http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

စည်ပင်ပန်းခြံအတွင်း မိန်းကလေးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေ

လားရှိုး၊ ဇူလိုင် ၄။
ယနေ့နံနက် ၉နာရီအချိန်တွင် လားရှိုးမြို့ စည်ပင်ပန်းခြံအတွင်း၌ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦး
ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

၎င်းမိန်းကလေးသည် စည်ပင်ပန်းခြံအတွင်းရှိ အုတ်ခုံဘေးတွင် ရင်အုပ်တစ်နေရာကို ဓါးဖြင့်အထိုးခံထားရကြောင်း ရဲများက ယင်းအလောင်း သယ်ထုတ်စဉ် တွေ့မြင်ခဲ့ရသော ဒေသခံတစ်ဦးက ပြောကြားသည်။ ယင်းအလောင်းအား ရဲများက လားရှိုးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ခွဲစိတ်စစ်ဆေးရန်
ပို့ဆောင်ထားကြောင်း သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်(၁)၊ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြည်စိုးနိုင်အား
မေးမြန်းရာ သေဆုံးသူ မိန်းကလေးသည် အသက်(၁၆)နှစ်အရွယ်ဖြစ်ကြောင်း၊ အသေးစိတ်သတင်း
အချက်အလက်များကို အထက်အမိန့် မရသေး၍ ထုတ်ပြန်၍ မရသေးကြာင်း၊ သတင်းဓာတ်ပုံပင် ရိုက်ခွင့် မပြုနိုင်ကြောင်း ဖြေကြားသည်။

၎င်းမိန်းကလေးသည် လားရှိုးမြို့၊ ရပ်ကွက်(၁၀)၊ နယ်မြေ(၈)၊ သစ္စာလမ်းတွင် နေထိုင်သော
မမိုးဆွေဦးဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် သေဆုံးသွားသည် ကိုလားရှိုးမြို့ ခံလူထုများက သိချင်နေကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ထွန်းထွန်း။
မြန်မာ့ခေတ်

သရုပ်ဆောင်ရဲတိုက် အမြန်လမ်းမပေါ်တွင် ဆေးခြောက်နှင့်ဖမ်းမိ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး ရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။

၎င်းကို သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ ရှိရပြီး၊ ဆေးခြောက်တစ်ကျပ်သားလက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ငြိမ်းချမ်းမေ
News Watch Journal

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။
နွေဦး
7Day News Journal

သမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂
ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ရဲနောင် တို့သည် ရွှေဘုန်းရှိန်လမ်းတွင် သမီးရည်းစား ကိစ္စဖြင့် အငြင်းပွားရာမှ မောင်ရဲနောင်က အရှည် သုံးလက်မခွဲခန့်ရှိ ခလုတ်ဓားဖြင့် ထိုးသဖြင့် မောင်သူရ (ခ) ဇွဲနောင်ဖြိုးတွင် ဝဲရင်အုပ်ဘေးတွင် ထိုး သွင်းဒဏ်ရာ တစ်ချက် ရရှိကာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောသည်။

“သူတို့က သူငယ်ချင်းတွေပါ။ သူငယ်ချင်း၏ ချစ်သူကို မင်း ကောင်မလေး ငါလိုက်မယ်ဆိုပြီး စရင်းနောက်ရင်းက အခုလို ဖြစ်သွားတာပါ” ဟု အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် မောင်ရဲနောင်တို့သည် ရွှေပန်းထိမ်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်ကြ သူ သူငယ်ချင်းများ ဖြစ်ပြီး အလုပ်မှအပြန် သူငယ်ချင်း နှစ်ဦး အပြန်အလှန် စနောက်ရာမှ ယခုကဲ့သို့ လူသတ်မှု အထိပါ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြား သည်။

လူသတ်မှု ကျုးလွန်သည်ဟု တိုင်ကြားခံရသူ မောင်ရဲနောင်ကို မိနစ် ၃၀ အကြာတွင် ရပ်ကွက် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့် ထိုးသူဟု စွပ်စွဲခံရသူ မောင်ရဲနောင်ကို (ပ) ၄၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

မုဒိမ်းမှုကျူးလွန်သူ အချုပ်ခန်းမှ ထွက်ပြေးမှု ငါးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်းမရှိ

ပုသိမ်၊ ဇူလိုင် ၂
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရဲစခန်းတွင် မသန်စွမ်းအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးခံထားရသူ အချုပ်သားတစ်ဦး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထွက်ပြေး လွတ်မြောက်ခဲ့ရာ ငါးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောကြားသည်။

ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရဲစခန်းအပိုင် ဆင်ခေါင်းကျေးရွာတွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးခင်မောင်ရင်သည် ကိုင်းတောမရွာမှ ကိုယ် အင်္ဂါမသန်စွမ်းသူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်၍ အဓမ္မပြုကျင့် ခဲ့သဖြင့် ဒေါင့်ကြီးရဲစခန်းသို့ တိုင်ကြားရာ ယင်းနေ့ညနေတွင် ကျူးလွန်သူကို ဖမ်းဆီးမိသော် လည်း ငါးရက်ခန့် အကြာတွင် ရဲစခန်းမှ ထွက်ပြေးသွားခဲ့ကြောင်း အဓမ္မပြုကျင့်ခံရ သူ မသန်စွမ်း အမျိုးသမီးက ရှင်းပြသည်။

