http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသမီး မြစ်ထဲကျ သေဆုံးမှု တာဝန်ကျ ရဲများကို ခုံရုံးဖွဲ့စစ်

ပုသိမ်၊ ဇွန် ၂၁
ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံး မှုကြောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးကာ စုံစမ်းရေး ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပုသိမ်မြို့ ငဝန်မြစ် တစ်ဖက်ကမ်း သပြေပင် ကျေးရွာရှိ ဦးအုန်းသန်း နေအိမ်တွင် ရွှေ ၃၀ ကျပ်သားခန့် ပျောက်ဆုံးမှုကြောင့် မသင်္ကာ၍ ဖမ်းဆီးထားသူ ဒေါ်သန်းသန်းအေး၏ ထွက်ဆိုချက်ဖြင့် သက်သေခံပစ္စည်း ရရှိမည် ဆိုသည့်အတွက် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ဒေါ်သန်းသန်းအေးနှင့် ရဲတပ်ဖွဲ့ဝင်များ ငဝန်မြစ်အတွင်း သွားရောက် စစ်ဆေးရာမှအပြန် မြစ်အတွင်း ခုန်ချခြင်း ဖြစ်ကြောင်း ယင်းအမျိုးသမီးကို ဖမ်းဆီးထားသည့် သင်္ဘောကျင်း ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်ကြည်လင်းက ပြောကြားသည်။

ယင်းခိုးမှု စွပ်စွဲချက်ဖြင့် ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဦးနန်းဝင်းကို သင်္ဘောကျင်း ရဲစခန်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပုသိမ်မြို့ ဈေးချောင်းလမ်း တံတားအနီးတွင် ဇွန်လ ၁၉ ရက်နေ့နံနက်ပိုင်းက အဆိုပါ အမျိုးသမီး အလောင်း ပေါ်လာပြီး လက်ထိတ်နောက်ပြန် ခတ်ထားကာ ခြေထောက်နှစ်ဖက်ပူး၍ ကြိုးချည်ထားကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။

ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒေါ်သန်းသန်းအေး မသေဆုံးမီ အချိန်ကတည်းက မိသားစုဝင်များက အမှတ်(၁) ရဲစခန်း (အသည်ကြီး)၊ အမှတ်(၂)ရဲစခန်း (ကိုးသိန်း) နှင့်သင်္ဘောကျင်း ရဲစခန်းတို့သို့ ဆက်သွယ် စုံစမ်းသော်လည်း အဖြစ်မှန်ကို ပြောကြားခြင်း မရှိကြောင်း မိသားစုဝင်များက ဆိုသည်။

အဆိုပါ အမျိုးသမီး သေဆုံးမှုကို ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေ ခေါင်းဆောင်သည့် စုံစမ်းရေးအဖွဲ့က ဒေါ်သန်းသန်းအေး သေဆုံးချိန်က လှေပေါ်တွင် အတူလိုက်ပါလာသည့် ဒုရဲအုပ် နိုင်အောင်ကျော် အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးတို့ကို စုံစမ်း စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ

လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)
June 21, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။

လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။

“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။

မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိပ် ၁ ကွင်း၊ ကြိုးလက်ထိပ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။

၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။

“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။

ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိပ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။

ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။

ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။

ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။

သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။

လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းသန့်စင်
ဧရာဝတီ

စကားများရန်ဖြစ်စဉ်ဇနီးဖြစ်သူမှ ချွန်ထက်သောအရာဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇွန် ၂၁
၂၁.၆.၂၀၁၃ရက်နေ့ ၀၀၃၀အချိန်ခန့်က မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာ၊ အရှေ့ပိုင်းကွက်သစ်နေ ကိုဇော်ကိုကို(၂၅)နှစ်၊ (ဘ)ဦးမြသန်း နှင့် ၄င်း၏ဇနီး မစန္ဒာလင်း၊ (၂၂)နှစ်၊ (ဘ)ဦးထွန်းရှိန်တို့မှာ စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမစန္ဒာလင်းမှ ချွန်ထက်သောအရာဖြင့် ထိုးခဲ့၍ ခင်ပွန်းဖြစ်သူ ကိုဇော်ကိုကိုတွင် ယာဘက်ကျောပြင်အောက်ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့သဖြင့် ၀ါးနက်ချောင်း တိုက်နယ်ဆေးရုံတွင် တင်ပို့ကုသလျက်ရှိရာမှ ၀၁၁၅အချိန်တွင်သေဆုံးသွား၍ မစန္ဒာလင်းအား မှော်ဘီမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အကျင့်ပျက် ရဲများကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီး


ကလေး၊ ဇွန် ၂၁။
ယမန်နေ့ ညနေ(၆)နာရီခန့်တွင် ကလေးမြို့၊ ရပ်ကွက်တစ်ခုမှ ကြက်စာဆိုင်ပိုင်ရှင်၏ ခြံဝင်းအတွင်းသို့ လိုင်စင်မဲ့ကားရှိ/မရှိ စစ်ဆေးမည်ဟုဆိုကာ ခြံအတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျော်ဝင်ပြီး ငွေလေးသိန်း တောင်းသည့် မြို့နယ်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးကို အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်က စုံစမ်းမေးမြန်း၍ မြို့နယ် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြား အပ်နှံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သူတို့မှာ ဖမ်းဝရမ်းပါသလား။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရော ပါသလား။
ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖမ်းတာလဲလို့ တရားဝင် စစ်ဆေးဖမ်းဆီးတာ ဟုတ်/မဟုတ် မေးကြည့်ပါတယ်။ သူတို့မှာ ဖမ်းဝရမ်းလဲ မပါဘူး။ အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ဆိုင်ရှင်ကို မေးကြည့်တော့ အခုရောက်နေတဲ့ လူကြီးတွေကို ဧည့်ခံဖို့အတွက်လို့ ပြောပြီး ငွေလေးသိန်း တောင်းတယ်တဲ့။ ဒါယူနီဖောင်းကို
အလွဲသုံးစားလုပ်ပြီး ငွေညစ်တာပဲ။ ဒါနဲ့ကျွန်တော်တို့က မြို့နယ်ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားပါတယ်”ဟု အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။

ယင်းသို့ အကြောင်းကြားလိုက်သောကြောင့် ခရိုင်ရဲရုံးမှ ရဲကားရောက်လာ၍ ထိုရဲတပ်သား နှစ်ဦး၌ ပါလာသော လက်ထိပ်နှင့်ပင် ပြန်ခတ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

“အဲ့လိုအကြောင်း ကြားတော့မှ ကျွန်တော်တို့က စားဖို့သောက်ဖို့လေး အတွက်ပဲရရ လာတောင်းတာပါဆိုပြီး ပြောလာတယ်။ အစ်ကိုတို့က သုံးသိန်းယူပါ။ ကျွန်တော်တို့က တစ်သိန်းပဲယူမယ်ဆိုပြီးတောင် ကျွန်တော်တို့ကိုတောင် လာညှိနေသေးတယ်။ တော်တော်အံ့သြတယ်ဗျာ”ဟု ကိုကျော်သက်ဝင်းက ဆက်လက် ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  ကလေးခရိုင်ရဲမှူးကြီးက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ၍ စုံစမ်းစစ်ဆေးရေး ခုံရုံးတင်ထားပြီဖြစ်ကြောင်း၊  စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်၍ ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကျော် ချမှတ်

ရန်ကုန် ၊ဇွန် ၂၀
MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင် မေဇွန်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်း ခရိုင် တရားရုံးက လူသတ်မှု ၊နာကျင်စေမှုများ ကျူးလွန်ခဲ့သည့် အတွက် ထောင်ဒဏ် ၉နှစ် နှင့် ၄ လ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါ တရားခွင်သို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့


ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့်မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။






မသန်းသန်းအေး၏ ရုပ်အလောင်းအား ပုသိမ်မြို့  လူမှုရေးအဖွဲ့ များမှ နေ့ လည် ၂ နာရီ အချိန်တွင် သစ်ညိုကုန်း သုဿန်တွင် မြုပ်နှံလိုက်သည်။
Heinn Htet

သရုပ်ဆောင် မင်းအုပ်စိုးအမှု အမိန့်ချရန် ဇူလိုင် ၃ ရက်သို့ ရွှေ့ဆိုင်း

ရန်ကုန်၊ ဇွန် ၁၉
ဗဟန်းမြို့နယ် တရားရုံးတွင် အမှုရင် ဆိုင်လျက်ရှိသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဇွန်လ ၁၉ ရက် နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် သတ်မှတ်ထားသော်လည်း ဇူလိုင်လ ၃ ရက်နေ့ တွင် ရက်ရွှေ့ဆိုင်းခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့တွင် မင်းအုပ်စိုးက တရားရုံးထံ ခွင့်တိုင်ကြားသဖြင့် ဇူလိုင်လ ၃ ရက်နေ့သို့ ရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်း မြို့နယ် တရားရုံး၏ စာရေးတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် ရဲစခန်း၊ ဒုရဲအုပ် အောင်ကျော်ထွန်းက တရားလို ပြုလုပ်၍ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ယာဉ်များ တွေ့ရှိမှု၊ မူးယစ် ရမ်းကားမှုများဖြင့် ဗဟန်းမြို့နယ် တရားရုံးက မေလ ၃၁ ရက်နေ့က ချိန်းဆိုခဲ့သော်လည်း မင်းအုပ်စိုးက ခွင့်တိုင်ကြားသဖြင့် ဇွန်လ ၅ ရက်နေ့သို့ လည်းကောင်း၊ ယင်းနေ့တွင် ထပ်မံ၍ ဇွန်လ ၁၉ ရက်နေ့သို့ ထပ်မံ ချိန်းဆိုရာမှ ဒုတိယ အကြိမ်မြောက် ခွင့်တိုင်ကြားသဖြင့် ဇူလိုင် လ ၃ ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

