ရန်အောင်ထိုက်(၂၂)နှစ် မောင်းနှင်ပြီး တစ်မြို့တည်းနေ ကျော်စွာဝင်း(၁၉)နှစ်နှင့် ရှောက်တစ်လုံး ကျေးရွာနေ ဖြိုးသန့်ဇင်(၁၈)နှစ်တို့ လိုက်ပါလာသည့်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ တောင်ငူမြို့၊ (၁)ရပ်ကွက်နေ စိုးသန်းဦး(၃၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အေးထွန်း (၃၀)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲတိုက်မိခဲ့သည်။ ဆိုင်ကယ်ချင်းတိုက်မိမှုကြောင့် စိုးသန်းဦးတွင် နှာခေါင်းသွေးထွက်၊ ၀ဲဘက်နားသွေးထွက်ဒဏ်ရာ၊ အေးထွန်း ပါ(၄)ဦးတို့တွင် ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ စိုးသန်းဦး ပါ(၅)ဦးအား တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၁၆၀၀ အချိန် စိုးသန်းဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ရန်အောင်ထိုက်နှင့် စိုးသန်းဦးတို့အား တောင်ငူအမှတ်(၂)ရဲစခန်း(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။The Express Times

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

January 15, 2013
မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမလောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီးစိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင်တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ်ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေကစားကြတာ”ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Hot News
ဖြိုးအောင်

မင်္ဂလာတောင်ညွန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၅)သိန်းခန့် ၊ တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဖိုးခန့်ဖမ်းဆီးရမိ

January 15, 2013

၁၁.၁.၂၀၁၃ နေ့ ည (၂၀း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်းရှိအမှတ် ၄၈၊ ပထမထပ်၊ ၁၂၆ လမ်းတွင် ဂိုဒေါင်အဖြစ်အသုံးပြုထားသော အခန်းမှ မောင်မောင်စိုး၊ အဖအမည် ဦးခင်မောင်မြင့် (ခ) ကော်ရီမူလာ၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက (နိုင်) ၁၄၁၄၁၃၊ အသက် (၃၅) နှစ်၊ ဘင်္ဂါလီ-အစ္စ လာမ်အားသတင်းအရ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးနှင့် အတူရာအိမ်မှူးများဖြစ်ကြသော ဦးမောင်မောင်တင်၊ ဦးထိန်ဝင်း အောင်နှင့် ဦးသန့်ဇင်ဦးတို့ ကြိုတင်စောင့်ဆိုင်း၍ ရန်ကုန် အနောက်မူးယစ်အထူးအဖွဲ့မှ ကြီးကြပ်သူအရာရှိအနီးကပ်ကြီး ကြပ်ပြီး၊ ရဲအုပ်ဝင်းနိုင်ဦးဆောင် ကာ ၁၂၆ လမ်းရှိဂိုဒေါင်အခန်း တွင် မောင်မောင်စိုးဝင်ရောက်ရှိ နေစဉ် ရှာဖွေခွင့်ဝရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက် ရှာဖွေရာ အဆိုပါအခန်းတွင် စက်္ကူဂျပ်ဖာများဖြင့် ထည့်သွင်း ထားပြီး မှိုင်းခံ စက်္ကူဖြင့် ပတ်၍ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေ တွေ့ရှိသဖြင့် ရှာဖွေပုံစံပေါ်တွင် မောင်မောင်စိုးက ပေးအပ် ၍သက်သေများကလက်မှတ်ရေး ထိုးသိမ်းဆည်းခဲ့ပါသည်။ မောင် မောင်စိုးအား မင်္ဂလာတောင် ညွန့်မြို့နယ်ရဲစခန်း၌ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
The Hot News
စာကလေး(တောင်ညွန့်သား)

ပုဇွန်တစ်ကောင်ကြောင့် ကျောင်းပြောင်းခံရတဲ့ဆရာမ



တစ်နေ့ဒီလိုအရှက်တကွဲအကျိုး နည်းဖြစ်လိမ့်မယ်လို့လုံးဝမထင် ထားတဲ့ ဆရာမဒေါ်ကြည်ကြည် လင်းတစ်ယောက်သူချစ်ခင်တဲ့သူ့ ရဲ့တပည့်တွေစိတ်မကောင်းဖြစ်မှာ စိုးလို့နှုတ်တောင်မဆက်ဘဲတာဝန် ကျရာကျောင်းကိုပြောင်းရွှေ့ခဲ့ပါ တယ်။ သူ့ကိုမတွေ့တော့ရင် တပည့်တွေဘယ်လိုနေကြမလဲဆို တဲ့ ၀မ်းနည်းစိတ်ရင်ထဲမှာဖြစ်နေ ရသလိုသူနဲ့ သူ့ကျောင်းရဲ့ ဂုဏ်သိက္ခာကျအောင်ပြုလုပ်ခဲ့ကြ တဲ့ သူတွေကိုတော့ တွေးမိတိုင်း အသည်းနာနေပါတယ်။ ပြဿနာက မြန်မာပြည်မှာတင်မက ကမ္ဘာ့ နိုင်ငံတွေမှာတောင်မကြားဘူးသေး တဲ့ပုစွန်တစ်ကောင်ကြောင့်ကျောင်း ပြောင်းခံလိုက်ရ တဲ့ပြဿနာပါ။

