http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

ကမ္ဘာ့ အသက်အရှည်ဆုံး ကရင်ဖိုးဖိုး

12.07.2013
ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသား တဦးကို ကမ္ဘာ့အသက်ကြီးဆုံး အဖိုးအိုအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင်ခရိုင် Muang Pam ကျေးရွာမှာ နေထိုင်သူ Kamu အမည်ရှိတဲ့ ကရင်တိုင်းရင်းသား အဖိုးအိုဟာ အသက် ၁၁၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့အတွက် Guinness ကမ္ဘာ့မှတ်တမ်းမှာ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြတာပါ။

၁၈၉၄ ခုနှစ် မေလ ၈ ရက်နေ့က မွေးဖွားခဲ့သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းထားတာကို အတည်ပြုနိုင်ဖို့ အတွက်လည်း ထိုင်းအာဏာပိုင်တွေ ဗုဒ္ဓဟူးနေ့ကပဲ သူ့ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ အသက် ၁၁၉ နှစ်အရွယ် ကရင်အဖိုးအိုဟာ ငါးဖမ်းတာ ၀ါသနာပါသူ တဦးဖြစ်သလို၊ ထမင်းနဲ့ ငါး၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စားသုံးသူလို့လည်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

တချိန်တည်းမှာပဲ နောက်ထပ် အသက် ၁၁၆ နှစ်နဲ့ ၁၀၅ နှစ် အရွယ် ရှိသူ ကရင်တိုင်းရင်းသူ ဖွားသက်ရှည် ၂ ဦးထံကိုလည်း ထိုင်းအာဏာပိုင်တွေက သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

တီဘီရောဂါ ကုသမှုနည်းလမ်းကို ရှာဖွေဖော်ထုတ်ခဲ့သည့် ဆေးပညာရှင် ကွယ်လွန်

တီဘီရောဂါကို ကုသရာတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်ခဲ့သူ တစ်ဦးဖြစ်သည့် ပညာရှင်ကြီး ပရော်ဖက်ဆာ ဂျင်မီဝီလျံဆမ်သည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သည်။ ယင်းသည် တီဘီရောဂါကို ကုသသည့် နည်းလမ်းကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့် စကော့တလန် ဆေးပညာရှင် အဖွဲ့အနက် နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ အနိစ္စ ရောက်ခဲ့ပြီဟု သိရှိရသည်။
၎င်းကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိနေပြီ ဖြစ်သည်။ ပရော်ဖက်ဆာ ဝီလျံဆမ်သည် (၁၉၅၀)ပြည့်လွန် နှစ်များက ပိုးသတ်ဆေး (၃)မျိုးကို ပေါင်းဆပ်ကာ တီဘီရောဂါ ကုသနိုင်သည့် ဆေးနည်းကို ဖော်ထုတ်နိုင်ရန် ကြိုးစားသည့် အဖွဲ့တွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ထိုစဉ်က ဝီလျံဆမ်သည် အငယ်တန်း ဆရာဝန် တစ်ဦးအဖြစ်သာ ရှိသေးပြီး အရှေ့ကီလ်ဘရိုက်ရှိ ဟဲမေးရက်စ် ဆေးရုံတွင် တီဘီကုသဆေးကို သုတေသနပြုခဲ့သည်။ ဝီလျံဆမ်သည် အီဒင်ဘာ့ဂ် တက္ကသိုလ်တွင် သက်ကြီးရွယ်အို ဆေးပညာဆိုင်ရာ ဘာသာရပ်ဖြင့် ပထမဆုံး ပရော်ဖက်ဆာဘွဲ့ကို ရရှိလာသည်။

ဇွန်လ (၂၉)ရက်နေ့ကမူ ၎င်းသည် ဆေးရုံပေါ်တွင် အေးချမ်းစွာ ကွယ်လွန်သွားကြောင်း သိရသည်။ ယင်းကွယ်လွန်ကြောင်း သတင်းကို ယခုအခါတွင်မှ မိသားစုက ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းတွင် ဇနီးသည်နှင့်အတူ သားသမီး(၅)ဦး ကျန်နေခဲ့သည်။ (၁၉၅၄)မှ (၁၉၅၇)ခုနှစ်အတွင်း ဝီလျံဆမ် ပါဝင်သော သုတေသန အဖွဲ့သည် စကော့တလန်တွင် တီဘီရောဂါ ခံစားနေရသူ အရေအတွက်ကို ထက်ဝက်ကျော်မျှ လျှော့ချနိုင်ခဲ့သည်။
Planet Myanmar Network

ဆော်ဒီ တော်ဝင်မင်းသမီး လူကုန်ကူးမှုဖြင့် အမေရိကန်တွင် စွဲချက်တင်ခံရ

ဆော်ဒီအာရေဗျ တော်ဝင်မျိုးနွယ် မင်းသမီး တစ်ပါးသည် ယခုအခါ လူကုန်ကူးမှုဖြင့် စွဲချက်တင်ခြင်း ခံထားရကြောင်း သိရှိရသည်။ အသက်(၄၂)နှစ်ရှိ မီရှာရဲလ် အလေဘန်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အာဗင်းရှိ သူမပိုင် ကွန်ဒိုတွင် သူမ၏ စိတ်ဆန္ဒကို ဆန့်ကျင်သူများအား ကျွန်ဇာတ်သွင်းကာ ဖိနှိပ်ခဲ့ကြောင်းလည်း စွပ်စွဲ ခံထားရသည်။
ကြာသပတေးနေ့တွင် အမေရိကန် တရားရုံး တစ်ခုက စွဲချက်တင်ခံရသည့် အမျိုးသမီးနှင့် ပတ်သက်ပြီး အချက်အလက် အချို့ကို ထုတ်ပြန်ခဲ့ရာ အလေဘန်၏ အမည်ကို ဖော်ပြခဲ့သည်။ သူမသည် ဆော်ဒီမင်းသား အက်ဘ်ဒူလာဟာမန် ဘင်နာဆာ ဘင်အက်ဘ်ဒူလာဇစ် အယ်လ်ဆာ့ဒ်၏ ကြင်ရာတော် တစ်ပါးဖြစ်သည်။

