http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

သားအိမ်ကင်ဆာ စမ်းသပ်နည်းသစ် အိန္ဒိယရှာဖွေတွေ့ရှိ

04.06.2013
သားအိမ်ကင်ဆာ ရောဂါကြောင့် အမျိုးသမီးတွေ သေဆုံးနေရတာကို သာမာန် အိမ်သုံးစားသောက်ပစ္စည်း တခုဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီး သိသိသာသာ လျှော့ချနိုင်တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ဆရာဝန်တွေက ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့က ညီလာခံတခုအတွင်း အိန္ဒိယဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်ကို တင်ပြရာမှာတော့ အမျိုးသမီးပေါင်း ၁ သိန်းခွဲလောက် ပါဝင်တဲ့ သုတေသနအတွင်း သေဆုံးမှုနှုန်း ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
                                                                          
ရှာလကာရည်ပါတဲ့ ဂွမ်းစနဲ့ သားအိမ်ကို ဆေးကြော စမ်းသပ်ကြည့်တဲ့ အခါမျိုးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ရှုးတွေဟာ အဖြူရောင်အဖြစ် ပြောင်းလဲ သွားတတ်တဲ့အတွက်၊ ကြိုတင်ကာကွယ်မှုတွေ ကုသမှုတွေ အချိန်မီ လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာလို သားအိမ်ကင်ဆာရောဂါအတွက် ငွေကုန်ကြေးကျ များတဲ့ စံချိန်မီ စမ်းသပ်စစ်ဆေးမှုမျိုးတွေကို မတတ်နိုင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လွယ်ကူရိုးစင်းတဲ့ ဒီစမ်းသပ်နည်းသစ်က အမျိုးသမီးပေါင်း ထောင်သောင်းမကရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့လည်း အိန္ဒိယ ဆေးသုတေသန ပညာရှင်တွေက ပြောခဲ့ကြတာပါ။
ဗွီအိုအေ (မြန်မာဌာန)

ပိုးသစ်ကြောင့် နောက်ထပ် ၃ ဦးသေဆုံး

အနုကြည့်မှန်ပြောင်းကနေ မြင်ရတဲ့ SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ် coronavirus
01.06.2013
SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်ခုကြောင့် ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံမှာ နောက်ထပ် လူသုံးဦး သေဆုံးခဲ့ရပြီးဖြစ်သလို၊ အခုဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတ၀ှမ်းသေဆုံးသူ အယောက် ၃၀ ရှိပြီိလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီရောဂါပိုးကြောင်း သုံးဦးသေဆုံးတဲ့ အကြောင်းကို ဆော်ဒီအာရေဗျ အစိုးရအရာရှိတွေက အတည်ပြုခဲ့တာဖြစ်တယ်လို့ WHO ပြောခွင့်ရက ဆိုပါတယ်။

ဆော်ဒီအာရေဗျမှာပဲ ဒီရောဂါပိုးကူးစက်ခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု လည်း တွေ့ရှိထားတဲ့အကြောင်းနဲ့၊ ဒါနဲ့ပါဆိုရင် ကမ္ဘာတ၀ှမ်းမှာ ဒီရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှု ဖြစ်ရပ်ပေါင်း ၅၀ ရှိပြီလို့လည်း သူက ပြောပါတယ်။ အခုနောက်ထပ်ဖြစ်တဲ့ ကူးစက်မှုဟာ အရှေ့ပိုင်းခရိုင် Al-Ahsa မှာ ဖြစ်ပွားခဲ့တာပါ။

SARS ရောဂါပိုးနဲ့တူတဲ့ ဒီ ဗိုင်းရပ်စ်ပိုးသစ်ကို ပြီးခဲ့တဲ့နှစ်က ရှာဖွေတွေ့ရှိ ခဲ့တာပါ။ ကူးစက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆော်ဒီအာရေဗျနိုင်ငံ ထဲမှာဖြစ်ပါတယ်။ ဂျော်ဒန်၊ ကာတာ နဲ့ တူနီးရှားနိုင်ငံတွေအပါအ၀င် တခြား အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပမှာလည်း ဒီရောဂါပိုးသစ် ကူးစက်ပျံ့ပွားမှုတွေ တွေ့ရှိခဲ့ရပါတယ်။

ဒီသီတင်းပတ်အစောပိုင်းကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့ရသလို၊ ဒါဟာ ပြင်သစ်မှာ ဒီရောဂါပိုးကြောင့် ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပြီး ဖျားနာတာနဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတွေ ဖြစ်စေတဲ့ ဒီရောဂါပိုးသစ်ဟာ နီးနီးကပ်ကပ်နေတဲ့ လူအချင်းချင်းကြား ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ များနေ

May 31, 2013
အခုနှစ် ၄ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေဟာ မနှစ် တနှစ်လုံးရောဂါ ဖြစ်ပွားသူဦးရေရဲ့ ထက်ဝက်လောက်ရှိနေပြီး ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပါတယ်။

၂၀၁၂ ခုနှစ် တနှစ်လုံး ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၁၃ ခုနှစ်မှာတော့ ဇန်န၀ါရီလကနေ ဧပြီလအထိ ၄ လအတွင်း ရောဂါဖြစ်ပွားသူ ၅၀၀  ကျော်ရှိတယ်လို့ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

၂၀၁၁ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ၂၀၁၁ ခုနှစ် တနှစ်လုံး ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်သာ ရှိတာကြောင့် ဆတူလောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ၂-၃ နှစ်ကြာတခါ ပြန်လည်ဖြစ်ပွားတတ်ပြီး အဓိက ခြင်ကိုက်လို့ ဖြစ်တာပါ။ အခုနှစ်ထဲ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပါတယ်။

အခုလိုရာသီမှာ ကလေးတွေ ဘာကြောင့်ပဲဖျားဖျား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တာကြောင့် သတိထား စောင့်ကြည့်ဖို့လိုတဲ့အကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

“ဒီရာသီဥတုမှာ ဘာကြောင့်ဖျားဖျား သွေးလွန်တုပ်ကွေးကြောင့် ဖျားတယ်လို့ ယူဆပြီး ဂရုတစိုက်ကြည့်ရင် ကလေးအသက်ကယ်နိုင်ပါတယ်။ အထူးသဖြင့် သွေးလွန်တုပ်ကွေးမှာ ကလေးတွေဆုံးရင် သွေးလန့်လို့ ဆုံးတာပါ။ သွေးလန့်တာကို ကြိုသိဖို့ လိုပါတယ်။ ဖျားနေရင် မိဘများက ကြောက်ကြတယ်။ ကလေးကဖျားရင် အီတယ်၊ ဂျီကျတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ လက်ဖျားခြေဖျားအေးတယ်၊ အစာမစားဘူး။ ဆရာဝန်တွေက စိတ်မပူပါဘူး၊ ကလေးတွေကဖျားနေချိန်ဆို သွေးမလန့်ပါဘူး။ အဖျားကျသွားချိန်မှ သွေးလန့်တတ်တာ။ မိဘများ သတိထားရမှာက အဖျားရုတ်တရက်ကျသွားတယ်၊ ကျတဲ့အချိန် ကလေးကမှိန်းနေတယ်၊ ဂျီကျနေတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ အစားအသောက်မစားနိုင်ဘူး။ ဆက်တိုက် ဆက်တိုက် ဗိုက်နာတယ်၊ အန်တယ်၊ နှာခေါင်းသွေးလျှံတယ်၊ ဗိုက်နာတယ်၊ ၀မ်းမည်းတွေသွားတယ်၊ ဒါတွေဖြစ်လာရင် ဆေးရုံအမြန်လာဖို့ လိုတယ်။ နေ့နေ့ ညည အချိန်မဆိုင်းဘဲ ကလေးဆေးရုံကို အမြန်လာတက်ဖို့ လိုတယ်။”