ဆရာမဒေါ်ကြည်ကြည်လင်း ဟာ ရန်ကုန်တိုင်းဒေသကြီးဗိုလ်တ ထောင်မြို့နယ် အ.ထ.က (၆) စတုတ္ထတန်း (ခ) ရဲ့ အတန်းပိုင် ဆရာမတစ်ဦးဖြစ်သလို စတုတ္ထတန်း ကျောင်းသားအားလုံးကို သိပ္ပံ ဘာသာရပ်သင်ပေးရသူလည်းဖြစ် ပါတယ်။ ဆရာလုပ်သက် (၂၂) နှစ်ရှိတဲ့အချိန်မှာတော့ စမ်းသပ် (၅) မြို့နယ်ကလေးဗဟိုပြုသင်ကြား နည်း (CCA) သင်တန်းကိုတက် ခဲ့ရပါတယ်။ သင်တန်းကတတ်ခဲ့ တဲ့နည်းပညာတွေနဲ့ ကလေးတွေ ကိုကျောရိုးရှိ၊ ကျောရိုးမဲ့ (ငါး၊ ပုစွန်) လက်တွေ့သိပ္ပံဘာသာရပ် မှာ ပစ္စည်းအစစ်တွေသုံးပြီးသင် ကြားပေးနေခဲ့ပါတယ်။ တစ်နေ့ မှာတော့ . . . .အဲဒီတစ်နေ့ မှာတော့က ဆရာမဒေါ်ကြည် ကြည်လင်း အတွက် အရှက်တ ကွဲအကျိုးနည်းအောင် ဖန်တီးခဲ့ တဲ့နေ့ဆိုတာဆရာမ တစ်ယောက် ကတော့မသိရှာဘဲ လက်တွေ့ သိပ္ပံဘာသာရပ်ကိုသင် ပေးနေပါ တယ်။ သင်ပေးတဲ့ ဘာသာရပ်က လည်းငါး၊ ပုစွန်သင်ခန်းစာပါ။ ကလေးတွေကို လက်တွေ့သင် ကြားပေးပြီးတဲ့ အချိန်မှာတော့ ကလေးတွေအိမ် မှာ မိဘတွေကို လက်တွေ့လုပ်ပြနိုင်အောင်ငါး၊ ပုစွန်တွေကိုသိမ်း ခိုင်းလိုက်ပါ တယ်။ ကလေးတစ် ယောက်က တော့လက်တွေ့လုပ် ထားခြင်းမရှိ သေးတဲ့ပုစွန်တစ် ကောင် ကို ကြွတ်ကြွတ်အိတ်လေး နဲ့လာပြ ပါတယ်။ သူကလက်တွေ့ကို သူငယ်ချင်းနဲ့အတူတူလုပ်ခဲ့တဲ့ သူပါ။ သူကလည်းအမေကို အိမ်မှာ လက်တွေ့လုပ်ပြချင် တယ်ပြောပြီး ပြန်ယူသွားပါ တယ်။ အဲဒီလိုပြန်ပေး လိုက်တဲ့ ပုစွန်တစ်ကောင်ကြောင့် အခု လိုပြဿနာပေါ်ခဲ့ရတာပါ။

(၇.၁၂.၂၀၁၂) ရက်နေ့မှာ ဆရာမဒေါ်ကြည်ကြည်လင်းရှိရာ အ.ထ.က (၆) ဗိုလ်တထောင် ကိုပညာရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာချမ်းငြိမ်းလွှတ် လိုက်လို့ဆိုပြီး တာမွေမြို့နယ် ပညာရေးမှူး၊ အခြေခံ (၃) က ဆရာမကြီးနဲ့ စာရေးတစ်ဦး ရောက်လာပါတယ်။လာရတဲ့ အ ကြောင်းအရင်းက ကြွတ်ကြွတ် အိတ်လေးနဲ့ ပုစွန်လာပြတဲ့ က လေးနဲ့ အမေကတိုင်ထားလို့တဲ့။ အခန်းထဲမှာရှိတဲ့ ခုံမှာထိုင်ခိုင်းပါတယ်။ မေးခွန်းထဲမှာ ဆရာ မကျူရှင် သင်လား။ ကျူရှင်လခဘယ် လောက်ပေးရလဲ၊ ရိုက်လား စတာတွေပါကြောင်း သိရပါတယ်။ ဆရာမကို စစ်တဲ့အခါမှာတော့ ကျူရှင်သင်လား၊ ပုစွန်ဘာကြောင့် ပြန်ပေးတာလဲဆိုတဲ့ မေးခွန်း (၂) ခုသာမေးပြီး ပြန်သွားပါတယ်။