အလေဘန်သည် ကြာသပတေးနေ့က ဆန်တာအေနာရှိ တရားရုံး တစ်ခုတွင် စွဲချက်အတွက် ကနဦး ရင်ဆိုင် ဖြေရှင်းခဲ့ပြီး တရားသူကြီးက ဇူလိုင်လ (၂၉)ရက်နေ့သို့ အမှုရက်ချိန်း ပြောင်းလဲခဲ့သည်။ သို့သော်လည်း တရားရုံးက သူမ၏ ပတ်စ်ပို့တ်ကို အပ်နှံထားရန်နှင့် သွားလေရာ နေရာကို ညွှန်ပြသည့် GPS ကိရိယာတစ်ခု ခန္ဓာကိုယ်တွင် တပ်ဆင်ထားရန် အမိန့်ချခဲ့သည်။ အော်ရင့်ဂ်ျခရိုင် တရားရုံးသည် အလေဘန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒေါ်လာ (၅)သန်းတန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သူမသည် အမြင့်ဆုံး ပြစ်ဒဏ် (၁၂)နှစ်ထိ ချမှတ် ခံရဖွယ် ရှိနေသည်။

ရဲများက အသက်(၃၀)အရွယ် ကင်ညာ အမျိုးသမီး တစ်ဦးသည် ကွန်ဒိုတိုက်ခန်းမှ လွတ်မြောက်လာပြီးနောက် အင်္ဂါနေ့က ဘတ်စ်ကား တစ်စင်းကို တားကာ အကူအညီ တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဘတ်စ်ကားပေါ်မှ ခရီးသည် တစ်ဦးက သူမကို အာဗင်းရဲတပ်ဖွဲ့နှင့် ဆက်သွယ်နိုင်အောင် ကူညီပေးခဲ့သည်။ စုံထောက် အရာရှိများက အမှုသည် ကင်ညာ အမျိုးသမီးသည် အလေဘန်၏ ဆော်ဒီရှိ မိသားစုအတွက် အလုပ်လုပ်ပေးရန် (၂၀၁၂)ခုနှစ်၊ မတ်လက စာချုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ လစာသည် ဒေါ်လာ (၁၆၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၈)နာရီ အလုပ်လုပ်ရမည်ဟု စာချုပ်တွင် ပါရှိသည်။ သို့သော်လည်း ဆော်ဒီသို့ သူမရောက်လာပြီးနောက် ပတ်စ်ပို့တ်ကို အလေဘန်က သိမ်းယူခဲ့ရသလို တစ်လလျှင် ဒေါ်လာ (၂၂၀)သာ ရရှိကာ တစ်ရက်လျှင် (၁၆)နာရီ အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရကြောင်း တရားလို အမျိုးသမီးက တိုင်ကြားခဲ့သည်။

အလေဘန်၏ ရှေ့နေ ပေါလ်မီယာက "ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ တရားလိုကို ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်မှု ဘာမှ မရှိသလို ရုပ်ပိုင်းဆိုင်ရာ အနာတရလည်း မတွေ့ရဘူးဆိုတာ အတည်ပြုနိုင်ပါတယ်။ တစ်ဖက်က အဆိုပြုထားတာလည်း လုပ်ခနဲ့ အလုပ်ချိန်အတွက် သက်သက်ပါပဲ"ဟု ဆိုသည်။

တရားလို အမျိုးသမီးဘက်မှ ရှေ့နေ စတိဗ်ဘားရစ်ခ်ကမူ "ကျွန်တော့် အမှုသည်ဟာ ကျေးကျွန်တစ်ယောက်လို ဆက်ဆံခံခဲ့ရတာပါ။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်လည်း မရဘူး။ တခြားနိုင်ငံ တစ်ခုကို ခေါ်ဆောင်လာချိန်မှာ ကတိပျက်ကွက် ခံခဲ့ရတယ်။ မတန်တဆ ခိုင်းစေခံရပြီး ရသင့်တာထက် လျော့နည်းတဲ့ ခံစားခွင့်ပဲ ပေးခဲ့တယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network

အမေရိကန်သံရုံး ဂိတ်ဝ ကားတိုက်မှုကြောင့် လုံခြုံရေး တပ်လှန့်

Friday, 12 July 2013
သြစတြေးလျနိုင်ငံရဲ့ မြို့တော် ကင်ဘာရာမြို့ရှိ အမေရိကန်သံရုံးရဲ့ ဂိတ်အဝင်ဝကို လူတစ်ယောက်က ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် လုံခြုံရေးအဖွဲ့တွေ တပ်လှန့်ခံနေရပါတယ်။

မနေ့တုန်းက အသက် ၃၀ အရွယ် Adrian Talbot Richardson ဆိုသူက အမေရိကန်သံရုံးရဲ့ ခြံဂိတ်ဝကို ဝင်တိုက်ခဲ့မှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူ့ကို နိုင်ငံတကာက ကာကွယ်စောင့်ရှောက်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ နေအိမ်ကို ပျက်စီးအောင် လုပ်ခဲ့တဲ့အမှုနဲ့ တရားစွဲထားပါတယ်။

အမေရိကန်သံရုံး လုံခြုံရေး အမူထမ်းတွေရဲ့အဆိုအရ Mr Richardson ဟာ မနေ့ညတုန်းက သံရုံးနားအရောက်မှာ ကားကို ဖြေးဖြေးသာသာ မောင်းနှင်ပြီးနောက် ကားမီးကို ပိတ်လိုက်တဲ့အကြောင်း၊ အဲဒီနောက် သံရုံးနဲ့ မီတာ ၂၀ အကွာလောက်မှာ ကားအရှိန်ကို မြှင့်တင်ပြီး ဂိတ်ဝကို ဝင်တိုက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ပျက်စီးသွားတဲ့ သံရုံးရဲ့ ဂိတ်ကို ပြင်ဆင်ဖို့အတွက် ဒေါ်လာ တစ်သိန်း ကုန်ကျမယ်လို့လည်း သိရပါတယ်။