စိုးရိမ်ရတဲ့ ရောဂါလက္ခဏာနဲ့ ဆေးရုံတက်ဖို့ ၀န်မလေးကြဖို့လည်း ဒေါက်တာသန်းထိုက်က အခုလို ပြောပါတယ်။

“လက်ဖျားခြေဖျား၊ တံတောင်အောက်၊ ဒူးခေါင်းအောက် ရေခဲတုံးကိုင်ရသလိုအေးပြီဆို ပိုအရေးကြီးပါတယ်။ ဒါကို သွေးလန့်တယ်လို့ ခေါ်တယ်။ ကလေးရဲ့အသက်ကံကြမ္မာက သွေးလန့်ချိန်နဲ့ စနစ်တကျ ဆေးသွင်းကုသချိန် ဘယ်လောက်ကြာလဲပေါ်မှာ မူတည်ပါတယ်။ သွေးလန့်ပြီးတော့ ၃ နာရီအတောအတွင်း ကုနိုင်သလား၊ ၆ နာရီအတွင်း ကုနိုင်သလား၊ ၁၂ နာရီအတွင်း ကုနိုင်သလား၊ ၂၄ နာရီကျော်မှ ကုနိုင်လား။ ကြာလေ ကြာလေ ကလေးရှင်ဖို့ အခွင့်အလမ်းက နည်းပါးလေပါ။ ကျနော်တို့ဖြစ်စေချင်တာက သွေးလွန်တုပ်ကွေးဖြစ်ပြီလို့ သံသယ၀င်ရင် ဆေးရုံကိုအမြန်လာပြပါ။ ဒါဆို ဆောင်ရန် ရှောင်ရန်တွေ နောက် သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် စစ်ဆေးပေးပါမယ်။ မလာဖြစ်လို့ သွေးလန့်လက္ခဏာပေါ်ရင်  အမြန်ဆေးရုံလာတက်ဖို့ မေတ္တာရပ်ခံပါတယ်။

“ဆေးရုံကို မိဘများကြောက်ကြတယ်။ ငွေကြေးအဆင်မပြေလို့ မတက်ချင်တာတို့၊ အိမ်သားတွေ မအားလို့ မတက်ချင်တာလည်း ပါတယ်။ သွေးလွန်တုပ်ကွေးသည် အသက်အန္တရာယ်ရှိလို့ တက်စေချင်ပါတယ်။ ငွေကြေးအတွက် ပူစရာမရှိပါဘူး။ နိုင်ငံတော်က ဆေးဝါးအလုံအလောက်ဝယ်ခွင့်ပေးထားလို့ ကလေးတွေ ငွေကုန်မရှိဘဲ ကယ်နိုင်ပါတယ်။ စောစောလာရင် စောစောကယ်နိုင်ပါတယ်။ နောက်ကျလာရင် ကယ်ပေမယ့်လည်း မကယ်နိုင်တာတွေ ကြုံတတ်ပါတယ်။”

ရန်ကုန်ကလေးဆေးရုံကြီးမှာ အခုနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁ ဦးပဲ ရှိတယ်လို့ ပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေတဲ့ ခြင်ကျားပေါက်ဖွားနှုန်းများတဲ့ မိုးဦးကျကာလ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရောဂါဖြစ်ပွားတဲ့နှုန်း မြင့်တက်လေ့ရှိပါတယ်။
ရွှေအောင်
ဒီဗွီဘီ



ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး

ရန်ကုန်၊ မေ ၂၈
မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသောင်းခန့် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် နှစ်စဉ် သေဆုံးလျက် ရှိကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ဖြစ်သူ ကလင်တန်ဖောင်ဒေးရှင်းမှ ချယ်လ်ဆီး ကလင်တန်က မေလ ၂၇ ရက်နေ့ Procter & Gamble (P&G) နှင့် ကလင်တန် ဖောင်ဒေးရှင်းတို့၏ ရေခြောက်ဘီလီယံ လီတာမြောက် ရေလှူဒါန်းပွဲတွင် ပြောကြားသည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပြီး ကမ္ဘာပေါ်ရှိ ကလေးတစ်သန်းခန့်သည် ဝမ်းပျက်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေခန်းခြောက်ခြင်းကြောင့် နှစ်စဉ် သေဆုံးနေကြကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ကူညီပံ့ပိုးမှု အစီအစဉ် (USAID) က လာမည့် ၂ နှစ်အတွင်း သောက်သုံးရေရရှိမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတွင်ပင် USAID က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် သောက်သုံးရေ ရရှိမှု တိုးတက်လာသော်လည်း လုံလောက် သောအခြေအနေ မရရှိသေးသည့်အတွက် ကျန်းမာရေးထိခိုက်သူ များစွာကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီမှာ ရာသီဥတု အပြောင်းအလဲကြောင့် ရေကောင်းရေသန့် မပြောနဲ့ ရေရဖို့တောင် မနည်း ရုန်းကန်နေရတယ်” ဟု World Vision ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းဇင်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခုနှစ် နွေရာသီ၌ ရေရှားပါးမှု အခက်အခဲများ ပိုရင်ဆိုင်ခဲ့ ရသည်။
The Voice Weekly

လူ ၁၀ ဦးလျှင်တစ်ဦး အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံနေရ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် တစ်ဦး အသည်းရောင်အသားဝါဘီပိုးကူး စက်ခံနေရကြောင်း တွေ့ရှိခဲ့ကြသဖြင့် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ခြောက်သန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံရှိ လူထုအား သေဆုံးစေသည့်ရောဂါများအနက် အသည်းခြောက်ရောဂါသည် နံပါတ်ရှစ်နေရာတွင် ရှိနေကြောင်း GBD 2010 တွင် ဖော်ပြထားပြီး အခြားနိုင်ငံများနှင့်မတူ မြန်မာနိုင်ငံသည် အသည်းရောင်ဘီပိုးကြောင့် အသည်းခြောက်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံလည်းဖြစ်သည်။

ပြည်တွင်းရှိ အသည်းအထူးကုဆရာဝန်များထံသို့ ရောက်ရှိလာသည့် လူနာအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် အသည်းရောင်အသားဝါဘီပိုးကြောင့် နောက်ဆက်တွဲ ရရှိလာသည့် ရောဂါများဖြင့် ရောက်ရှိလာသည့် လူနာများဖြစ်နေကြောင်း အသည်းအထူးကုသမားတော်ကြီးများက ပြောသည်။

ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်)ကူးစက်ခံရမှုကို အထူးတလည်ကြောက်ရွံ့နေသည့်အချိန်တွင် အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ပုံတူညီသည့် အသည်းရောင် အသားဝါဘီပိုးသည် အိတ်ခ်ျအိုင်ဗီထက် အဆငါးဆယ်ပိုမိုကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။

ရောဂါပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်များထဲတွင် ပမာဏများစွာပါဝင်နေပြီး အနည်းငယ်ထိရှမိရုံဖြင့် ရောဂါပိုးကူးစက်နိုင်သည်။ ရောဂါပိုးသည် ပမာဏနည်းနည်းဖြင့် တံတွေး၊ နို့ရည်၊ ချွေးစသည်တို့တွင်လည်း ပါဝင်နေပြီး အခြားဗိုင်းရပ်စ်ပိုးများနှင့်မတူ ခန္ဓာကိုယ်ပြင်ပတွင်လည်း တစ်လခန့် အသက်ရှင်နိုင်သည်။

အသည်းရောင်အသားဝါဘီကြောင့် ဆေးရုံ၊ ဆေးခန်းရောက်လာသည့် လူနာများတွင် ကလေးငယ်မှစတင်ပြီး သက်ကြီးရွယ်အိုအထိ အရွယ်စုံပါဝင်ကာ ထိုရောဂါသည် ပျောက်ကင်းအောင် ကုသရန် မလွယ်ကူသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။

ရောဂါပိုးသည် သွေးအတွင်း၌ ပျံ့နှံ့နေပြီး အခြားသူတစ်ဦးထံသို့ သွေး၊ ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်နှင့်ရောဂါရှိသော မိခင်မှ ကလေးသို့ မီးဖွားချိန်များတွင် ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် သွေးမကြာခဏသွင်းသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ မူးယစ်ဆေးဝါးအကြောထဲသွင်းသူများ၊ လိင်အပျော်အပါးများသူများ၊ ခန္ဓာကိုယ်တွင် အပေါက်ဖောက်သူများ ဆေးမင်ကြောင်ထိုးသူများတွင် ရောဂါကူးစက်နိုင်ခြေများပြားသည်။

“ဒီနိုင်ငံထဲမှာ ကူးတာကတော့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာများတယ်” ဟု အသည်းအထူးကုသမားတော် ဒေါက်တာသံစစ်က ပြောသည်။

ရောဂါပိုးကူးစက်ခံထားရသူများမှာ ဆေးဝါးကုသမှုများဖြင့် ပုံမှန်ရှင်သန်နိုင်သော်လည်း အခြားသော နိုင်ငံများမှ နိုင်ငံတွင်းလာရောက် အလုပ်လုပ်မည့်သူများ၊ ပညာသင်မည့်သူများအား အသည်းရောင်အသားဝါပိုးမရှိမှသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသည်။

“အခုဆိုရင် နိုင်ငံတကာမှာ အခွင့်အရေးတွေရှိလာပေမယ့် ဘီပိုးရှိလို့ အလုပ်မရကြတာတွေ၊ ပိုးရှိနေလို့ ကျောင်းသွားမတတ်နိုင်တာတွေလည်း အများကြီးရှိလာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

“အိမ်ထောင်ပြုသည့် အသက်အရွယ်တွေကို အိမ်ထောက်ဖက်ကို ပြောသင့်သလားဆိုပြီး တိုင်ပင်ကြတာတွေလည်းရှိတယ်။ အချို့ဆိုလည်း အိမ်ထောင်ပြုပြီးမှသိသွားလို့ ပြဿနာတွေ တက်ကြတာတွေလည်းရှိတယ်” ဟု ဒေါက်တာသံစစ်က နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာကိုပြောသည်။

ဘီပိုးသည် မသန့်ရှင်းသော သောက်ရေ၊ မသန့်ရှင်းသည့် အစားအသောက်တို့မှ ကူးစက်တတ်သည့် ရောဂါမဟုတ်သော်လည်း ဘီပိုးရှိသူများတွင် မသန့်ရှင်းသည့် အစားအသောက်ကြောင့် အသည်းရောင်အသားဝါ A, E ကဲ့သို့သော ပိုးများထပ်ဝင်လျှင် ရောဂါများရရှိပြီး ရောဂါအခံရှိသည့်သူများတွင် ရောဂါပိုးဆိုးသွားနိုင်ကြောင်းလည်း သတိပြုသင့်သည်။

ဘီပိုးကူးစက်ခံရပြီးနောက် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ နုံးခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အဆစ်နာခြင်း လက္ခဏာများပြသလေ့ရှိသော်လည်း ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနှင့် ကလေးသူငယ်များတွင် ထိုကဲ့သို့ ရောဂါလက္ခဏာ မပြသဘဲ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာများအဖြစ် ပြောင်းလဲသွားကြသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် အသည်းရောင်အသားဝါဘီပိုး၏ နောက်ဆက်တွဲအသည်းရောဂါများဖြင့် သေဆုံးနေကြပြီး မြန်မာနိုင်ငံတွင်လည်း သေဆုံးမှု စာရင်းအတိအကျမရှိသော်လည်း World life expectancy ၏ တွက်ချက်မှုအရ မြန်မာသည် ကမ္ဘာပေါ်တွင် အသည်းရောဂါဖြင့် သေဆုံးနှုန်း နံပါတ် ၂၀ နေရာတွင် ရှိနေသည်။

အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအနက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံးကာကွယ်နိုင်မှုပင် ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀ ၀န်းကျင်ဖြင့် သုံးကြိမ်ထိုး၍ကာကွယ်နိုင်သည်။

ဘီပိုးကူးစက်မှုလျှော့ချနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းအချို့မှ ရည်မှန်းထားသည့် လူအနည်းငယ်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၀ ပြည့်နှစ်ကျော်မှ စတင်၍ ကလေးငယ်များ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသည်းရောင်အသားဝါဘီပိုးကာကွယ် ဆေးကိုပါ ထည့်သွင်းထိုးနှံမှုများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက ဆေးဝါးထုတ်လုပ်သည့်စက်ရုံမှ ညွှန်ကြားရေးမှူး အငြိမ်းစားများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်အသင်းမှ ဆရာဝန်များစသည်ဖြင့် ဖွဲ့စည်းထားသည့် အသည်းဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း၍ တရားဝင်
မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်မှုများအတွက် ပထမဆုံးသော ဖောင်ဒေးရှင်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ပြီးပါက ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့ (World Hepatitis Alliance) ကဲ့သို့ အဖွဲ့များနှင့်ဆက်စပ်ပြီး ပြည်တွင်းတွင် ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ၁၀ ရာခိုင်နှုန်းဆိုတာကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စာရင်းတွေ။ အခု ဘယ်လောက်အထိ ကူးစက်နေလဲဆိုတဲ့ စာရင်းမရှိဘူး။ ဖြစ်ပွားနှုန်းကိုသိမှ တားဆီးနိုင်မယ်။ ရည်မှန်းချက်တစ်ခုထားပြီး လျှော့ချနိုင်မယ်။ ပြီးတော့ တစ်ဦးချင်းကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း ပညာပေးတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ဖို့လုပ်မှာပါ” ဟု ထို အဖွဲ့တွင်ပါဝင်သည့် အသည်းအထူးကုဆရာဝန်တစ်ဦးက ပြောသည်။

ရောဂါဖြစ်ပွားလာလျှင် ပျောက်ကင်းအောင် ကုသနိုင်ရန်ခဲယဉ်းပြီး နှစ်ရှည်လများ ဆေးသောက်ကာ အမြဲမပြတ်ဆေးထိရောက်မှုရှိ၊ မရှိနှင့် ပိုးကောင်ရေစစ်ဆေးရခြင်းလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုလည်း များပြားသည်။

“ဆေးတွေ၊ အသည်းအားဆေးတွေနဲ့ တစ်လတစ်လကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ကုန်တယ်”ဟု ဒေါ်မီမီက ပြောသည်။