တရားလိုပြု တိုင်ကြားသည့် ဒုရဲအုပ် အောင်ကျော်ထွန်း တာဝန်ကျ စခန်းဖြစ်သည့် တာမွေမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံသို့ ဆက်သွယ် မေးမြန်းရာ တရားလိုသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ တာဝန်ကျနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းတာဝန်ကျ အရာရှိက ပြောကြားသည်။

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေတွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂) ရပ်ကွက် ဖိုးစိန်လမ်း Holiday စားသောက်ဆိုင် ရှေ့ရှိ အမှိုက်ပုံကို မီးရှို့ ခြင်း၊ လာရောက် ဖြေရှင်းသော ရဲအရာရှိများကို ဆဲဆိုခြင်း၊ အများပြည်သူ စိတ်အနှောင့် အယှက် ဖြစ်စေရန် ပုဆိုးချွတ်ကာ ယာဉ်ကြော ပိတ်ဆို့အောင် ပြုလုပ်ခြင်း၊ တာဝန်ထမ်း ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင်ပိုင် ယာဉ်အမှတ် ၇ခ/၁၇၂၄ ဟိုင်းလတ် အပြာရောင် မော်တော်ယာဉ်၏ ဘေးမှန်ကို လက်သီးဖြင့် ထိုးခွဲခဲ့ခြင်းတို့အတွက် ဗဟန်း ရဲတပ်ဖွဲ့ စခန်းက (ပ) ၇၆/၁၂ ပုဒ်မ - ပပက ၆(၁)၊ (ပ) ၇၇/၁၂ ပုဒ်မ-၂၉၄/၃၅၃ ၊ (ပ) ၇၈/၂၀၁၂ ပုဒ်မ - ၄၃၆ ဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
The Voice Weekly

တောင်ကြီးမြို့တွင် ကျောင်းကျန်းမာရေး စစ်ဆေးရာမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ပေါ်ပေါက်

ကလေးငယ်၏ ဒဏ်ရာများအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်)
Thursday, 20 June 2013
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅) ရှိ အ.မ.က (၁၅) မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး အဖွဲ့မှ ဇွန် ၁၉ ရက် နံနက် ၉ နာရီ အချိန်က ကလေးများကို ကျန်းမာရေး စစ်ဆေးပေးရာမှ အသက်ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား ညှဉ်းပန်းနှိပ်စက်ထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားပြီး အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပထမတန်းတွင် ပညာသင်ကြားနေသူ မသက်ထားခင်အား ကျန်းမာရေး စစ်ဆေးစဉ် မျက်နှာတွင် ညိုမဲဒဏ်ရာ တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာ ကလေး၏ ခန္ဓာကိုယ် အနှံ့ အပြားတွင် ဒဏ်ရာများ တွေ့ရှိသဖြင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ လူမှုဝန်ထမ်း တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကလေး၏ အုပ်ထိန်းသူများကို စစ်ဆေးမေးမြန်းခဲ့ရာ မသက်ထားခင်အား အဒေါ် ဒေါ်ပြုံးညို (၄၉) နှစ်နှင့် အစ်မ၀မ်းကွဲတော်စပ်သူ မဝေေ၀ဖြိုး (၁၇) နှစ်တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးအမှတ် (၁) ရဲတပ်ဖွဲ့သို့ အကြောင်းကြား တိုင်တန်းခဲ့ပြီး စခန်းမှူးနှင့် အဖွဲ့က ရဲဆေးစာ ပြုလုပ်နိုင်ရေး စစ်စံထွန်း ဆေးရုံသို့ပို့၍ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မသက်ထားခင်အား ရိုက်နှက်ခဲ့သူ ဒေါ်ပြုံးညိုနှင့် သမီးဖြစ်သူ မဝေေ၀ဖြိုးတို့ နေထိုင်ရာ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅)၊ ရွှေပြည်အေးလမ်း၊ တ-၅၆ နေအိမ်မှ ကလေးအား ရိုက်နှက်ခဲ့သည့် သက်သေခံ အနီရောင် အရှည်နှစ်ပေခန့်ရှိ နှစ်ပင်လိမ်ထားသော ၀ါယာကြိုးအား သက်သေများရှေ့တွင် အမှတ် (၁) ရဲစခန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ရိုက်နှက်ခဲ့သူ နှစ်ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား အမှတ် (၁) ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါ ကလေးငယ်အား တောင်ကြီးမြို့ အမျိုးသမီး ပရဟိတ ဂေဟာတွင် ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
Eleven Media Group