ကားနဲ့ ဝင်တိုက်ခဲ့သူကို ခေတ္တမေးမြန်းမှုတွေလုပ်ပြီး စိတ်ကျန်းမာရေးစစ်ဆေးဖို့အတွက် ဆေးရုံကို ပို့ဆောင်ပြီးမှ တရားရုံးမှာ ဆက်လက်အမှုရင်ဆိုင်ရမယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အမေရိကန်သံရုံးရဲ့ ဂိတ်ဝကို ဘာကြောင့် ဝင်တိုက်သလဲဆိုတာတော့ မသိရသေးပေမယ့် လုံခြုံရေးသမားတွေ သတိထားဖို့ တပ်လှန့်မှုတွေ လုပ်ထားကြောင်း သိရပါတယ်။
ABC Radio Australia

ဗုဒ္ဓဂါယာ ဗုံးကွဲမှုနေရာ Sonia Gandhi သွားရောက်ကြည့်ရှု

ဗုဒ္ဓဂါယာကို ဆိုနီယာ ဂန္ဒီ သွားရောက်လည်ပတ်စဉ် (၁၀ ဇူလိုင် ၂၀၁၃)
10.07.2013
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အိန္ဒိယအစိုးရအနေနဲ့ ဒီနေရာတွေကို လုံခြုံရေးတွေ တိုးမြှင့် ချထားပေးဖို့ လိုအပ်ကြောင်း လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ (Sonia Gandhi) က ပြောပါတယ်။

တခြား အစိုးရအရာရှိတွေနဲ့အတူ ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့တဲ့အပြင် မဟာဗောဓိစေတီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်က ဗုံးပေါက်ကွဲခဲ့တဲ့ နေရာတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရောက်လာတဲ့ ကွန်ဂရက်ပါတီအကြီးအကဲ ဆိုနီယာ ဂန္ဓီနဲ့အတူ ပြည်ထဲရေးဝန်ကြီး Sushilkumar Shinde လည်း လိုက်ပါသွားတာပါ။

ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားရာ ဘာသာရေး နေရာတွေမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း မဟာဗောဓိ စေတီအတွင်းမှာ ရှိနေစဉ် ဆိုနီယာ ဂန္ဓီက ပြောဆိုသွားတဲ့အကြောင်း မဇ္ဇျိမဖောင်ဒေးရှင်းက ဆရာတော် ဦးနန္ဒ၀ံသက မိန့်ပါတယ်။

“ဆိုနီယာ ဂန္ဒီက လာသွားတယ်။ အခုတော့ security ချဖို့ပဲ ဒီလိုပဲ ပြောသွားတယ်။ security တွေ ချပြီးတော့ ဗုဒ္ဓဘာသာတွေ ဒီလိုဖြစ်ပျက်တဲ့အပေါ်မှာ ၀မ်းနည်းကြောင်း သူပြောသွားတယ်လေ။ ဒီလောက်ပါပဲ။ အဲ လုံခြုံရေးတွေ ထပ်ဆင့်တိုးဖို့၊ နောက် ကျန်တဲ့ ဒီမှာ ဗုဒ္ဓဘာသာကျောင်းတွေကို ဒီလို လာဖျက်စီးတာလည်း ၀မ်းနည်းကြောင်း အဲ့ဒါပဲ ပြောကြားသွားပြီးတော့ သူ ပြန်သွားတယ်လေ။ လူကြီးတွေတော့ပါတယ်။ လူကြီးတွေ ပါတယ်ဆိုတာ သူနဲ့ပါတဲ့ လူကြီးတွေကတော့ ပြည်ထဲရေးတွေဘာတွေ အကုန်ပါတယ်။ အကုန်လုံးက ပြည့်ကျပ်ပြီးတော့ ဘုရားထဲပဲ ၀င်ပြီးရင် အခုလည်း အစည်းအဝေး လုပ်နေတယ်ဆိုတော့ သူတို့က အပြင်ကို ထွက်ခွင့်မရှိသေးဘူး။ အကြာကြီးတော့ မနေဘူး။ ညနေပြန်မယ်။ အစည်းအဝေးပြီးသွားရင်တော့ ပြီးသွားပြီပေါ့လေ။ ဟုတ်တယ်။ ဟုတ်တယ်။ BMC ဆိုတာ ဦးဇင်းတို့ ဒီက Management Committee မှာပေါ့။ အဲ့မှာ အစည်းအဝေး လုပ်နေတယ်။ မဟာဗောဓိ Management Committee”

အခင်းဖြစ်ပွားတဲ့ နေရာတွေကို ခေတ္တ ကြည့်ရှုစစ်ဆေးပြီး မဟာဗောဓိစေတီတော် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆိုနီယာ ဂန္ဓီနဲ့ လိုက်ပါလာကြတဲ့ အစိုးရအရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဂါယာကိုလည်း သူ သွားကြည့်မယ်ပေါ့။ သူက အဲ့လိုတော့ ပြင်ထားတယ်။ အစည်းအဝေးကျင်းပနေတယ်။ ဘုရားထဲမှာ သူတို့ လည်ပတ်ပြီးတော့ အခု ဗုံးဖောက်ခွဲတဲ့နေရာတွေကို ပတ်ပြီးတော့ ကြည့်တယ်။ ကြည့်ပြီးတော့ ပြန်ပြီးတော့ အခု BMC မှာ အစည်းအဝေး ကျင်းပတယ်။ အဲ့ဒီအစည်းအဝေးမှာ သူ ခဏ နေနေတာပေါ့။ အဲ့ဒါပြီးမှာ သွားကြည့်မယ်ထင်တယ်။”

နောက်ပိုင်းမှာတော့ ဂါယာမြို့ ဆေးရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေကို ဆိုနီယာ ဂန္ဓီ သွားကြည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဆိုနီယာ ဂန္ဓီဟာ အိန္ဒိယနိုင်ငံမှာ အစိုးရရာထူး အတိအကျယူမထားပေမယ့်လည်း လက်ရှိအာဏာရ ကွန်ဂရက်ပါတီရဲ့ ဥက္ကဌတာဝန်ကို ယူထားတာကြောင့် နိုင်ငံရေးအရ သြဇာရှိတဲ့သူ တဦးဖြစ်ပါတယ်။