ယင်းမုဒိမ်းမှုကျူးလွန်သူ ရဲစခန်းမှ ထွက်ပြေးသွားခြင်းကို စုံစမ်းဖမ်းဆီး ပေးရန်ပြောကြားခဲ့ရာ စခန်းမှူးရဲအုပ် ခင်မောင်ဆွေက ရဲတပ်ဖွဲ့ဝင်အချို့ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုရန်ရှိ၍ ရဲတပ်သားအင်အား မလုံလောက်ခြင်းကြောင့် စာမေးပွဲပြီးနောက်ပိုင်းတွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးမည်ဟု ပြောကြား ခဲ့သော်လည်း ယနေ့အထိ အရေးယူမှု မရှိသေးကြောင်း ဒေါင့်ကြီးကျေးရွာမှ ဦးရွယ်လူးက ပြောဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒေါင့်ကြီး ရဲစခန်းမှူး ရဲအုပ်ခင်မောင်ဆွေသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မပြုနိုင်ကြောင်း ပြောကြားသည်။
The Voice Weekly

မန္တလေးကျုံးရေပြင် အမျိုးသားတစ်ဦး အလောင်းတွေ့

မန္တလေး၊ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၂၆ x ၇၅ လမ်းထောင့် ကျုံးရေပြင်တွင် ဇူလိုင် ၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါသေဆုံးသူသည် အမည်မသိ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရဘဲ လွန်ခဲ့သည့် သုံးရက်အတွင်းက ရေနစ် သေဆုံးသည်ဟု ယူဆရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက် ရှိကာ အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၃၄/၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"ကျုံးထဲမှာ ရေနစ်သေတာတွေက ညဘက်အရက်မူးပြီး ပြုတ်ကျတာတို့၊ ရန်ဖြစ်ပြီး ပစ်ချတာတို့လည်း ဖြစ်နိုင်တယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

မန္တလေး ကျုံးရေပြင်တွင် ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ ရေနစ်သေဆုံးသူ အမျိုးသား သုံးဦးရှိပြီဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
The Voice Weekly

အမည် မသိ ကျုံးရေပြင် လူသေအလောင်း

မန္တလေး-ဇူလိုင် ၂
မန်းကျုံးရေပြင်တွင် ယခုလ ၁ရက်နေ့တွင်တွေ့ရှိခဲ့သော အသက် လေးဆယ်အရွယ်အမည်မသိ အမျိုးသား၏အလောင်းမှာ မည်သူမှန်းမသိရှိရသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ ၂၆ - ၇၅လမ်းထောင့်ကျုံးရေပြင်တွင် အဆိုပါအမျိုးသားမှာပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲအုပ်ကမ်အောင်မြင့်မှ တရာလိုပြုလုပ် အမှတ် ၂နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ် ၃၄/၂၀၁၃အရအမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများက ဖော်ပြသည်။
ဖိုးလပြည့်
Popular Myanmar News Journal

မူဆယ်မြို့တွင် ဂိမ်းလောင်းကစားဆိုင်နှင့် လောင်းကစားနေသူများအား ဖမ်းဆီးအရေးယူ

2.7.2013
၃၀-၆-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မန်ဝိန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေး၊ အမှတ်(မ၀/၂၄)တွင် တီဗွီဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေရာ ဂိမ်းဆိုင်အတွင်း၌ ဂိမ်းစက်များ၊ လောင်းကြေးငွေကျပ်(၇၂၂၀၀၀ိ/-)တို့နှင့်အတူ ဂိမ်းစက်တာဝန်ခံ သက်နိုင်ထွန်း(၂၀)နှစ်နှင့် ဆိုင်အလုပ်သမားများဖြစ်သော ကျော်နန်း(၁၈)နှစ်၊ မသီရိမေ(၂၁)နှစ်၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာနေ မဆိုင်ဟွမ်(၁၆)နှစ်၊ မယိမ်းမိုင်(၁၇)နှစ်၊ မဌေးဟွမ်(၁၇)နှစ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ မနေခြည်ဝင်း(၂၁)နှစ်တို့အပြင် ဂိမ်းလာရောက်ကစားနေသူများဖြစ်သော နမ့်ခမ်းမြို့၊ နောင်စန့်ကုန်း ရပ်ကွက်နေ စိုင်းလိတ်(၂၃)နှစ်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်နေ စိုင်းသန်းစိန်(၂၆)နှစ်နှင့် အိုက်လျှန်(၃၂)နှစ်၊ ဈေးရပ်ကွက်နေ လိုင်းဝမ်(၄၁)နှစ်၊ စက်မှုရပ်ကွက်နေ ထက်လွင်ဦး(၃၂)နှစ်နှင့် စွမ်စော်ရပ်ကွက်နေ သန်းထွေး (၃၅)နှစ်တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သက်နိုင်ထွန်းပါ(၁၃)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၃၄/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

တစ်ရက်တည်း လူသေဆုံးမှု ခြောက်မှု

ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု ခြောက်မှု ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

