http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

ကျူရှင်ဆရာမ သေဆုံးမှု ထောင်ဒဏ် ၁၀နှစ် ချ

ရန်ကုန် ၊ ဇူလိုင် ၁၇
မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) ရပ်ကွက် အာသာဝတီလမ်း ရှိ ယောက္ခမဖြစ်သူ၏ နေအိမ်တွင် ပဟေဠိဆန်ဆန် သေဆုံးခဲ့သော အသက် ၂၆ နှစ်အရွယ်ရှိ ကျူရှင်ဆရာမ ဒေါ်ထက်ထက်အေးကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ အမျိုးသား ဦးရဲမာန်ပြည့်ကို အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင်လ ၁၇ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်အေးအေးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီး သေဆုံးပြီး တစ်နှစ်နှင့် ခုနစ်လ အကြာတွင် ၎င်း၏ အမျိုးသားကို ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး က ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သော်လည်း တရားခံ ဦးရဲမာန်ပြည့်က ဝန်ခံခြင်း မရှိကြောင်း အဆိုပါ အမိန့်ချမှုကို လာရောက် ကြည့်ရှုသူ လူ ခြောက်ဦးခန့်က ပြောကြား သည်။

“အန်တီ လုံးဝ မကျေနပ်သေးဘူး။ အန်တီ့ သမီးလေးကို ဘာကြောင့် ရက်ရက်စက်စက် သတ်ရသလဲ ဆိုတာ သိချင်နေတုန်းပဲ” ဟု ၎င်းမှ ဆိုသည်။

ကျူရှင်ဆရာမ အသတ်ခံရမှုကို မည်ကဲ့သို့ သေဆုံးခဲ့သည်၊ မည်သည့် အတွက်ကြောင့် အသတ်ခံရ သည်ကို အမိန့်ချပြီးသည့်တိုင် ရပ်ကွက်နေသူ များ စိတ်ဝင်စားလျက်ရှိပြီး လူသတ်သည်ဟု အမိန့်ချခံရသူဘက်မှ အယူခံ ဝင်ရန် အစီအစဉ်ရှိကြောင်း လာရောက် ကြည့်ရှုသူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။

ယောက္ခမ နေအိမ်တွင် အမျိုးသမီး သေဆုံးမှုကို တွေ့ရှိသည့် ဆရာဝန်၏ အတည်ပြုချက်အရ ဒေါ် ထက်ထက်အေးကျော်၏ ခန္ဓာကိုယ်တွင် သွေးထွက်ခြင်းမရှိဟု ထွက်ဆိုခဲ့သော်လည်း မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ ၁၃ စင်တီမီတာခန့် အနက်ရှိသော ထိုးသွင်း ဒဏ်ရာကြောင့် ပင်မ သွေးလွှတ်ကြော ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် ဖြစ်ပွားခဲ့သော နေရာနှင့် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေရမည်ဟု ခန့်မှန်းရကြောင်း တရားရုံးတွင် မှုခင်း ဆရာဝန်၏ ထွက်ဆိုချက်ကို ကိုးကား၍ သေဆုံးသူ၏ ဘကြီး တော်စပ်သူ ဦးစိန်ဝင်းက ပြောကြားသည်။

သက်သေခံ ပစ္စည်းအဖြစ် ဓားတစ်လက်၊ ကတ်ကြေး တစ်လက်နှင့် မှန်ကွဲစ တစ်ခုကို သိမ်းဆည်းခဲ့ သော်လည်း သေဆုံးသူ၏ ဒဏ်ရာနှင့် ကိုက်ညီမှုမရှိဟု တရားသူကြီးက ပြောကြားခဲ့ကြောင်း အဆိုပါ အမိန့်ချမှုကို လာရောက် ကြားနာသူ ဦးမောင်မောင်ဆွေက ပြောကြားသည်။

မည်သူမဆို လူသတ်မှု ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ရာဇသတ် ကြီး ပုဒ်မ ၃၀၂/၂ တွင် ဖော်ပြထားသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်၊ အာသာဝတီလမ်းရှိ ၎င်း၏ ယောက္ခမအိမ် အမှတ် (၅၁၇) တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့က ကျူရှင် ဆရာမ ဒေါ်ထက်ထက်အေးကျော်သည် ထိုးသွင်း ဒဏ်ရာ၊ ဖူးရောင် ဒဏ်ရာ ပေါက်ပြဲ ဒဏ်ရာ အပါအဝင် စုစုပေါင်း ဒဏ်ရာ ၁၈ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမှု ဖြစ်ပွားစတွင် မြောက်ဥက္ကလာပ ရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့် စစ်ဆေးမှုအပေါ် ရပ်ကွက် ပြည်သူများက မကျေနပ်၍ ရပ်ကွက်တွင်း လူပေါင်း ၁၈၂ ဦးက လက်မှတ်ထိုး လက်ဗွေနှိပ် ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးထံ စာတင် တိုင်ကြားခဲ့သည့် နောက်ပိုင်း မှုခင်း ရဲတပ်ဖွဲ့က လာရောက် စုံစမ်း အမှုဖွင့်ပေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
The Voice Weekly

ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်မြို့တော် တစ်ဖက်ကမ်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် အတက်ရောဂါဖြစ်ပွားပြီး သူစိမ်းအိမ် မှားဝင်မိသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ကြပ်ကြီး၊ ဆယ်အိမ်မှူး သုံးဦးနှင့် အရန် မီးသတ်စုမှူးတို့ အပါအဝင် လူ ခြောက်ဦးက သူခိုးဟု ယူဆကာ ဝိုင်းဝန်း ရိုက်ခဲ့သဖြင့် ဆေးရုံတင်ပြီး လေးရက်အကြာ တွင် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ အစ်မ ဒေါ်မြင့်မြင့်ရည်က The Voice သို့ ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဒေါ်လှလှစိန်သည် အပြင်ထွက်ရာ ရာဇသင်္ကြန် ရပ်ကွက် ကန်ပတ်လမ်း အရောက်တွင် အတက်ရောဂါ ဖြစ်ပွားပြီး သတိလွတ်ကာ ယင်းလမ်းရှိ နေအိမ်များသို့ ဝင်ရောက်ခဲ့ရာမှ ပတ်ဝန်းကျင် လူများက သူခိုးဟု ထင်ကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက် အပ်နှံခဲ့ရာမှ ယင်းကဲ့သို့ ရုံးတံခါးပိတ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေါ်မြင့်မြင့်ရီက ရှင်းပြသည်။

သေဆုံးသူ ဒေါ်လှလှစိန်သည် ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် တွင် နေထိုင်ပြီး အလုံမြို့နယ် အမှတ် (၁) ပရိဘောဂ စက်ရုံတွင် ထိုင်ခုံ ကြိမ်ထိုးသည့် လုပ်ငန်းတွင် ဝန်ထမ်းအဖြစ် မသေဆုံးမီ အထိ ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် မကြာခဏ အတက်ရောဂါ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့သို့ ဖြစ်ပွားချိန်တွင် သတိ ကင်းလွတ်ကာ စိတ်ထဲထင်ရာ လုပ်လေ့ရှိကြောင်း ၎င်း၏ အစ်မ ဖြစ်သူက ရှင်းပြသည်။

အဆိုပါ ရိုက်နှက်မှုကြောင့် ဘယ်ဘက်ပေါင်၊ လက် ဘက်လက်ဖျံ၊ ဒူးခေါင်း၊ ညာဘက် နားရွက်နှင့် မြှီးညှောင်ရိုးတို့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး နှာခေါင်း ပါးစပ်တို့မှ သွေးများ ထွက်ခဲ့သဖြင့် အလုပ်သမား ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရာ လေးရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ပြော ကြားသည်။

အဆိုပါ အမျိုးသမီးကြီးကို ရုံးတံခါး ပိတ်၍ ၎င်းနေထိုင်သည့် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း ရဲတပ်ကြပ် မြအေးက နောက်ပြန် လက်ထိပ်ခတ်ပြီး စက်ဘီး တာယာပတ်ဖြင့် လည်းကောင်း၊ ရာဇာသင်္ကြန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ဆယ်အိမ်မှူး ဦးကျော်ဦး၊ ဆယ်အိမ်မှူး ဦးကမားရူး၊ ရာအိမ်မှူး ဦးပါနှင့် အရန် မီးသတ်တပ်ဖွဲ့ တပ်စု မစိမ်းတို့က ရိုက်နှက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ထပ်မံ ပြောကြား သည်။

“ရုံးရောက်တော့ ဖုန်းလိုင်းကတ် လာထုတ်သူတွေကို အပြင် ထွက်ခိုင်းပြီး ရုံးထဲမှာ အခန်းတံခါးပိတ်ပြီး ရိုက်တယ်လို့ တွေ့တဲ့သူတွေက လာပြော တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ပြောကြားသည်။

ရဲတပ်ကြပ် အပါအဝင် လူ ငါးဦးက ကျပ်နှစ်သိန်းခွဲ ပေးမည်ဟု ဆို၍ အမှု မဖွင့်ဘဲ ညှိနှိုင်းရန် ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ရှင်းပြသည်။

ရိုက်နှက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်ကို The Voice က တွေ့ဆုံ မေးမြန်း ခဲ့ရာ ဒေါ်လှလှစိန်သည် အိမ် တစ်အိမ်သို့ တက်ရောက်၍ ခိုးယူရန် ကြံသည် ဟုဆိုကာ ရပ်ကွက်ရုံးသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ထိုရိုက်နှက်မှုကို မိမိ မသိရှိရကြောင်း၊ ဒေါ်လှလှစိန်ကို မေးမြန်းရာ ညောင်ကုန်းရပ်ကွက်မှဟု သိရ၍ အဆိုပါ ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးကို သွားရောက် ခေါ်ဆောင် ပြီး ပြန်လည် ထည့်ပေးလိုက်စဉ် ဒေါ်လှလှစိန်က ပြန်လည် ထွက်ပြေး သွားကြောင်း၊ ဒေါ်လှလှစိန်ကို ထိန်းသိမ်းပေးရန် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း တပ်ကြပ်ကြီး မြအေးကို ရဲစခန်းမှ တစ်ဆင့် ခေါ်ဆောင် ခဲ့ကြောင်း ပြန်လည် ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၁၆/၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး မီးသဂြိုလ်ပြီးမှ လာရောက် တိုင်တန်းသည့်အတွက် အမှု ပြန်လည် စစ်ဆေးရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း၊ အဓိက မျက်မြင် တွေ့ရှိသည့် သက်သေများကို စစ်ဆေးပြီး တိကျမှ သာလျှင် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး မည်ဖြစ်ကြောင်း၊ ဒလမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိက The Voice သို့ ပြောကြားသည်။

