http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လေးနိုင်ငံ ပူးပေါင်းမှုကြောင့် မူးယစ်ဆေးဝါးအမှု(၈၀၄)မှုနှင့် တရားခံ(၁၁၀၀)ဦး ဖမ်းမိခဲ့

June 03, 2013
တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ဧပြီလအတွင်းက စတင်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြောင့် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှု(၈၀၄)မှုနှင့် တရားခံ စုစုပေါင်း ဦးရေ(၁၁၀၀)ဦး ဖမ်းဆီးရမိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော အမှုများအနက် အကြီးမားဆုံးသော
ဖမ်းဆီးရမှုမှာ တရုတ်နှင့်မြန်မာတို့ လက်တွဲဆောင်ရွက်မှုကြောင့် မေလအတွင်းမှာ မူးယစ်ဆေးဝါးများအပါအ၀င် ကားနှစ်စီး နှင့် လက်နက်များ ဖမ်းဆီးရမိသည့် အမှုဖြစ်ပြီး၊ တရုတ်နိုင်ငံ ဟူနန်မြို့ဘက်၌ မူးယစ်ဆေးဝါးအဖွဲ့ (၃၅)ဦး နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

လေးနိုင်ငံပူးပေါင်းဆောင်ရွက် နိမ်နင်းသည့် စီမံကိန်းကို ၂၀၁၃ခုနှစ် ဧပြီလအတွင်းက စတင်ခဲ့ကြတာဖြစ်ပြီး အဆိုပါ စီမံကိန်းသည် မဲခေါင်မြစ်လမ်းများတစ်လျှောက် အန္တရာယ်ကင်းစင်ရေးနှင့် အရှေ့တောင်အာရှအတွင်း မူးယစ်ဆေးဝါးများတိုက်ဖျက်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News

ပိတ်ဆို့တားမြစ်ထားတာ ဖွင့်ပေးသူကို ကိုဖိုးရင်လုပ်သလို မလုပ်သင့်


June 3, 2013
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေကို အီးယူကပြန်ဖွင့် ပေးလိုက်ပြီ ဆိုသည့်သတင်းသည် မင်္ဂလာ သတင်း ဖြစ်သည်။ အီးယူက လက်နက်တင်ပို့ ရောင်းရမှုမှအပ ကျန်တာထွေ အကုန်လုံးခွင့်ပြုလိုက်ပြီ ဆိုသည့်သတင်းသည် မြန်မာတွေကိုသာမက တစ်ကမ္ဘာလုံးကိုပင် အံ့သြသွားစေခဲ့သည်။

နှစ်ပေါင်းငါးဆယ်မျှ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာနိုင်ငံကို အုပ်ချုပ်သူ စစ်အာဏာရှင်တွေအပေါ်မှာ အီးယူက လိုက်လျောလှချည်လား၊ ရက်ရောလှချည်လားလို့ တအံ့တသြ ပြောကြသည်။ အချိန်မတန်သေးဘူး လို့တောင် တချို့ကပြောကြသည်။

အီးယူကလည်း ခြေမြန်လက်မြန် ခွင့်ပြုလိုက်လျော လိုက်တာတာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ လက်ဦးမှုရယူထားကြပြီးဖြစ်လို့ မိမိတို့ နောက်ကျကျန်ရစ်မှာကို စိုးရိမ်တာဖြစ်မည်။ ဆွမ်းတော်ကြီးလောင်းပွဲနှင့် လွဲသွားမှာကို ကြောက်လို့ ပိတ်ဆို့ထားတာတွေကို ကမန်းကတန်း ဖွင့်ပါဟ၊ ခွင့်ပြုပါဟလုပ်တာ ဖြစ်မည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့ လက်အောက်မှာ နှစ်ပေါင်း ငါးဆယ်မျှ နေခဲ့ရသော်လည်း သယံဇာတပေါဆဲ ဖြစ်သည်။ စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးတိုင်းပြည်အဖြစ် ရှိနေသေးသည်။ လူသားရင်းမြစ် ဖြစ်သည့် အလုပ်သမားပေါများသည်။ လုပ်အားခ ဈေပေါပေါဖြင့် ရနိုင်သေးသည့် နိုင်ငံဖြစ်သည်။ မကျေနပ်တာကို ဆန္ဒပြခြင်းဆိုတဲ့ အလုပ်ကို အခုမှကြားဖူးသည့် လူမျိုးတွေနေထိုင်ရာ တိုင်းပြည် ဖြစ်သည်။ နောက်မကျသေးဘူး၊ လုပ်စားလို့ကောင်းသေး သည့် နိုင်ငံဖြစ်သည်။ နိုင်ငံမြေကျယ်ဝန်းသည်။ လူဦးရေ သန်းခြောက်ဆယ်ကျော်မျှသာ ရှိသည်။ လူမနေသည့် မြေတွေ အများအပြားရှိနေသေးသည်။ စောစောဝယ်ထားလျှင် နေရာချောင်ချောင် ရနိုင်သေးသည်လို့ ယုံကြည်နေကြသည်။

မြန်မာနိုင်ငံသည် ချမ်းသာ၊ ချောမောသဘောကောင်းပြီး လက်မထပ်ရသေးသည့် အမျိုးသမီးနှင့် တူသည်။ ခုနှစ်ပြည်ထောင်မင်းတွေက ထိမ်းမြားရစ်ပတ် လက်ထပ်လိုကြသည်။ အတူနေပထွေးက အလိုမတူဘဲပေါင်းသင်းနေလို့ ဗွက်ပေါက်ပြီး ပျက်စီးနေတာကို မသိသည့် အိမ်နီးချင်းတိုင်းပြည်တွေနှင့် အဝေးကွင်းမှာ ဂိုးသွင်းကောင်းသူတွေက လက်ထပ်လိုကြတာ ဖြစ်သည်။ ပထွေး၏ လက်ချက်ဖြင့် အပျိုရည်ပျက်နေပြီးဖြစ်သော်လည်း အချိုးအဆစ်ပြေပြစ်ပြီး ဖူဖူဖောင်းဖောင်းတွေက အကောင်းပကတိ ရှိနေကြသေးလို့ လိုချင်သူတွေက သွားရည်ကျနေကြတာ ဖြစ်သည်။

သတို့သမီးဘက် ဆွေမျိုးတွေဖြစ်သည့် ကျွန်တော်တို့ ပြည်သူတွေကလည်း အကြိမ်ကြိမ်သန္ဓေပျက် ကျဖူးသည့် သတို့သမီး၏ အပြစ်အနာအဆာတွေကို ဖုံးဖုံးဖိဖိလုပ်ပြီး လာရောက်နေသူတွေကို ကြိုဆိုရ မည်ဖြစ်သည်။ ခိုင်းနွား တစ်ရှဉ်းနှင့် လယ်တစ်ကွင်း တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ ရွှေစင် ကိုယ်အလေးချိန်အတွက်ပေးပြီး တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ တောင်ညာစံတင်ပါမည်ဆို သည့် ဘုရင်ကိုလည်း လက်ခံရပါမည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရှိခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်း၊ ဥပဒေစိုးမိုးမှု မရှိခြင်း၊ အုပ်ချုပ်သူတို့ကို ဆန့်ကျင့်သည့် ပြည်သူတွေကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း စသည့် စစ်အာဏာရှင်တို့ကျူးလွန်ခဲ့ကြသည့် ပြစ်မှုမျိုးစုံတို့ကြောင့် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေးနှင့် လူမှုရေးပိတ်ဆို့ တားမြစ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်သည်။

ဟော ...အခုတော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်နေသည်။ တင်းကျပ်မှုတွေကို တဖြည်းဖြည်းလျော့ပေးနေသည်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေသည်။ တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေကို ပွင့်လင်းမြင်သောစွာ ဖိတ်ခေါ်နေသည်။

လာဘ်စားသူများကို ဖော်ထုတ်အရေးယူနေသည်ဆိုသည့် ကောင်းသတင်းတွေကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေနှင့်အတူ အီးယူအဖွဲ့ဝင် နိုင်ငံတွေကပါ မြန်မာနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေ ကို ဖြေလျှော့ပေးလိုက်ပြီး ဖြစ်သည်။

ဖွင့်ပေးလိုက်ပြီဆိုတော့ ဝင်လာကြတော့မည့် ရင်းနှီးမြှုပ်နှံသူတွေ ဧည့်သည်တွေကို နွေးထွေးလိုက်လှဲစွာ ကြိုဆိုကြရမည် ဖြစ်သည်။ ဧည့်ဝတ်ကျေပွန်ရမည်။ အလုပ်အကိုင်နှင့် ငွေကြေးပေးဖို့ လာသူတွေကို ကျေး ဇူး သိတတ်ရမည်။ ကျေးဇူးတုံ့ပြန်ရမည်။ သူတို့လုပ်သည့်အလုပ်တွေ အောင်မြင်အောင် ဝိုင်းကူပံ့ပိုးကြရ မည်။ ကတိကဝတ်တွေကို မချိုးဖောက်ဘဲ လိုက်နာကျင့်သုံးကြရမည်။ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဖို့ သတိထားရမည်။ ထမင်းခွံသည့်လက်ကို မကိုက်ဖို့ သတိထားကြရမည်။ ပိတ်ဆို့တားမြစ်ထား တာတွေကို ဖွင့်ပေးသည့်ကျေးဇူးကို ထောက်ထားရမည်ဖြစ်သည်။ ခွင့်လွှတ် ကြေအေးပေးသူကို အကောင်းဆုံးလုပ်ရင်းဖြင့် တုံ့ပြန် ပေးဆပ်ရမည် ဖြစ်သည်။

ကျွန်တော့်ဘကြီး ဦးကြာခိုင်ကို ကျွန်တော့်ယောက်ဖ ကိုဖိုးရင်လုပ်သလို မလုပ်သင့်ဟု သတိပေးချင် ပါသည်။ ကျွန်တော့်အသက် ဆယ်နှစ်သားအရွယ်က ဖြစ်သည်။ ကျွန်တော့်ဘကြီး၏ သမီးကြီး မအေးယဉ်နှင့် ကိုဖိုးရင်တို့ကို နှစ်ဖက်မိဘတွေက သဘောတူပြီး လက်ထပ်ထိမ်းမြားပေးရန် စီစဉ်ကြသည်။ ကျွန်တော့် အမ်မတစ်ဝမ်းကွဲ မမကြီး မအေးယဉ်က နာမည်နှင့်လိုက်အောင် ယဉ်သည်။ အေးသည်။ မင်းကတော်ရုပ်ဖြင့် ယဉ်ယဉ်လေးလှသည်။ ကိုဖိုးရင်ဆိုတာကလည်း ကျွန်တော်တို့ရွာမှာတော့ ပျိုတိုင်းကြိုက်တဲ့ လူပျိုဖြစ်သည်။ ရွာသူကြီး ဦးရွှေဆိုင်၏တူ၊ ဘုရာဒကာ၊ ကျောင်းဒကာ ရွာသူဌေး ဦးအောင်မြိုင်၏ တစ်ဦးတည်းသောသား မြို့ကျောင်းနေဖူးသူ၊ အင်္ဂလိပ်စာ ဖတ်တတ်သူဖြစ်လို့ ရွာစူပါစတား ဖြစ်သည်။ ရွာမျက်နှာဖုံးတို့၏ သားနှင့်သမီး မင်္ဂလာဆောင်ကြတော့မည် ဆိုတော့ ရွှေနဲ့မြ၊ နေနဲ့လ ဖြစ်သွားတော့သည်။

ကျွန်တော့်အစ်မကြီး မအေးယဉ်ကလည်း လင်ရတော့မည်ဆိုပြီး အရမ်းဝမ်းသာနေ သည်။ စေ့စပ်ပွဲလုပ် သည့်နေ့မှာပင် သတို့သမီးလိုဝတ်ဆင်ပြီး ယောက္ခမလောင်းတွေကို ကန်တော့သည်။ တစ်သက် လုံး ဆေးမဆိုးခဲ့သည့် နှုတ်ခမ်းကို သူ့ညီမမလှယဉ်က ဆေးဆိုးပေးလို့ နီရဲပြီးလှနေသည်။ ကိုဖိုးရင်တောင် တအားရင်ခုန်နေတာ ဖြစ်မည်။ မလှယဉ်ကလည်း သတို့သမီး အပျိုရံအဖြစ် တာဝန်ယူရသူ ဖြစ်လို့ အစွမ်းကုန် အလှပြင်ထားသည်။ စေ့စပ်ပွဲ ပြီးပြီဖြစ်လို့ မင်္ဂလာဆောင်ရက် သတ်မှတ်လိုက်ကြသည်။