အဲဒီလိုစစ်ဆေးတဲ့သူတွေက စစ်ဆေးပြီးသွားပေမဲ့ကလေးတွေ က အခန်းထဲမှာ စစ်ဆေးရေးအဖွဲ့ ကပြောသွားတဲ့စကားကိုကြောက် ပြီးမေးခွန်းတွေမှာ ဘာဖြေရမှန်း မသိလို့တစ်ယောက်ရေး တာတစ် ယောက်ကြည့်ပြီး ဖြေခဲ့ရကြောင်း အိမ်ကိုပြန်ရောက်တော့မိဘတွေ ကို ပြန်ပြောကြတယ်။ မိဘတွေ က စစ်ဆေးရေးအဖွဲ့ရဲ့ ကလေး တွေအပေါ်ပြောသွားတဲ့စကား ကိုမကျေနပ်ဘူး။ ဒီတော့ကျောင်း အုပ်ဆရာကြီးနဲ့ သွားတွေ့တယ်။ နောက်တော့ပညာရေးဆိုင်ရာ ဌာနတွေကို တိုင်စာပို့ကြတယ်။ ဆရာမ ဒေါ်ကြည်ကြည် လင်းက တော့သူဘာမှ အပြစ်လုပ်ထား တာမရှိလို့မစိုးရိမ်ဘူး။ ငယ်ရွယ်တဲ့ ကလေးတွေအပေါ်မပြောသင့် တာတွေ ပြောသွားတဲ့ အတွက် ကြောင့် ကလေးတွေ စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုရှိခဲ့တာကိုတော့ စိတ်မကောင်းဘူး။ ဒီလိုနဲ့ ဒီဇင် ဘာ (၁၇) ကနေ(၁၉) အထိ စာ မေးပွဲရှိ တော့စာကိုပဲ အားစိုက် ပြီးသင်နေခဲ့တယ်။ သူ့ကံကြမ္မာ ဘယ်လိုလာမလဲဆို တာမသိ သေးဘူး။
ဒီဇင်ဘာ (၁၉) ရက်ကစပြီး စီမံခန့်ခွဲမှုလိုအပ်ချက်အရရွှေပြည် သာမြို့နယ်၊ အမက(၃၈) (လယ် ခွဲ) သို့ပြောင်းရွှေ့ခန့်ထားလိုက် သည်ဆိုတဲ့ မိတ္တူစာရွက်လေး လက်ခံရရှိချိန်မှာတော့ ဆရာမ ဒေါ်ကြည်ကြည်လင်းတစ် ယောက်သူ့ရဲ့ကံကြမ္မာကိုသိ လိုက်ရပါတယ်။ တုန်ယင်တဲ့ လက်ကလေးနဲ့ အမိန့်စာလေးကို ကိုင်ပြီးသူချစ်တဲ့တပည့်တွေနဲ့ ကျောင်းတော်ကြီးကိုကျောခိုင်းနှုတ် ဆက်ခဲ့ရပါတော့တယ်။ တပည့် တွေဟာလည်းသူတို့ချစ်တဲ့ဆရာမ မရှိတော့တဲ့နောက်အခြားတန်းခွဲ တွေကို ပြောင်းရွှေ့ရောက်သွား ကြပြီး စတုတ္ထတန်း (ခ) ဆိုတာ လည်း မရှိတော့ပါဘူး။ ကလေး တွေကတော့ အတန်းတင်စာမေး ပွဲကိုသူတို့ ဆရာမမရှိဘဲဖြေရ တော့မှာပါ။

သူတို့ရဲ့ဆရာမကတော့ ပုစွန်တစ်ကောင်ကိစ္စကိုဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ ဂျီဆာ ကျူလာ (၁၅) တွေနဲ့လူကြီးတွေ ဘယ်လို အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြသလဲဆိုတာ မတွေးနိုင် အားဘဲအိမ် ကနေကားသုံးဆင့် စီးမှရောက်တဲ့ရွှေပြည်သာကျောင်း ကို အချိန်မီ ရောက်ဖို့မနက်စော စောထချက်ပြုတ်ပြီးခြင်းကလေး ဆွဲကာပန်းမြိုင် လယ်ကဥယျာဉ် မှူးအလုပ်ကိုကျေ ကျေနပ်နပ် လုပ်နေရပေမဲ့ရင်ထဲမှာတော့။
The Hot News
ဘုန်းစစ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com