“စစ်ရင်း စစ်ရင်းနဲ့ ရဲတပ်ဖွဲ့ဝင်လည်း အပြစ်ရှိတယ်ဆိုတာ ပေါ်ပေါက်လာနိုင် ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းရိုက်နှက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ဦးကမားရှုးကမူ မိမိတို့ မရိုက် ရကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက်စဉ် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌ ဝင်ကြည့်ရာ ဒေါ်လှလှစိန်သည် ရေသောက် ပြီး ရေခွက်ကို ပေါက်ခွဲရာ ရဲ တပ်ကြပ်ကြီး ကိုမြအေးက မျက်နှာကို လက်ဝါးဖြင့် နှစ်ခါ ဆင့်ရိုက်ကြောင်း၊ ဆက်လက်ပြီး ပြောနေ၍ နောက်ပြန် လက်ထိပ်ခတ်ပြီး တစ်တောင်ခန့်ရှိသော စက်ဘီး တာယာပတ်ဖြင့် လေးချက် ခန့် ရိုက်သည်ကို တွေ့ရပြီး ရုံးတံခါးပိတ်ပြီး ရိုက်သည်ဆိုခြင်းမှာ မဟုတ် မှန်ကြောင်း ပြောကြားသည်။

စက်ဘီး တာယာဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ရဲတပ်ကြပ်ကြီး မြအေး ကို ဆက်သွယ်၍ မရသေးပေ။
The Voice Weekly

‘‘ရာဇာမင်း’’ ခရီးသည်တင်ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိ

၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းနှင့် ယာဉ်အဝင်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂ဝ၁၃ ရက်နေ့ ၁၉ဝဝ အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်း ကျေးရွာအနီးရှိ ရာဘာခြံလုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေးရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦး ရောက်ရှိလာပြီး လမ်းပြပေးရန် လာခေါ်ခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးတွင် ဝင်းဗိုလ်ဆိုသူ ပါဝင်ကြောင်း၊ ဝင်းဗိုလ်(၃၅)နှစ်မှာ အလုပ်အကိုင်အတည်တကျ မရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ဝင်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခမ်းလှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၎င်းနောက် ဖားပိုင်ကုန်း ကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက်ထွက်ခွာသွားကြောင်းနှင့် ဝင်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီးဝတ်ဖြင့်ပင် မြဝတီဘက်သို့ထွက်ခွာသွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ဝင်းဗိုလ်၏ ဓါတ်ပုံအား ဆက်စပ်နယ်မြေရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓါတ်ပုံပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၎င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးရွာ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ဝင်းဗိုလ်၏ သတင်းရရှိရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၇-၇-၂ဝ၁၃ ရက်နေ့ ၁ဝ၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဒေါ်ရွေဇင်၏ ဈေးဆိုင်ရှိ အငှားဖုန်းသို့ ၎င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းနံပါတ် ဝ၈၈၁၄၆၂၅၃၃ မှ ဦးဇင်း ဝင်းဗိုလ်က ဖုန်းဆက်ခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါဖုန်းနံပါတ်ကို အခြေခံ၍ စုံစမ်းခဲ့ရာ ဝင်းဗိုလ်မှာ မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာအနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနိုင်ကြောင်း သိရှိရသည်။

၎င်းနောက် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ နယ်ခြားစောင့် တပ်များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာ အနီး ၈၁၇ ကျေးရွာနယ်မြေဒေသနှင့် ပတ်ဝန်းကျင်ဒေသများသို့ ၈-၇-၂ဝ၁၃ ရက်နေ့ ၁၆ဝဝ အချိန်မှစ၍ ဝိုင်းဝန်း ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂၃ဝ အချိန်တွင် နယ်မြေခံတပ်က မြဝတီမြို့နယ်၊ ၈၁၇ ရွာရှိ မဉ္ဇူမြိုင် ဘုန်းကြီးကျောင်း၌ ဝင်းဗိုလ်အား ဖမ်းဆီးရမိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ဝင်းဗိုလ်အား စစ်ဆေးချက်အရ ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်လူသတ်မှုကျူးလွန်ခဲ့ ရာတွင် ၎င်းကိုယ်တိုင်ခေါင်းဆောင်ခဲ့ပြီး ၎င်းနှင့်အတူ သထုံမြို့နယ်၊ ဖားပိုင်ကုန်းကျေးရွာနေ အောင်ထူးနှင့် ဇော်ဝိတ်၊ ဝါးဂုတ်ကျေးရွာနေ စောသာပလို့ထူးနှင့် မောင်ငယ်ထွေး၊ ကမ်းနီကုန်းကျေးရွာနေ မောင်ငယ်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၃-၇-၂ဝ၁၃ ရက်နေ့ ၁၁၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေသူများ ဖြစ်ကြသည့် ဇော်ဝိတ်(၃၈)နှစ်၊ အောင်ထူး(၃၆)နှစ်နှင့် မောင်ငယ်(၃၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ကျန်ရှိနေသည့် ဝါးဂုတ်ရွာ နေသူများဖြစ်သည့် မောင်ငယ်ထွေးနှင့် စောသာပလို့ထူး တို့အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