ကူးစက်နိုင်သည့် ရောဂါဖြစ်သည့်အတွက် ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုလည်း ခံစားကြရပြီး တကယ်တမ်းဘီပိုးသည် ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးရှိသူများမှာ သွေးစသွေးနစွန်းနိုင်သည့် ပစ္စည်းများအား သီးသန့်အသုံးပြုခြင်းများ၊ ရောဂါရှိသူနှင့် အိမ်ထောင်ပြုရန် စီစဉ်ထားသူများမှာလည်း အချိန်ယူပြီး ကာကွယ်ဆေးသုံးကြိမ်ထိုးပြီး သီးသန့်အသုံးအဆောင်လေးများဖြင့် အခြားသူများသို့ ရောဂါပိုးမကူးစက်စေရန် ကာကွယ်နိုင်ကြသည်။

အပြည့်အ၀ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူအများကို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အသည်းရောင် အသားဝါဘီပိုးကူးစက်မှုလျှော့ချရာတွင် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

“ကုသနိုင်တဲ့ဆေးက ရောဂါပျောက်ဖို့မလွယ်ဘူး။ ပိုးကောင်ရေ မများလာအောင်သာ ထိန်းသိမ်းနိုင်မယ်။ တစ်သက်လုံးဆေးသောက် နေရမယ်။ တစ်လကို လေး၊ငါးသောင်းလောက်ကျတော့ အများစုက မကုသနိုင်ဘူး” ဟု ဒေါက်တာသံစစ်က ပြောသည်။

လက်ရှိလုပ်နိုင်သည့် ပညာပေးလုပ်ငန်းများတွင် ရေဒီယို၊ ကျန်းမာရေးစာစောင်များ၊ ရုပ်သံမီဒီယာများတွင် အသည်းရောင်အသားဝါနှင့် ပတ်သက်၍ ဆောင်းပါးအမျိုးမျိုး ရေးသားကာ အများပြည်သူဖတ်ရှုပြီး သတိပြုမိစေရန်သာ ဆောင်ရွက်နေ၍ ထိရောက်မှုလည်းရှိနေကြောင်း သိရသည်။

ထို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ အသည်းရောင်အသားဝါဘီပိုး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် လုံလောက်သည့် ဆေးဝါးထုတ်လုပ်ပြီး ရောဂါကူးစက်နိုင်သည့် အခွင့်အရေးရှိသူများ ကာကွယ်ဆေးထိုးခြင်းကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခြင်းဖြင့်သာ ရောဂါကူးစက်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားကြသည်။

“ထိရောက်တဲ့ ကာကွယ်မှုလည်းမရှိဘူး။ ဖြစ်လာရင်လည်း တစ်သက်လုံး မကုသနိုင်ဘူးဆိုရင်တော့ ပိုးတွေ ဆက်ကူးဖို့ပဲရှိတော့တာပေါ့။ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ဒါတွေကြည့်ပြီး ကူးစက်ဖို့ ပိုများလာနိုင်တယ်ဆိုတာကတော့ သေချာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။
ဝတ်ရည်အောင်
7Day News Journal

ပုရစ်ကြော်စားခြင်းမှ တစ်ဆင့် အီကိုလိုင်းပိုး ကူးစက်နိုင်

ပဲပင်ပေါက်သာမက ပုရစ်ကြော် စားသုံးခြင်းဖြင့်လည်း အီကိုလိုင်းပိုး ကူးစက်နိုင်ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။ “မန္တလေးမှာ ပုရစ်ကြော်တွေစားပြီး ဒီရောဂါဖြစ်ခဲ့တာ၊ စဖြစ်တုန်းက ဘာရောဂါမှန်း မသိဘူး၊ ဝမ်းအရည်တွေသွားတယ်။ ပျို့အန်တာလည်း တအားပဲ။ ဒါနဲ့ ဗဟိုရ်စည်ဆေးရုံမှာ တက်ဖြစ်သွားတယ်။ ဆေးရုံမှာ ၂ ရက် ၃ ရက်လောက်အထိကို မသက်သာဘဲ ဆေးတွေ သွင်းခဲ့ရတယ်။ ၅ ရက်မြောက်မှာ တော်တော်ကောင်းသွားပြီး ၇ ရက်မြောက်မှာ ဆေးရုံက ဆင်းနိုင်ခဲ့တယ်”ဟု ၎င်းက အီကိုလိုင်းပိုး ခံစားခဲ့ရပုံကို ပြောပြသည်။ ၎င်းအီကိုလိုင်းပိုးသည် ယခုနှစ်မေလအတွင်း ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ၅၄ ဦးအထိ သေဆုံးကြောင်း၊ လူထုကျန်းမာရေးနှင့် ဆိုင်သည့် စုံစမ်းမှုများအရ ပဲပင်ပေါက်သည် ရောဂါဖြစ်စေသည့် အကြောင်းအရင်း ဖြစ်ကြောင်း သိရသည်။

“ဒီအီကိုလိုင်းပိုးက ကျွဲ၊ နွား၊ ကုလားအုတ်၊ သိုးကောင်တွေကို စားတာကနေ တစ်ဆင့်လူဆီကို ရောက်တယ်။ မကျိုချက်ရသေးတဲ့ နွားနို့တို့၊ ကောင်းကောင်း မချက်ပြုတ်ရသေးတဲ့ အသားတို့ကနေ လူကို ကူးစက်တာပါ။ အီကိုလိုင်းပိုးမှာ ရောဂါလက္ခဏာ မပြသေးတဲ့ အချိန်ဆိုတာရှိပြီး အဲဒီအချိန်အတွင်းမှာ သူများကိုလည်း ကူးစက်နိုင်ပါတယ်” ဟု ရောဂါကူးစက်ပုံ အနေအထားကို ၎င်းက ပြောသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်းနှင့် ဦးနှောက် အမြှေးပါးရောင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။ ရောဂါကာကွယ်ရေးအတွက် အစားအစာ ပြောင်းလဲမှု တစ်ခုလုံးကို ထိန်းချုပ်ရန်လိုပြီး စီးပွားဖြစ် အစားအစာ ထုတ်လုပ်ခြင်း၊ မိမိအိမ်တွင် အစားအစာ ပြင်ဆင်ခြင်းများကို ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ချစ်ဆုဆွေ
သတင်းချစ်သူ - ဝေဟင်

အဏုမြူရောင်ခြည်သုံး ရောဂါရှာဖွေရေးစက်ကို ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်မည်

ရန်ကုန်၊ မေ ၂၀။
နိုင်ငံတကာအဆင့်မီ အဏုမြူရောင်ခြည်သုံးရောဂါရှာဖွေရေးစက်အသစ်တစ်လုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် တပ်ဆင်တော့မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အဏုမြူရောင်ခြည်ဖြင့်ရောဂါရှာဖွေရေးဌာနမှူး ဒေါက်တာဦးကျင်မြင့်၏ ပြောကြား ချက်အရ သိရသည်။

“အရင်ကCT Scanနဲ့ ရောဂါရှာဖွေတာပေါ့။ အဲ့ဒီတုန်းက ရောဂါတော်တော်ဖြစ်တော့မှ Scan
ထဲမှာပေါ်တာ၊ ဒီစက်အသစ် PET/CT Scan မှာ ကျတော့ ရေဒီယိုသတ္တိကြွဆေးရည်တွေကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ပြီး စက်နဲ့ Scan ဖတ်လိုက်တယ်။ ဒီဆေးရည်တွေက ဆရာတို့ ရောဂါ ရှာဖွေချင်တဲ့နေရာ ဥပမာနှလုံးပေါ့။ အဲဒီကို မရောက်ဘူးဆိုရင် ဒီလူနာက နှလုံးရောဂါရှိနေပြီလို့ ပြောလို့ရတာပေါ့။ တကယ်လို့ဒီစက်က ရောဂါမရှိဘူးလို့ပြရင် နောက် လေး၊ ငါး၊ ခြောက်နှစ်လောက်က ရောဂါဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူး” ဟု ပါမောက္ခ ဒေါက်တာဦးကျင်မြင့်က ပြောကြားသည်။