ပြသာနာက မင်္ဂလာဆောင်မည့်နေ့မှာပင် ဖြစ်တော့သည်။ သတို့သားလောင်း ကိုဖိုးရင်သည် မင်္ဂလာဆောင် အိမ်တက်ရမည့်အချိန်မှာ ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်နေသည်။ ထူးဆန်းတာက ကျွန်တော့် အစ်မအလတ်လည်း ပျောက်နေသည်။ အပူတပြင်း လိုက်လံစုံစမ်းတော့မှ ကိုဖိုးရင်သည် သတို့သမီး မအေးယဉ်ကို လက်မထပ်ရသေးမီ သတို့သမီးအရံလုပ်မည့် ညီမအငယ် မလှယဉ်ကို ခိုးပြေးတာ သိကြရတော့သည်။ စေ့စပ်ပွဲ လုပ်သည့်နေ့က ကိုဖိုးရင်သည် သူတို့သမီး မအေးယဉ်ကို စိတ်မဝင်စားဘဲ အပျိုရံလုပ်မည့် ညီမ အငယ်မလှယဉ်ကို စိတ်ဝင်စားပြီး လှည့်ကြည့် လှည့်ကြည့်လုပ်နေတာကို သတိရလာကြသည်။ မင်္ဂလာပွဲလည်းပျက်တော့သည်။ ဘကြီးဦးကြာခိုင်သည် အကြီးအကျယ်အရှက်ရပြီး ကိုဖိုးရင်ကို သေခန်းဖြတ်သည်။ သူ့သမီး အငယ်မ မလှယဉ် ကိုလည်း အမွေဖြတ်သည်။ အိမ်နားမလာရ၊ တွေ့ရာသချိုင်း ကြေညာထားသည်။ ကိုဖိုးရင်ကို သားမက်အဖြစ် အသိအမှတ်မပြုကြောင်း ရပ်ရွာကို ကြေညာထားသည်။ ကိုဖိုးရင်၏ မိဘတွေက ရွာဦးကျောင်း ဆရာတော် ဘုရားကြီး၏ အကူအညီဖြင့် တောင်းပန်သည်။ ဘကြီးဦးကြာခိုင်က သွေးပူနေဆဲဖြစ်လို့ ပိတ်ဆို့တားမြစ်မှုတွေကို ဖွင့်မပေးနိုင်ကြောင်း အကြောင်းပြန်သည်။

ကိုဖိုးရင်နှင့်အစ်မလေး မလှယဉ်တို့က ရွာမှ မိုင်၂ဝ ဝေးသည့် မကျည်းတောရွာမှာ အခြေချနေထိုင်ကြ သည်။ မကျည်းတောရွာမှာ ဦးလေးဦးဖဲသာအောင်၏ မိသားစု နေထိုင်သည်။ ဦးလေးဖဲသာအောင်သည် အမေ့မောင် ဖြစ်သည်။ ဓါတ်၊ ဗိန္ဓော၊ ပယောဂကုသည့် တိုင်းရင်းဆေးဆရာ ဖြစ်သည်။

ပယောဂဖမ်းထားလို့ ရူးနေသည့် အရူးမ အပျိုကိုဆေးကုသရင်း အရူးမနှင့် ညားသွားလို့ ဆွေးမျိုးစု က သေခန်းဖြတ်ပြီး အမွေခန်း ရပ်ခံထားရသူ ဖြစ်သည်။ ဦးလေးဖဲသာအောင်နှင့် ကိုဖိုးရင်တို့ ဝါသာနာတူ၊ စရိုက်တူ ပေါင်းမိသွားကြခြင်း ဖြစ်သည်။

ကိုဖိုးရင်နှင့် အစ်မလေးမလှယဉ်တို့ အိမ်ထောင်သက် ဆယ်နှစ်လောက်အကြာမှာ ဘကြီးဦးကြာခိုင် ကွယ်လွန်သည်။ ကြီးတော်ကြီးက စိတ်ကိုဖြေလျှော့လိုက်ပြီး ကိုဖိုးရင်နှင့် မလှယဉ် တို့ကို ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးလိုက်သည်။ သမီးကိုရော၊ မြေးတွေကိုပါချစ်လို့ ရွာကို ပြန်လာနေကြရန် ခေါ်ယူလိုက်ပြီး အတူနေကြသည်။ မိသားစုပြန်လည်ပေါင်းစည်းကြပြီဖြစ်လို့ ဝမ်းသာကြသည်။ လူသာဓုခေါ်၊ နတ် သာဓုခေါ်၊ ရွာဦးကျောင်း ဆရာတော်ကြီးပါ သာဓုခေါ်ရသည့် အခြေအနေ ဖြစ်သွားသည်။

တစ်ရွာလုံးကလည်း ဝမ်းသာကြသည်။ ကိုဖိုးရင်ကို ပိတ်ဆို့ထားမြစ်ထားတာတွေ ဖွင့်ပေးလိုက် လို့ နှစ်ဖက်ဆွေမျိုးတွေနှင့် တစ်ရွာလုံးက ဝမ်းသာပျော်ရွှင်နေကြသော်လည်း မခံချိမခံသာနှင့် မျက်နှာထားစရာ နေရာမရှိဖြစ်နေရာတာက ကျွန်တော့်အစ်မကြီး မအေးယဉ် ဖြစ်သည်။ သူတို့သမီးဘဝက အပျိုကြီး ဖြစ်ခဲ့ရလို့ ရှက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲဘဲ တစ်နှစ်လောက်နေခဲ့ရတာကို မမေ့နိုင် ဖြစ်နေသေးသည်။ အခုတော့ မိမိ၏ ခင်ပွန်းလောင်းဖြစ်ခဲ့သူ ကိုဖိုးရင်နှင့် သူ့ဇနီးမယားဖြစ်နေသည့် ညီမ မလှယဉ်တို့က အိမ်ပေါ် ပြန်ရောက်လာ ကြသည်။ တူလေ၊ တူမလေးတွေကလည်း တီတီတာတာ ချစ်စရာဖြင့် အိမ်သာယာနေသည်။ ကိုဖိုးရင်ကလည် လူရည်လည်သည်။ အထာနပ်သည်။ အစ်မကြီး မအေးယဉ်ကို ခြေထောက်ဖက်ပြီး ရှိမခိုးရုံတမယ် အနူးအညွှတ်တောင်းပန်သည်။ သူ့မယားထက်ပိုပြီး ဂရုစိုက်ပြသည်။ အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။

မကြာပါဘူး ကျွန်တော့်အထင်ပြောရလျှင် တစ်နှစ်လောက်ပဲကြာမည် ထင်သည်။ ကိုဖိုးရင်သည် အစ်မကြီးမ အေးယဉ်ကို ခိုးပြေးပါလေတော့သည်။ ဦးလေးဖဲသာအောင်နေထိုင်ရာ မကျဉ်းတောရွာကို သွားပြီး နေထိုင်သည်။ ကောင်းကြရောလားဗျာ၊ ဒါမျိုး လုပ်သင့်သလား၊ ပိတ်ဆို့တားမြစ်ထားတာတွေ ဖွင့်ပေးသူ၏ မျက်နှာကိုထောက်သင့်သည်ဟု ထင်သည်။
အဏ္ဏဝါစိုးမိုး
Mizzima - News in Burmese

လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား

စံခလပူရီ (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် လုံးဖောကြီး ကျေးရွာ မှတဆင့် ပါချန်မြစ်ကို လှေ ၃ စီးဖြင့် ဖြတ်ကျော်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားများထဲမှ ရေနစ် သေဆုံးခဲ့သည့် အလောင်း ၁၂ လောင်းအား ရနောင်း ဆေးရုံ၌ လက်ခံရရှိထားသည်ဟု ရနောင်း ဆေးရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

ထိုအထဲတွင် အမျိုးသမီး ၆ လောင်းနှင့် အမျိုးသား ၆ လောင်း ပါဝင်သည်။

“သူတို့တွေရဲ့ ကိုယ်ပေါ်မှာ မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ သက်သေတွေ လူတော်တော် များများမှာ တွေ့ရတယ်။ မရှိတဲ့ လူက အနည်းစုပါ။ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖို့များတယ်” ဟု ဆေးရုံ တာဝန်ရှိသူတဦးဖြစ်သည့် ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ရေနစ်နေသည့် မြန်မာ သုံးဦးအား ကော့ချန်းချန်ကျွန်းအနီးတွင် ထိုင်းအာဏာပိုင်များက မေလ ၃၁ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပြီးနောက် အသက် ဆုံးရှူံး ခဲ့ရခြင်း ဖြစ်ပြီး ကျန်အလောင်း များကိုမူ ထိုင်းနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေ၌ ပေါလော မြောနေစဉ် ဆယ်ယူ နိုင်ခဲ့သည်ဟု ဆိုသည်။

မေလ ၃၁ ရက်နေ့တွင် လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက် တို့ လှေမောင်း သုံးဦးမှ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် ညသန်းခေါင်ကျော် ၂ နာရီ ခန့်တွင် အဆိုပါ လူများအား တဖက်နိုင်ငံသို့ လိုက်လံ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။

“လှေ မတော်တဆ မှောက်မှုကြောင့် ဒီလူတွေ သေရတာ ဖြစ်တယ်။ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံ သားတွေပါ။ ခိုးဝင် လာတုန်းမှာ အခုလိုမျိုး လှေနစ်ပြီး အသက်ဆုံးရုံး ရတာပါ။ အလောင်းတွေက အခု ရနောင်း ဆေးရုံ ရောက်နေတယ်” ရနောင်းမြို့ ပတ်(က်)နာမ်း ရဲစခန်းမှ ရဲအရာခံဗိုလ် အမရိန်း(င်း) က မဇ္ဈိမအား ပြောသည်။

အခင်း ဖြစ်ပွားသည့် အချက်အလက် အသေးစိတ်ကိုမူ အထက် ညွှန်ကြားချက် ဖြင့်သာ ထုတ်ပြန် ပြောဆိုနိုင်ပြီး ၎င်းအနေဖြင့် မဖြေဆိုနိုင်ကြောင်းလည်း ရဲအရာခံဗိုလ် အမရိန်း(င်း) က ပြောသည်။

ယနေ့ နံနက် အစောပိုင်း တွင်လည်း ၎င်း အလောင်းများအား ရဲအပါ အဝင် မြန်မာ အာဏာပိုင်များမှ ရနောင်းဆေးရုံသို့ လာရောက်၍ ကြည့်ရှူ့ စစ်ဆေး မှုများ ပြုလုပ် သွားခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာ အာဏာပိုင် များမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နိုင်ရန် အတွက် သုံးရက်ခန့် (ဇွန်လ ၂၊ ၃၊ ၄) ရက်နေ့ အထိ ထားရှိမည်ဖြစ်ကာ ၄င်းနောက် သဂြိုလ်မည် ဖြစ်ကြောင်းလည်း ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်အား မဇ္ဈိမမှ ကော့သောင်း ရဲစခန်းအား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း မိမိတို့ အနေနှင့် သတင်း မရရှိ သေးပဲ စုံစမ်း နေဆဲ ဖြစ်ကြောင်း ဒု-ရဲအုပ် က မဇ္ဈိမကို ပြန်လည် ဖြေကြားသည်။

“ကျနော်တို့က အလှည့်ကျ တာဝန်မှူး ယူရတာဆိုတော့ ကျနော်က အခုမှ တာဝန်မှူး စဝင်တာ။ သတင်းကတော့ စုံစမ်းတုန်းပါပဲ။ ဒီသတင်းအပေါ် ဘာမှတော့ မပြောကြားနိုင်သေးပါဘူး” ဟု ပြောဆိုသည်။

ထို့ပြင် အသက်ရှင်လျက် ဖမ်းဆီးရမိထားသည့် မြန်မာ နိုင်ငံသား ၃၈ ဦးအားလည်း ရနောင်း အချုပ်၌ ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခိုးဝင်လာသည့် မြန်မာများအား ဖမ်းဆီးစဉ်က ထိုင်းအာဏာပိုင်များမှ ပစ်ခတ်မှု ရှိခဲ့သည်ဟု လုံဖောကြီးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုမင်းမင်း က မဇ္ဈိမအား ပြောကြား ထားသော်လည်း ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍မူ ထိုင်းသတင်းများတွင် ထုတ်ဖော် ရေးသားခြင်း မရှိခဲ့ပေ။
ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

မလေးရှားတွင် မြန်မာများ အကြမ်းဖက်ခံရမှု သံအမတ် အတည်ပြု

June 3, 2013
မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့အနီးတစ်ဝိုက်တွင် လူတစ်စု၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာ အလုပ်သမားတစ်ဦး သေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ်နှင့် အင်တာဗျူးကို နိုင်ငံပိုင်ရုပ်သံမှ ဇွန်လ ၂ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

''မေ ၃ဝ မှာ ဆာလာရန်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာကလေးတစ်ယောက် အလုပ်ခွင်က အပြန်လမ်းမှာ အမည်မသိ ဆိုင်ကယ်သမားတစ်စုက ဝိုင်းပြီးတော့အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆလာရန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ရှိပါတယ်။ ၃၁ ရက် ည ဆယ်နာရီလောက်မှာလည်း ဆလာရန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အလုပ်ခွင်က အပြန်မှာ အမည်မသိလူတစ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဆာလာရန်းမှာ ဆေးကုသမှုခံယူနေပါတယ်။ ၃၁ ရက်မှာပဲ ဆာလာရမ်း အနောက်ဘက်မှာနေထိုင်တဲ့ မြန်မာတစ်ဦးကို သတ်ဖြတ်သွားတာရှိပါတယ်''ဟု နိုင်ငံပိုင်ရုပ်သံ၏ မေးမြန်းမှုကို ဦးတင်လတ်က ဖြေကြားခဲ့သည်။

မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သံအမတ်ကြီးက ထိုကဲ့သို့အတည်ပြု ပြောဆိုခဲ့သော်လည်း လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနက မြန်မာနှစ်ဦးသေဆုံးကြောင်း အခင်းဖြစ်ပွား ရာ မြို့အနီးတွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦး၏ ဖြေကြားချက်ကို ကိုးကားဖော်ပြထားသည်။

ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားခြင်းကြောင့် မြန်မာဘုန်းတော်ကြီး အရှင်ဆန္ဒိက ကျောင်းထိုင်သည့် ကမ်ပွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာအလုပ်သမား ၃ဝ ခန့်ခိုလှုံနေရပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကိုမူ ဝင်ရောက်တိုက်ခိုက်မှုများမရှိကြောင်း သံအမတ်ဦးတင်လတ်က နိုင်ငံပိုင် ရုပ်သံကို ပြောကြားခဲ့သည်။

''မတစ်ထောင်သားတွေဆိုတော့ မူးပြီးတော့လျှောက်သွားတဲ့ ကလေးတွေလည်း ရှိပါတယ်။ အပျော်အပါး လျှော့ပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ သွားလာမယ်ဆိုရင်တော့ မလေးရှားမှာတော့ ပြဿနာမဖြစ်နိုင်ဘူး'' ဟုလည်း သံအမတ်ကြီးက မြန်မာ့အသံအား ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သံမှူးများ၊ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများထံသို့ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားထားကြောင်းလည်း သူကပြောဆိုသွား သည်။

သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ၎င်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မလေးရှားတွင် မြန်မာများအကြမ်းဖက်ခံရသည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးမှ တိုက်ရိုက် ဆက်သွယ်လျက်ရှိကြောင်း၊ မိမိနိုင်ငံသားများကို အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ပြည်ပရောက်နိုင်ငံသားများကို အကာအကွယ်ပေးရန် တာဝန်သည် သံရုံးများ အတိအကျ ဆောင်ရွက်ပေးရမည့် ထိပ်တန်းဦးစားပေးဖြစ်ကြောင်းရေးသားခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုများကို မလေးရှားနိုင်ငံ၏ ဥပဒေများနှင့်အညီသာမက နိုင်ငံအချင်းချင်းဆက်ဆံရေး ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရေးသားခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိပြီး တရားဝင်အလုပ်သမား သုံးသိန်း၊ တရားမဝင် သွားရောက်လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း ဦးတင်လတ်က ပြောဆိုခဲ့သည်။
မင်းမင်း
Mizzima - News in Burmese

ဦးခေါင်းပျက်တစ်လုံး ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ညပ်ပါလာ

June 3, 2013
ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ရထားသည်မေလ ၂၉ ရက် ၈ နာရီ မိနစ် ၃ဝ တွင်ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁) အဆန်း စာပို့ရထား ဖြစ်သည်။ ''လမ်းခရီးတစ်လျှောက်မှာ လူကို တတ်ကြိုတ်မိတာတော့ မရှိဘူး'' ရထားစက်ခေါင်းမောင်း ဦးဖြိုးဝေအောင်မှ မဇျမ္စိ ကို ပြောသည်။ ကျောက်ဆည်ဘူတာရုံပိုင် ဦးခင်မောင်သော်ကလည်း ''တခြား ဘူတာတွေ ဆက်သွယ်စုံးစမ်းတော့လည်း ဘာထူးခြားမှုမှမရှိဘူး'' ဟု မဇ္ဈိမကို ပြောသည်။ ခန္ဓာကိုယ်မပါသော ဦးခေါင်းအား ကျောက်ဆည်ဆေးရုံသို့ ပို့ထားပြီး အပိုင်ရဲစခန်းများနှင့် ရထားလမ်းတစ်လျှောက် ဘူတာရုံများသို့ ဆက်သွယ်စုံစမ်းနေသည်။
အောင်ကိုဦး
Mizzima - News in Burmese

လားရှိုး မန်ဆူ ရှမ်းဆရာတော်နှင့် တွေ့ဆုံ မေးမြန်းခန်း


Monday, June 03, 2013
လားရှိုးမြို့ ပဋိပက္ခကြောင့် မြို့ပေါ်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသော မွတ်စလင် ၁ ထောင်ကျော်ကို ဒုက္ခသည်စခန်း ဖွင့်လှစ် လက်ခံ ထားပေးခဲ့သော သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းမှ
ကျောင်းထိုင် ဆရာတော် ပုညနန္ဒကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။

ရှင်ပုညနန္ဒသည် မန်ဆူ ရှမ်းကျောင်းတွင် ၂၄ နှစ်တိုင် ကျောင်းထိုင်ခဲ့ပြီး လားရှိုးပဋိပက္ခ စတင်သည့် မေလ ၂၉ ရက်မှ စတင် ထွက်ပြေးလာသော မွတ်စလင် ဒုက္ခသည်များကို လက်ခံထားခဲ့သည်။ မေ ၃၀ ရက်နေ့မှ စ၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ နယ်မြေရဲကင်းနှင့် ရဲစခန်းများတွင် ခိုလှုံနေရသည့် မွတ်စလင်များ၊ လားရှိုးမြို့ အနီးတ၀ိုက်ရှိ
တောင်ယာခင်းနှင့် တောတောင်များသို့ ထွက်ပြေး ပုန်းရှောင် နေသူများကို လိုက်လံ ရှာဖွေ၍ ဘုန်းတော်ကြီးကျောင်းအတွင်း နေထိုင်နားခိုခွင့် ပြုခဲ့သည်။

မေး။ ။ မွတ်စလင် ဒုက္ခသည်တွေကို ဘယ်လိုလက်ခံ ဖြစ်သွားတာလဲ ဆိုတာ အမိန့်ရှိပါ။

ဖြေ။ ။ သူတို့က အကူအညီ တောင်းလာတာကလည်း တကြောင်း၊
နောက် နေရာအခက်အခဲကြောင့်လည်း ပါတယ်။ ဒီအချိန် ကာလမှာက တအားခက်ခဲတဲ့ အခြေအနေဆိုတော့ ဘာသာရေး တခုတည်း ကြည့်နေလို့ မရဘူး။ လူမျိုးရေး၊ စာနာမှု တွေ အားလုံး ရှေးရှုပြီးတော့ လောလောဆယ်မှာ ခိုကိုးရာ နေရာလေး အေးအေးချမ်းချမ်း ဖြစ်သွားအောင်၊ တည်တည်ငြိမ်ငြိမ်
ဖြစ်သွားအောင် အခြေအနေ ဆိုးသည်ထက် ပိုမဆိုးပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ခံဖြစ်သွားတာ။ ဒီလို အနေအထားမျိုးမှာ မွတ်စလင်မှ မဟုတ်ဘူး၊ ဘယ်လူမျိုး ဘယ်ဘာသာမဆို ကူညီရမယ်။

မေး။ ။ အခု လားရှိုးမှာ ဖြစ်သွားတဲ့ ပြဿနာကိုရော ဘုန်းဘုန်း ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဖြစ်သွားတဲ့ အနေအထားမှာ မြို့ခံတွေ အနေနဲ့ မဟုတ်ဘဲနဲ့ အပြင်ပယောဂတွေပိုများနေတာ တွေ့ရတယ်။ နောက်တခုက ကောလာဟလတွေ ဒါကြောင့်လည်း ကြီးထွားလာတာလို့ သုံးသပ်မိတယ်။ ရာဇ၀တ်မှု တခုကို လူမှုရေးခုတုံး၊ ဘာသာရေး ခုတုံးလုပ်ပြီးတော့ ဆူပူအောင် လုပ်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဒီနှစ်ထဲမှာ အတွေ့ရများလာတဲ့ ၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာတွေကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ၉၆၉ က ဘာသာရေး သင်္ကေတ တခုပဲ။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို သင်္ကေတ ယူထားတာ။ ဒီ ၉၆၉ ကို ခုတုံးလုပ်ပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်တာကိုတော့ လက်မခံနိုင်ဘူး။ ဒီဘက်မှာတော့ ဒီတံဆိပ်က သိပ်မပျံ့နှံ့လာဘူး။ ဒါနဲ့ ပတ်သက်လို့လည်း ဒီဘက်ဒေသမှာ ဘာပြဿနာမှ မရှိဘူး။ အခုလားရှိုးမှာ ဖြစ်သွားတာ
ကလည်း ဘာသာရေးကြောင့်ဒီလို ဖြစ်တာမဟုတ်ဘူး။ ကောလာ ဟလကြောင့် ဒီလို ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်။

မေး။ ။ ဒီ မန်ဆူ ကျောင်းထဲမှာ မွတ်စလင် ဒုက္ခသည်
ထောင်ဂဏန်းကျော် လက်ခံထားတယ်။ မွတ်စလင် တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ချင်တဲ့ သူတွေကလည်း ရှိနေတယ်ဆိုတော့ ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကျောင်းရဲ့ လုံခြုံရေးကို စိုးရိမ်မှု မဖြစ်ဘူးလား။

ဖြေ။ ။ ဒီမှာကျတော့ စိုးရိမ်မှု မဖြစ်ဘူးဆိုတာက တကယ့် မေတ္တာနဲ့
ရှေ့ထားပြီး လက်ခံထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုလည်း ရနေတယ်။ ဒေသခံ ရှမ်း၊ ဗမာ၊ ဗုဒ္ဓဘာသာလူထုကလည်း တကယ့် မေတ္တာနဲ့ ကူညီနေတယ်။ ဌာနဆိုင်ရာ အသီးသီးကလည်း ပံ့ပိုးနေတော့ လုံခြုံရေးကို စိုးရိမ်မှု သိပ်မဖြစ်ဘူး။ စိတ်ချတယ်။ ပြီးတော့ သူတို့ များလာတော့ ၂ နေရာ ခွဲဖို့ ဆုံးဖြတ်ထားတာလည်း ရှိတယ်။ အားကစားရုံကို တ၀က်ပို့မယ်။ ကျန်းမာရေးအတွက်ပါ တွေးပြီးတော့ အခုလို ခွဲလိုက်တာ။ သတိ ၀ီရိယတော့ အားလုံး ထားရတာပေါ့။ အဘက်ဘက်ကနေ ကြည့်တော့ မလိုတဲ့ သူတွေလည်း ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလို လက်ခံထားတာဟာ လူမှုရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ လူကို လူလို လူသားချင်း စာနာတဲ့အနေနဲ့ အားလုံး ခေတ္တခဏ တည်းခိုခွင့်ပြုတဲ့ သဘောပါပဲ။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်၊ ခိုကိုးရာမဲ့တဲ့ ပုဂ္ဂိုလ်ကို ကိုယ်ကလည်း နေရာပေးနိုင်တဲ့ အနေအထားမှာ ရှိနေတော့ အခုလို လက်ခံခြင်းဖြစ်တယ်။

မေး။ ။ အရင်ကရော လားရှိုးမြို့ထဲက မွတ်စလင် ဘာသာရေး
ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိလား။

ဖြေ။ ။ သူတို့နဲ့ ဆက်ဆံရေးက အားလုံး အဆင်ပြေပါတယ်။ မြို့ခံ နယ်ခံတွေက အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိတယ်။

မေး။ ။ လားရှိုးပဋိပက္ခနဲ့ ပတ်သတ်လို့၊ နောက်ပြီး ဒီ ဒုက္ခသည်တွေနဲ့ ပတ်သတ်လို့ ဘာများ ထပ် အမိန့်ရှိလိုပါသေးလဲ။

ဖြေ။ ။ မြန်မြန်လေး အေးချမ်းအောာင်ပဲ အားလုံး ၀ိုင်းဝန်း ကူညီပါလို့
ပြောချင်တယ်။
Irrawaddy

ကားလိုင်စင် လက်ဆောင်ကိစ္စ အစိုးရနဲ့ CNF ဝေဖန်ခံနေရ

 (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
Monday, June 03, 2013
အစိုးရက ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ဆောင်အဖြစ် ကားလိုင်စင်တွေ ချပေးတာကို တိုင်းရင်းသား အဖွဲ့တွေကလည်း လက်ခံခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင် လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။

အဲဒီပွဲမှာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ CNF ကလည်း တက်ရောက်ခဲ့ပြီး ကားအစီး ၆၀ အတွက် လိုင်စင် အခမဲ့ ပြုလုပ်ခွင့်၊ လျှော့ပေါ့ခွင့်တွေ ပါဝင်တဲ့ စာအိတ် ရရှိခဲ့သလို တက်ရောက်လာတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ရတယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုနေ့ လုပ်တဲ့အချိန်မှာပဲ စာအိတ်နဲ့ အကုန်လုံး ပေးလိုက်တယ်။ ဦးအောင်မင်းက ပေးတာပါ။ ပါးစပ်ကလည်း ပြောပြပါတယ်၊ ကျနော်တို့ ဒီလိုဒီလို စီစဉ်ထားပါတယ်ပေါ့။ ကျနော် သိသလောက်တော့ တခြားအဖွဲ့တွေ (အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်း သားအဖွဲ့တွေ) လည်း ရပါတယ်” လို့ ဒေါက်တာ ရွှေခါးက ဧရာဝတီကို ပြောပါတယ်။

အဲဒီအထဲမှာ ခေါင်းဆောင်ပိုင်းတွေအတွက် ကားအစီး ၂၀ စာကိုတော့ လိုင်စင်အခမဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့တွေအတွက် အစီး ၄၀ ကိုတော့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

CNF အနေနဲ့ ရရှိလာတဲ့ ကားအစီး ၆၀ ကို ဒေသဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး ခေါင်းဆောင်တွေအတွက် ဇိမ်ခံကား အစီး ၂၀ အပါအဝင် ကုန်တင်ကားတွေနဲ့ မီနီဘတ်စ်ကားတွေ အိန္ဒိယ နယ်စပ်ကနေတဆင့် တင်သွင်းပြီး လိုင်စင်လည်း အားလုံး ပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးက ပြောပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်စဉ် ကာလမှာ အခုလို ကားလိုင်စင်တွေပေးပြီး စည်းရုံး ဆွဲဆောင်နေတဲ့အပေါ် ငြိမ်းချမ်ရေးနဲ့ ဒီမိုကရေစီ အရေးအတွက် စိုးရိမ်မိကြောင်း ချင်းတိုးတက်ရေးပါတီ (CPP) ရဲ့ အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်းက ဧရာဝတီကို ပြောပါတယ်။