သံဃာတစ်ပါး အသတ်ခံရမှု


ရန်ကုန်၊ ဇူလိုင် ၁၇
၁၆.၇.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်ရှိ ရတနာသိင်္ဂီကျောင်း တိုက်တွင် သံဃာတစ်ပါး သေဆုံးနေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၄င်းကျောင်းတိုက်ဘေးရှိ အင်းရဲမင်္ဂလာစံကျောင်းတိုက်
ကျောင်းထိုင်ဆရာတော် ဦးနန္ဒ(ခ)ဦးထွန်းဝင်း၊(၄၅)နှစ်၊ (၂၅)၀ါ၊ (ဘ)ဦးအုန်းမြ မှာရင်ဝထိုးသွင်းဒဏ်ရာ ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ၀ဲနားနောက်စုတ်ပြဲဒဏ်ရာ၊ ၀ဲလက်မောင်းစုတ်ပြဲ
ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး တရားခံအားစုံစမ်းရာ ရတနာသိင်္ဂီကျောင်းထိုင်ဆရာတော် ဦးကုမာရ(ခ)ဦးကျော်ရှင်၏သားဖြစ်သူ ၀င်းမြင့်၊(၄၃)နှစ်၊(ဘုန်းကြီးကျောင်းနေသူ)ဖြစ်ကြောင်း သိရှိရသဖြင့် ထွက်ပေါက်များအားပိတ်ဆို့လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၂၅ အချိန် ကျောင်းတိုက်၏နောက်ကျော ဘက်ရှိအထက(၅)စာသင်ကျောင်းဝင်းအတွင်းမှ ဖမ်းဆီးရမိသဖြင့် ၀င်းမြင့်အား
မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၇၈/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။
Yangon Police

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂)ဦးနှင့် နောက်ဆက်တွဲ သတင်း

ရန်ကုန်၊ ဇူလိုင် ၁၆
၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့် PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့် ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့ (၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက် ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊
အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခို နေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံ
အတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို ဖေါက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်အရေးယူခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရန်အတွက် မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက် ဥပဒေ ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

မန်း ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် နံနက်စောစောစကားများရာမှ ဓါးထိုးမှုဖြစ်ပွား

မန္တလေး -ဇူလိုင် ၁၆
စကားများရာမှ ကိုရင်တပါးအား ဓားဖြင့် ထိုးမှု ယနေ့နံနက်က ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကိုရင်အား ဓါးဖြင့်ထိုးသူကို---- ဗမာ/ဗုဒ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူမှာ မဟာမြတ်မုနိဘုရားကြီးအနောက်မုခ် ၈၄လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော 3D အင်တာနက်နှင့် နက်ဂိမ်းဆိုင်တွင် ညကတည်းက မူးပြီးအိပ်နေကြောင်း၊ မနက် ၆နာရီခွဲခန့်တွင် အဆိုပါမြို့နယ် ဓမ္မာစရိယအေးကျောင်းတိုက်မှ ကိုရင်ရှင်တိက္ခမှာ ဆွမ်းခံရင်း အပြန်တွင် ဂိမ်းဆိုသို့ဝင်ရာ ကို--နှင့်တွေ့ပြီး အရက်စော်နံကြောင်း ပြောရာမှတစ်ဆင့် အချင်းများရာ ဂိမ်းဆိုင်အပြင်ဘက်သို့ခေါ်ဆောင်သွားပြီး အသင့်ယူဆောင်လာသည့် အရိုးသွား ဆယ်လက်မ ခန့်ရှိသောဓားဖြင့် ရင်ညွှန့်အားထိုးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓားဖြင့်ထိုးသူကို---အား အနီးရှိ တာဝန်ကျ တပ်သားမှ ရဲစခန်းအား ဖုန်းဆက်အကြောင်းကြားကာ
ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ပြီး ကိုရင်ရှင်တိက္ခမှ မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံသို့ ပို့ဆောင်ကုလျှက်ရှိပြီး ထိုးသွင်းဒဏ်ရာမှာ မစိုးရိမ်ရကြောင်းသိရှိသည်။
ဖိုးလပြည့်
Popular Myanmar News Journal

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်၍ ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး

တာချီလိတ်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့်ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်သူသည် ဇနီးနှင့်ကွဲကွာနေပြီး အရက်အလွန် သောက်သဖြင့် အရက်ကြောင်ကြောင်နေသူ ဖြစ်ကြောင်း၊ ၎င်း၏ဦးလေးသည် ဓားဖြင့်ခုတ်သည့်ဒဏ်ရာဖြင့် အခုတ်ခံရသော နေရာတွင် သေဆုံးခဲ့ကြောင်း အဆိုပါ ဓားခုတ်မှုကို သွားရောက်စစ်ဆေးသည့် ဒုတပ်ကြပ်ကျော်ခိုင်ထံမှ သိရှိရသည်။

“ဖြစ်တဲ့နေရာမှာ သွေးတွေကို ရဲနေတာ၊ ခုတ်တဲ့သူ ကိုယ်တိုင်လည်း သွေးအိုင်ထဲ လဲကျနေတယ်” ဟု မျက်မြင်တွေ့ရှိသူ ပါကောင်ရွာမှ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ဆိုသည်။

ပြစ်မှုကျုးလွန်သူကို တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိရာ လူနာ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တာချီလိတ်မြို့နယ်တွင် နေထိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အိုက်ကွမ်းရှဲန်ကို ဝမ်ပုံနယ်မြေရဲစခန်း (ပ) ၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီးတစ်ဦးမှ ထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင် သွားသဖြင့်ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အား
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ) ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ လက်ကောက်ချွတ်ယူသွားသူမှာ မမူ(ခ)အေးအေးမူ ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိ နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