မှော်ဘီ၊ ကျောက်တံတား၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်တို့တွင် အသက် ခြောက်နှစ်အရွယ် ကိုရင် တစ်ပါး ၊ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦး၊ အသက် ၁၉ နှစ်အရွယ် လူငယ် တစ်ဦးတို့ အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အဆိုပါ သေဆုံးမှုများသည် ကြိုးဆွဲချ သေဆုံးမှုတစ်ခု၊ ရေထဲမှ အလောင်းပေါ် သေဆုံးမှုတစ်ခု၊ လမ်းတွင် သေဆုံးမှုတစ်ခု၊ ရေနစ် သေ ဆုံးမှုတစ်ခု၊ ချော်လဲ သေဆုံးမှုတစ်ခု၊ လယ်ကန်သင်းပေါ်တွင် သေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီ ခန့်က လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ဗာဒံပင်တွင် အသက် ၁၉ နှစ် မိုးကျော်သည် ကြိုးဆွဲ ချ သေဆုံးခဲ့ပြီး အဆိုပါနေ့ နံနက် ၈နာရီအချိန်က မှော်ဘီမြို့နယ် (၄) ရပ်ကွက်ရှိ မှော်ဘီ ချောင်းကူး တံတားအနီးတွင် ရေနစ် ပျောက်ဆုံးနေသော အမျိုးသား တစ်ဦး၏ အလောင်း ပြန်ပေါ်လာခဲ့ကြောင်း မြို့နယ် ရဲစခန်းများ၏ ထုတ်ပြန်ချက်အရ သိရ သည်။

တတိယမြောက် လူသေဆုံးမှုအဖြစ် ကျောက်တံတားမြို့နယ် (၁)ရပ်ကွက် ဆူးလေဘုရားလမ်းရှေ့ ပလက်ဖောင်းပေါ်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက အသက် ၅၀ ခန့်ရှိ အခြေအနေမဲ့ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ပြီး ကော့မှူး မြို့နယ် မကျည်းပင် ကျေးရွာရှိ လယ်ကွင်းတွင် လယ်ထွန်နေသူ တစ်ဦး လယ်ကန်သင်းရိုးကို မှီ၍ သေဆုံးမှု တစ်ခု နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

လှိုင်သာမြို့နယ် (၁၈) ရပ်ကွက် ကင်းဝန်မင်းလမ်း နေထိုင်သူ တက္ကသိုလ် ဝင်တန်း ကျောင်းသား အသက် ၁၇နှစ် အရွယ် မောင်သက်ကိုကိုသည် အဆိုပါနေ့ မွန်းလွဲ ၂နာရီအတွင်း ပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ် လမ်းမဘေး ရှိ ရေမြောင်းအတွင်း ရေနစ် သေဆုံးခဲ့ရာ တစ်ရက်အတွင်း ပဉ္စမြောက် လူသေဆုံးမှု ဖြစ်ခဲ့ရသည်။

ယင်းနေ့ ည ၈ နာရီ ၃၀ မိနစ်က မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေကျောင်း ကျောင်းတိုက်မှ အသက် ၆နှစ် အရွယ်၊ ဝါတော် တစ်ဝါရှိ ကိုရင် ရှင်ဣန္ဒြသည် ကိုရင် ၂၂ ပါးနှင့်အတူ ဘုရားဝတ်ပြုရန် သွားစဉ် မီးပျက်၍ ပြေးသွားရာမှ ချော်လဲ သဖြင့် နောက်ပြန်လဲ ရာ နောက်စေ့နှင့် သမံတလင်း ရိုက်မိရာမှ သတိလစ် သေဆုံး ခဲ့ကြောင်း မှော်ဘီ ရဲစခန်းထံမှ သိရှိရသည်။

လူသေဆုံးမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အသီးသီး ရဲစခန်းများက သေမှု သေခင်းများ ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းများထံမှ သိရှိရသည်။

လူသေဆုံးမှုများသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့ အထိ မှော်ဘီမြို့နယ်တွင် ၂၉ မှု၊ လှိုင်သာယာမြို့နယ်တွင် ၆၈ မှု၊ ကျောက် တံတားမြို့နယ်တွင် ခြောက်မှု၊ ကော့မှူးမြို့နယ်တွင် လေးမှု အပါအဝင် စုစုပေါင်း လူသေဆုံးမှု ၁၀၇ မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်း များ၏ သေမှုသေခင်း စာရင်းများအရ သိရှိရသည်။
The Voice Weekly

ရခိုင်အမျိုးသမီးငယ်အား စော်ကားခဲ့သူ တရားခံ ၂ ဦး ဖမ်းဆီးရမိ

Monday, July 1, 2013
၁။ သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော င/ပြူးနှင့် အခြားတစ်ဦးတို့အား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

၂။လတ်တလောစီစစ်ချက်များအရ တရားခံ(၂)ဦးစလုံးသည် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သိရှိရပါသည်။

၃။တရားခံများအား သံတွဲရဲစခန်းတွင် စစ်ဆေးမေးမြန်မှုများ ဆောင်ရွက် လျှက်၇ှိပြီး တရာဥပဒေနှင့်အညီ သံတွဲရဲစခန်း(ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

၎။သံတွဲမြို့မှ တရားဥပဒေစိုးမိုးရေးနှင့် မြို့ရွာအေးချမ်းသာယာရေးကို လို လားသော မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအနေဖြင့် မလိုလားအပ်သော အဖျက်အမှောက်လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ် ထိန်းသိမ်ဆောင် ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရှိရပါသည်။