ဆိုနီယာ ဂန္ဓီနဲ့အတူ လိုက်ပါလာတဲ့ ပြည်ထဲရေးဝန်ကြီးကတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ပြောပါတယ်။ ဒီဖောက်ခွဲမှုမှာ လူ ၃ ယောက်ကနေ ၄ ယောက်အထိ ပါဝင် ပတ်သက်နိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushilkumar Shide က ပြောပေမဲ့ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ သံသယရှိသူ ၄ ဦးကို အိန္ဒိယအစိုးရ အရာရှိတွေက အင်္ဂါနေ့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပေမယ့်လည်း နောက်ပိုင်း သူတို့နဲ့ ပတ်သက်ခြင်း မရှိတာကို စုံစမ်း သိရှိရတဲ့အတွက် ဒီကနေ့မှာပဲ အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“မနေ့က ဖမ်းတဲ့ ၄ ယောက် လွှတ်လိုက်တယ်။ သူတို့ ဖမ်းတဲ့အကြောင်းရင်းက သူတို့က အဲ့ဒီ CCTV Footage မှာ ပါတယ်။ ပါပြီးတော့ နောက် အဲ့ဒီကို သူတို့က ၃ နာရီခွဲလောက် ရောက်တယ်။ နောက်ပြီးတော့ ဟိုတယ်ကို check in လုပ်တယ် ၄ နာရီမှာ။ နောက် ဗုံးပေါက်တာ ၅ နာရီခွဲဆို သူတို့က ဟိုတယ်ကနေ check out ၆ နာရီခွဲမှာ လုပ်သွားတယ်။ အဲ့ဒါနဲ့ သူတို့က ဖမ်းတာ။ အဲ စစ်လိုက်တော့ သူတို့က ဘုရားကို မရောက်ဖူးလို့ လာတဲ့ လူငယ်တွေဖြစ်နေတယ်။”

“ဘာမှမဆိုင်ဘူး။ သူတို့က ဗုံးပေါက်တာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးတဲ့သဘော ဆိုတာကို သိသွားလို့ ၄ ယောက်လုံးကို ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်။ နောက်ထပ်ဖမ်းတာ ဘာမှ မရှိသေးဘူး။ Suspect ပဲ ကြေညာထားတာရှိတယ်။ ဓာတ်ပုံ ၃ ပုံပဲရှိတယ်။ အဖမ်းအဆီး လုံးဝ မရှိသေးဘူး။ ဘယ်အဖွဲ့ဆိုတာလည်း အတိအကျ မပြောနိုင်သေးဘူး။ အဲ့ဒါလည်း ဗွီဒီယို footage သူတို့ရဲ့ clue က နှစ်ခုပဲရှိတယ်။ အဲ့ဒီ CCTV Footage နဲ့ ဒီ မပေါက်ကွဲတဲ့ ဂတ်စ်နဲ့ ဒါ အသေးစား ၃ လုံး ဒီဟာပဲရှိတယ်။ ကျန်တဲ့ clue ဘာမှမရှိဘူး။ ဒါကြောင့် သူတို့ ခက်နေတာ။”

အခုချိန်ထိ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက် သတင်းအချက်အလက် ပေးနိုင်သူကို ရှုပီး တသန်း ဆုချမယ်လို့ အိန္ဒိယ အမျိုးသား လုံခြုံရေးအေဂျင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာ ရဟန်းတော် အရှင် ၀ိလာသ သဂ္ဂ ကတော့ ဒီကနေ့မှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး ထူထူထောင်ထောင် ရှိတယ်လို့ သူ့ကို သွားကြည်ခဲ့တဲ့ မြန်မာ ရဟန်းတော် ဦးတေဇိန္ဒက ပြောပါတယ်။ ဒါ့အပြင် အရှင် ၀လာသ သဂ္ဂအတွက် နိုင်ငံတကာက ပေးပို့ကြတဲ့ လှူဖွယ်ပစ္စည်းတွေကို စင်္ကာပူမှာ နေထိုင်နေတဲ့ အကိုဖြစ်သူက ဒီကနေ့ပဲ ဗုဒ္ဓဂါယာကို သယ်လာပေးတယ်လို့ သိရပါတယ်။
ကိုဇော်ဝင်းလှိုင်
ဗွီအိုအေ (မြန်မာပိုင်း)

ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုနှင့် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထား

ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီးထိန်းသိမ်းထားသူ (၄)ဦးထိ ရှိလာပြီဟု အိန္ဒိယ သတင်းဌာနများက ဖော်ပြခဲ့သည်။ အင်္ဂါနေ့တွင် စုစုပေါင်း လူ(၄)ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းမှုများလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၇ ရက်) က ပေါက်ကွဲမှုများတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ဘာသာရေးမြေ၌ ပျက်စီးမှု အနည်းငယ်မျှ ဖြစ်ပေါ်ခဲ့ပြီး ရဟန်းတော်များ အပါအဝင် လူအချို့ ဒဏ်ရာရခဲ့သော်လည်း အသေအပျောက် မရှိခဲ့ချေ။ ရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ မသင်္ကာသည့် သံသယ တရားခံများကို ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဗုံးပေါက်သည့် မဟာဗောဓိ ဘုရားကျောင်းတော် အပါအဝင် ယင်းဧရိယာ တစ်ဝိုက်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ (၁၆)လုံးမှ မှတ်တမ်းများကို အခြေခံကာ ရဲများက သံသယ စက်ကွင်းကို ကျဉ်းမြောင်းပစ်နိုင်ရန် ကြိုးစားနေသည်။

"ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ (၄)ယောက်ကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ ပန်တာမှာ သူတို့ကို ထိန်းသိမ်းထားတာပါ"ဟု ဘီဟာရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အိန္ဒိယ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIA)က သံသယ တရားခံများကို လျှို့ဝှက်နေရာ တစ်ခုတွင် စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