အင်းစိန်ရွာမအနောက် နယ်မြေ(၉)မီးကင်းတဲမီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၅၁၅.၇.၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန်ခန့်တွင် အင်းစိန်းမြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ နယ်မြေ(၉)မီးကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော အောင်ဝင်း(ခ)ကိုတွတ်(ဘ)ဦးခင်မောင်မြင့် မှာ ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်နေရာမှ မီးကင်းတဲ၏အခင်းသစ်သားချောင်းနှင့်ဝါးထရံတို့အား
ခြင်ဆေးခွေမှ တဆင့်မီးကူးစက်လောင်ကြွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၄၀၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးကျပ်(၅၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ အသုံးပြုသူ အောင်ဝင်း(ခ)ကိုတွတ်အား အင်းစိန်မြို့မရဲစခန်း(ပ) ၇၆၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အစ်ကိုဖြစ်သူမှ ညီအရင်းအား ပုဆိန်ဖြင့်ခုတ်သတ်

13.7.2013
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ တောင်စလုံကျေးရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့က ထမင်းချိုင့်ရေဆေးနေသည့် ညီဖြစ်သူအား အစ်ကိုဖြစ်သူမှ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့ တောင်စလုံရွာနေ မောင်စံ၊ အသက်(၁၈) နှစ်သည် နေအိမ်ရှိ ပန်းကန်ဆေးစင်တွင် ချိုင့်ရေဆေးနေစဉ် အစ်ကိုဖြစ်သူ မောင်စန်းမှ ပုဆိန်ဖြင့်ခုတ်ခဲ့သဖြင့် မောင်စံ၏ ညာဘက်ဂျိုစောင်းနှင့် ဂုတ်ပိုးတို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားခဲ့သည်။ မိဘများမှ မောင်စံအား ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

မိဘများဖြစ်သည့် ဦးခိုင်နှင့် ဒေါ်နန်းမိုးတို့မှ “သားကြီးဖြစ်သူ မောင်စန်းသည် လွန်ခဲ့သော (၄) လခန့်က ပေါင်းလောင်းဒေသဘက်တွင် ရွှေတူးသည့်အလုပ် သွားလုပ်ခဲ့ကြောင်း အိမ်သို့ပြန်လည်ရောက်ရှိသည်မှာ (၁)လပင် မပြည့်သေးကြောင်း၊ ညီအစ်ကို(၂)ယောက် စကားများရန်ဖြစ်ခြင်းလည်း မရှိဖူးကြောင်း၊ မောင်စန်းသည် ရွှေတူးစဉ်က အအေးဒဏ်ခံနိုင်ရန် မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြောင်းကို အနည်းငယ်ကြားမိခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ဆေးကြောင်ကြောင်ကာ ဖြစ်နိုင်ကြောင်း” ပြောပြပါသည်။

လူသတ်မှုကျူးလွန်သူ မောင်စန်းအား ပင်လောင်းရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Myawady News

ရန်ကုန်ဆေးရုံကြီး ဝန်ထမ်း ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ် နှင့် အူလမ်းကြောင်းကုဌာနမှ အထွေထွေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သည် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ဒလ မြို့နယ် ဝန်ထမ်းအိမ်ရာရှိ ၄င်းနေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဇနီးက The Voice သို့ ပြောကြားသည်။ "တစ်နေ့လုံး အကောင်းပဲ။ ကျွန်မက ညနေ ၃ နာရီလောက် ကလေးကျောင်းကြိုပြီး ပြန်လာတော့ ထုပ်တန်းမှာ ဆွဲကြိုးချ သေနေတာကို တွေ့တာ" ဟု ၄င်းကဆိုသည်။

သေဆုံးခဲ့သူ အမျိုးသားသည် ငွေကြေး အခက်အခဲ မရှိသကဲ့သို့ ရန်သူလည်း မရှိကြောင်း၊ မည်သည့် အကြောင်းကြောင့် ကြိုးဆွဲချ သေဆုံးသည်ကို မသိရကြောင်း သေဆုံးသူ၏ဇနီးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဒလမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်း သော်လည်း ၄င်းတို့အနေနှင့် ဖြေဆိုခွင့် မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သတ်သေမှုပေါင်း ၆၄ မှုရှိကြောင်း တရားဝင်ထုတ် ပြန်ချက်များအရ သိရှိရသည်။
ဒေးဗစ်
The Voice Weekly