PET/CT Scan စက်အသစ်ကို နိုင်ငံတော်မှ အကုန်အကျခံကာ တပ်ဆင်ပေးခြင်းဖြစ်ကြောင်း၊ စက်အသစ်တပ်ဆင်ရန်ကုမ္ပဏီကို တင်ဒါစနစ် ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Philps ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ၁၀သန်းခန့်ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ ဦးကျင်မြင့်၏ ပြောကြားချက်အရသိရသည်။

မြန်မာနိုင်ငံတွင် အဏုမြူရောင်ခြည်ကုထုံးကို ကျွမ်းကျင်သူဆရာဝန် ၇ဦးသာ ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီးကုသဆောင်တွင်သာ အဓိက ကုသပြီး နေပြည်တော်နှင့်မန္တလေးဆေးရုံတို့တွင် ကုသမှုနည်းပါးကြောင်း သိရသည်။

PET/CT Scanစက်အသစ်ကို ကိုင်တွယ်အသုံးပြုနိုင်ရန် ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးရန်
စီစဉ်ထားရှိမှုများကို “ကျွန်တော်တို့ Philips ကုမ္ပဏီက စက်ကိုပဲရောင်းတာ မဟုတ်ပါဘူး။
ဒီစက်တွေအသုံးပြုပုံတွေကိုလည်း ဒီနိုင်ငံမှာ၇ှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန် တွေကို ၂လတစ်ကြိမ်သင်တန်းတွေပေးသွားဖို့ ရှိပါတယ်။” ဟု Philips ကုမ္ပဏီမှ အာဆီယံဒေသဆိုင်ရာ
အထွေထွေအတွင်းရေးမှူး Vincent Chan က ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံရှိလူနာများမှာ နိုင်ငံခြားသို့ သွားရောက်ကာ စမ်းသပ်ကုသခဲ့ရကြောင်း၊ ယခုအခါမြန်မာနိုင်ငံတွင် PET/CT Scan စက်ကို တပ်ဆင်လိုက်ပြီဖြစ်သဖြင့် လူနာများမှာ ပြည်တွင်းတွင်
ကုသနိုင်ပြီဖြစ်သဖြင့် ခရီးသွားစရိတ်၊ ဆေးကုသမှုစရိတ်များ သက်သာသွား မည် ဖြစ် ကြောင်း၊
နိုင်ငံခြားသို့ ပြည်တွင်းငွေရောက်ရှိမှုနည်းပါးသွားမည်ဖြစ်ကြောင်း ဒေါက်တာဦးကျင်မြင့်
ကထည့်သွင်းပြောကြားသည်။

အဆိုပါ PET/CT Scanစက်အသစ်ကို လာမည့် ၂၀၁၄ခုနှစ်တွင် စတင်တပ်ဆင်အသုံးပြုနိုင်ရန်
ခန့်မှန်းထာကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

၎ မွှာပူး သထုံဆေးရုံကြီးမှာမွေး

(၁၇.၅.၂၀၁၃)
ဒီကနေ့ မနက်(၁၁း၃၀)လောက်က..သထုံဆေးရုံကြီးမှာ မွေးဖွားပေးလိုက်တဲ့ (၄)မွှာပူးကလေးတွေပါ။ မိဘတွေကတော့ ပေါင်မြို့နယ် ဖလပ်၊ ၀တ်ကြီးကျေးရွာမှာနေတဲ့ ဦးမြင့်ထွေး၊ ဒေါ်မြသီတာဖြစ်ပါတယ်။
လက်လုပ်လက်စားတွေမို့ မိဘနှစ်ပါဖြစ်ပါတယ်။ ချို့တဲ့ကြတဲ့ မိဘတွေဖြစ်တာကြောင့် အကူအညီတော့ လိုအပ်တညအမှန်ဖြစ်ပါတယ်။
ယခုအခါ ဆေးရုံပေါ်မှာ ကလေးတွေရော မိခင်ပါ ကျန်းမာရေးစောင့်ရှောက်မှုကို အထူးခံယူနေပါတယ်။ ခလေတွေရဲ့ ကျန်းမာရေးနဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက် အကူအညီတွေလဲလိုအပ်နေပါတယ်။
Fb-သက်ဦး

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့်တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက ခြေထောက်လေးချောင်း ပါရှိနေသဖြင့် ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။

ထိုကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် အတွက် တာဝန်ရှိ ဆရာဝန်၊ ဆရာမများ အနေဖြင့် တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အတူ ဆေးရုံအုပ်ကြီးနှင့် တကွ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဧရာဝတီ ဖောင်ဒေးရှင်းက အဖက်ဖက်မှ တာဝန်ယူပံ့ပိုးပေးလျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အဆိုပါ ကလေးငယ် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူရမည့် ကာလများအတွင်း နေထိုင် စားသောက်ရေးနှင့် လိုအပ်ချက် ကုန်ကျစရိတ် မှန်သမျှအား အလုံးစုံ ပံ့ပိုးပေးသွားမည် ဖြစ်ကာ ကလေးငယ် ပကတိ ကျန်းမာလာသည့် အထိ တာဝန်ယူ စောင့်ရှောက် ပေးသွားမည်ဖြစ်သည်။ ရန်ကင်းကလေးဆေးရုံကြီး၏ အလှူရှင် ဖြစ်သည့် ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဇော်ဇော်ကလည်း မေလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်အား သွားရောက်ကြည့်ရှုကာ ကလေးမိဘများအား စိတ်မပူရန်နှင့် လိုအပ်သည့် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် အခြား ကလေးများအားလည်း လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာ ချို့တဲ့ လူနာများအား လိုအပ်သည့် ခွဲစိတ်ကုသခြင်းနှင့် ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကင်းကလေးရုံကြီး (၂)နှစ်ပြည့် အခမ်းအနားတွင် ဆေးကုသဆောင်များအလိုက် ဆေးကုသစရိတ် မတည်အလှူငွေ စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို မတည်ပေးခဲ့ကာ ချို့တဲ့လူနာများအား အခမဲ့ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ထောက်ပံ့ပေးလျက်ရှိသည်။
Ayeyarwady Foundation

(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို အီတလီနိုင်ငံမှခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် အဖွဲ့လာရောက်မည်

15.5.2013, wednesday
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းတောင်ရိုးရှိ(ဝါးချက်)ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးကိုအီတလီနိုင်ငံခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာ ရိုဘင်ချန်းဦးစီးသောဆရာဝန်အဖွဲ့သည် ဆေးရုံဝန်ထမ်းများနှင့် ပူးပေါင်း
ပြီးမေလ(၂၄)ရက်မှ(၃၀)ရက်နေ့အထိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေး မည်ဖြစ်ကြောင်းသိရသည်။