ရဲများ၏ အဆိုအရ လုံခြုံရေး မှတ်တမ်းဗီဒီယိုများကို လေ့လာရာတွင် သံသယဝင်လောက်စရာ အခြေအနေရှိသူ (၆)ဦးထိ တွေ့ရှိခဲ့ပြီး ကျန်(၂)ယောက်ကို ဆက်လက် စုံစမ်းနေဆဲဟု သိရသည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းအရ လူ(၃)ဦးသည် ဘုရားကျောင်း အတွင်းသို့ အခွင့်မရှိသော ဝင်ပေါက်များမှ ဝင်ရောက်လာပြီး (၂)ဦးမှာ ယင်းတို့ ဝင်သွားသည့် ဝင်ပေါက်များအနီး ရပ်ထားသော ကားများဘေး၌ ရပ်စောင့်နေသည်။ ကျန်တစ်ဦးမှာ အရပ်အမြင့်ဆုံးဖြစ်ပြီး ပခုံးပေါ်တွင် အိတ်တစ်လုံး ထမ်းသွားသည်ကို တွေ့မြင်ရသည်။

သို့သော်လည်း လုံခြုံရေး ကင်မရာ အရည်အသွေး ညံ့ဖျင်းမှုနှင့် မှတ်တမ်းတင်နိုင်သည့် ကင်မရာ (၁၆)လုံးသာ ရှိခဲ့ခြင်းက ထောက်လှမ်းရေး တာဝန်ရှိသူများအတွက် ပြဿနာများ ကြုံနေစေကြောင်း သိရသည်။ လတ်တလောတွင် ရဲတပ်ဖွဲ့သည် ဘုရားကျောင်း ထိန်းသိမ်းမှု ကော်မီတွင် ပါဝင်သူများအနက် (၆)ဦးကိုလည်း စောင့်ကြည့်စာရင်း သတ်မှတ်ထားပြီး ခရီးဝေး ထွက်ခွာပါက မိမိတို့ကို အကြောင်းကြားရန် အသိပေးထားသည်။ ယင်းတို့သည် လွန်ခဲ့သော (၆)လအတွင်းကမှ ကော်မတီတွင် အလုပ်လုပ်ခဲ့သူများ ဖြစ်သည်။
Planet Myanmar Network

ရိုဟင်ဂျာ တရားဝင်လက်ခံရေး မြန်မာအစိုးရကို အင်ဒိုနီးရှား ဖိအားပေး

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (၃၀ ဇွန် ၂၀၀၁၃)
10.07.2013
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တိုးလာနေတဲ့အချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ (Marty Natalegawa) က မြန်မာအစိုးရကို ပြည်တွင်းမှာ မတူကွဲပြားတဲ့ လူမှု အသိုင်းအ၀ိုင်း နှစ်ရပ်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်သွားဖို့ လိုအပ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ တရားဝင် ရပိုင်ခွင့်တွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံတ၀ှမ်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈ သိန်းလောက်ရှိတယ်ဆိုတဲ့ ရိုဟင်ဂျာ အများစုကို မြန်မာအစိုးရက နိုင်ငံသား ခံယူခွင့် မပြုပါဘူး။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ က တင်းမာမှုတွေ လျော့ပါးရေးအတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့အတွက် အင်ဒိုနီးရှားအနေနဲ့ အားတက်မိတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူနိုင်ရေးကိစ္စ ရှိနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော ပတ်သက်နေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စကို အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုလို့ ကျနော်တို့ အားတက်မိပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တရားဝင် အသိအမှတ်ပြု ခံရပြီး အခြားကျန် နိုင်ငံသားတွေနဲ့အတူ ဥပဒေအရ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးဆိုတာကို ကာလကြာရှည် ခံယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ရောက်လာကြတဲ့ ဘင်္ဂါလီတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာ နာတလီ ဂါဝါ က မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား တဘက်နဲ့တဘက် ယုံကြည်မှု မရှိကြတာ တွေ့ရပြီး၊ အဲ့ဒီကတဆင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့လည်း ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဒီမိုကရေစီ စတင်ဖော်ဆောင်ရာမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြေရှင်းယူခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါကြောင့်လည်း လူမှုအသိုင်းအ၀ိုင်းတွေကို ပြန်လည်တည်ဆောက်ရာမှာ မြန်မာအာဏာပိုင်တွေကို အင်ဒိုနီးရှားရဲ့ အတွေ့အကြုံ မျှဝေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဖြေရှင်းရမယ့် ကိစ္စရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အရင်က ပြောထားပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်သွားရမှာပါ။ အချိန်ပိုင်းခြားထားလို့ မရပါဘူး။ တချိန်တည်းမှာ လူမှုအသိုင်းအ၀ိုင်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုပါတယ်။”

ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ဟာ ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့အတွက် လှေတွေနဲ့ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ခရီးလမ်းကနေ ထွက်ပြေးကြရာမှာ ဘယ်နှစ်ဦး သေဆုံးခဲ့ကြတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ အင်ဒိုနီးရှားအနေနဲ့ ဒီနှစ်အတွင်း ဒေသန္တရ ညီလာခံတရပ် ကျင်းပပြီး ဒေသတွင်းမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေအတွက် လျော့ပါးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ဒေါ်လှလှသန်း
ဗွီအိုအေ (မြန်မာပိုင်း)

မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

မိန်းကလေးငယ် ကိုယ်ဝန်ဆောင်မှုတွေ ရှိနေ
10 ဇူလိုင်လ 2013
ဇူလိုင်လ ၁၁ ရက် နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။