၅။ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ၃၀-၆-၂၀၁၃ ရက်နေ့မှစ၍ ည(၁၉း၃၀) အချိန်မှ နံနက်(၀၄း၃၀) အချိန်ထိ စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူသွားလာရာလမ်းမများတွင် လည်းကောင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် တစ်ဦးတစ်ယောက် ချင်းသော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း၊ သွားလာခြင်းမပြုရန် သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့်အား ၃၀-၆-၂၀၁၃ ရက်နေ့ (၁၉း၃၀)အချိန်တွင် ထုတ်ပြန်ထား၇ှိခဲ့ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှလည်း မြို့အတွင်း ဖြန့်ကြက် ချထားကာ လှုပ်ရှား စိုးမိုးလျှက်၇ှိ ကာမြို့/ရွာ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

၆။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး(၂)ဦးလည်း ယနေ့သံတွဲမြို့ သို့လေယာဉ်ဖြင့် ထွက်ခွါသွားပြီးဖြစ်ကြောင်း သိရပါသည်။
 "သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲဖြစ်ရပ်မှန် သတင်းအားတင်ပြခြင်း"
သာစွဌာနေရခိုင်ပြေ (ရခိုင်ပြည်နယ် အစိုးရအဖွဲ့)
Rakhine Citizen Journalists

ကံစမ်းမဲကဒ်အတုများဖြင့် လာရောက်လိမ်လည်သူများအားအရေးယူ

နေပြည်တော်၊ ဇူလိုင် ၁
၃၀-၆-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်၊ (၇)လမ်းရှိ ““ခေတ်သစ်”” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင်ပျဉ်းမနားမြို့၊ ရွှေချည်ရပ်ကွက်နေ ဆိုင်မန်နေဂျာ မစုမြတ်နန္ဒာဦး(၂၂)နှစ်ရှိနေစဉ် လူ(၁)ဦးရောက်ရှိလာပြီး ယူပီဂျီကံထူးဆု(၂၀၀၀ိ/-)တန် ပလပ်စတစ်လောင်းထားသောကံစမ်းမဲကဒ်များအား ငွေသားနှင့်လာရောက်လဲလှယ်ခဲ့သည်။

သို့ဖြင့် ကံစမ်းမဲကဒ်များအားရေတွက်ရာကဒ်(၂၀၀)ရှိပြီး ကဒ်အားလုံး၏နံပါတ်မှာ(၁၉၀၈၉၀)တစ်ခုတည်း ဖြစ်ကြောင်းနှင့် အတုများဖြစ်ကြောင်းသိရသဖြင့် အမည်အားမေးမြန်းခဲ့ရာ လယ်ဝေးမြို့၊ ရွှေပြည်အေး ရွာနေ မျိုးအောင်(၂၈)နှစ်နှင့် ဆိုင်အပြင်ရှိ တစ်ရွာတည်းနေ အောင်နိုင်ဝင်း(၃၀)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်တူးဘောက်အတွင်း ကံစမ်းမဲကဒ်များ ပါရှိကြောင်းနှင့် ငွေသားဖြင့်လဲလှယ်ပေးရန်ပြောဆိုသဖြင့် ရေတွက်ကြည့်ရာ(၂၀၀၀ိ/-)တန် (၁၆၈)ကဒ်အားတွေ့ရပြီး နံပါတ်များမှာလည်း(၁၉၀၈၉၀)များသာဖြစ်ကြောင်း၊ ၎င်းတို့(၂)ဦးသည် ၂၃-၆-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ကံစမ်းမဲအတု(၃၃၄)ကဒ်အားလည်းကောင်း၊ ၂၈-၆-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင်(၃၀၀)ကဒ်အားလည်းကောင်း လာရောက်လဲလှယ်ခဲ့ကြောင်းသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သောကြောင့် မျိုးအောင်နှင့်အောင်လှိုင်ဝင်းတို့(၂)ဦးအား ပျဉ်းမနားမြို့မ ရဲစခန်း(ပ)၃၈၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ယုဇနပလာဇာတွင် ခါးပိုက်နှိုက် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁
၃၀.၆.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ၏ မျက်နှာစာတန်း တွင် ခါးပိုက်နှိုက်မှတ်တမ်းဝင် မရီရီဝင်း (ဘ)ဦးဌေးအောင်၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေသူအား တွေ့ရှိသဖြင့် သက်သေများနှင့် အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှငွေ ၃၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ် (၁)လုံးတွေ့ရှိခဲ့ပြီး အဆိုပါပိုက်ဆံအိတ်နှင့် ငွေတို့အား ယုဇနပလာဇာ၏ မြေညီထပ်အထည်ဆိုင်တန်းတွင် ဘေးလွယ်အိတ်ဖြင့်အကာအကွယ်ပြုလုပ်၍ အမျိုးသမီးတစ်ဦးကိုင်ထားသည့် စက္ကူလက်ဆွဲအိတ်အတွင်းမှ နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၄၇/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရခိုင် သရုပ်ဆောင် တစ်ဦး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမူနှင့် ဖမ်းဆီးခံရ

ရခိုင်အမျိုးသား ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ဘုန်းလျှံသည် မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမူနှင့် ဖမ်းဆီးခံခဲ့ရကြောင်း Myit Makha Mediagroup သတင်းတွင် ဖေါ်ပြသည်။

ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ သတင်းအရ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခု အတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါများကို  ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သူနှင့်  အဖော်ဖြစ်သူ ဦးမောင်ထွန်းလှ ဆိုသူတို့ နေထိုင်ရာ အခန်းထဲရှိ ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွေ့ရှိသော Red Ruby စီးကရက်ဗူး ခွံတစ်ခုထဲမှ  WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊ အစိမ်း ရောင် (၂) ပြား၊စုစုပေါင်း (၄၉)ပြားကို ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။

၎င်းနောက် ဘုန်းလျှံနှင့်အတူ နေထိုင်သူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်ပြီး ထုတ်ထားသော  အဖြူရောင် တစ်ရှုး စက္ကူအတွင်း ပလတ်စတစ်အိတ် အတွင်းမှလိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား ထပ်မံ ရှာ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြား သုံးစွဲရာတွင်  အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိကြောင်းသတင်းတွင် ဖေါ်ပြထားသည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။
Narinjara

တစ်နှစ်အတွင်း စိတ်ကြွဆေးပြား အလုံးရေ သိန်း ၇၀ ကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား အထုပ်များကို တွေ့ရစဉ်
Sunday, 30 June 2013
တစ်နှစ်အတွင်း ပြည်တွင်း၌ စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် စုစုပေါင်း ၇၀၆၄၀၉၈ ကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့ရှိ မူးယစ် (အထူး) ဌာနတို့မှ သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြား စုစုပေါင်း သိန်း ၇၀ ကျော်မှာ မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၂ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်ထိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးပြားများဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုဌာနမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် အတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၈၄၂၈၇၇၊ ရှမ်းပြည်နယ် (တောင်၊ မြောက်၊ အရှေ့) နှင့် ကယားပြည်နယ်တို့မှ စိတ်ကြွမူးယစ်ဆေးပြား ၅၆ သိန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၆၂၁၂၂၁ ဒသမ ၅ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုဌာနမှ ဌာနမှူးရဲမှူးကြီး မြင့်သိန်းက "ကျွန်တော်တို့ အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကို သုံးစွဲတဲ့သူတွေ၊ ရောင်းဝယ်ဖောက်ကား ဖြန့်ချိတဲ့သူတွေ၊ နောက်ကွယ်က ကျူးလွန်တဲ့ သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ယခုလက်ရှိ ကာလမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွေနဲ့ တခြားမြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူရရှိနေတယ်။ ဒါတွေကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ဆိုရင် ပြည်သူတွေ သတင်းပေးတိုင်ကြားပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ၀င်းထွန်းက "ဘိန်းနဲ့ဆက်စပ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေရဲ့ နောက်ကွယ်မှာ နယ်စပ်ဒေသတွေမှာရှိတဲ့ တရားမ၀င် ရောင်းဝယ်သူတွေနဲ့ တရားမ၀င် လက်နက်ကိုင် အဖွဲ့စည်းတွေ ပါဝင်နေပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်း အချို့က စိတ်ကြွဆေးပြားတွေကို ရှူတယ်၊ ဘိန်းစိမ်းကို ချောင်းဆိုးပျောက်ဆေးရည် ရောစပ်ပြီးတော့ ဖေါ်မြူလာအဖြစ် အသုံးပြုနေကြပါတယ်" ဟု ပြောကြားခဲ့သည်။
Eleven Media Group

မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ

ဓါတ်ပုံ google
ချောင်းဦး၊ ဇွန် ၂၈
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအနီး ယခုလ ၂၇ ရက်နေ့မနက် ၇ နာရီ ခွဲအခိန်ခန့်က မွေးကင်းစ ကလေးငယ် အလောင်းတစ်လောင်း အား တွေ့ရှိခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

အဆိုပါ မှတ်တမ်းများတွင် ကလေးသူမွေးဖွားခြင်းကိစ္စရပ်အား ထိန်ချန်လိုသော ရည်ရွယ်ချက်များဖြင့် မွေးကင်းစ ကလေးသူငယ်(ယောင်္ကျားလေး)ဖြစ်သူကို ယင်းကဲသို့ လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ စွန့်ပစ်ခံ ကလေးသူငယ်၏ ရုပ်အလောင်းသည် ချက်ကြိုးဖြတ်တောက်ထားခြင်းမရှိသေးကြောင်း အမှုမှန်ပေါ်ပေါက်စေရေး အတွက် ချောင်းဦးရဲစခန်း (ပ) ၁၇၃/ ပုဒ်မ ၃၁၈ အရ ဒုရဲအုပ် အောင်ခိုင်ထွန်းမှ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း ဖော်ပြပါရှိသည်။

မွေးကင်းစ ကလေးသူငယ်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလခန့်ကလည်း ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာလမ်းခွဲ အမှိုက်ပုံပေါ်တွင် အလားတူ ကလေးစွန့်ပစ်သည့် ကိစ္စတစ် ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ လူမှုကွန် ယက် အဖွဲ့၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရှိရသည်။
ကိုတိုး ချင်းတွင်း