“ဆွဲဆောင်မှု ပေးလိုက်တာပေါ့နော်၊ နိုင်ငံတော် ပေါ်လစီအရ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်လာထိုးကြပါ၊ ကျနော်တို့ ဘာတွေပေးမယ်ဆိုတဲ့ ဟာမျိုး တဖက်က မက်လုံးပေးတာပေါ့နော်။ တဖက်မှာကျတော့ ဘာသွားဖြစ်လဲဆိုတော့ လက်နက်ကိုင်မှ အခွင့်အရေးရမယ်ဆိုတဲ့ အမြင်မျိုးသည် လူငယ်တွေထဲမှာ ရောက်သွားမယ်ဆိုရင် မြန်မာပြည်အတွက် အန္တရယ် အများကြီး ရှိတယ်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။

CNF အနေနဲ့ အစိုးရစီက ဆွဲဆောင်မှုတွေကို အခုမှ ရရှိခဲ့တာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး စတင် ဆွေးနွေးစဉ်ကတည်းက မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ သစ်ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်တွေကို ရရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

“CNF လို အဖွဲ့သေးသေးလေးတောင် ဒီလောက် အခွင့်အရေးတွေ ရနေမယ်ဆိုရင် အခြား ကရင်တို့၊ ရှမ်းတို့လို အဖွဲ့ကြီးကြီးတွေ ဆိုရင် ဘယ်လောက် ပေးနေရမလဲဆိုတာ စဉ်းစားစရာပါ။ နိုင်ငံတော်က ကစားနေတဲ့ ပေါ်လစီကတော့ ကျနော်တို့ တိတိကျကျ မှန်းလို့ မရသေးဘူးပေါ့နော်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု အနိမ့်ဆုံး စာရင်းမျာရှိနေတဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ကို ဒေသတွင်းမှာရှိတဲ့ ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက လွတ်တော် အတွင်း၊ အပြင်မှာ ကြိုးပမ်းမှုတွေရှိခဲ့ပေးမယ့် အစိုးရက ထိထိရောက်ရောက် ပံ့ပို့ဆောင်ရွက်မှုတွေမရှိဘဲ CNF ကို ကွက်ပြီး အခွင့်အရေးတွေ ပေးခဲ့တဲ့အပေါ် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress for Democracy – ZCD) ပါတီရဲ့ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်ကလည်း ဝေဖန်ပြောဆိုပါတယ်။

“ပြည်သူလူထု ကြားထဲမှာနေ အမြဲတမ်းရပ်တည်ပြီး လုပ်ဆောင်လာတဲ့ ကျနော်တို့လို့ အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ လမ်းတွေ ပြင်ပေးပါတို့၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ ကျတော့ မျက်ကွယ်ပြုတယ်၊ လက်နက်ကိုင်တဲ့ လူတွေကျတော့ အခုလိုမျိုးအခွင့် အရေးတွေ ပေးတယ်ဆိုတာ တရားမျှတမှု မရှိဘူး။ အခုလို လုပ်တာဟာ ပြည်သူလူထုထဲက ပုန်ကန်ထကြွဖို့ အားပေးတာပဲလို့ အဲလိုပဲမြင်တယ်” လို့ ပူးကျင့်ရှင်းထန်က ဧရာဝတီကို ပြောပါတယ်။

ပူးကျင့်ရှင်းထန်ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်သလို ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress – ZNC) ပါတီရဲ့ အကြီးအကဲလည်းဖြစ်ပြီး သူ့ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့ တမူးမြို့ နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။

ပြည်ထောင်စုနေ့က အစိုးရကပေးတဲ့ ကားလိုင်စင်ဟာ လက်နက်ကိုင် အဖွဲ့ငယ်တွေကို အစီးရေ ၆၀ ဝန်းကျင်ပေးပြီး အင်အားကြီး အဖွဲ့တွေကို ၁၀၀ ကျော်အထိပေးကြောင်း စုံစမ်းသိရှိရပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း အစီးရေ ၁၂၀ ရရှိခဲ့ကြောင်း ဧရာဝတီက သတင်းဖော်ပြပြီး (http://burma.irrawaddy.org/archives/40653) ဖြစ်ပါတယ်။

အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးရဲ့ ပြောပြချက်အရ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအနေနဲ့ ရရှိတဲ့ ကားအစီးရေထဲက ခေါင်းဆောင်တွေအတွက် ရတဲ့အစီးရေကိုသာ အသုံးပြုပြီး ကျန်တဲ့အစီးရေတွေကို စီးပွားရေးသမားတွေနဲ့ ချိတ်ဆက် ရောင်းချတယ်လို့ ဆိုပါတယ်။

“များသောအားဖြင့်တော့ ခေါင်းဆောင်ပိုင်းတွေအတွက် ရတဲ့ ကိုတာကလွဲပြီး ကျန်တဲ့အစီးရေတွေကို ဒီက စီးပွားရေးသမားတွေနဲ့ပဲ ချိတ်ပြီး ပြန်ရောင်းကြတယ်။ ဒီအခွင့်အရေးရတဲ့ သူတို့အဖွဲ့တွေအတွက်တော့ ကားတစီးကို သိန်းရာနဲ့ချီပြီး ဝင်ငွေရတာပေါ့” လို့ သူက ဧရာဝတီကို ပြောပါတယ်။

အခုလို အရေးကြီးတဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တန်ဖိုးကြီးတဲ့ ကားလိုင်စင် လက်ဆောင်ပေးတဲ့ သတင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အကြားမှာ ပေါ်ပေါက်လာခဲ့ပြီး ဒီဖြစ်ရပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိနိုင်ကြောင်း ဝေ ဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဧရာဝတီ

လားရှိုးပဋိပက္ခနဲ့ အသံပိုကျယ်လာတဲ့ စက်မှုဇုန် အလုပ်သမားတွေရဲ့ မကျေနပ်မှုများ


03 June 2013
လားရှိုး ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ရှင်းလင်း နေမှုအား မေ ၃၁ ရက်က တွေ့ရစဉ်

တပတ်အတွင်း သတင်းသုံးသပ်ချက်

ဒီတစ်ပတ် သတင်းတွေထဲမှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ အကြမ်းဖက်မှု တချို့ဟာ သတင်းခေါင်းကြီး ဖြစ်ခဲ့ပြီး အားလုံးက နားစွင့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ မေ ၂၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ် အတွင်းမှာပဲ အခြေအနေ တည်ငြိမ်မှု ရသွားပေမယ့် ပဋိပက္ခ ဖြစ်စဉ်တွေရဲ့ ဂယက်ကြောင့် လားရှိုးမြို့မှာ ခဏတာ တိတ်ဆိတ်သွားခဲ့ ရတယ်လို့ ဆိုရမှာပါ။ ၂၀၁၂ ခုနှစ် ကတည်းက အသံထွက်ခဲ့တဲ့ စက်မှုဇုန် အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ အခုချိန်ထိ တည်ငြိမ်မှု မရသေးဘဲ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စက်မှုဇုန် အလုပ်သမားတွေရဲ့ အသံတွေဟာ ဒီတစ်ပတ်ထဲမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒါကြောင့် တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်ထဲမှာ စက်မှုဇုန် အလုပ်သမားတွေရဲ့ ရက်ရှည် ဆန္ဒပြမှုတွေကို ထည့်သွင်းဖော်ပြမှာ ဖြစ်သလို အမြန်လမ်းနဲ့ ပတ်သက်လို့ အယ်ဒီတာ့ အာဘော်ကြောင့် The Daily Eleven သတင်းစာပို့တဲ့ ကားတွေ အမြန်လမ်းမပေါ် ဖြတ်သန်းခွင့် ပိတ်ပင်ခံခဲ့ ရတယ်ဆိုတဲ့ သတင်းကိုလည်း ဒီတစ်ပတ် စိတ်ဝင်စားစရာကောင်းသည့် လူပြောများတဲ့ သတင်းအဖြစ် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနေမျိုးဝေက ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုမှုကို ဒဂုံမြို့နယ် တရားရုံးက လက်ခံစစ်ဆေး တော့မယ်ဆိုတဲ့ သတင်းတွေကို ဒီတစ်ပတ်အတွက် ပြန်လည်သုံးသပ် ဖော်ပြပေးလိုက် ရပါတယ်။

ဘယ်သူ ဖန်တီးတာလဲ

ရှမ်းပြည်နယ် လားရှိုးမြို့မှာ မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ပြီးခဲ့တဲ့ ရခိုင်၊ ပဲခူး၊ မိထ္တီလာ၊ ဥက္ကံ စတဲ့ဒေသတွေမှာ ဖြစ်ခဲ့တဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူခဲ့ပါတယ်။ ပြဿနာတစ်ခုကို စဖန်တီးမယ်။ ပြီးရင် လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ လူသတ်မီးရှို့ ဖျက်ဆီးမှုတွေ လုပ်မယ်။ နေရာဒေသ မတူတာ ပြဿနာ အစပြုပုံ မတူတာကလွဲရင် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ အတူတူပဲ ဖြစ်နေပါတယ်။ အခု လားရှိုးဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးကို မီးရှို့ပြီးသတ်ဖြတ်မှု အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦးရဲ့ စတင်လုပ်ဆောင်မှုကနေ ကြီးကျယ်သွားရပါတယ်။ ပြဿနာ ဖန်တီးခဲ့တဲ့ အဲဒီအမျိုးသားကို ဖမ်းမိတဲ့ အချိန်မှာ သူ့လက်ထဲမှာ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့နေ ပြန်ပါတယ်။ ဒါကို ဆက်စပ်ကြည့်ရင် ပြဿနာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုး မဟုတ်တာ တွေ့ရပါလိမ့်မယ်။ အမျိုးသမီးကို မီးရှို့ခဲ့တဲ့ တရားခံဟာ လားရှိုးဇာတိလည်း မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်း ပြဿနာကို လာဖန်တီးတဲ့ပုံမျိုး စုံစမ်းမှုတွေအရ သတင်းထွက်ခဲ့ပါတယ်။ တရားခံဟာ ဒါမတိုင်မီ အရင်က အခြားဒေသတွေမှာလည်း ခုလို ပဋိပက္ခတွေဖြစ်ဖို့ ကြိုးစားခဲ့တဲ့သူလို့ ပြောဆိုမှုတွေ ရှိလာပါတယ်။ ဒီနေရာမှာ မေးစရာကတော့ ဒီလိုလုပ်ခဲ့တယ် ဆိုတာကိုသိရင် အချိန်မီဘာလို့ မတားခဲ့တာလဲ။ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေ ဒီအချိန်ထိ ဘာလို့ မဖော်ထုတ် နိုင်သေးတာလဲ။ တာဝန်ရှိတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ အနေနဲ့ အဖြေမဖော်နိုင်သေးတာဟာ ဘာကြောင့်လဲ။ စတာတွေက မေးစရာ ဖြစ်လာပါတယ်။ မေ ၂၈ ရက်မှာ ဒီရာဇ၀တ်မှု စဖြစ်ပြီး နောက်တစ်နေ့မှာ အကြမ်းဖက် ဖျက်စီးမှုတွေ ဘာသာရေး အသွင်ဆောင်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာရပါတယ်။ ဒါကြောင့်ပဲ ပျက်ဆီးဆုံးရှုံးမှုနဲ့အတူ သေဆုံးဒဏ်ရာ ရမှုတွေလည်း ရှိခဲ့ပါတယ်။ ရက်အနည်းငယ် အတွင်းမှာ အဖွဲ့အစည်း အသီးသီးကနေ တည်ငြိမ်မှုရဖို့ ကြိုးစားခဲ့သလို တာဝန်ရှိသူတွေကလည်း ပဋိပက္ခတွေအပေါ် မှန်ကန်တဲ့ အဖြေ၊ ရလဒ်တွေကို အများပြည်သူထံ ချပြဖို့ လိုပါလိမ့်မယ်။ ဒါဟာ နိုင်ငံရဲ့ သိက္ခာနဲ့လည်း ဆိုင်ပါတယ်။