မိန်းကလေး တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးတာ၊ ကျူးလွန် စော်ကား ခံရတာ၊ ပညာသင်ခွင့် ဆုံးရှုံးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေနဲ့ သေဆုံး ချည့်နဲ့ တဲ့ထိ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ က မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံ မှာတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ ဥပဒေ ကို လွှတ်တော်မှာ အခြေအတင် ငြင်းခုံ နေကြပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေမှာ အမျိုးသမီးတွေကို သန္ဓေ ဖျက်ခွင့် ပေးတဲ့ ပြင်ဆင်ချက် ၁၆ဝ ကျော် ပါတဲ့ ဥပဒေကို လွှတ်တော်မှာ အများစု ထောက်ခံမဲနဲ့ တင်သွင်း ခဲ့ပေမယ့် အစိုးရက ပယ်ချ ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က ဒီဥပဒေအရေး ကြာသပတေးနေ့ လွှတ်တော်မှာဆက်လက် ဆွေးနွေးခွင့် ပြုခဲ့ပါ တယ်။

ပဋိသန္ဓေ မလိုချင်ဘဲ လွယ်ရတာတွေ အဆုံးသတ်ဖို့၊ ဘေးကင်း စိတ်ချရတဲ့ မီးဖွားမှု တွေ ဖြစ်ဖို့နဲ့ လူငယ် ဘဝ အညွန့်တလူလူ တက်နေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ လူဦးရေ နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ မပြောနိုင်သေး ပေမယ့် ကျန်းမာရေး လူမှုရေး ရှုထောင့်အရ မိသားစု သားဆက်ခြား စီမံကိန်းတော့ ရှိဖို့ လိုအပ်တယ်လို့ ပညာပေးရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အီဂျစ်မွတ်ဆလင်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်

မစ္စတာ ဘဒီး ကတော့ ငြိမ်းချမ်းစွာ ပြုလုပ် နေတဲ့ တော်လှန်ရေးလို့ ပြောပါတယ်
အီဂျစ် နိုင်ငံတော် ရှေ့နေရုံး ကနေ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘဒီး နဲ့ တခြား ထိပ်တန်း ခေါင်းဆောင် အတော် များများကို ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

တနင်္လာနေ့က ကိုင်ရိုမြို့ စစ်တန်းလျား အနီး လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် မှုကို အဲဒီ ခေါင်းဆောင်တွေက လှုံ့ဆော်ဖန်တီးခဲ့တာလို့ စွပ်စွဲပြီး အခုလိုဖမ်းဝရမ်းထုတ်လိုက် တာလည်း ဖြစ်ပါတယ်။

အဲဒီတုန်းက သေဆုံးသွားသူ အများစုဟာ မစ္စတာမော်စီကို ထောက်ခံကြတဲ့ သူတွေ ဖြစ်ကြပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ ကတော့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲ ပြောကြားပါတယ်။

ဒါပေမယ့်လို့ စစ်တပ်နဲ့ ရဲကတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ ပစ်ခတ် တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အသစ် ခန့်အပ်ထားတဲ့ ကြားဖြတ် ဝန်ကြီးချုပ်ကတော့ အစိုးရတရပ် ဖွဲ့စည်းဖို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဘော်စတွန် ဗုံးကွဲမှု စွဲချက်တွေ ငြင်းဆန်

Tsarnaev ရုံးထုတ်ချိန် လုံခြုံရေး အပြည့်ချ
10 ဇူလိုင်လ 2013
ဘော်စတွန် မာရသွန် ဗုံးကွဲမှု လက်သည်လို့ စွဲဆို ခံရတဲ့ Dzhokhar Tsarnaev က လူအများကို သေကြေပျက်စီး စေတဲ့ လက်နက် သုံးတယ် ဆိုတဲ့ စွဲချက် အပါအဝင် စွဲချက်တွေ အားလုံး အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆို သွားပါတယ်။

လူ ၃ ယောက် သေဆုံးပြီး ၂၆ဝ ကျော် ဒဏ်ရာ ရခဲ့တဲ့ ဧပြီလ တိုက်ခိုက်မှု အပြီး မစ္စတာ Tsarnaev ဘော်စတွန် တရားရုံး တရုံးမှာ ပထမဆုံး အကြိမ် ထွက်ဆို ခဲ့တာ ဖြစ်ပါတယ်။

ချက်ချင် လူမျိုး အသက် ၁၉ နှစ် အရွယ် ကျောင်းသားကို လက်ထိပ်ခတ်ပြီး ရုံးထုတ် လာချိန်မှာ ရုံးထဲမှာ လူပရိသတ် အပြည့် ရှိနေပါတယ်။

သားတယောက် အသက်ဆုံးပြီး နောက်တယောက် တရားခံ ဖြစ်နေတဲ့ Tsarnaev တို့ အမေ Liz Norden လည်း တရားခွင်မှာ ရှိပါတယ်။

ကြားနာပွဲ အချိန်တိုတွင်း အဆုံးသတ် သွားပြီးနောက် မစ္စတာ Tsarnaev မိသားစုကို နှုတ်ဆက်ပြီး တရားခွင်ကနေ ပြန်လည် ခေါ်ဆောင် သွားပါတယ်။

ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေးမည်

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် သံသယတရားခံ ဇိုခါ ဆာနေ့ဗ်အား ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀ ရက်) တွင် ပထမဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဆာနေ့ဗ်အား ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ၄ ရက်အကြာ ဧပြီ ၁၉ ရက်တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲမှုကို အဓိက စီစဉ်ဆောင်ရွက်သူဖြစ်ကြောင်း ဆာနေ့ဗ်က ထွက်ဆိုထားသည့် ၎င်း၏အကိုဖြစ်သူမှာမူ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဧပြီ ၁၈ ရက်က သေဆုံးခဲ့သည်။
Planet Myanmar Network

ဘန်ကောက်တွင် အမေရိကန်တစ်ဦးအား ဓားဖြင့်ခုတ်သတ်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိ

(ဓာတ်ပုံ - ရဲတပ်ဖွဲ့၏ ဖမ်းဆီးပြီးခံရပြီးနာက် ပီလ်ကင်တန်အား ဓားဖြင့်ခုတ်ခဲ့ပုံကို တက္ကစီယာဉ်မောင်း Chidchai က သရုပ်ပြစဉ်)
ထိုင်းနိုင်ငံ ဘန်ကောက်တွင် အမေရိကန်တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ကြေညာသည်။ အသက် ၃၂ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ အရာရှိက ပြောကြားသည်။