ကလေးခရိုင်နှင့်တမူးခရိုင်အတွင်း တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ ဇွန် ၁၉ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ ဇွန် ၁၅ ရက်နေ့မှစ၍ ကလေးခရိုင်နှင့်တမူးခရိုင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ၀င်ရောက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကလေးခရိုင်ရဲတပ်ဖွဲ့နှင့် တမူးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ တရားမ၀င်ကုန်စည် စီးဆင်းမှုတားဆီးရေး၊ လိုင်စင်မဲ့ကားများအား အရေးယူရေးကိစ္စရပ်များတွင် အထက်ဌာန၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ထိရောက်နိုင်နင်းစွာ တားဆီး နှိမ်နင်းနိုင်မှုမရှိဘဲ လုပ်ငန်းဆောင်ရွက်မှု ကျေနပ်ဖွယ်ရာမရှိသဖြင့် ထိုသို့ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရပါသည်။

လတ်တလောအခြေအနေ၌ ကလေးခရိုင်နှင့်တမူးခရိုင်တို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး လျှက်ရှိသည်ဆို၏။ အထက်ပါ ခရိုင် ၂ ခုအတွင်း စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လုံလောက်သောအင်အားဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့သော်လည်း ပြင်ပတွင် သတင်းထွက်ပေါ်နေသကဲ့သို့ တစ်စုံတစ်ဦးကိုမျှ ဖမ်းဆီးထိန်းသိမ်း ထားခြင်း၊ လေယာဉ်ဖြင့် ခေါ်ယူသွားခြင်းများ လုံးဝမရှိကြောင်းသိရသည်။

ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်၊ လိုလားချက်များအား ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သမ္မတကြီး၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ စည်းကမ်းကျန၍ စွမ်းရည်ထက်မြက်သော ရဲတပ်ဖွဲ့ဖြစ်အောင် ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်လျှက်ရှိပါသည်။ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းသောလုပ်ဆောင်မှုများအပေါ် အရေးယူဆောင်ရွက် နိုင်ရန် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ၁၉၉၅ ခုနှစ်ကပင် ပြဌာန်းထားခဲ့ပြီးပါသည်။ ထိုဥပဒေအရ စည်းကမ်းဖောက်ဖျက်ခြင်း၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ မလုပ်ဘဲ မှားယွင်းသောလုပ်ရပ်များ လုပ်ဆောင်ခြင်းများပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များအား ယခင်ကလည်း အရေးယူခဲ့သကဲ့သို့ နောင်တွင်လည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့တွင် ငွေကြေးစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ရာ တရားမ၀င်သောနည်းလမ်းဖြင့် ငွေကြေးရရှိစုဆောင်းထားသူများအား တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူနိုင်သည်ဟု သတင်းရရှိသည်။
ရဲဇာနည်

အရက်ဝယ်ခိုင်းရာမှ လူသတ်မှုဖြစ်

ထန်းတပင်၊ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကညင်ပင်ရွာရှိ လယ်တဲတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်က အလုပ်ရှင်က အလုပ်သမား ကို အရက်ဝယ်ခိုင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ရာ အလုပ်ရှင် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သီရိဟေမာ ရပ်ကွက်နေသူ အလုပ်ရှင် ဦးကြည် (၆၇) နှစ်နှင့် ခေါင်ရမ်း ရွာနေသူ အလုပ်သမား ဦးချစ်သောင်း (ခ) ရဲမင်းသူတို့ လယ်တဲ၌ အရက်သောက်နေစဉ် အရက်ကုန်သဖြင့် အလုပ်သမားကို အရက် ဝယ်ခိုင်းရာ စကားများပြီး အလုပ်ရှင်ကို အလုပ်သမားက အရိုးအသွား ၁၇ လက်မရှိ ဓားဖြင့် ထိုးခဲ့ရာ ဦးကြည်၏ဗိုက်တွင် ဒဏ်ရာရရှိပြီး ဓားထိုးခံရသည့် နေရာတွင် သေဆုံးခဲ့ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ကနဦးတိုင်တန်းချက် အရ စုံစမ်းသိရှိ ရသည်။