စက်မှုဇုန်က ဆန္ဒပြမှုများ
မေလအတွင်း လှိုင်သာယာ မြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေမှာ အလုပ်သမား အခွင့်အရေး လုပ်ခလစာ အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဘိုဆန်းပိုက်စက်ရုံ ဟုန်စိန်ပီနံအိတ်စက်ရုံ သုံးထပ်ကြီး အထည်ချုပ်စက်ရုံ YesOne အထည်ချုပ်စက်ရုံ၊ ဆာကူရာ အထည်ချုပ်စက်ရုံ၊ Esquare ဖိနပ်စက်ရုံ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ငွေပင်လယ် စက်မှုဇုန်ရှိ စံကောင်းပီနံအိတ် စက်ရုံ၊ လှိုင်သာယာစက်မှုဇုန် ၅ ရှိ ငွေကံ့ကော် အထည်ချုပ်စက်ရုံတို့ ဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြမှု အချို့လည်း ရှိခဲ့ပါတယ်။ ဒီလို ဆန္ဒပြမှုတွေဟာ ခုလိုစီးပွားရေး အခွင့်အလမ်းကောင်းတွေ ရှိလာတဲ့အချိန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ဖို့ဆိုင်းပြင်းနေတဲ့ အချိန်မှာ နိုင်ငံအတွက် သိက္ခာကျစရာ ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုရပါမယ်။ စားဝတ်နေရေးအတွက် မလုံလောက်တဲ့ အခြေအနေ အလုပ်သမား အခွင့်အရေး အပြည့်အ၀ မရတဲ့ အချိန်မှာ အခုလို ဖြစ်ရပ်တွေကတော့ ဆက်ရှိနေဦးမှာပါ။ အလုပ်ရှင် အလုပ်သမား နှစ်ဖက်စလုံးအတွက် ဘယ်လိုမျှတမှုရှိအောင် လုပ်ပေးနိုင်မလဲ၊ အုံကြွမှုတွေ မဖြစ်လာခင် တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်။ အနာသိရင်တော့ ဆေးရှိရမှာပါ။ အလုပ်သမားတွေ မရှိရင် အလုပ်ရှင် ဖြစ်လာမှာ မဟုတ်သလို အလုပ်ရှင် မရှိရင် စက်ရုံအလုပ်ရုံတွေ မရှိရင်လည်း နိုင်ငံရဲ့ စီးပွားရေးဟာလည်း ကောင်းနိုင်စရာ မရှိပါဘူး။ စက်မှုဇုန်တွေထဲက မကျေနပ်တဲ့ အသံတွေ အမြန်စဲသွားဖို့ လိုပါတယ်။

အမြန်လမ်းနှင့် အယ်ဒီတာ့အာဘော်
မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနဲ့ ပတ်သက်တဲ့ အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့တဲ့ကားတွေ အမြန်လမ်းမပေါ်က ဖြတ်သန်းခွင့် ပိတ်ပင်ခံခဲ့ ရပါတယ်။ The Daily Eleven သတင်းစာအနေနဲ့ မေ ၂၆ ရက်အယ်ဒီတာ့အာဘော်မှာ မေ ၂၅ ရက်နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုကို အခြေခံပြီး ဝေဖန်ထောက်ပြ ရေးသားခဲ့ပါတယ်။ ဒီလို ရေးသားမှု အပြီးမှာ သတင်းစာတိုက်က ကားတွေ အမြန်လမ်းမ အသုံးပြုခွင့် ပိတ်ပင်ခံလိုက် ရတာပါ။ ဒီသတင်းဟာလည်း အများပြည်သူကြားမှာ ပြောစရာ အဖြစ်ရဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။ အချို့က ဒီသတင်းကြောင့် ပြက်ရယ်ပြုခဲ့ ကြသလို တချို့က နှာခေါင်းရှုံ့ခဲ့ကြပြီး အချို့ကလည်း အစိုးရ အုပ်ချုပ်မှု ယန္တရားအပေါ် မေးခွန်းထုတ်ကြ ပြန်ပါတယ်။ ဒီသတင်းစာအာဘော်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သူ့ရဲ့ဖေ့ဘုတ် စာမျက်နှာကနေ ပြန်လည်တုံ့ပြန် ရေးသားတာတွေ ထင်မြင်ချက် မှတ်ချက်ပေးသူတွေကြား အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ တာဝန်ရှိတဲ့သူနဲ့ နိုင်ငံတကာမှာရှိတဲ့ အမြန်လမ်းတွေရဲ့ စံချိန်စံညွှန်း မြန်မာပြည်မှာရှိတဲ့ အမြန်လမ်းတွေရဲ့ စံချိန်စံညွှန်း စတာတွေအပေါ် နှိုင်းယှဉ်တွက်ချက် ပြတာတွေ လမ်းဖောက်လုပ် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်တွေ ထိန်းသိမ်းစောင့်ရှောက် စရိတ်တွေ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူကို ချပြဖို့ လိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုလို အယ်ဒီတာ့အာဘော်ကြောင့် လမ်းအသုံးပြုမှု ပိတ်ပင်ခံလိုက်ရတဲ့ သတင်းဟာ အာရှသတင်းအတွင်း ပျံ့နှံ့ခဲ့ပြီး ထူးခြားတဲ့ သတင်းတစ်ပုဒ်အဖြစ် သတ်မှတ်ခံခဲ့ ရတဲ့အထိ ပါပဲ။

ဦးခင်ရွှေနဲ့ ပုဒ်မ ၅၀၀

လွှတ်တော်အမတ် တစ်ဦးလည်းဖြစ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေကို တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတဲ့ အမှုကို ဒဂုံမြို့နယ် တရားရုံးက လက်ခံစစ်ဆေးမယ်ဆိုတဲ့ သတင်းကလည်း သတင်းစာမျက်နှာတွေမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဦးနေမျိုးဝေရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုခဲ့ပြီး ဂျာနယ်ထဲမှာ ဖော်ပြခဲ့လို့ အခုလို အမှုဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ ဇွန် ၁၀ ရက်မှာ စတင်စစ်ဆေးတော့မှာပါ။
EMG

တကယ်ပဲ မျှော်လင့်ရတော့မှာလား . . .


03 June 2013
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနားကချင် ဒုက္ခသည်စခန်း (RC)ရှိ စစ်ပြေးဒုက္ခသည်များအား မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)

တစ်ပတ်အတွင်း နိုင်ငံရေးသတင်း သုံးသပ်ချက်

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအရ ထင်ရှားတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

ကချင်လူထုက သောင်းသောင်းဖျဖျ ကြိုဆိုခြင်းကို ခံရတဲ့ KIO
မေ ၂၈ ရက်မှာ စတင်ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မေ ၂၇ ရက်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကချင်ဒေသခံ သောင်းဂဏန်းလောက်က ကြိုဆိုခဲ့ကြပါတယ်။ အဲဒီထဲမှာ အများစုက လူငယ်တွေ ဖြစ်ကြတာကို တွေ့ရပါတယ်။သူတို့ဟာ ဓားနှစ်လက်ပါ KIA တီရှပ်တွေ ၀တ်ဆင်ကာ အလံကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ KIO အနေနဲ့ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုသည့်တိုင် ကချင်လူမျိုးကိုတော့ ကိုယ်စားပြုပြီး KIO အနောက်မှာ ကချင်လူထု ရှိနေကြောင်း ပြသနေပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ တောင့်တနေတယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ စတင်ခဲ့ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်တို့သို့ပါ ကူးစက်လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နှစ်နှစ်တာ ကာလအတွင်း ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၃၀၀ ခန့်မှ ဒေသခံ တစ်သိန်းလောက်ဟာ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

သုံးရက်တာ ကြာမြင့်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ သုံးရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာ ကာလအတွင်း (၁၅) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာ တွေကိုတော့ နှစ်ဖက်စစ်ခေါင်းဆောင်များ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေသာမက ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ၀န်ကြီးဦးအောင်မင်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့က ဦးဆောင်ခဲ့ပါတယ်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်နဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့က ဦးဆောင်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို လေ့လာသူအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေဖို့အတွက် အစိုးရနဲ့ KIO ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့ စလုံးဟာ ကချင်လူထုနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြ ပါသေးတယ်။

အချက်ခုနစ်ချက်ကို သဘောတူ
ဆွေးနွေးပွဲမှာ အစိုးရဘက်က ငြိမ်းချမ်းရေးရရှိဖို့ အဓိကထား ဆွေးနွေးခဲ့ပြီး KIO ဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းစနစ်ပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ်။ တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေး စတဲ့နိုင်ငံရေး ဆွေးနွေးမှုတွေကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီလို အကြိတ်အနယ် ဆွေးနွေးပြီးတဲ့ အခါမှာ အချက်ခုနစ်ချက်ကို သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ နိုင်ငံတော် အစိုးရနှင့် KIO တို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စများကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အစိုးရနဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIO ဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုလေ့ ရှိပါတယ်။

အစိုးရနဲ့ KIO တို့ရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ပေမယ့်လည်း တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားပါတယ်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေက စစ်ပြေးဒုက္ခသည်တွေ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမယ်လို့လည်း ဦးအောင်မင်းက ပြောကြားပါတယ်။

တစ်ကယ်ပဲ မျှော်လင့်ရတော့မှာလား

KIO ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားကနေ လိုင်ဇာမြို့သို့ ပြန်တဲ့အခါမှာ ကချင်လူငယ်တွေ ထောင်ချီလိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လို့ KIO ကိုယ်စားလှယ်အဖွဲ့ အပြန်လမ်းမှာ ရှမ်းတိုင်းရင်း သားတချို့က ၀ိုင်းမော်မြို့မှာ ဆန္ဒပြကြပါတယ်။ ကချင်ပြည်နယ်တွင်းရှိ ရှမ်းမျိုးနွယ်စုများကို ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါစတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

ကေအိုင်အို/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ တိုင်းရင်းသားတွေ လက်ခံနိုင်လောက်တဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးဟာ အရေးပါလာပြီ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး အခြေအနေ တစ်ခုမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေသို့ ရောက်ရှိဖို့ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးမှာ အဓိက ကျပါတယ်။
EMG

တရုတ်အင်တာနက်ဆင်ဆာ ပုံစံသစ်ဖြင့်စတင်

ဘေဂျင်း၊ ဇွန်၂
တီအန်မင်ရင်ပြင် (၂၄) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများကို တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲမှုများကို ပုံစံအသစ်ဖြင့် ဆင်ဆာလုပ်သွားရန် စီစဉ်နေကြောင်း အင်တာနက် ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်ဟု AFP သတင်းတွင် ဖော်ပြ ထားသည်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုတစ်ရပ်ကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့ပြီးသည့် နောက်ပိုင်း တွင် တီအန်မင်နှင့် ပတ်သက်သည့် စာလုံးများကို အင်တာနက်တွင် ရှာဖွေမှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့သည်။ ယခုနောက်ပိုင်း ဇွန်လ ၄ ရက် အရေးအခင်းဆိုသည့် စာလုံးကို ရိုက်ပြီး ရှာဖွေလျှင်ပင် သတိပေး စာတန်း ပေါ်ထွက်လာကာ မူလစာမျက်နှာကို မရောက်တော့ကြောင်း GreatFire.org က ဆိုသည်။

ဘေဂျင်းတွင် အရေးအခင်းဖြစ်စဉ်က ဆန္ဒပြသူ ကျောင်းသား ရာချီပြီး အသတ်ခံရကာ နှစ်စဉ် ကျောင်းသားများ၏ အွန်လိုင်းပေါ်မှတစ်ဆင့် လှုပ်ရှားမှုများ ရှိခဲ့သည်။ အစိုးရကလည်း ထိုအရေးအခင်းနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် တောက်လျှောက် ကြိုးစားခဲ့သည်။

တရုတ်နိုင်ငံတွင်Facebook၊ Twitter နှင့် Youtube စသည့် လူမှုရေး Website များကို ပိတ်ပင် တားမြစ်ခဲ့ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ကိုလည်း ယနေ့အထိ ထိန်းချုပ် စောင့်ကြည့်နေ ဆဲဖြစ်သည်။ သန်းရာနှင့် ချီသည့် အင်တာနက် အသုံးပြုသူများသည် အစိုးရ၏စောင့်ကြည့်ခြင်းကို ခံနေရပြီး အချို့မှာ ဆက်သွယ်မှု များကို ဖြတ်တောက် ခံရသည်အထိ ရှိနေခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်ခြင်းကို ‘Great Firewall’ ဆိုသည့် နည်းပညာဖြင့် ထိန်းချုပ်လေ့ ရှိသည်။ တရုတ် မဟာတံတိုင်းကြီးကို ပုံစံယူပြီး ကွန်ပျူတာ Firewall ကို ပြန်လည် တီထွင်ကာ Great Firewall ဖြင့် တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများကို ထိန်းချုပ် သွားမည်ဖြစ်ကြောင်း AFP သတင်းက ဆိုသည်။
The Voice Weekly

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်

General Richards will meet top Burmese military leaders
ရန်ကုန်၊ ဇွန် ၂
နှစ်ပေါင်း ၅၀ ကျော် အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံး ခရီးစဉ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခု ရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည် နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။

အရပ်သားအစိုးရ စတင် တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် တစ်လအကြာ ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှု အချို့ကိုတစ်နှစ်ကြာ ဆိုင်းငံ့ ပေးခဲ့သည်။

အရပ်ဘက်အစိုးရ တာဝန်ယူပြီး နောက်ပိုင်း တပ်မတော်နှင့် အနောက်နိုင်ငံ များအကြား ဆက်ဆံရေး တိုးမြှင့်မည့် အလားအလာများ တွေ့ရကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပစိဖိတ်ဒေသ အမေရိကန် တပ်ဖွဲ့များ၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ်ဝီယားစင်စကီး ဦးဆောင်သည့် ထိပ်တန်း စစ်ဘက်အရာရှိ အချို့၏ နေပြည်တော်ခရီးစဉ်မှာ နှစ်ပေါင်း ၂၅ နှစ် အတွင်း အမေရိကန် စစ်ဘက် အရာရှိတစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း CSIS စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အမေရိကန် ဦးဆောင်၍ နိုင်ငံပေါင်း ၂၀ ပါဝင်သော Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် မြန်မာ့ တပ်မတော်အရာရှိ နှစ်ဦးကို လေ့လာသူအဖြစ် လက်ခံဖိတ်ကြားခဲ့ကာ မေလအတွင်း သွားရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင်လည်း ထိုင်ဘုရင်မင်းမြတ်၏ တော်ဝင်ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့သည်။
The Voice Weekly