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

Thursday, June 27, 2013
မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျောင်းသားလူငယ် ခုနစ်ဦးသည် အမျိုးသမီးအဆောင်ရှေ့တွင် ဂစ်တာတီးခတ်နေစဉ် အခြားလူငယ်အုပ်စု တစ်ခုက ဆိုင်ကယ်များဖြင့် ရောက်လာကြပြီး အသင့်ယူလာသော သစ်သားချောင်းများဖြင့် ရိုက်နှက်ကြရာမှ ယင်းရန်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဆိုင်ကယ်များဖြင့် ရောက်လာသော လူငယ်အုပ်စုသည် ၁ဝ ဦးခန့်ရှိကြောင်းလည်း ရဲများက မှတ်တမ်းတင် ထားသည်။

ယခုရန်ပွဲတွင် မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နေသော အသက် ၂၁ နှစ်အ ရွယ် စာရင်းအင်းပညာ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံးသွားကြောင်း အဆိုပါတက္ကသိုလ်၏ ကျောင်းသား မှတ်တမ်းထိန်းဌာန၏ စာရင်းဇယားများတွင် တွေ့ရသည်။ အဆိုပါ ကျောင်းသားသည် အင်းတော်မြို့နယ်၊ ရွာသာရွာမှ မုံရွာသို့ လာရောက် ကျောင်းတက်နေသူဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ရန်ပွဲကြောင့် မောင်ရန်ပိုင်ထွန်းနှင့် မောင်ရဲရင့်အောင်ဆိုသော ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာများ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရသည်ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြား သည်။ ၎င်းတို့နှစ်ဦးမှာမူ ပွန်းပဲ့ဒဏ်ရာများသာ ရရှိထားသည်ဟုလည်း ထိုသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့မှ ရဲများက မည်သူက ရိုက်နှက်ခဲ့သည်ကို စုံစမ်းနေပြီဖြစ်ပြီး ရန်ပွဲကြောင့် ဒဏ်ရာရရှိသွားသူ မောင်ရန်ပိုင်ထွန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး ရဲစခန်းက အမှုအမှတ်(ပ) ၂၈၁/ ၂ဝ၁၃ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ် မှုဖြင့် တရားစွဲနိုင်ရေး အတွက် ဆောင်ရွက်မည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။
ကိုတိုးကြီး
Mizzima - News in Burmese

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်

တွံတေး၊ ဇွန် ၂၅။
တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့်၌  သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့်ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်။

သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု   ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေးမြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ်ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီး ပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက်လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟု
ယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ  (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ကျောင်းအတူ သံဃာနှစ်ပါး တစ်ချိန်တည်းပျံလွန်

ရန်ကုန်၊ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ၊ မဟာမြိုင် ကျောင်းတိုက်တွင် ဇွန်လ ၂၀ ရက် နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က သံဃာနှစ်ပါး ပျံလွန်နေသည်ကို တွေ့ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

အရှင်ဣန္ဒောဘာသနှင့် အရှင်စန္ဒောဘာသ တို့သည် သီတင်းသုံးတော်မူရာ ကျောင်းဆောင်တွင် ပျံလွန် နေကြောင်းကို ကျောင်းတိုက်ရှိ အခြားသံဃာတော်များက တွေ့ရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံ အကြောင်းကြားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ပျံလွန်တော်မူသွားသော သံဃာနှစ်ပါး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကျောင်းတိုက် တစ်ခုလုံးတွင် သံဃာခြောက်ပါး ရှိပြီး သံဃာများသည် ကိုယ်ပိုင် ဝါးကျောင်းဆောင်များ ဆောက်၍ သီးသန့် သီတင်းသုံး နေကြကြောင်း၊ ဆွမ်းခံ၍ ရရှိသောဆွမ်းနှင့် ဆွမ်းဟင်းများကို သီးသန့် သီတင်းသုံးသော ကျောင်းဆောင်များတွင်သာ သုံးဆောင်ကြကြောင်း၊ ပျံလွန်သွားသော သံဃာနှစ်ပါးသည် ကျောင်းဆောင် တစ်ခုတည်းတွင်အတူ သီတင်းသုံး နေထိုင် ကြသူများ ဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဝါသဝက မိန့်ကြားသည်။

သံဃာနှစ်ပါးမှာ မှိုစားမိ၍ အစာအဆိပ်သင့်သည်ဟု သတင်းထွက်ပေါ်သဖြင့် ရဲတပ်ဖွဲ့က လာရောက် စုံစမ်းသွားသော်လည်း သေမှုသေခင်း မှတ်တမ်းမယူကြောင်း၊ ကျောင်းထိုင် ဆရာတော်၏ မိန့်ကြားချက် အတိုင်း သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ အဆိုအရ သိရသည်။

မှော်ဘီမြို့နယ် ရဲစခန်းကို ယင်းသေမှုသေခင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရာတွင် မိမိတို့ ရဲစခန်းကို လာရောက် သတင်းပေးမှု မရှိကြောင်းနှင့် သတင်း ပေးပို့ခဲ့လျှင် ရဲ လုပ်ထုံးလုပ်နည်းများ အတိုင်း အချိန်မီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ခိုင်စိုးလင်း
The Voice Weekly