"ချစ်သောင်းကို သူ့အလုပ်ရှင်က အရက်ဝယ်ခိုင်းတယ်။ ချစ်သောင်းက မဝယ်ပေးဘူး ပြောတော့ စကားများပြီး ဓားနဲ့ထိုးတယ်လို့ သိရတယ်။ ဒီကောင်လေးက ပြဿနာဖြစ်ဖူးတာ မရှိဘူး" ဟု ဓားဖြင့် ထိုးသူနှင့် သိကျွမ်းသည့် ထန်းတပင်မြို့နယ် ကမ်းနားလမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

ဓားဖြင့်ထိုးသည်ဟု ဆိုကာ ဦးချစ်သောင်း (ခ) ရဲမင်းသူကို ပ-၃၉/၂ဝ၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။
The Voice Weekly

သုံးလောင်းပြိုင်လူသတ်မှု ရမည်းသင်းတွင် ဖြစ်ပွား

ရမည်းသင်း၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီလုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) ရှိ အင်းလုပ်သမားများ စုပေါင်းနေထိုင်ရာ တဲတွင် အင်းလုပ်သားများဖြစ်သော ဦးသိန်းလွင် ၅၀ နှစ်၊ ဇော်ဇော်ဟန် ၃၃ နှစ်၊ မောင်သိန်း ၂၀ နှစ်၊ ရန်နိုင်ထွန်း ၁၈ နှစ်၊ တို့သည် တဲအတွင်း အိပ်ပျော်နေစဉ် လုပ်ငန်းအတူတူ အလုပ်လုပ်ကိုင်သူ အင်းလုပ်သား လင်းလင်း ၁၈ နှစ်က ဇွန်လ ၅ ရက်နေ့က ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီဈေးတန်းရှိ ထမင်းဆိုင်တွင် ၄င်း၏အစ်ကို ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားမှုနှင့် ပတ်သက်၍ သေဆုံးသူများနှင့် အချေအတင် စကားများခဲ့မှုအပေါ် မကျေနပ်သဖြင့် အရိုးအသွား ၁၃ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် လိုက်လံထိုးသွင်းရာ သုံးဦးမှာ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး တစ်ဦးကို ရမည်းသင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"သူတို့ဖြစ်တာက အပြင်မှာ ဖြစ်တာပါ။ သူတို့ဘာသာ စကားများပြီးရာမှ ဖြစ်ကြတာပါ၊ ကုမ္ပဏီနဲ့ ဘာမှမဆိုင်ပါဘူး" ဟု ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းမြင့် က ပြောကြားသည်။

တရားခံလင်းလင်းကို ရမည်းသင်း မြို့နယ် တူးကုန်းရဲစခန်းက (ပ) ၅၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
The Voice Weekly

ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦး ခိုးမှုဖြင့် တရားစွဲခံရ

ကြာသပတေးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၃
အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးသည် စက်ရုံပိုင် မော်တော်ကားများမှ အလွိုင်းခွေများအား ခိုးထုတ်သည်ဟု စွပ်စွဲကာ ဇွန် ၁၁ ရက်က တိုင်ကြားခံရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ခိုးမှုဖြင့် စွပ်စွဲခံရသူများမှာ အမှတ် (၃) သံမဏိစက်ရုံမှ စက်ရုံလုပ်သားများဖြစ်သော အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်စိုး၊ အသက် ၂၇ နှစ်အရွယ်ရှိ ကိုကြည်ငြိမ်းအောင်၊ အသက် ၂၃ နှစ်အရွယ်ရှိ ကိုစိုးလင်းအောင်နှင့် အသက် ၂၁ နှစ်အရွယ် ကိုကိုမောင်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့လေးဦးသည် ဇွန် ၁ဝ ရက်၊ ည ၈ နာရီ ၅ဝ မိနစ်အချိန်က တန်ဖိုးကျပ် ရှစ်သောင်းရှိသော စက်ရုံပိုင် ကားမျိုးစုံမှ အလွိုင်း ခွေဟောင်း၂ဝ ခုကို စက်ရုံအတွင်းမှ ခိုးထုတ်ပြီး စက်ရုံပြင်ပအုတ်နံရံဘေးတွင် စုပုံထားသည်ကို တွေ့ရှိခဲ့ရသည်ဟု တရားလိုက ရဲစခန်းကို တိုင်တန်းထားသည်ကို တွေ့ရသည်။