Windows RT တက်ဘလက် အမှာနည်းသဖြင့် HTC ပယ်ဖျက်

ထိုင်ဝမ်၊ ဇွန်၂
HTC ကုမ္ပဏီသည် မိုက်ခရိုဆော့ဖ်ထုတ် Windows RT OS ဖြင့် မြင်ကွင်း ကျယ် တက်ဘလက် တစ်မျိုး ထုတ်မည်ဟု ကြေညာထားခဲ့သော်လည်း အမှာစာများ ထင်သလောက် တက်မလာသဖြင့် ထုတ်လုပ်မှုကို ပယ်ဖျက် လိုက်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

Windows RT တက်ဘလက်များသည် ထုတ်လုပ်စရိတ် ကြီးမြင့်ပြီး အမှာနည်းလျှင် အရှုံးပေါ်မည်ဖြစ်ကာ ဈေးကွက် မသေချာသောကြောင့် မစွန့်စားခြင်း ဖြစ်သည်။ ထို့ကြောင့် ၇လက်မ Window 8 တက်ဘလက် ကိုပင် ARM Holdings Plc ပရိုဆက်ဆာဖြင့် ထုတ်လုပ်မည်ဟု ကုမ္ပဏီ က ပြောကြားသည်။

HTC သည် လက်ရှိ အနေအထားတွင် ဈေးကွက်အတွင်း ထုတ်ကုန်များ အရောင်း ကျဆင်းမှုနှင့် ပတ်သက်၍ ရှယ်ယာများလည်း ကျဆင်းလျက် ရှိသည်။ မိုက်ခရိုဆော့ဖ်ထုတ် Windows RT တက်ဘလက်များပင် ထင်သလောက် ဈေးကွက်တွင် ထိုးမဖောက်နိုင်ခဲ့ဘဲ ပြီးခဲ့သည့်အောက်တို ဘာလမှ ယခုနှစ် ဧပြီလအထိ အလုံးရေပေါင်း နှစ်သိန်းခန့် သာ ရောင်းချနိုင်ခဲ့သေးကြောင်း IDC သုတေသနဌာနက ဆိုသည်။

HTC သည် Windows RT တက်ဘလက်များကို မြင်ကွင်း ၁၂ လက်မ ဖြင့်ထုတ်ရန် ကြေညာထားသော်လည်း မြင်ကွင်းကျယ် တက်ဘလက် တစ်လုံး ထုတ်လုပ်ရသည့် စရိတ်မှာ အလွန်ကြီးမြင့်ပြီး မိုက်ခရိုဆော့ဖ်၏ ရောင်းအားအပေါ် သုံးသပ်ကာ ထိုသို့ နောက်ဆုတ်လိုက် ရခြင်း ဖြစ်မည်ဟု IDC က သုံးသပ်ထားသည်။

ယခုနှစ်အတွင်း တက်ဘလက် ကွန်ပျူတာများ ရောင်းအားသည် ၂၂၉ ဒသမ ၃ သန်းခန့် ရှိနိုင်ပြီး ဈေးကွက်၏ ၅၉ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက် ထားနိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တက်ဘလက် ရောင်းအားသည် PC ကွန်ပျူတာများကို လုံးဝ ဖြတ်ကျော်သွားနိုင်ကြောင်း IDC က ဆိုသည်။
The Voice Weekly

အမျိုးသမီးတစ်ဦး ခင်ပွန်းဟောင်းက ငရဲမီးဖြင့် ပက်ခံရ

မန္တလေး၊ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီး ကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်း ဖြစ်သူက ငရဲမီးဖြင့် ပက်သော ဖြစ်ရပ်တစ်ခု ဇွန်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က အင်းလုပ်ငန်း လုပ်ကိုင်သူ အဆိုပါ အမျိုးသမီးသည် လုပ်ငန်းခွင်မှ နေအိမ်သို့ ပြန်လာရာ ရွာအရောက်တွင် ခင်ပွန်းဟောင်းဖြစ်သူ ဦးယဉ်မင်းထိုက် က ပြန်လည် ပေါင်းသင်းလိုကြောင်း ပြောဆိုရာ အမျိုးသမီးက မပေါင်းလိုကြောင်း ပြန်ပြောသဖြင့် ခင်ပွန်းဟောင်းဖစ်သူက ပုလင်းနှင့် ထည့်လျက် အသင့်ယူဆောင်လာသော ငရဲမီးပူဖြင့် ပက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမျိုးသမီးဖြစ်သူသည် ယာဘက် ဦးခေါင်း၊ လက်၊ မျက်နှာ၊ ယာဘက်ရင်အုံတို့တွင် ငရဲမီး ဒဏ်ရာများ ရရှိခဲ့ကာ သပိတ်ကျင်း မြို့နယ် ဆေးရုံတွင် တက်ရောက်လျက် ရှိကြောင်း၊ တရားခံဟု ယူဆရသူ ဦးယဉ်မင်းထိုက် အသက် (၂၉) နှစ်ကို သပိတ်ကျင်းရဲစခန်း (ပ) ၁၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

ဥက္ကံပဋိပက္ခ ဒေသခံများအသနားခံမှု သမ္မတရုံး အကြောင်းပြန်

ဓါတ်ပုံ Sai Zaw
ဥက္ကံ၊ ဇွန် ၁
တိုက်ကြီးမြို့နယ် ဥက္ကံ ပဋိပက္ခတွင် ပါဝင်သည်ဟု ယူဆရသူများကို ဖမ်းဆီး စစ်ဆေးနေမှုကြောင့် ကြောက်ရွံ့၍ ထွက်ပြေး တိမ်းရှောင် နေသူများအတွက် အမှုမှန်ပေါ်ပေါက်စေရန် ဒေသခံ ၁၀၀ ကျော် က လက်မှတ်ထိုး ကာ နိုင်ငံတော်သမ္မတကြီးထံ အသနားခံမှုကို သမ္မတရုံး က ပြန်လည်စိစစ် ပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသော်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် တိုင်ကြားမှုများရှိသဖြင့် ထွက်ပြေး တိမ်းရှောင် နေရသူများ၏ မိသားစုဝင်များမှာ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး တို့တွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း အဆိုပါ မိသားစုဝင်များ က ပြောကြားသည်။

ယင်းကဲ့သို့ ကြုံတွေ့မှုများနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရန် အမြန်ဆုံး စစ်ဆေး စုံစမ်းပေးကာ အပြစ်ရှိသူများကို အရေးယူပြီး အပြစ်မရှိသူများကို အမြန်ဆုံး လွှတ်ပေးရန် နှင့်သံသယရှိသည် ဟုယူဆ၍ ဖမ်းဆီးထားသူ များနှင့် ကြောက်ရွံ့၍ ထွက်ပြေးနေသူများကို ဆက်လက် ဖမ်းဆီးခြင်း မပြုရန် ပါဝင်သည့် အသနားခံစာကို ဥက္ကံမြို့ရှိ ပနီပင် ကျေးရွာအုပ်စု၊ ခြောက်တဲ ကျေးရွာအုပ်စုနှင့် ကျွဲပုံး ကျေးရွာတို့တွင် နေထိုင်သူ ၁၀၇ ဦးက လက်မှတ်ထိုး ကာ နိုင်ငံတော်သမ္မတကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့ကို အသနားခံ တင်ပြထားကြောင်း ပါဝင်ကူညီသည့် ပနီပင် ကျေးရွာတွင် နေထိုင်သူ ဦးမြင့်လွင်က ပြောကြားသည်။

ဖမ်းဆီးခံရသူများနှင့် တိမ်းရှောင်သူများအတွက် အမှုမှန် ပေါ်ပေါက်ရန် မေလ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာ တင်ပြမှုကို နိုင်ငံတော်သမ္မတရုံးက မေလ ၂၃ ရက်နေ့တွင် ပြန်လည်စိစစ် ဆောင်ရွက်ပေးမည်ဟု ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း အကြောင်းပြန်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ ကြောက်လန့်ပြီး ထွက်ပြေးနေသူတွေလည်း ပြန်လာပါ၊ မကြောက်ပါနဲ့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမှာပါ”ဟု တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်း ပြောမည်

ရန်ကုန်၊ ဇွန် ၂
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်းအောလ်ဘရိုက်သည် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း National Democratic Institute (NDI) ၏ ထုတ်ပြန်ချက် အရ သိရသည်။

မက်ဒလင်းအောလ်ဘရိုက်မှာ National Democratic Institute (NDI) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၏ မိန့်ခွန်းတွင် ကမ္ဘာ့ နိုင်ငံအချို့၏ မကြာခင် နှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များကို ဥပမာပေး၍ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ရှေ့ခရီးစဉ်ကို အဓိက ဟောပြောမည် ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မက်ဒလင်းအောလ်ဘရိုက်သည် ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotal တွင် နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီ အားလုံးကို တန်းတူညီမျှ အကူအညီပေးရန် ကတိပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နေပြည်တော်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေး တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

NLD အဖွဲ့သည် ကမ္ဘာ အရပ်ရပ်ရှိ ပါလီမန်များကို အထောက်အကူ ပြုရေးဆိုင်ရာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းလာစေရေး၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြဿနာများ ကိုင်တွယ် ဖြေရှင်းရေး ကိစ္စများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မက်ဒလင်းအောလ်ဘရိုက်သည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ ဖူးပြီး ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးခင်ညွန့် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို အသီးသီး တွေ့ဆုံခဲ့သည်။
The Voice Weekly

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

ရန်ကုန်၊ ဇွန်- ၂
ဥရောပသမဂ(အီးယူ)၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဘယ်လဂျီယံလူမျိုးရိုလန်ကိုဘီယာ (Roland Kobia)ကို ဥရော ပသမဂ္ဂက ခန့်အပ်တာဝန်ပေးလိုက်သည်။

၎င်းသည် လက်ရှိတွင် အီးယူကိုယ်စားလှယ် အကြီးအကဲအဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ်မှာထားရှိသော သဘောထားတင်းမာမှုကို ဖြေလျှော့သည့်အနေဖြင့် အီးယူကိုယ်စားလှယ်ရုံးခန်းကို၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံက အဆက်မပြတ်လုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းချခြင်းမှလွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူကဖယ်ရှားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပိတ်ဆို့မှုများဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာဝန်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျသံတမန်တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ်အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာအီးယူသံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူအမတ်ကြီးဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိတစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူစွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံအီးယူကိုယ်စားလှယ်ရုံးတွင်
တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်းဈေးကွက်ဌာနတွင်လည်း တာဝန်ထမ်း
ဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟုသိရသည်။
7Day News Journal

ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်

ရန်ကုန်၊ ဇွန်- ၁
လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်းရရှိသည်။

“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင် အရပ်ထဲကလူတွေနဲ့ သတိရှိပြီး တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူထားသင့်တယ်”ဟု ပဋိပက္ခကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ထွဋ်ဦးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှစတင်ခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှတစ်ဆင့် မြောက်ပိုင်းတိုင်းရင်းသား အများစုနေထိုင်ရာ ရှမ်းပြည်နယ်အထိပါ ကူးစက်သွားသောကြောင့် မြို့အသီးသီးတွင် နေထိုင်ကြသူများက မိမိတို့မြို့များသို့ပါ ကူးစက်လာမည် ကို ပူပန်လာကြသည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရာ လားရှိုးမြို့နှင့် ခရီးလမ်းတစ်ကြောတွင်ရှိပြီး ကားဖြင့် ၆နာရီကျော်သွားရသည့် ပြင်ဦးလွင်မြို့တွင်လည်း လူမျိုးရေး ပဋိပက္ခများကူးစက်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ခံဘာသာရေးအခြေခံအဖွဲ့အစည်းအချင်းချင်း ကြိုတင်ညှိနှိုင်းထား ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟကဆိုသည်။

“ဗုဒ္ဓဘာသာဘက်ကစဖြစ်တယ်ဆိုရင် ဗုဒ္ဓဘာသာဘက်က ချက်ချင်းလာပြီး ပြဿနာကို ဖြေရှင်းဖို့ အစ္စလာမ်ဘာသာဘက်ကစဖြစ် တယ်ဆိုရင်လည်း ချက်ချင်းလာပြီး ပြဿနာဖြေရှင်းဖို့ အချင်းချင်းလည်း မျက်နှာတွေရင်းနှီးနေအောင် ဖုန်းနံပါတ်တွေကအစအချင်းချင်း လဲထားကြတယ်။ တစ်ခုခုဖြစ်ခဲ့လို့ အချိန်မီများမရောက်နိုင်ရင် ပြဿနာကကြီးသွားမှားစိုးတော့ အားလုံးဝိုင်းဆွေးနွေးပြီးတော့ ဖြေရှင်းနိုင် အောင်လုပ်ထားကြပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလို့စိုင်းကလည်း “ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်။ ပြဿနာကို မဖြစ်လာအောင် မကြီး ထွားအောင် အောက်မှာပဲ အဖွဲ့အစည်းအချင်းချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အစိုးရကလည်းညွန်ကြားထားတာမျိုးသိရတယ်။ အခု
လည်း အစိုးရအဖွဲ့က ညှိနှိုင်းနေကြတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးလူမှုရေးအဖွဲ့အ စည်းများကြားဆောင်ရွက်နေမှုများကို ပြောကြားသည်။