မုံရွာတွင် ဆင်ဆာမဲ့ခွေ ပြသသော 3D ရုပ်ရှင်ရုံကို အရေးယူ

မုံရွာ၊ ဇွန် ၂၄
မုံရွာမြို့၏ အဓိက စီးပွားရေး လမ်းမကြီးဟု ဆိုရမည့် ကျောက္ကာ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထား သော စိမ်းရွှေဝါ 3D ရုပ်ရှင်ရုံကို ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့ရာ ဆင်ဆာမဲ့ နိုင်ငံခြား 3D အခွေများ အသုံးပြုပြီး တရားမဝင် ဗီဒီယို ပြသနေကြောင်း တွေ့ရှိရ၍ ဗီဒီယိုဥပဒေနှင့် အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းရုပ်ရှင်ရုံတွင် ဗီဒီယိုပြသသည့် အခန်း ခြောက်ခန်းရှိသော်လည်း မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့တွင် ပြုလုပ်ထားသည့် 3D ဗီဒီယိုပြသည့် လုပ်ငန်းလိုင်စင် သုံးစောင်သာ ပြသနိုင်ခဲ့ပြီး ယင်းအခန်း ခြောက်ခန်းအနက် သမီးရည်းစား စုံတွဲများ သီးသန့် ကြည့်ရှုနိုင်သည့် အခန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ ဝင်ရောက် ရှာဖွေချိန်တွင် သီးသန့်ခန်းတွင် ကြည့်ရှုနေသော စုံတွဲ တစ်တွဲကိုလည်း တွေ့ရှိခဲ့ရကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိ တစ်ဦးက ဆိုသည်။

“နေ့စဉ်ရုံထဲမှာ ဝင်ထွက်နေတဲ့ သူတွေကတော့ မနည်းဘူးပဲ။ စုံတွဲတွေလည်း ဝင်ထွက်နေတာပဲ။ ဇာတ်ကားကောင်းလို့ပဲ လူစည်နေတယ်ထင်နေတာ၊ အိမ်ကသမီးတောင် 3D ကြည့်ဖူးအောင် သွားပြ မလို့၊ သီးသန့်ခန်း ရှိမှန်းတော့မသိဘူး” ဟု ယင်း ရုပ်ရှင် ပြသသည့် ရုံအနီးတွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

3D ရုပ်ရှင်ရုံကို စစ်ဆေးရာတွင် ဆင်ဆာမဲ့ 3D နိုင်ငံခြားရုပ်ရှင် အပါအဝင် အခွေမျိုးစုံ ၅၀၀ နီးပါးခန့်၊ 3D ကြည့်ရာတွင် တပ်ဆင်ရသော မျက်မှန် ၃၀၀ နီးပါးခန့်နှင့် ရုပ်ရှင်ပြရာတွင် အသုံးပြုသော တီဗီများ၊ အောက်စက်များနှင့် ဆောင်းဘောက်စ်များကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပြီး၊ ရုပ်ရှင်ပြရာတွင် အသုံးပြုသော ထိုင်ခုံဇယား၊ ဇာတ်ကားစာရင်းနှင့် ဇာတ်ကား ကြော်ငြာ ပိုစတာများ ကိုလည်း သိမ်းဆည်းခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရ သိရသည်။

“လက်ရှိအခြေအနေက ဘာမှန်းလဲ မသိသေးဘူး။ လောလောဆယ် ကျွန်တော့် 3D ရုံလည်း ပိတ်ထား တယ်။ စောင့်ကြည့်နေတဲ့ အနေအထားပါ။ ညွှန်ကြားလာတဲ့ အခြေအနေအပေါ် မူတည်ပြီး ဖွင့်ဖို့ မဖွင့်ဖို့ ဆုံးဖြတ်သွားမှာပါ” ဟု မုံရွာမြို့ မြိုသစ်ရပ်မှ 3D ရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

3D ရုပ်ရှင် ပြသသည့်ရုံမှာ မုံရွာမြို့ပေါ်တွင် နှစ်ရုံခန့်သာရှိပြီး မြန်မာဇာတ်ကားများ အဓိက ပြသသည့် ရုပ်ရှင်ရုံ တစ်ရုံသာရှိကြောင်း မုံရွာ မြို့ခံများက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ဇွန်လအတွင်း ကာရာအိုကေနှင့် အနှိပ်ခန်း တွဲ၍လုပ်ကိုင်နေသော စက်မှုဇုန် ရပ်ကွက်အတွင်းမှ ဆိုင်တစ်ဆိုင်ကို ဝင်ရောက် ဖမ်းဆီးမှုများရှိခဲ့ပြီး မြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် ဖွင့်လှစ်ထားသော ငွေကြေးဖြင့် အကြွေစေ့ လဲလှယ် ဆော့ကစားရသော ဂိမ်းဆိုင်များကိုလည်း ပိတ်သိမ်းခိုင်းခဲ့ကာ ယခုဇွန်လ နောက်ဆုံးပတ်တွင် အဆိုပါ 3D ရုပ်ရှင်ရုံအား ဝင်ရောက် စစ်ဆေးခဲ့ပြီး ဗီဒီယိုဥပဒေနှင့် အညီ အရေးယူခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ကျောက်စိမ်းဖိုး ငွေမချေနိုင်သည့် တရုတ်အမျိုးသားတစ်ဦး လူတစ်စု ဖမ်းဆီးခေါ်ဆောင်