ခိုးမှုဖြင့် စွပ်စွဲခံရသူများကို စက်ရုံလုံခြုံရေးမှူး ဗိုလ်ကြီး ရဲနိုင်(ငြိမ်း)က တရားလိုပြုလုပ်တိုင်တန်းထားပြီး အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၆၃၁/၁၃ဖြင့် အမှုလက်ခံထားကာ ၎င်းတို့ကို ပြည်သူပိုင် ပစ္စည်းခိုးမှု ပုဒ်မ ပပက ၆(၁)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် သူတို့ကို ရဲကစစ်ဆေးလျှက်ရှိသည်ဟု သတင်း ထုတ်ပြန်ထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ရဟန်းတစ်ပါးကို ကျပ်သိန်း ၉၀ ခိုးယူမှုဖြင့် အရေးယူ

မန္တလေး၊ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြောက်ရပ်ကွက် မိုးတားကျောင်း တိုက်တွင် လာရောက်တည်းခိုနေသူ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၉၀ ခိုးယူသော ရဟန်းတစ်ပါးကို ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် ဇီးကုန်းရွာမှ လာရောက် တည်းခိုသော အမျိုးသမီး ၏ ခြင်းတောင်းအတွင်း ထည့်ထားသော ငွေကျပ်သိန်း ၉၀ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ရာ မိုးတားကျောင်း တိုက်နှင့်ဘေးချင်း ကပ်လျက် တောင်ဘက် မဟာမင်းထင်တိုက် အလယ်ကျောင်းကြီးတိုက်တွင် သီတင်းသုံးသည့် မသင်္ကာဖွယ် ရဟန်းတစ်ပါးကို ရပ်ကွက် သံဃနာယက ဆရာတော်များက အရေးယူ
ဆောင်ရွက်ပေးရန် မဟာအောင်မြေ မြို့နယ်ရဲစခန်းသို့ သွားရောက် တိုင်ကြားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ရဟန်းအား ရပ်ကွက် သံဃနာယက ဆရာတော်များက လူဝတ်လဲပေးပြီး ရပ်ကွက် တာဝန်ရှိသူများက စစ်ဆေးရာ ၎င်း၏ခါးတွင် ပတ်ထားသော ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် လေးသိန်း ခန့်တွေ့ရှိခဲ့ကြောင်း၊ ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ၎င်းနေထိုင်ရာ ကျောင်းကြီးအောက်တွင် ဝှက်သိမ်းထားသည်ဟု ဝန်ခံခဲ့သဖြင့် သက်သေများနှင့်အတူ လိုက်လံ ရှာဖွေရာ ကျောင်း၏ လှေကားအနီး သစ်ပုံအောက်တွင် ကျပ် ၉,၀၅၂,၉၀၀ ကို သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မှုခင်း မှတ်တမ်းများအရ သိရသည်။

ငွေကျပ်သိန်း ၉၀ ခိုးခံရသူ အမျိုးသမီးက တရားလိုအဖြစ် တိုင်တန်းသဖြင့် မဟာအောင်မြေ မြို့မရဲစခန်းက (ပ)၃၇၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅-ကအရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ခိုးမှု ကျူးလွန်သော သံဃာတော်မှာ ဘုရားကြီးဘက် ကျောင်းတိုက် တစ်တိုက်မှ အလယ်ကျောင်းကြီး တိုက်သို့ ပြောင်းရွှေ့လာသည်မှာ ငါးရက်မျှသာ ရှိသေးပြီး ယင်းသံဃာသည် သက်တော် ၃၅ နှစ် ရှိပြီး ယခင်ကလည်း ထိုဖြစ်စဉ်မျိုးအတွက် သံသယ ဖြစ်ခံရဖူးကြောင်း၊ သာသနာကို ခုတုံးလုပ်ပြီး ခိုးမှု ကျူးလွန်သူကို ဖော်ထုတ်နိုင်သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု မိုးကောင်းကျောင်းတိုက် သံဃာတော်များထံမှ သိရသည်။
The Voice Weekly