အချို့ဒေသများတွင် နိုင်ငံရေးပါတီများ မပါသော်လည်း အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း များကိုလည်း ပဋိပက္ခများစတင်ဖြစ်ပွားချိန် လွန်ခဲ့သည့်လများကပင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထိုသို့ညှိနှိုင်းထားပြီး ပြဿနာမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်လာပါက တရားဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းရန် ပြောကြားထားပြီးဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာလည်း လားရှိုးမြို့မှာ ပြဿနာဖြစ်ပြီးဆိုတော့ အားလုံးက စိတ်မကောင်းကြဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေတွေ့ပြီး ကြိုတင်ညှိနှိုင်းတာတွေလုပ်ကြတယ်။ စိုးရိမ်ကြတာပေါ့”ဟုကျောက်မဲဒေသခံကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဦးစိုင်းနော်ခမ်းဦးကဆိုသည်။

ယင်းသို့ပဋိပက္ခများကို ကြိုတင်ကာကွယ်မှုများပြင်ဆင်နေသကဲ့သို့ပင် ပဋိပက္ခကြီးထွားလာစေရန်အားယူသည့်ပြဿနာများစတင်ပေါ်ပေါက်လာ ချိန်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် အချိန်မီဒေသတည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နိုင်သည့် စွမ်းအားလိုအပ်နေကြောင်း နိုင်ငံရေး ပါတီခေါင်းဆောင်များကသုံးသပ်သည်။

“မဖြစ်အောင်ထိန်းရမယ်။ နောက်တစ်ခုဖြစ်ရင် သက်ဆိုင်ရာက ပိုင်ပိုင်နိုင်နိုင်အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ခပ်ပျော့ပျော့ကိုင်ရင်တော့ မဖြစ်ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြဿနာကူးစက်လာနိုင်သည့် ဒေသအများအပြားတွင် အစိုးရအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း ယခု ထက်ပို၍ အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မှသာ ကြိုတင်ကာကွယ်မှုသည် ထိရောက်နိုင်မည်ဟုလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောကြားထားသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

အမျိုးသမီးနှစ်ဦး ပညာရေးဝန်ထမ်း အယောင်ဆောင်၍ လိုက်လိမ်နေ

ရန်ကုန်၊ ဇွန်- ၁
ကျောက်တံတားမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်းတစ်ခု၏ ပညာရေးဝန်ထမ်းဟန်ဆောင်ပြီး အမျိုးသမီးနှစ်ဦး ငွေကြေး လိမ်လည်ကောက်ခံမှုဖြစ်ပေါ်နေ၍ ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁ရက် နံနက် ၁၀နာရီခွဲ အချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှဟုဆိုကာ အမျိုးသမီးနှစ်ဦးက ကျောင်းသားမိဘများအိမ်သို့ သွား၍ အာဟာရကြေးကျပ် ၁၅၀၀ နှင့် အထွေထွေရန်ပုံငွေ ကျပ် ၃၀၀၀ ကောက်ခံခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်ပဲ ကျောင်းသားမိဘတစ်ယောက်က ဖုန်းဆက်ပြီး လှမ်းမေးလာလို့ ဆရာမကြီးငွေကောက်ခိုင်းထားတာရှိလားဆိုပြီးတော့။ အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ အပြင်ဝတ်စုံဝတ်ထားတဲ့ အသက် ၄၀ ၀န်းကျင်အမျိုးသမီးနှစ်ဦးတဲ့။ ထူးခြားချက်က ကျောင်းစည်းတံဆိပ် လည်းပါတယ်ပြောတယ်။ အတုဖြစ်မှာပေါ့နော်။ မူလတန်းကအခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတာဆိုတော့ အခုလိုဖြစ်တာ ကျောင်းကို
ထိခိုက်မှာစိုးတယ်”ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကပြောသည်။အဆိုပါ အမျိုးသမီးနှစ်ဦးသည် အဆိုပါမြို့နယ်အတွင်း ယင်းသို့ လိမ်လည်မှုများ ဆက်လက်ပြုလုပ်နေဖွယ်ရှိပြီး ရပ်ကွက်ရုံးများသို့ အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

ယင်းအမျိုးသမီးနှစ်ဦးကို ကျောက်တံတားရဲစခန်းမှ လိုက်လံရှာဖွေနေကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျရဲအရာရှိ ရဲအရာရှိကပြောသည်။

မြန်မာနိုင်ငံတွင် မူလတန်းပညာရေးကို အခမဲ့စနစ်ဖြင့် အစိုးရသစ်လက်ထက်တွင် စတင်ကျင့်သုံးခဲ့သလို မူလတန်းကျောင်းသားများအတွက် ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်နှင့် ငွေကျပ်တစ်ထောင်ကို ထောက်ပံ့နေသည်။

ထို့အပြင် အလယ်တန်းနှင့် အထက်တန်းအဆင့်အတွက် သတ်မှတ်ငွေကြေးကိုသာ ကောက်ခံရန်နှင့် အခြားအလျှူငွေနှင့် ဗလာစာအုပ်များ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး အလှူငွေကောက်ခံနေသောကျောင်းများကို အရေးယူဆောင်ရွက်လျက်ရှိသည်။
7Day News Journal

တိုက်ကုန်တော့မှာပဲ....

FB-Myanma Light

ဆန္ဒပြ သူတွေကို အာဒိုဂန် ပြစ်တင်ပြန်

ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်
2 ဇွန်လ 2013
တတိယ မြောက်နေ့ ဆက်ပြီး ဆန္ဒပြ နေတဲ့ တူရကီ နိုင်ငံသား တွေကို ဒီမိုကရေစီ ဆန့်ကျင် သူတွေ အဖြစ် ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် က ထပ်မံ ပြစ်တင် ရှုတ်ချ လိုက်ပြန် ပါပြီ။

အစ္စတန်ဘူလ် မြို့ Besiktas အရပ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေကို ရဲက အင်အားပြင်း မျက်ရည်ယိုဗုံး တွေ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ် လို့ သိရ ပါတယ်။

ဗလီ၊ တက္ကသိုလ်တွေနဲ့ ဈေးဆိုင် တွေမှာ ဒဏ်ရာ ရသူတွေကို ကုသဖို့ ယာယီ ဆေးရုံတွေ ဖွင့်ထားရပြီးလမ်းဘေး စင်္က࿿နြ် တွေပေါ်မှာလဲ ရဲတွေ မလာနိုင်အောင် အတားအဆီးတွေ ချထားခဲ့ကြ ပါတယ်။

ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် နှုတ်ထွက်ဖို့ ဆန္ဒပြ သူတွေက တောင်းဆို နေကြတာပါ။

အစိုးရ ကို အာဏာရှင် ဆန်တယ်၊ အစ္စလာမ် အယူသည်းတယ် စတဲ့ ဝေဖန် ပြောဆိုမှုတွေ ကိုလဲ မစ္စတာ အာဒိုဂန်က ပယ်ချ ခဲ့ပြီး သူ့ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်လို့ ပြောကြား ခဲ့ပါတယ်။

အစွန်အဖျားက အရေးမပါတဲ့ အုပ်စုတွေက ပြည်ပ ထောက်ခံမှု ယူပြီး ဆန္ဒပြ နေကြတာ လို့လဲ သူက ဆိုပါတယ်။

အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့တဲ့ အစ္စတန်ဘူလ် မြို့က တက်ဆင်မ် ရင်ပြင်မှာ ဆန္ဒပြသူတွေ ပြန် စုဝေး လာကြပြီး အန်ကာရာ မြို့တော်မှာလဲ ရဲနဲ့ ဆန္ဒပြသူ တွေ အကြား မနေ့က ရင်ဆိုင် ထိပ်တိုက်တွေ ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ

ရန်ကုန် အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် အစီး ၁၀၀ ကျော်မှာ ဟောင်းနေသည့် ယာဉ်များ


03 June 2013
ရန်ကုန်မြို့တွင်း လိုက်လံအမှိုက်သိမ်းနေသော အမှိုက်သိမ်းယာဉ် တစ်စီးကို တွေ့ရစဉ်

ရန်ကုန်မြို့တော်တွင် လက်ရှိ အမှိုက်သိမ်းယာဉ် အစီးရေ ၃၀၀ ကျော်ဖြင့် အမှိုက်သိမ်း လုပ်ငန်းများကို ပြုလုပ်နေပြီး ယင်းတို့အနက်မှ အမှိုက်သိမ်းကားစီးရေ ၁၀၀ ကျော်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သော ဟောင်းနွမ်းသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။

သို့သော် ဘဏ္ဍာငွေ အခြေအနေအရ အဆိုပါ အမှိုက်သိမ်းယာဉ် ဟောင်းများကို လက်လွှတ်၍ မရနိုင်သေးဘဲ နှစ်စဉ်ပြုပြင် ထိန်းသိမ်း၍ သုံးစွဲနေရဆဲဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့တော်ရဲ့ အမှိုက်သိမ်း လုပ်ငန်းအတွက် အမှိုက်သိမ်းကား အစီးရေ ၃၀၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ အမှိုက်ကား အစီးရေ ၁၀၀ ကျော် လောက်က နှစ်ကြာပြီး ဟောင်းနွမ်းနေတယ်။ အဲဒါတွေကို နှစ်စဉ်ပြုပြင်ပြီး သုံးစွဲနေရပါသေးတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအမှိုက်သိမ်းကား အဟောင်းများကို ထိန်းသိမ်းပြုပြင်ရခြင်းကြောင့် အချို့နေရာများကို အမှိုက်ကား၏ စွမ်းအားများကို အပြည့်အ၀ သုံးစွဲနိုင်ခြင်း မရှိကြောင်းနှင့် အမှိုက်သိမ်း စနစ်မှာလည်း ခေတ်မမီတော့ကြောင်း သိရသည်။ အမှိုက်သိမ်းယာဉ် အသစ်များကို ၀ယ်ယူခဲ့ရာ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် အစီး ၆၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၄ စီးဝယ်ခဲ့ကြောင်း၊ မေလကုန်ပိုင်းတွင်လည်း ဂျပန်နိုင်ငံမှ ၀ယ်ယူထားသည့် အမှိုက်သိမ်းယာဉ်အသစ် ခြောက်စီးထပ်မံ ရောက်ရှိလာကြောင်း သိရှိရသည်။

ဂျပန်မှဝယ်သည့် အမှိုက်သိမ်းယာဉ်များသည် သာမန်အမှိုက်သိမ်း ယာဉ်သေးများထက် သုံးဆခန့် အမှိုက်ဝင်ဆံ့ခြင်း၊ မြေပြင်တွင် ချထားသည့် အမှိုက်ပုံးများကို အမှိုက်သိမ်းဝန်ထမ်း မလိုအပ်ဘဲ အတင်အချ ပြုလုပ်၍ အမှိုက်သယ်ယူ စွန့်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု သိရှိရသည်။
EMG

လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်


03 June 2013
အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်

ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်းထားများ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

''လက်ရှိမှာ မိုဘိုင်းဖုန်း သိပ်သည်းဆက ၇ ရာခိုင်နှုန်းရှိပြီး အင်တာနက် သိပ်သည်းဆကတော့ ဖုန်းအင်တာနက် သုံးစွဲမှုတွေ အပါအ၀င်ဆိုရင် ၁ ရာခိုင်နှုန်းကျော်ရှိ လာပါတယ်။ မြန်မာနိုင်ငံရဲ့ GDP က ဒေါ်လာ ၁၀၀၀ အောက်ပဲ ရှိသေးပြီး ဖုန်းခေါ်ဆိုခနှုန်းထားက များနေပါသေးတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်လာဖို့အတွက် နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၃၀ ရာခိုင်နှုန်းရောက်ဖို့ အသည်းအသန် ကြိုးစားကြပြီး ၅၀ ရာခိုင် နှုန်းကျော် ရှိလာပြီဆိုရင် မျှခြေတစ်ခုကို ရောက်လို့ အတော်အတန် တည်တည်ငြိမ်ငြိမ် ရှိလာပါတယ်။ တကယ်လို့ ၁၀၀ ရာခိုင်နှုန်းကျော်ပြီး လူတစ်ဦးက နှစ်ကတ်၊ သုံးကတ် သုံးစွဲနိုင်တဲ့ အနေအထားမှာ ဆိုရင်တော့ Web ကင်မရာတွေအတွက် ထည့်သွင်းသုံးစွဲတာ၊ Tablet တွေထဲ ထည့်သွင်းသုံးစွဲတာမျိုး ဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာ နှစ်နှစ်ခွဲအတွင်း မိုဘိုင်းဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်း ရောက်စေဖို့ ပစ်မှတ်ထားပါတယ်။ အဲဒီအတွက်လည်း ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်တဲ့အခါ အကောင်းဆုံး သူ၊ တကယ်စိတ်အချရဆုံးသူရဲ့ လက်ထဲ ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အစမ်းသပ်ခံလို့ မရတော့ပါဘူး။ အင်တာနက် လွတ်လပ်ခွင့် ဆိုရာမှာလည်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ရုံသာမကဘဲ လူတိုင်းသုံးစွဲခွင့်ရဖို့၊ နှုန်းထားသက်သာဖို့ လိုပါတယ်။