သည်းခြေအိတ်ကျောက်တည်ခြင်း၊အူကျရောဂါ၊ ခြေထောက်သွေးကြောထုံးရောဂါ၊ မုတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာ၊ ရင်သားအဖုအကျိတ်ရောဂါနှင့် လည်ပင်ကြီးရောဂါများကို စမ်းသပ်စစ်ဆေး ကုသပေးမည်ဟုသိရသည်။

ရောဂါများအတွက်ဆေးရုံဝန်ထမ်းများက ကြိုတင်စမ်းသပ်ပေးမည်ဖြစ်ပြီး အီတလီနိုင်ငံ ခွဲစိတ်ဆရာဝန်ကြီးနှင့် ပြသရန်အတွက် ရက်ချိန်းပေးမည်ဖြစ်ကြောင်းသိရသည်။
SkyNet TV Browser

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်အဆိုအရ ဗိုင်းရပ်စ်သစ်သည် လူချင်းကူးစက်နိုင်

မေ ၁၂ ။
ကမ္ဘာ့ကျမ်းမာရေးအဖွဲ့အဆိုအရ ဗိုင်းရပ်သစ် အန်စီအိုဗီသည် အနေနီးစပ်သည့်
လူများကြားကူးစက်နိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

ယခုထုတ်ပြန်ချက်သည် ပြင်သစ် ကျမ်းမာရေးဝန်ကြီးဌာန မှ ၎င်းဗိုင်းရပ်စ် ဒုတိယမြောက်ကူးစက်သူသည် လူလူချင်းကူးစက်ရာမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း အတည်ပြုပြောကြားပြီးချိန်တွင် ထွက်ရှိလာခြင်းဖြစ်သည်။

ကျမ်းမာရေးအရာရှိများအဆိုအရ ဆော်ဒီအာရေဗျတွင်လည်း ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အန်စီအိုဗီ ဗိုင်းရပ်စ်သည် နမိုးနီးယား ဖြစ်စေပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ် ပျက်စီးမှုများလည်း
ဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့အရာရှိများက ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက်
ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ပြန့်ပွားလာနိုင် သည့် ဖြစ်နိုင်ခြေကို ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်မှ စ၍ ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ကူးစက်သူ ၃၃ ဦးရှိခဲ့ပြီး ၁၈
ဦးသေဆုံးခဲ့ကြောင်း မကြာမီကထုတ်ပြန်သည့် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး၏ အသစ်ထုတ်ပြန်ချက်များအရ သိရသည်။

လူနာများကို ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်တို့တွင် တွေ့ရှိခဲ့ရပြီး ဂျာမဏီ ဗြိတိန်နှင့်
ပြင်သစ်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

“ရောဂါဖြစ်သူတွေကို နိုင်ငံအများအပြားမှာ အစုလိုက်တွေ့ရတယ် အဲဒါကြောင့် လူ
လူချင်းကူးစက်နိုင်တယ်ဆိုတာနဲ့ နီးစပ်နိုင်ကြောင်း သိလာရတာ” ဟု ကမ္ဘာ့ကျမ်းမာရေးအဖွဲ့က
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

“လူ လူချင်းကူးစက်မှုပုံစံဟာ အနည်းအကျဉ်းအုပ်စုငယ်အဖြစ်သာ အကန့်အသတ်ရှိနေဆဲပါ၊ ခုထိတော့ ဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူး စက်နိုင်တယ်ဆိုတဲ့ သက်သေတော့ မတွေ့သေးပါဘူး”  ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်သစ်နိုင်ငံမှ ဒုတိယမြောက်ကူးစက်ခံရသူသည် ပြင်သစ်နိုင်ငံမြောက်ပိုင်းဆေးရုံတွင် ဒူဘိုင်းမှ
ဗိုင်းရပ်စ်ကူးစက်ခံရကာ ဖျားနာလာခဲ့သော လူနာတစ်ဦးနှင့် အခန်းတစ်ခုတည်း၌ ဆေးရုံတက်ခဲ့သောကြောင့် ဟု သိရသည်။

“လူနာနှစ်ဦးလုံးမှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိရပါတယ်” ဟု ပြင်သစ်ကျမ်းမာရေးဝန်ကြီးဌာနက
ပြောကြားပြီး ၎င်းတို့ကို သီးခြားအခန်း ခွဲကုသနေကြောင်း ဆိုသည်။

ဆော်ဒီ ကျမ်းမာရေးဝန်ကြီးဒုဝန်ကြီးကလည်း ၎င်းဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးထပ်မံသေဆုံးကြောင်း သေဆုံးသူ
အရေအတွက်သည် ဆော်ဒီ အာရေဗျ အရှေ့ပိုင်းတွင် မကြာမီက စတင်ဖြစ်ပွားသည့်အချိန်မှ စ၍ ၉
ဦးရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဆော်ဒီ ကျမ်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည် နွေရာသီမှစ၍ ရောဂါပိုးကူးစက်ခံလူ ၂၄ ဦးတွင် ၁၅
ဦးသေဆုံးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သေဆုံးသူဦးရေကို အတိအကျ
ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အင်္ဂလန်နိုင်ငံ ဘာဂင်ဟန်ရှိဆေးရုံတစ်ခုတွင်လည်း ဖေဖော်ဝါရီလ က မိသားစုတစ်ခုတည်းမှ လူသုံးဦး
ဗိုင်းရပ်စ်ကူးစက်ခံနေရဆဲတွင် တစ်ဦး သေဆုံးခဲ့သည်။ မိသားစုဝင်တစ်ဦးသည် အရှေ့အလယ်ပိုင်း၊
ပါကစ္စတန်တို့သို့ခရီးသွားရောက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်လာဖွယ်ရှိကြောင်း ထင် မြင်ချက်များ ရှိသည်။

အန်စီအိုဗီသည် ၂၀၀၃ခုနှစ် အာရှတလွှားဖြစ်ပွားခဲ့သည့် ဆားစ် ရောဂါပိုးနှင့် တစ်အုပ်စု တည်းဖြစ်သည်။
သို့သော် ၎င်းဗိုင်းရပ်စ်နှစ်ခုသည် လုံးဝကွဲပြားကြကြောင်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ က တနင်္ဂနွေနေ့က
ထုတ်ပြန်ခဲ့သည်။ ၎င်းဗိုင်းရပ်စ်နှစ်ခုလုံးသည် လူများနှင့်တိရိစ္ဆာန်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ
ရောဂါများဖြစ်ပွားကြသည်။

သို့သော် ယခုဗိုင်းရပ်စ်သည် ရှိနေခဲ့သောဗိုင်းရပ်စ်တစ်မျိုးမှ ကူးပြောင်းဖြစ်ပေါ်သော ဗိုင်းရပ်စ်ဖြစ်သလားဆိုသည်မှာ မသေချာသကဲ့ တိရိစ္ဆာန်မှလူကို ကူးစက်ခြင်းလားဆိုသည်မှာလည်း မသေချာသေးပေ။
Ref:BBC
မြန်မာ့ခေတ်

မောင်စိုးထက်အာကာကျော် ခွဲစိပ်ကုသရန်အတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း

အမည် မောင်စိုးထက်အာကာကျော်
အသက် 17 နှစ် (၃-၃-၁၉၉၆)
မသန်စွမ်းမှု့အမျိုးအစား Downsyndrone
မိဘအမည် ဦးလှညွှန့်၊ ဒေါ်ခင်သန်းဝင်း ( အိမ်ဆိုင်ဖွင့်ထားပါသည်။)
လိပ်စာ အမှတ် (၄၂၆)၊ သစ္စာလမ်း၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်။ (၀၉၇၃၀၀၇၂၅၆)