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးကားမှတ်တိုင် အနီး စောင့်ဆိုင်း နေစဉ်ရောက်ရှိလာသူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန်ယန်းမြို့နေ မအုတ်ကွန်း၊ (၂၃)နှစ်၊ (ဘ)ဦးညီသွန်း အားသက်သေများ နှင့်အတူ ရှာဖွေစစ်ဆေးရာ ၎င်း၏ခန္ဓာကိုယ်ရှိ အ၀ါရောင် ခါးစည်းကြိုးအတွင်းမှ ပလပ်စတစ်အိတ် ဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၆၅)ပြား၊အလေးချိန် (၁၀၀၆.၅)ဂရမ်၊ တန်ဘိုး (၅၀၃၂၅၀၀၀ိ/-) ကျပ်နှင့် ဘိန်းဖြူဟုယူဆ ရသော အလေးချိန် ၃၈၀ ဂရမ်ခန့်ပါ လေးထောင့်ဘလောက်တုံး (၁)တုံး တန်ဘိုး (၃၀၄၀၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းတန်ဘိုး (၈၀၇၂၅၀၀၀ိ/)ကျပ်တို့အားရှာဖွေတွေ့ရှိသဖြင့် မအုတ်ကွန်းအား မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း မယ(ပ) ၁၆/၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ကြက်ဟင်းခါးသီးဟင်း ချက်ကျွေး၍ လင်မယားချင်းဓါးထိုးမှု

ပဲခူးတိုင်း ဒေသကြီး ၊ အုတ်ဖိုမြို့နယ် ၊ လက်ပံတော ကျေးရွာ အုပ်စု၊ ဂရန် စံပြကျေးရွာတွင် ၊ ၁၆-၅-၁၃ ရက်နေ့ ၊ နေ့လည် ၁း၀၀ ခန့်က ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူချက်ကျွေးသော ကြက်ဟင်းခါးသီးဟင်းကို အရမ်းခါးလွန်းသည်ဟု ၊ ပြစ်တင်ပြောဆိုရာမှ လင်မယားချင်း စကားများရန်ဖြစ်ခဲ့ပါသည်။
ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူ မစန်းစန်းမော် ၏မျက်နှာကို လက်သီးဖြင့် စတင်ထိုးပြီး ခြေဖြင့် ကန်ခဲ့၍ ဇနီးဖြစ်သူမှ ဓါးမြှောင်ဖြင့် ပြန်ထိုးခဲ့ရာ ဇော်မင်းနိုင် ၏ရင်ညွန့်တည့်တည့်တွင် ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ၊ ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ရကြောင်းသိရှိရပါသည်။

ကိုဇော်မင်းနိုင် ၏တိုင်တန်းမှုကြောင့် အုတ်ဖိုရဲစခန်းမှ ပ(၁၃၀/၁၃) ပုဒ်မ ၃၂၄ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ အစားအသောက်နှင့်ပတ်သက်၍၊ ထမင်း တလုတ် တုတ်တစ်ချက် ဟူသော စကားပုံ အသိ ရှိခဲ့သော်လည်း ဒေါသမထိန်းနိုင်သည့်အခါ ဟင်းတစ်ခွက်ကလည်း ဓါးတစ်ချက် ဖြစ်ပေါ်စေနိုင်ကြောင်း စာဖတ်သူများ သတိပြုစေနိုင်ရန် တင်ပြလိုက်ရပါသည်။
တင်ထွဋ်
ပဲခူး သတင်းစဉ်

အချုပ်ကား ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ ဒေါ်သိန်းတင်လမ်း ဘက်သို့ မောင်းနှင်လာစဉ် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ အထက်မန္တလေးလမ်း၊ လမ်းသွယ်(၂) အရောက်တွင် အချုပ်ယာဉ်ဘရိတ်ပေါက်ပြီး လမ်းထောင့်၌ဖုန်းရပ်ပြောနေသော မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူ အောင်နိုင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းအား ယာဉ်၏ ယာဘက်ရှေ့ခေါင်းဘေးထောင့်နှင့် တိုက်မိပြီး ဆက်လက်၍လမ်းဘေးတွင် ရပ်ထားသောအခြားယာဉ် (၄)စီးအား ထပ်မံတိုက်မိသဖြင့် ယာဉ်များ အနည်းငယ်ပျက်စီးပြီး ယာဉ်တိုက်ခံရသူ အောင်နိုင်ဝင်းတွင် ခါးနာကျင်ဒဏ်ရာရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ကုသလျက် ရှိကြောင်းနှင့် အချုပ်ယာဉ်မောင်း တပ်သားစည်သူဝင်းနိုင် အားရဲစည်းကမ်းထန်းသိမ်းရေး ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ဓားဖြင့်ခုတ်၍ ခင်ပွန်း သေဆုံး