မုံရွာ၊ ဇွန် ၂၃
ကျောက်စိမ်း ရောင်းရငွေ ကျပ်သိန်း ငါးရာကျော် မပေးနိုင်သည် တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးကို လူတစ်စုက သံကြိုးနှင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်၍ ဖမ်းဆီး ခေါ်ဆောင်မှု တစ်ခု ဇွန်၂၁ရက်နေ့က ပုလဲ၊ ဂန့်ဂေါ လမ်းမကြီး မိုင်တိုင် ၆၁ အနီးရှိ ဘေးတောလမ်းအတွင်း ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီး၏ လက်ဝဲဘက် တောလမ်းအတွင်း နံပါတ်မပါသော အနီရောင် Honda-Fit ကားတစ်စီး မောင်းထွက်လာရာ မသင်္ကာဖွယ် တွေ့ရှိရ၍ အင်တောပြန့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက တားဆီးစစ်ဆေးစဉ် ကားမှာ ဂန့်ဂေါဘက်သို့ မောင်း ထွက် ပြေးသွားခဲ့ကြောင်း၊ အဆိုပါ တောလမ်းအတိုင်း ဆက်လက် ရှာဖွေခဲ့ရာ လမ်း၏ လက်ဝဲဘက် ချုံစပ်တွင် အမျိုးသားနှစ်ဦးကို ထပ်မံတွေ့ရှိ ခဲ့ရသော်လည်း တစ်ဦးမှာ တောအတွင်း ထွက်ပြေးသွားကြောင်း၊ ကျန်တစ်ဦးမှာ လက်နှင့် ခြေထောက်များ သံကြိုးဖြင့် တုပ်နှောင် ခံထားရသော တရုတ်အမျိုးသား တစ်ဦး ဖြစ်သည်ကို တွေ့ရကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချုပ်နှောင် ခံထားရသူကို မေးမြန်းရာ ၎င်းမှာ မန္တလေးနန်းရှေ့တွင် နေထိုင်သူ ကိုအောင်ကျော်ထွန်း (ခ) ရှောက်လီ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး ပွဲစားအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် သုံးလေးရက် ခန့်တွင် ဦးချင်းဆိုသူနှင့် အဖွဲ့သည် ၎င်း၏ အိမ်အတွင်း ဝင်ရောက်ကာ ၎င်းသည် ကျောက်စိမ်း ရောင်းရငွေ သိန်းငါးရာကျော် မပေးနိုင်ဟုဆိုကာ ၎င်းကို ပါးစပ်ပိတ်၍ လက်နှင့်ခြေတို့အား သံကြိုးတုပ်ကာ ကားဖြင့် တင်ဆောင်လာခြင်း ဖြစ်ကြောင်း ချုပ်နှောင် ခံထားရသည့် အမျိုးသားမှ ထွက်ဆိုသည်။

ဂန့်ဂေါဘက်သို့ ဦးတည်၍ ထွက်ပြေးသွားသော အနီရောင် Honda-Fit ကားအား ဖမ်းဆီးနိုင်ရန် ဂန့်ဂေါမြို့နယ် နတ်ထိပ် ရဲစခန်းသို့ အကြောင်း ကြားခဲ့ကြောင်း၊ နတ်ထိပ် ရဲကင်းမှူးနှင့် အဖွဲ့က အဆိုပါယာဉ်အား နတ်ထိပ် ရဲကင်းရှေ့တွင် ဖမ်းမိခဲ့ပြီး၊ ယင်းယာဉ်ပေါ်တွင် ဦးထောင်ခန့်ထန် (ခ)ဦးချင်း အသက် (၄၀) နှစ်နှင့် ဦးဇပ်ရှာလ်ကျင် (ခ) ဦးအောင်လွင်တို့ နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ ပစ္စည်းများအား ရှာဖွေစစ်ဆေးရာ၊ လက်သီးဆုပ်ခန့် ရှိသော ကျောက်စိမ်း အရိုင်းတုံးငယ် သုံးတုံး၊ ရိုးမဘဏ် အမည်ပါ ငွေစုစာအုပ် တစ်အုပ်၊ ကျောက်သွေးရာတွင် အသုံးပြုသော ပစ္စည်း လေးခု၊ ကျောက်အရည်အသွေး စစ်ဆေးသည့် ဓာတ်မီးတစ်ခု၊ မြန်မာ-တရုတ် နယ်စပ် သွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်၊ ကတ်ပါဟန်းဆက် သုံးလုံး၊ ငါးထောင်တန် ငွေစက္ကူ အရွက်ရေပေါင်း ၁၈၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုကို လဲကန် ရဲစခန်းမှ ဒုရဲအုပ်က တရားလို ပြုလုပ်၍ ပုလဲမြို့နယ် ရဲစခန်းသို့ တိုင်ကြားရာ အောင်ကျော်ထွန်း (ခ) ရှောက်လီအား သံကြိုးဖြင့် တုပ်နှောင် ခေါ်ဆောင်ခေါ်လာ ခြင်းနှင့် ပတ်သတ်ပြီး ဦးချင်းနှင့် ဦးဇပ်ရှာလ်ကျင် တို့အား(ပ)၁၁၈/၁ ၃ပြစ်မှု ၃၄၃ ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ယာဉ်ပေါ်ပါပစ္စည်းများနှင့် ပတ်သက်ပြီး (ပ)၁၁၉/၁၃ ကျောက်မျက် ပုဒ်မ ၄၂(က) ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com