သင်္ဘောဝမ်းဗိုက်ထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် တရုတ်နိုင်ငံသားပိုင် ကုန်တင်သင်္ဘောပေါ်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇူလိုင်လ ၉ ရက်နေ့ နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ MV AN XIN JIANG ကုန်တင်သင်္ဘောပေါ်တွင် ကုန်တင်ကုန်ချ ကြီးကြပ်ဝန်ထမ်း အသက် ၆၄ နှစ် အရွယ်ရှိ ဦးအောင်မြင့်သည် ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရန် ၁၅ ပေ အမြင့်ရှိ သံလှေကားမှ အဆင်းတွင် သင်္ဘောဝမ်းဗိုက်ထဲသို့ ခြေချော် ပြုတ်ကျကာ ဘယ်ဘက်ချိုစောင်းတွင် ဒဏ်ရာရ၍ သေဆုံးခဲ့ကြောင်း သေဆုံးမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တာက ရုတ်တရက်ကြီး၊ သူနဲ့ အရမ်းရင်းနှီးတဲ့ တရုတ်နိုင်ငံသား တစ်ဦးဆို ငိုတောင်ငိုတယ်၊ ဆုံးသွားတဲ့သူက မန်နေဂျာရဲ့ လူယုံလေ။ အလုပ်လုပ်တာလည်းကြာပြီ” ဟု လုပ်ငန်းခွင်မှ မျက်မြင်တွေ့ရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးခဲ့သူသည် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ (၁၆) လမ်းတွင် နေထိုင်သူဖြစ်ပြီး သေမှုသေခင်း အမှတ်၂၈/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

မုံရွာစီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားအား ရက်စက်စွာ ရိုက်သတ်ခဲ့သော တရားခံများဖမ်းမိ

မောင်အောင်ဝိုင်းချစ်သူ ၏ နောက်ဆုံးခရီး တွင်တွေ့မြင်ရစဉ်ပုံ
မုံရွာစီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ (၂၁) နှစ်အား ၀ိုင်းဝန်းပြီး ရက်စက်စွာ ရိုက်သတ်ခဲ့သော မုံရွာ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား ဖြစ်သူ ရှမ်းကြီး(ခ)ဇော်မိုးအောင် နှင့် စိုင်းရဲသူရ စာရင်းအင်း ဒုတိယနှစ် (ဘ) ဦးမြိုင်ဆွေ ဟိုပင်မြို့ နေသူ တို့ပါဝင်သော (၉)ဦးအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့ မုံရွာအမှတ်(၁/၂)ရဲစခန်းတို့မှ ပူးပေါင်း၍ဖော်ထုတ်အရေးယူဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် အသိုင်းအ၀ိုင်း နှင့် ရဲတပ်ဖွဲ့ သတင်းများအရ သိရှိရပါသည်။
ThanLarWaddy Times

လားရှိုးတွင် အလုပ်ကိစ္စဆွေးနွေးရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

လားရှိုး၊ ဇူလိုင် ၉။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၉) ခိုင်ရွှေဝါလမ်းမှ ကိုးကန့်ငါးပါးသီလကျောင်း အနီးရှိ
ဦးယူဆင်း၏ နေအိမ်သို့ ပြည်သူ့စစ် တစ်ဦးက လမ်းပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ တာမိုးညှင်း ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူ မိသားစုနှင့် ယခင်က စီးပွားရေး လုပ်ငန်းများ အကျိုးတူလုပ်ဆောင်ခဲ့ပြီး ငွေကြေးအရှုပ်အရှင်းများရှိခဲ့သဖြင့် သွားရောက် ဖြေရှင်းရာမှ စကားများကြပြီး အပြန်တွင် လမ်းပေါ်မှ သေနတ်ဖြင့်
ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

“နေ့လည်ခင်းကြီးမှာ ကားနဲ့ရောက်လာတယ်။ မကျေနပ်တိုင်း စိတ်ထင်သလို ဒီလိုသေနတ်ကိုင်ပြီး ပစ်ချင်ရာလျှောက်ပစ် သွားတာကတော့ တရားဥပဒေ မရှိသလိုဘဲ။ မပြေလည်တာရှိရင် ညှိနှိုင်းယူပေါ့ဗျာ။ ပစ်ခတ်ပြီးမှ ကားမောင်းပြီးတော့ ထွက်သွားတာ”ဟု ရပ်ကွက်အတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက “သူတို့အိမ်မှာက ကလေးတွေလဲရှိတယ်။
သူ့ယောက်ျားက အပြင်တွေဘာတွေ သွားတာများတယ်။ မိန်းမနဲ့ ကလေးပဲ ရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ထဲမှာ အဲဒီလို လက်နက်တွေကိုင်ပြီး လျှောက်သွားတာ လျှောက်ပစ်တာ တွေကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတယ်။ အရင်တုန်းကလည်း လားရှိုးမှာ နေ့ခင်းကြီး ဈေးထဲကရွှေဆိုင်ကို သေနတ်တွေနဲ့ ၀င်စီးသွားသေးတယ်။ ပြည်သူ့စစ် တစ်ယောက်က တာဝန်ချိန် မဟုတ်ဘဲ မြို့ထဲမှာ သေနပ်ကိုင်ပြီး၊ လုပ်ချင်ရာ လျှောက်လုပ်နေတာက အင်မတန် ရုပ်ဆိုးလွန်းတယ်။ ကြောက်စရာလဲ ကောင်းတယ်”ဟု ပြောသည်။

လူတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း နေအိမ်တံခါးပေါက်တွင် (၄)ချက်၊ အိမ်အ၀င်ပေါက် အုတ်နံရံတွင် (၁)ချက်၊ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။
သေနပ်ဖြင့် ပစ်ခတ်သွားသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးရာ
သိန်းနီမြို့နယ်၊ ရေပူကျေးရွာရှိ ရေပူဂိတ်တွင် အခင်းဖြစ်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း
အမှတ်(၁)ရဲစခန်းမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်အမျိုးအစား၊ ပစ်ခတ်ရသော အကြောင်းရင်း၊ တရားခံအား
အရေးယူဆောင်ရွက် ထားမှု၊ အပစ်ခံရသူအိမ်ရှင်အမျိုးသမီးအား စခန်းသို့ ခေါ်ဆောင်ထားသော
အကြောင်းများနှင့် အသေးစိတ် အချက်အလက် များအား မြန်မာ့ခတ်မှ ဇူလိုင်လ ၈ရက်နေ့တွင် အမှတ်(၁)ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်က“ ကျွန်တော်က ဒီကနေ့မနက်မှ
ဂျူတီချိန်းတာ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ရုံးအုပ်ချုပ်ကတော့ သိတယ်။ သူ့ကိုမေးလိုက်ပါ”ဟု ဖြေကြားသည်။ ရုံးအုပ်ချုပ်ထံ မေးမြန်းရန် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်းမရှိဘဲ စခန်းအတွင်းမှ ထွက်ခွာသွားသည်။

ခရိုင်မြို့ကြီး တစ်မြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ၊ တပ်မတော်တပ်ရင်းများစွာ ရှိနေပြီး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ယင်းကဲ့သို့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံပြည်သူ လူထုများက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ

တောင်ငူ၊ ဇူလိုင် ၅
တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲစခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

လားရှိုးမြို့ နန်းဟေဝန်ဥယျာဉ်တွင် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ

လားရှိုး ၊ ဇူလိုင် ၎
ရှမ်းပြည်နယ် လားရှိးမြို့တွင် အလုပ် ရှာမည်ဟု နေအိမ်ကထွက်သွားသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သုံးရက်အကြာတွင် မြို့လယ် နန်းဟေဝန်ဥယျာဉ်တွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း လားရှိုးမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ နယ်မြေ(၈) သစ္စာလမ်းနေ မမိုးဆွေဦးဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့က အလုပ်ရှာမည် ဟုဆိုကာ နေအိမ်က ထွက်ခွာသွားခဲ့ရာမှ ပြန်မရောက်လာ သဖြင့် လိုက်လံရှာဖွေ စုံစမ်းနေခဲ့ကြောင်း၊ ရှာမတွေ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရုံးတွင် တိုင်ကြားထားသည်ဟု သေဆုံးသူ၏ ဖခင် ဖြစ်သူ ဦးချစ်ဆွေက ထွက်ဆိုကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့စခန်း ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့မှ သိရှိရသည်။

မမိုးဆွေဦးတွင် လည်ပင်းယာဘက်၌ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲယာရင်အုံ တို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး နေအိမ်က ထွက်သွား စဉ် ဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့် လက်စွပ် မှာ ပျောက်ဆုံးခြင်းမရှိကြောင်း၊ ဆေးစစ် ချက်များအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့မှ အရာရှိ တစ်ဦးက ရှင်းပြသည်။

နန်းဟေဝန်ဥယျာဉ်မှာ လားရှိုးမြို့၏ မြို့လယ်တွင် တည်ရှိသည့်အပြင် မြို့မ ရဲတပ်ဖွဲ့စခန်း နှင့်လည်း နီးကပ်စွာ တည်ရှိ သည်။

ယင်းအမှုကို မြို့မရဲစခန်းက (ပ) ၃၃၈/၁၃ ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေနေကြောင်း မြို့မရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။
The Voice

ကျောင်းဆရာမနှင့် ကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူနှင့် ပတ်သက်၍ သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။

“ ပြစ်မူကို စုံစမ်းဖေါ်ထုတ်နေတုန်း ဖြစ်ပါတယ်။ အခု ပီစိ မူဆလင်ရွာက သားဖ နှစ်ဦးဖြစ်တဲ့ စန်းမောင်နဲ့ မာမောက်ချေတို့ သားအဖကို ဖမ်းထားပါတယ်။ အခု သင်္ကာမကင်းတဲ့ အတွက် ဖမ်းဆီးထားတာ ဖြစ်တဲ့ အတွက် ပြစ်မူ ကျူးလွန်တယ်လို့တော့ မှတ်ယူလို့ မရဘူး။ အခု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု ဖမ်းဆီးခံထားရတဲ့ သူနှစ်ဦးနဲ့ ပတ်သက်ပြီး ဒီထက် ပိုမပြောလို့ မရပါဘူး” ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမူနှင့် ပတ်သက်ပြီ ကျောက်တော်အမူမှတ် (ပ) ၈၀ / ၂၀၁၃ ပြစ်မူ ပုဒ်မ (၃၈၂) နဲ့ အမူဖွင့်ထားကြောင်း ရဲမှူးက ဆက်လက် ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ်နှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