ပုသိမ်   ဇွန်    ၁ဝ
ဧရာဝတီတိုင်း ဒေသကြီး မအူပင် မြို့နယ်  ခြောက်ရွာကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာ၌   ယမန်နေ့ ညနေပိုင်းက ဇနီးဖြစ်သူမှ ခင်ပွန်းအား ဓားဖြင့်ခုတ်၍ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီက မအူပင် မြို့နယ် ခြောက်ရွာ ကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာနေ ဦးညွန့်ဝေ ၃၄ နှစ်(ဘ) ဦးဟန်ညွန့်အား ၎င်း၏ဇနီး မယဉ်လှ ၃ဝ နှစ် (ဘ)ဦးမြဝင်းက လှေမည်သည့် နေရာတွင် ထားကြောင်း မေးမြန်းရာ   ဦးညွန့်ဝေက မသိရှိကြောင်း ပြောရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ရာ မယဉ်လှက နေအိမ်၌ အသင့်ရှိသော ဓားအသွား ၂၂ လက်မ၊  အရိုး အရှည် ၁၂ လက်မခန့်ရှိ မြက်ခုတ်ဓားဖြင့် ခုတ်ခဲ့သည်။

ထို့ကြောင့် ဦးညွန့်ဝေ၏ လည်ပင်းယာဘက် လေပြွန်အထိ ပြတ်ရှဒဏ်ရာ ရရှိ သေဆုံး သွားသဖြင့် ခြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ တိုင်တန်းချက် အရ ရွှေတောင်မှော် ရဲစခန်းမှ (ပ)၁၇/၁၃၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး တရားခံ မယဉ်လှအား ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ကေတု
မြဝတီ

နောင်ချိမြို့တွင် တရားမ၀င်သယ်ဆောင်လာသည့် ကျောက်စိမ်းများ ဖမ်းဆီးရမိ

11.6.2013
နောင်ချိုမြို့ အးရှားဝေါလ်တိုးဂိတ်အနီးတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုညွှန်မှူးဦးစီး MobileTeam အဖွဲ့သည် မန္တလေး လားရှိုးအတက်အဆင်း ယာဉ်များအား စစ်ဆေးရှာဖွေရာ မန္တလေးမှ မူဆယ်သို့ ဘုန်းမြင့်ထွန်း မောင်းနှင်လာသည့် မတ်တူးယာဉ် နောက်ဖုံးအတွင်း စက္ကူပုံးဖြင့်ထည့်ထား သောကျောက် စိမ်းတုံး(၁) တုံး(၀.၇) ကီလိုဂရမ်၊ ကျောက်စိမ်းလက်ကောက် (၂၃)ကွင်း၊ ကျောက်စိမ်းလည်စွဲ(၈၄) ကုံး၊ ကျောက်စိမ်းလက်စွပ် (၄၉) ကွင်းတို့တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသောဂေါ်ရခါး လူမျိုး ကရနားဘာဒူး၊ သမန်း ကုန်းရပ်၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေ သကြီးနေသူမှတရားမ၀င် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပါသည်။
ရွှေလားရှိုး
Today Myanmar

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်ခံရ

နေပြည်တော်၊ ဇွန် ၉
၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။ ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊ ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့် သွေးများထွက်လျက် တွေ့ရှိရသည်။

ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီး ခရီးသည်အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊ ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊ သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊ စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့် ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန် မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ရဲကားတစ်စီးပေါ်မှ အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးများ တွေ့ရှိ

ကလေး၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကိုင်းကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသော ရဲကားပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးပစ္စည်း များကို ဖမ်းဆီးရမိကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးသန်းက ပြောကြားသည်။

တမူးမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ရဲတပ်ကြပ်ကြီး မျိုးသန့် မောင်းနှင်လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ တမူးခရိုင် ရဲတပ်ဖွဲ့ပိုင် ဟိုင်းလပ်ယာဉ်အပြာရောင် (ယာဉ်အမှတ်-၇ခ/၁၆၃၅) ပေါ်မှ အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ အိမ်သုံးဆေးဝါးများဖြစ်သော OXYPED တံဆိပ်ပါ အစာအိမ်ဆေးပြား ၂၃၀၄ ဘူး (ခြောက်ဖာ)ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ယင်းအပြင် ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသော Super Custom ယာဉ် (ယာဉ်အမှတ်-၈ဈ/၂၀၆၄) သည် ကလေးဝဆိပ်ကမ်း၊ ကူးတို့မှတစ်ဆင့် ကိုင်းကျေးရွာဘက်သို့ ဖြတ်ကူးစဉ် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကားများပေါ်မှ သင်းခွေချပ်အရေခွံ အစိုကိုးအိတ်၊ အလေးချိန် ၄၅ ပိဿာနှင့် တံဆိပ်ပါ မျက်စဉ်းခပ်ဆေးရည်ဆေး ၁၄ ဖာတို့ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအမှုများအတွက် ကလေးဝမြို့ နယ် အကောက်ခွန်ဦးစီးဌာနက တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်း၊ လိုင်စင်မဲ့ အိမ်သုံး ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
မြတ် (ကလေး)
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com