အမေရိကန်လူမျိုးက တက္ကစီးအငှားခ ကျသင့်ငွေ ၅၁ ဘတ် (၁.၆၀ ဒေါ်လာ) မပေးဘဲ တက္ကစီပေါ်မှ ဆင်းသွားကြောင်း၊ ၎င်းကကျသင့်ငွေ တောင်းသော်လည်း မပေးနိုင်ဟုဆိုကာ ငြင်းဆိုသဖြင့် တက္ကစီတွင် အသင့်ဆောင်ထားသော အရှည် ၁၂ လက်ရှိသော တောခုတ်ဓားဖြင့် အကြိမ်ကြိမ် ခုတ်ခဲ့ကြောင်း တက္ကစီယာဉ်မောင်းက ဝန်ခံခဲ့သည်။

စနေနေ့ (ဇူလိုင် ၆ ရက်) က ဘန်ကောက်မြို့ရှိ လူစည်းကားရာ ‪#‎Sukhumvit‬ လမ်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကို အနီးအနားရှိ လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွင် တက္ကစီယာဉ်မောင်းက တောခုတ်ဓားဖြင့် လွှဲခုတ်လိုက်စဉ် အခုတ်ခံရသူက လက်ဖြင့်ကာရင်း တက္ကစီယာဉ်မောင်းကို လှမ်းဆွဲရန် ကြိုးပမ်းခဲ့သည်ကို တွေရသည်။

ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းတို့နှစ်ဦးလုံး ကင်မရာမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ စက္ကန့်ပိုင်းမျှအကြာတွင်မူ ဓားကိုင်ထားသည့် တက္ကစီယာဉ်မောင်းမှာ ကင်မရာမြင်ကွင်းတွင် ပြန်ပေါ်လာပြီး အဆိုပါနေရာမှ ထွက်ပြေးသွားသည်ကို တွေ့ရှိရသည်။

အသတ်ခံရသည့် အသက် ၅၁ နှစ်အရွယ် အမေရိကန်လူမျိုး ပီလ်ကင်တန်မှာ အမေရိကန်စက်ယန္တရားကုမ္ပဏီ ‪#‎Caterpillar‬ ‪#‎Inc‬. တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ အနည်းဆုံး ၃ နှစ်ကြာပြီဖြစ်သည်။

တရားခံဖြစ်သူ တက္ကစီယာဉ်မောင်း Chidchai အား စစ်ဆေးရာတွင် ၎င်းအား ပီလ်ကင်တန်က တက္ကစီမီတာကို အကြံအဖန်လုပ်သည်ဟု စွပ်စွဲကြောင်း၊ ထို့နောက် ယာဉ်ကြောပိတ်ဆို့သည့်နေရာတွင် တက္ကစီပေါ်မှ ဆင်းသွားကြောင်း ထွက်ဆိုသည်။

ပီလ်ကင်တန်အား တက္ကစီငှားရမ်းခ တောင်းသည့်အခါ ၎င်းအား ကော်ဖီဖြင့် ပက်ခဲ့ကြောင်း၊ ထို့နောက် တက္ကစီတွင် ဆောင်ထားသည့် တောခုတ်ဓားကို ဆွဲကာ ပ်ီလ်ကင်တန်နောက်သို့ လိုက်သွားခဲ့ကြောင်း ယာဉ်မောင်း Chidchai က ဆက်လက်ထွက်ဆိုသည်။

လုံခြုံရေးကင်မရာ၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုပြီးနောက် ရဲတပ်ဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေအတည်ပြုကာ တက္ကစီယာဉ်မောင်း Chidchai အား တနင်္ဂနွေနေ့က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ Chidchai ကို လူသတ်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရှိရသည်။
Planet Myanmar Network

ကနေဒါ ရေနံစိမ်းတင် ရထားတွဲ ပေါက်ကွဲမီးလောင်မှု (ရုပ်/သံ)

စနေနေ့ (ဇူလိုင် ၆ ရက်) က ကနေဒါနိုင်ငံ Quebec ဒေသရှိ Lac Megantic မြို့ငယ်လေးတွင် ရေနံစိမ်းတင် ရထားတွဲ လမ်းချော်ရာမှ ပေါက်ကွဲမီလောင်မှု ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူ ၁၃ ဦးသေဆုံးပြီး အခြား လူ ၅၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိသည်။ ရထားတွဲမှာ လမ်းချော်သွားပြီးနောက် Lac Megantic မြို့လေး၏ မြို့လယ်ခေါင်သို့ ရောက်ရှိကာ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network

ဂျပန်တွင် အပူဒဏ်ကြောင့် လူ ၃ ဦးသေဆုံးကာ ထောင်နှင့်ချီ၍ ဆေးရုံသို့ တင်ပို့ရ

ဂျပန်နိုင်ငံတွင် အပူဒဏ်ကြောင့် တစ်ပတ်အတွင်း လူ ၃ ဦးသေဆုံးပြီး အခြား လူပေါင်း ၂,၅၀၀ ကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ပြောကြားသည်။

ယာမာနာရှီတွင် ယနေ့ အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ် အထိ မြင့်တက်ခဲ့ပြီး အခြားနေရာများတွင်လည်း အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင်လ ပထမပတ်အတွင်း အပူဒဏ်ခံစားရမှုကြောင့် လူပေါင်း ၂,၅၉၄ ဦးအား ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ယင်းတို့အနက်မှ ၃ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အပူဒဏ်ကြောင့် သေဆုံးသူများနှင့် ဆေးရုံသို့ တင်ပို့လိုက်ရသူများ၏ ၄၂ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။ ဂျပန်တွင် ယခုသီတင်းများအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နေသဖြင့် အစိုးရက အပူဒဏ်ကာကွယ်ရေး သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။
Planet Myanmar Network

မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၈
အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသား ဘုရားဖူးများ၏ လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေး အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက် တိုက်ခြင်းများသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရဘက်ကနေ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရားခံမိရင်တော့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီတော်တွင် ဗုံးခွဲမှုနှင် ပတ်သက်၍ ဗုဒ္ဓဘာသာ နိုင်ငံအများစုက အပြင်းအထန် ရှုတ်ချခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အရာရှိများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးမှုများနှင့် စေတီပရဝဏ်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှ တစ်ဆင့် ခြေရာခံမှုများ ပြုလုပ်ခဲ့ကြသည်။

ပရဝဏ်အတွင်း တွေ့ရှိသော သက်သေခံကတ်ပြားနှင့် CCTV ကင်မရာမှ ရရှိသော အထောက်အထား အချို့ကြောင့် ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူတစ်ဦးကို ဇွန်လ ၈ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ဖမ်းဆီးထားသည် ဆိုသူမှာ တရားခံ မဟုတ်ကြောင်း၊ ၎င်းကိုစစ်ဆေးရန်သာ ထိန်းသိမ်းထားကြောင်း၊ တရားခံကို ဖမ်းမိပါက သံရုံးမှတစ်ဆင့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံသားများ၊ ကျောင်းသားများက အကြမ်းဖက်မှုကို ရှုတ်ချသည့် အနေနှင့် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေရှ် နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များ စုစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိစေတီ ပရဝဏ်အတွင်း ပေါက်ကွဲခဲ့သည့် ဗုံးအပါအဝင် စုစုပေါင်း ဗုံးကိုးလုံး ပေါက်ကွဲခဲ့ပြီး ယင်းအနက် မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ငါးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအနက် ဗုံး တစ်လုံးမှာ ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူခဲ့သည့် မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့ပြီး ကျန်သုံးလုံးမှာ ယင်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော် တစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် ဘူရားဖူးနှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ အိန္ဒိယနိုင်ငံရှိ မူဂျာဟစ်ဒင်အဖွဲ့ ပါဝင် ပတ်သက်နိုင်သည်ဟု ယူဆကြောင်း ဘီဟားရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
The Voice Weekly

ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း

၂၀၁၁ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား အမေရိကန် ‎#Navy ‎#SEAL တပ်ဖွဲ့က စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေး အသေးစိတ် အချက်အလက် မှတ်တမ်းများပါဝင်သော ဖိုင်များကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်မှ ဖယ်ရှားရှင်းလင်းလိုက်ပြီး ‎#CIA သို့ လျှို့ဝှက်ပေးပို့လိုက်ကြောင်း ‎#AP သတင်းက ပြောကြားသည်။

သာမန် ပြည်သူများကြား အဆိုပါဖိုင်များ ရောက်ရှိမသွားစေရန် ပိုမိုလုံခြုံမှု ရှိစေရေးအတွက် CIA သို့ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်မှ အရာရှိတစ်ဦးထံမှတစ်ဆင့် AP က သတင်းရရှိခဲ့ခြင်းဟုဆိုသည်။
Planet Myanmar Network

တရုတ် ဗိုလ်ချုပ်ကြီးသား မုဒိမ်းမှုနဲ့ စွဲဆို

9/7/2013
တရုတ် ပြည်မှာ စစ်ဗိုလ်ချုပ်ကြီး တဦးရဲ့ ဆယ်ကျော်သက် အရွယ်သားကို အမျိုးသမီး တယောက်ကို အုပ်စုလိုက် မတရား ပြုကျင့်မှု နဲ့ စွဲဆို ထားပါတယ်။

အသက် ၁၇ နှစ် အရွယ် Li Tianyi ကို ဖေဖော်ဝါရီ လက ဘေဂျင်း မြို့တော် ဟိုတယ် တလုံးမှာ မူးယစ် သောက်စားပြီး တခြား လူ ၄ ယောက်နဲ့ အတူ အမျိုးသမီး တယောက်ကို ကျူးလွန် စော်ကား ခဲ့မှုနဲ့ စွဲဆို ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ် ကလည်း သူ မောင်းတဲ့ နံပါတ်ပြား မပါတဲ့ ဇိမ်ခံကား ရှေ့က လမ်းပိတ်တယ် ဆိုပြီး တခြား ကားပိုင်ရှင် စုံတွဲကို စော်ကား ရန်စမှု အတွက် ပြုပြင်ရေး စခန်းကို တနှစ် အပို့ ခံရဖူးပါတယ်။

ရုပ်သံမှာ မျိုးချစ် စိတ် တက်ကြွဖွယ် သီချင်းတွေ ဆိုလေ့ ရှိတဲ့ သူ့ဖခင် ဗိုလ်ချုပ်ကြီး Li Shuangjiang ကိုယ်တိုင် ဒီစုံတွဲကို တောင်းပန် ခဲ့ရပါတယ်။

တရုတ် မီးရထား ဝန်ကြီးဟောင်းကိုလည်း ဒေါ်လာ ဆယ်သန်း လာဘ်စားမှုနဲ့လည်း ဆိုင်းငံ့ သေဒဏ် ပေးခဲ့ပါတယ်။
BBC (မြန်မာပိုင်း)

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ

ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
08.07.2013
အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

“ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”

ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း  နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

“ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”

တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအ၀င် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က  အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း  တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ၀မ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာပြောဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဗုဒ္ဓဂါယာ ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်ပြီး အမျိုးသား တဦးကို ဖမ်းဆီး

၀၈.၀၇.၂၀၁၃ (တနင်္လာနေ့)
မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်မှာ ဗုံးလိုက်ထောင်နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် အကဲဖြတ် လေ့လာ ဆန်းစစ် မှုတွေ ပြုလုပ်နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တယ်ဆိုတာကတော့ အခု အချိန်အထိ မသိရသေးပါ။
ဘီဘီစီ (မြန်မာပိုင်း)

ထပ်ပြီး အသက်ခံရပြန်ပြီ

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။
မြန်မာလူမှုကူညီရေးအသင်း - Malaysia






နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com