မောင်စိုးထက်အာကာကျော်သည် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံတွင် ၂၀၀၃ ခုနှစ်မှ ယနေ့အထိ တက်ရောက် သင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပါသည်။
၎င်းကလေးတွင် မွေးရာပါနှလုံးအားနည်းပြီး နှလုံးအပေါက်ကျယ်သော
ကြောင့် ယခုအခါတွင် နှလုံးအထူးကုဆရာဝန်၏ စမ်းသပ်ချက်အရ ခွဲစိပ်ကုသရန်မဖြစ်မနေ လိုအပ်သောကြောင့် (၂၉-၅-၁၃) နေ့တွင် ခွဲစိပ်မှု့ခံယူရန်အတွက် နှလုံးခွဲစိပ်ဌါန၊ ရန်ကုန်ပြည်သူ့ဆေးရုံတွင် တက်ရောက်ရပါမည်။

ယင်းလိုအပ်သော ခွဲစိပ်မှု့ပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းဝယ်ရန် ကျပ်သိန်း (၄၅) မှ (၅၀)ကြား ကုန်ကျမည်ဖြစ်ပြီး ဆေးရုံစရိတ် ၀န်ထမ်းစရိတ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျခံပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ပါဝင်ကူညီလိုသော စေတနာရှင်များအနေဖြင့် ဖော်ပြပါလိပ်စာ အတိုင်း မိသားစုနှင့် တိုက်ရိုက် ဆက်သွယ်၍လည်းကောင်း၊ ဧဒင်ရိပ်မြုံ၏ Social Worker ဖြစ်သူ ဒေါ်စန်းစန်းဝင်း ( ၀၉၃၁၀၅၆၇၂၇) မှတဆင့်သော် လည်းကောင်း ဆက်သွယ်စုံစမ်း ပါဝင်ကူညီနိုင်ပါသည်။
Eden Centre for Disabled Children (ECDC) - Myanmar
Popular Journal

ဗြဟ္မစိုရ်လူမှုကူညီရေးအခမဲ့ဆေးခန်းကို အိန္ဒိယနိုင်ငံက ဆရာဝန်ကြီးတွေ လာရောက်ကုသပေး

မန္တလေး၊ မေ-၉
မန္တလေးမြို့က ဗြဟ္မစိုရ်လူမှုကူညီရေး အခမဲ့ဆေးခန်းမှာ အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးတွေ လာရောက်ပြီး အခမဲ့ ဆွေးနွေးကုသပေးနေတယ်လို့ သိရပါတယ်။

အဆိုပါဆေးကုသမှုကို မေ ၈ ရက်၊ မနက် ၇ နာရီက စတင်ပြုပေးနေတာဖြစ်ပြီး ဒီနေ့တစ်ရက်ပဲ ကုသမှုပြုလုပ် ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးကုသမှုဆောင်ရွက်ပေးရာမှာ အိန္ဒိယနိုင်ငံက နှလုံးနဲ့ ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေ၊ ဆီးနဲ့ကျောက်ကပ် အထူးကုဆရာကြီးတွေ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

“လူနာကတော့ တစ်ရာကျော်လောက်လာပါတယ်၊ စစ်ဆေးတာ ဆေးပေးတာတွေ လုပ်ပေးပါတယ်၊ ခွဲစိတ်ဖို့လိုတဲ့လူနာတွေကိုတော့ အိန္ဒိယနိုင်ငံဆေးရုံ (Fortist) ကို လာဖို့ ညွှန်ကြားသွားတယ်” လို့ ဒေါက်တာ ဦးကိုကိုလေးက ပြောပါတယ်။

“နိုင်ငံခြားကပါရဂူတွေနဲ့ ချိတ်ဆက်ပြီး ကုသပေးဖို့အစီအစဉ်ရှိလားဆိုတာကတော့ အခု ဒီဗြဟ္မစိုရ်ဆေး ခန်းက အထောက်အကူပစ္စည်းနည်းသေးတယ်၊ ခွဲစိတ်ဖို့အတွက် အခက်အခဲရှိတယ် ” လို့ သူက ဆက်လက် ပြောပါတယ်။

ဗြဟ္မစိုရ်ဆေးခန်းကို ၂၂.၈.၂၀၀၉ မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ တစ်လကို ခန့်မှန်း လူနာဦးရေ ၄၀၀၀ နဲ့ ၇၀၀၀ အကြား လာရောက်ကုသမှုခံယူလျက်ရှိတယ်လို့သိရတယ်။

“ဖွင့်စကနေ စပြီးတော့ နှစ်နှစ်တိတိ စာအုပ်ဖိုး ၂၀၀ ပဲ ယူပါတယ်၊ နောက် လူဦးရေများလာတော့ ဓာတ်မှန်ရိုက်တာအတွက် ပိုက်ဆံယူပါတယ်၊ အပြင်ကဈေးထက်တော့ သက်သာပါတယ်။ အရေးပေါ်ဖြစ်ခဲ့တဲ့ လူနာတွေကတော့ ပြည်သူ့ဆေးရုံကြီး သွားပေါ့ဗျာ၊ဒီမှာကတော့ အထောက်အကူပစ္စည်းတွေ လိုအပ်နေသေး တယ်။ အဲဒါတွေထပ်ဖြည့်ဖို့ အစဉ်တွေရှိပါတယ်လို့ ဆေးခန်းတာဝန်ခံ ဒေါက်တာဦးကိုကိုလေးကပြောပါတယ်။
ကျော်စိုးလင်း
 မြန်မာဓိက

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

ဝါရှင်တန် မေ ၇
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံ အားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။
စကားဝါ
မြ၀တီ

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။
ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

ကျေးရွာ ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်



မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာသိန်းသိန်းဌေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အရန်သားဖွားများသည် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းအဆင့် မဟုတ်သေးသော်လည်း သားဖွားဆရာမများ
လိုအပ်သလောက်မရသေး၍ ဆက် လက် မွေးထုတ်လျက်ရှိကြောင်း မေလ ၅ ရက်က ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမ များနေ့အခမ်းအနားတွင် ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ ဆရာဝန်၊ သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူး၊ ကျန်းမာရေးဆရာမ၊ သားဖွားဆရာမများကိုဆိုလိုပြီး ကမ္ဘာပေါ်တွင် မိခင်ကလေးစောင့်ရှောက်မှုလုပ်ငန်းများအားလုံး လက်လှမ်းမီနိုင်စေရန် သားဖွားဆရာမ သုံးသိန်းခွဲခန့် အမှန်တကယ်လိုအပ်လျက်ရှိ၍ မြန်မာနိုင်ငံတွင်လည်း သားဖွားဆရာမ တိုးမြှင့်ခန့်ထားရန် လိုအပ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ သားဖွားဆရာမ ၂၀၀၄၄ ဦး လေ့ကျင့်သင်ကြားမွေးထုတ်ပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ ၉၉၃၂ ဦးကိုသာ ခန့်ထားနိုင်သေးသည့်အတွက် မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ သားဖွားဆရာမတွေလိုအပ်သလောက်မရသေးခင် အရန်သားဖွားဆရာမများကို ဆက်လက်မွေးထုတ်လျက်ရှိဆဲပဲ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ အရန်သား ဖွားဆရာမများဟာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းအဆင့်ထဲ မပါဘူးဆိုတာ သတိထားရမှာဖြစ်ပါ တယ်”ဟု ဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း ၁၀ ရာခိုင်နှုန်းတိုးမြှင့်သည် နှင့်အမျှ မိခင်သေဆုံးမှု ၅ ရာခိုင်နှုန်း လျော့ကျစေကြောင်းနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်လည်း သားဖွားဆရာမများအင်အားကို တိုးမြှင့်ခဲ့သောကြောင့် ၁၀ နှစ်အတွင်း မိခင်သေဆုံးမှုထက်ဝက်ကျဆင်းခဲ့ကြောင်းလည်း ယင်းက ပြောကြားခဲ့သည်။
7Day News Journal