“ ဖြစ်တာ ၂၀၁၃ ဇူလို်င်လ ၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် အချိန်၊ ကျောက်တော်မြို့နယ် နဂါရာ အုပ်စု မြင်းဂန်းရွာမှာ စပါးတောင်းနဲ့ စာပြနေတဲ့ ဆရာမ မဆန်းဆန်းနွယ် (၂၀) နှစ် ဖ ဦးသိန်းမောင်နဲ့ လေးတန်းကျောင်းသူ မသန်းနွယ် (ဖ) ဦးကျော်သိန်းဦးတို့နှစ်ဦးဟာ စာပြပြီး တဲ့နောက် အဲဒီကလးမလေးကို အိမ်ပြန်လိုက် အပို့မှာ မသန်းနွယ်က နောက်ဖေး သွားချင်လို့ မသန်းနွယ် အိမ်နောက်ဖေး ကိုက် ၃၀ အကွာကို လိုက်ပို့တယ်။ အဲဒီက အပြန်မှာ လူနှစ်ဦးက တစ်ယောက်စီ ဖမ်းချုပ်ပြီး ချောင်းနားကို ခေါ်သွားတယ်။ နားကပ်တွေကို ဖြုတ်ပြီး ယူသွားပါတယ်။ ဖြစ်စဉ်က ဒါပါဘဲ” ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အဆိုပါ အမျိုးသမီး နှစ်ဦးအား ရိုက်ပုတ်ပြီး ရေထဲသို့ ပစ်ချထားခဲ့သည်။ ကျေးရွာသားများက အသံကြားသဖြင့် နောက်ပိုင်းတွင် လိုက်လံ ရှာဖွေရာ ရေကမ်းစပ်မှ တွေ့ရှိပြီး သူမတို့နှစ်ဦးအား ကယ်တင်ကာ ကျောက်တော် ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုအခါ သူမတို့နှစ်ဦးစလုံး ကျောက်တော် ဆေးရုံတွင် တက်ရောက် ဆေးကုသနေရသည်ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာသတင်းဌာန

အချုပ်ခန်းအတွင်း ချောင်းဆိုးပျောက်ဆေးသွင်းသူ အမျိုးသမီးကို ထောင် တစ်လချ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တရားရုံးတွင် ဇူလိုင် ၃ ရက်နေ့ ၃ နာရီ ၂၀ မိနစ်က အချုပ်တရားခံ တစ်ဦးအား ခွင့်ပြုချက်မရဘဲ ချောင်းဆိုးပျောက်ဆေးများ ပေးသွင်းသူ အမျိုးသမီးကို ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
...
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာ ပိတောက်ရွှေဝါလမ်းနေ ကိုညီညီထွန်း (၂၇ နှစ်) ကို လှိုင်သာယာမြို့နယ် တရားရုံး ဒုတိယ မြို့နယ်တရားသူကြီး(၂) ရုံးခန်းတွင် ပြစ်မှုကြီးအမှတ်၂၃၅၄/၁၂၊ ပြစ်မှုပုဒ်မ- ၃၇၉ ဖြင့် ရုံးထုတ်စစ်ဆေးပြီး တရားရုံးအချုပ်ခန်းသို့ ပြန်ပို့စဉ် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အိအိထွန်း(၃၅ နှစ်) က တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ သခွားမွှေး ချောင်းဆိုးပျောက်ဆေး (Dextromentro Phen) ၄၅ လုံးခန့် လျှို့ဝှက်ပေးသွင်းခြင်းကို စစ်ဆေး တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"ရုံးမှာစစ်ဆေးပြီးလို့ အချုပ်ခန်းကို ခေါ်လာတုန်း လမ်းမှာစကားပြောရင်း လက်ထဲ ထည့်ပေးလိုက်တာ၊ ဘာတွေလဲ မေးလို့ ခုလို စစ်ဆေးတွေ့ရှိရတာပါ။ သူရဲ့ အမျိုးသားက အချုပ်ခန်း ထဲမှာပါ။ ဒီဆေးကို လူကြုံ ထည့်ပေးလိုက်တာ ဖြစ်နိုင်တယ်" ဟု တာဝန်ကျ ရဲအရာရှိက ရှင်းပြသည်။

တားမြစ်ပစ္စည်းများ လျှို့ဝှက် ပေးသွင်းသူ ဒေါ်အိအိထွန်းကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၄/ ၁၃၊ အကျဉ်းထောင်အက် ဥပဒေပုဒ်မ-၄၂ဖြင့် အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်လ အမိန့်ချမှတ် ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

"ဒီ Dextromentro Phen ချောင်းဆိုးပျောက်ဆေး အများကြီး သောက်မယ်ဆိုရင် ဆေးအာနိသင်က ဘိန်းမည်း ဒါမဟုတ် အိပ်ဆေးနဲ့ အာနိသင် တူတယ်။ ဦးနှောက်မှာ ရှိနေတဲ့ အသက်ရှူတဲ့ နေရာနဲ့ နှလုံးခုန်တဲ့ နေရာကို တာဝန်ယူတဲ့ ဧရိယာတွေကို ပိတ်လိုက်တာကြောင့် သတိ မေ့မြောနိုင်ပြီး အသက်ရှူ ရပ်နိုင်တယ်။ နှလုံးရပ်လို့ သေနိုင်ပါတယ်" ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆေးအာနိသင် ကို ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် တရားရုံးတွင် ဇွန်လ၂၀ ရက်က အချုပ်ခန်းအတွင်းမှ တရားခံကို အရက်နှင့် ကော်ဖီ ရောနှောထားသည့် ရေသန့်ဘူး ပေးပို့သူကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၇၉/၁၃၊ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သန်လျင်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ငွေကြေးများဖေါသီစွာ သုံးစွဲနေသူ ဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအား ကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ ဖောသီစွာသုံးစွဲလျက်ရှိကြောင်း သတင်းရရှိ မသင်္ကာသဖြင့် စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့ တိမ်းရှောင်သွားကြောင်းသတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင် ဆေးသုတ်သည့်အလုပ်အား လုပ်ကိုင်နေစဉ်အတွင်းက ထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက် လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း သိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

Thursday, July 4, 2013
အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com