သားဖွားဆရာမ အရေအတွက် ၇ ဆမြှင့်ရန် လိုအပ်နေ

May 6, 2013
မြန်မာနိုင်ငံမှာ ကလေးနဲ့မိခင်သေဆုံးမှု လျော့ကျရေးအတွက် သားဖွားဆရာမတွေဟာ အဓိကကျပြီး လုံလောက်မှုမရှိသေးဘူးလို့ ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သိင်္ဂီမြင့် က ပြောပါတယ်။

“မိခင်၊ ကလေး ကျန်းမာရေးမှာ သားဖွားဆရာမက အဓိကပါ။ ရွာတွေမှာဆိုရင် သူတို့က အဓိက ဆောင်ရွက်တဲ့သူတွေပါ။ သူတို့ကိုပဲ ကျမတို့ အားကိုးရတာ။ အဲတော့ သူတို့ အဓိကအလုပ်က သားဖွားခြင်းအတတ်ပညာပေါ့။ သူတို့ကို ဘက်စုံသားဖွားဆရာမလို့လည်း ခေါ်ပါတယ်။ တခြားအလုပ်တွေလည်း လုပ်တယ်။ အဓိကလုပ်တဲ့ ဒီသားဖွားခြင်း အတတ်ပညာမှာ သူတို့က တကယ်စွမ်းစွမ်းတမံဆောင်ရွက်မယ်ဆိုရင် အမေသေနှုန်း၊ ကလေးသေနှုန်းတွေ ကျမှာပါ။”

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးက ကျေးရွာပေါင်း ၆ သောင်းကျော်အတွက်  ကျေးရွာ ၁ ရွာမှာ သားဖွားဆရာမ ၁ ဦး ထားပေးရန် စီစဉ်ပေမယ့် လက်ရှိမှာ ကျေးရွာ ၇ ရွာကို ၁ ဦးသာ ထားရှိပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“သားဖွားဆရာမတော့ တော်တော်များများက လုပ်ချင်ကြပါတယ်။ အဓိကက မွေးထုတ်ပေးနိုင်တယ် လိုသလောက် မခန့်ပေးနိုင်သေးတာပေါ့။ နှစ်စဉ်တော့ သားဖွားဆရာမတွေကို အလုပ်တော့ ခန့်နေတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် မခန့်နိုင်သေးတာပေါ့။”

ဝန်ကြီးဌာနက တနိုင်ငံလုံးအတွက် သားဖွားဆရာမအယောက် ၂ သောင်း မွေး ထုတ်ပေးထားပေမယ့် ၉ ထောင်သာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းနေကြတယ်လို့ ပြောပါတယ်။

၂၀၁၀ မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး မွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေးနှုန်း ၁ သိန်း မှာ မိခင် ၂၀၀ သေဆုံးခဲ့တယ်လို့ ဒေါက်တာဒေါ်သိင်္ဂီမြင့်က ဆိုပါတယ်။

လက်ရှိအချိန် နိုင်ငံရဲ့ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းလိုဒေသတွေအပြင် အပူပိုင်းဒေသတွေမှာ မိခင်သေဆုံးနှုန်းတွေ များပြားနေသေးတယ်လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အဲ့ဒီအချိန်မှာ ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေး ၁ သိန်းမှာ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ သားဖွားဆရာများနေ့ကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအစီအစဉ်က တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
DVB

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

4 May, 2013
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံးသည်အထိဖြစ် ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်းကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ ဆေးရုံတွေ ကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့် တာတွေ ဖြစ်လာတယ်။ အဲဒီတော့ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ် သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါခံစားနေရသူများ သည် ရောဂါလက္ခဏာမပြသည့် အတွက်ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင် ကဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီးသွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင် ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ်အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။


လွင်ထူးကို(မြစ်မခ)
Myit Makha Mediagroup

အပူဒဏ်ကြောင့် ငါးနှင့်ကြက်များသေဆုံး

အပူရှိန်မြင့်မားနေသောကြောင့် ရေတာရှည်နှင့် မြင်းခြံမြို့တို့တွင် မွေးမြူရေးငါးနှင့် ကြက်အချို့ သေဆုံးမှုများရှိနေကြောင်း ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ငါးမွေးကန်များတွင် ဧပြီတတိယပတ်မှစတင်၍ တစ်ပိဿာခန့်ရှိ ငါးကြီးများ နေ့စဉ်သေဆုံးနေပြီး တစ်နေ့လျှင် ပိဿာ ၃၀ ခန့်အထိရှိရာ ငွေကြေးအနေဖြင့် နေ့စဉ်ကျပ်တစ်သိန်းခွဲခန့် ဆုံးရှုံးမှုရှိကြောင်း ဒေသခံ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးအောင်စိုးကပြောသည်။

အလယ်ပိုင်းဒေသ မြင်းခြံမြို့ရှိ ကြက်ခြံအချို့တွင်လည်း အပူချိန်မြင့်တက်၍ ရုတ်တရက်သေဆုံးသောရောဂါ (Heat Stroke) ဖြင့် ကြက်အချို့သေဆုံးမှုဖြစ်နေပြီး နေ့လယ်ဘက်တွင် ကြက်ခြံများပေါ်သို့ ရေမောင်းတင်၍ အပူဒဏ်
သက်သာရန် ပြုလုပ်ပေးနေရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော ဦးအုန်းလှိုင်က ပြောသည်။

“ဒီရက်ပိုင်း တရုတ်က ကြက်တုပ်ကွေး ကောလာဟလကြောင့် ကြက်သားဈေးရော၊ ကြက်ဥဈေးပါ ကျတယ်။ မီးမလာလို့ ရေမောင်းတင်ရပြန်တော့လည်း ကုန်ကျစရိတ်တွေ ပိုများတယ်။ ၂၀၁၀ တုန်းကလို တစ်ခြံလုံး ဆုံးရှုံးမှုမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ်က အိမ်နီးချင်း နိုင်ငံများမှ ပျံ့နှံ့လာသော ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် H5N1 ကို မြင်းခြံမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် စတင်တွေ့ရှိခဲ့သောကြောင့် အဆိုပါခြံမှ ကြက်များအားလုံးကို မြေမြှုပ်ရှင်းလင်းပစ်ရသော ဖြစ်စဉ်ရှိခဲ့ဖူးသည်။

“အပူချိန်အရမ်းမြင့်လာပြီဆိုရင် လျှော့ချနိုင်တဲ့ နည်းလမ်းကတော့ ပတ်ဝန်းကျင်ကနေ ဖန်တီးပေးရမှာပါ။ အရိပ်ရဖို့နဲ့ လေ၀င် လေထွက်ကောင်းအောင် ဂရုစိုက်နိုင်ပါမှ ဆုံးရှုံးမှုနည်းမှာပါ” ဟု တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြင်းခြံမြို့နယ် ဦးစီးအရာရှိကပြောသည်။
7Day News Journal

ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်။

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com