 မိုက်ခရိုဆော့ဖ်နဲ့ ဆွေးနွေးတုန်းကဆိုရင် မျှတတဲ့ ဈေးနှုန်းဖြစ်မှသာ လိုင်စင်ဗားရှင်းကို သုံးစွဲနိုင်မှာလို့ပြောတော့ ဘယ်ဈေးနှုန်းဆိုရင် မျှတတဲ့နှုန်းထား ဖြစ်မလဲလို့ သူတို့ကမေးပါတယ်။ အဲဒီအခါ FOC(Free of Charge) အခမဲ့ဖြစ်မှ မျှတတဲ့ ဈေးနှုန်းဖြစ်မယ်လို့ ပြောခဲ့တယ်။ ကျေးရွာတွေမှာ အသက်သာဆုံး ဈေးနှုန်းနဲ့ အင်တာနက် Access ရဖို့လိုပြီး အခမဲ့ဆိုရင် ပိုကောင်းပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားသည်။

ဆန်ခါတင်စာရင်းဝင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၁၂ ခုမှ နှစ်ခုကို ဇွန်လကုန်ပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်သည်။
EMG

ခွေးမှောင်ခိုဈေးကွက် ကြီးထွား (ရုပ်/သံ)

ခွေးမှောင်ခိုဈေးကွက် ကြီးထွား။ ခွေးကောင်ရေ ၂ သိန်းလောက် ကို ၀ါယားကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ ချင်းထဲကိုထည့်ပြီး ထိုင်းနိုင်ငံမှတဆင့် ဗီယက်နမ်နိုင်ငံ စားသောက်ဆိုင်များသို မှောင်ခိုတင်ပို့ပါတယ်လို တိရိဆ္တန် အခွင့်အရေးသမားတွေက ပြောဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီဒီယိုမှာ ဆက်လက်ရှုစားကြပါ။
Ref; CNN International

အမှုတစ်ခု ၃ လကြာသော်လည်း တရားရုံးမှ စစ်ဆေးခြင်း မရှိသေး

မိုးမိတ်၊ ဇွန် ၂။
မိုးမိတ်မြို့တွင် လွန်ခဲ့သော ၃ လခန့်က မိုးမိတ်ရွှေမြင်တင်ဘုရားပွဲတော်မှ လူရိုက်မှုတစ်ခု ယနေ့တိုင်
တရားရုံးမှ ခေါ်ယူစစ်ဆေးခြင်း မရှိသေးကြောင်း တရားလို၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာတွင် မောင်အောင်ကျော်ကိုဆိုသူအား လူခြောက်ဦးက ၀ိုင်းရိုက်ရာ ရဲများကအချိန်မှီ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မိုးမိတ်ရဲစခန်းတွင်
အမှုဖွင့်ထားကြောင်းနှင့် အရိုက်ခံရသူမှာ ဦးခေါင်းဒဏ်ရာ (၅၅)ချက်ချုပ်ရကြောင်း ဆရာဝန်
ဆေးစစ်ချက်မှတ်တမ်းအရ သိရသည်

” လူမှားရိုက်ခံရတာလို့လဲကြားတယ်၊ ဖြစ်ဖြစ်ခြင်းညမှာပဲ အမှုဖွင်ထားတာ ဒီနေ့ထိအမှုက
ဘာမှန်းမသိရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတာ သိချင်တယ်”ဟု အရိုက်ခံရသူ၏ ဖခင်ကိုကျော်နိုင်က ပြောကြားသည်။

မိုးမိတ်ရဲစခန်းမှူးဦးလူလှက “ဒီအမှုက လူရိုက်မှု ဟုတ်ပါတယ်၊ အာမခံပုဒ်မနဲ့တရားရုံးမှာ
အမှုစွဲတင်ထားပြီးပါပြီ၊ အမှုကြန့်ကြာနေတာကတော့ တရားရုံးနဲ့ပဲဆိုင်ပါတယ်”ဟု ပြောကြားသည်။

အရိုက်ခံရသူ မောင်အောင်ကျော်ကိုက “အဲဒီညမှာ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း အနောက်ကနေ လူတစ်စုဝင်ရိုက် သွားတာခံရတာပဲ၊ ဒီနေ့ထိအမှုကဘာမှန်း မသိသေးဘူး၊ အာမခံပေးထားတဲ့ တရားခံတွေ တချို့ထွက်ပြေး တိမ်းရှောင်နေပြီလို့တောင် ကြားရတယ်၊ အမှုက ကြာနေပြီသက်ဆိုင်ရာဌာနက အလုပ်မလုပ်ကြဘူးလို့ ထင်တယ်လေ”ဟု ပြောကြားသည်။

မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာသည် ၃ ရက်တိုင် နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး မိုးမိတ်မြို့တွင်
အကျော်ကြားဆုံးနှင့် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်

အမေရိကန် စင်တာက ကျောင်းသားတွေနဲ့ ဗလီဆရာ အမြင်ချင်းဖလှယ်

2013-06-02
မြန်မာနိုင်ငံက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့  တာမွေမြို့နယ်က အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့  ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်စင်တာက  iPACE ခေါ် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးရေး အဖွဲ့ တာဝန်ခံ ၂ ဦး အပါအ၀င် သင်တန်းသား ၂၂ ဦး နဲ့ အဲဒီ ဘာသာရေး ကျောင်း တာဝန်ခံတို့ ဆွေးနွေးခဲ့ကြတာတွေကို ဆွေးနွေးပွဲမှာပါဝင်တဲ့  ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက် အဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က အခုလို ပြောပါတယ်။

"အမေရိကန် စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ၂၀ လောက်ကို တာမွေက ဂျာမေဗလီမှာ နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ အမြင်မရှင်းတာတွေ၊နောက်ကွယ်က သွေးထိုးလှုံဆော်နေတာနဲ့ ပက်သက်လို့ ဂျာမေဗလီက ဆရာကြီးဦးတင်မြင့်က ရှင်းပြပါတယ်။

iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။

ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ ၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လဲ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

အင်းလေးမှာထွန်တုံးတိုက်ပွဲ ဆင်နွှဲ

2013-06-02
အင်းလေးဟိုတယ်ဇုန် စီမံကိန်းကြောင့် မြေသိမ်းခံထားရတဲ့ ဒေသခံတောင်သူ ၂၀၀ ကျော်ဟာ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ကန်ပဲ့ကျေးရွာအရှေ့ဖက်က လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

အာဏာပိုင်ဖက်တွေက မြေသိမ်းခံတောင်သူတွေကို ဘယ်လိုမှ ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်တာကြောင့် အခုလိုထွန်တုံးတိုက်ပွဲ ဆင်နွှဲရတာဖြစ်တယ်လို့ ဒေသခံတောင်သူ ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒီထွန်တုံးတိုက်ပွဲကို ၈၈ မျိုးဆက်သစ်(ရှမ်းပြည်နယ်)၊ ဒေသခံ NLD ပါတီဝင်တွေနဲ့ သလဲဦးကျေးရွာအုပ်စုမှ ကန်ပဲ့၊ အင်ကြင်းကုန်းနဲ့ ဝက်သားကင်ကျေးရွာတွေက ဒေသခံတောင်သူ ၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဆက်လက်စိုက်ပျိုးသွားမယ်လို့ ကန်ပဲ့ကျေးရွာမှ ဒေသခံတောင်သူ မထွေးက RFA ကို ပြောပါတယ်။

ဒီနေ့ ထွန်တုံးတိုက်ပွဲကို ရဲတပ်ဖွဲ့ဝင် (၆၀)ကျော်လောက် လာရောက်ကြည့်ရှုခဲ့ပေမယ့် ဟန့်တားမှုတွေတော့ မရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့အင်းလေးဟိုတယ်ဇုန်စီမံကိန်းဟာ အကျယ် အဝန်း ၆၂၂ ဧကရှိပြီး၊အဲဒီ စီမံကိန်းနေရာမှာ ပါဝင်တဲ့ လယ်ယာမြေတွေဟာ အင်းလေးဒေသက ချောင်းပါး၊ ဝက်သားကင်၊ ညောင်ဝန်း၊ ဘုရားဖြူ၊ ကန်ပဲ့ နဲ့ အင်ကြင်းကုန်း စတဲ့ ကျေးရွာတွေက တောင်သူတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာတွေဖြစ်သလို ဘုန်းကြီးကျောင်း ၁၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေလည်း အသိမ်းခံရတဲ့ မြေတွေမှာ ပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese

ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ
3 ဇွန်လ 2013
ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။

ဒီလို ကဒါဖီ မိသားစုပိုင် တယ်ဆိုတဲ့ စိန်တွေ ရွှေတွေနဲ့ ငွေသား စတဲ့ ပစ္စည်းတွေ ပြန်ရအောင် အကူအညီပေးဖို့ တောင်အာဖရိက အစိုးရကို လစ်ဗျား အစိုးရက အကူအညီ တောင်းထားတယ် ဆိုတဲ့ သတင်းကို သတင်းစာ တစောင်က ဖေါ်ပြခဲ့တာပါ။

လစ်ဗျား အစိုးရကို ကိုယ်စားပြုတယ် ဆိုတဲ့ အဖွဲ့တဖွဲ့က တောင်အာဖရိကရောက် ကဒါဖီပိုင် ပစ္စည်းတွေ ပြန်ရအောင် ကူညီပေးဖို့ ဘဏ္ဍဍာရေး ဌာနကို ဆက်သွယ် လာခဲ့တယ်၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပိုင်ဆိုင်မှု မျိုးတွေ ရှိနေလဲ စစ်ဆေး နေတယ်လို့ တောင်အာဖရိက ဘဏ္ဍဍာရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး တောင်အာဖရိက ဆန်းဒေးတိုင်း သတင်းစာက ဖေါ်ပြခဲ့တာပါ။

တောင်အာဖရိက မှာရှိတဲ့ ကဒါဖီ ပစ္စည်းတွေ ကို ဖော်ထုတ်ပြီး ပြန်ရအောင် ကြိုးစားမယ့် လစ်ဗျားပြည်သူတွေ ကိုယ်စား အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ တောင်အာဖရိက ဆိုင်ရာ လစ်ဗျားသံရုံးက ပြောပါတယ်။

တောင်အာဖရိကမှာ ဝှက်ထား သိမ်းထားခဲ့တဲ့ ဒီပစ္စည်းတွေဟာ ကဒါဖီ မိသားစု မတရားနည်းနဲ့ ရယူပိုင်ဆိုင် ထားခဲ့တာ ၊ လူယူ ထားခဲ့တာတွေ ဖြစ်တယ်လို့ လစ်ဗျား အစိုးရက တောင်အာဖရိကအစိုးရကို အကူအညီ တောင်းတဲ့ စာထဲမှာ ဖော်ပြ ထားတယ်လို့ သတင်းစာက ရေးထားပါတယ်။

ဒီပစ္စည်းတွေကို တောင်အာဖရိက မှာရှိတဲ့ ဘဏ်နဲ့ အာမခံ ကုမ္ပဏီ ၄ ခုမှာ သိမ်းထားတယ်လို့ လစ်ဗျား စုံစမ်း စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံခြား မှာရှိတဲ့ ကဒါဖီနဲ့ သူ့မိသားစု ပိုင်ဆိုင်မှု အဝဝ ဒေါ်လာ ၈ဝ ဘီလျံ လောက် အထိတောင် ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းကြပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီဟာ ၂ဝ၁၁ အောက်တိုဘာလ လစ်ဗျား နိုင်ငံရေး အုံကြွမှု အတွင်း ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစုပိုင် ပစ္စည်းတွေဟာ လစ်ဗျားနိုင်ငံ ပစ္စည်းတွေ ဖြစ်တယ်လို့ လစ်ဗျား ပြည်သူ အများက အခိုင်အမာ ယုံကြည် ကြပြီး လစ်ဗျားကို ပြန်ပေးသင့်တယ်လို့ ယူဆကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ က လန်ဒန်မြို့က ကဒါဖီရဲ့ သားတဦး ပိုင်တဲ့ ဒေါ်လာ ၁၆ သန်း တန် အိမ်ကြီးဟာ လစ်ဗျားမှာ ကဒါဖီ အာဏာ ရှိစဉ် ကာလက နိုင်ငံ့ငွေတွေ သုံးပြီး ဝယ်ခဲ့တယ်လို့ တရားရုံးက စီရင်ချက် ချခဲ့တာကြောင့် လစ်ဗျား အစိုးရဆီ လွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။
ဘီဘီစီ

မလက်တို လယ် အငြင်းပွားမှု ညှိနှိုင်း

လယ်သမား တွေက လယ်မြေ ပြန်တောင်းရာက ရုန်းရင်း ဆန်ခတ် ဖြစ်
2 ဇွန်လ 2013
ပြီး ခဲ့ တဲ့ မတ်လ က ရဲတပ် ဖွဲ့ ဝင် တဦး သေဆုံး ပြီး လူ ၅ဝ လောက် ဒဏ်ရာ ရခဲ့ တဲ့ မအူပင် မလက်တို ငါး ကန် လယ်မြေ အငြင်းပွား မှု တွေ အတွက် လယ် သမား တွေ နဲ့ ကု မ္ပဏီ ၊ ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိ သူ တွေ မအူပင် မှာ ညှိနှိုင်း ခဲ့ကြပါတယ်။

ဒီ ဆွေးနွေး ပွဲ ပြီး သွား ပေမယ့် ပြသနာ ပြေ လည် မှု ရပြီ လို့ မပြော နိုင်သေး ပါဘူး။

ဒီနေ့ ပွဲ ကို ရွှေ ည ဝါ ဆရာတော် ကိုယ်တိုင် တက် ရောက် ညှိ နှိုင်းခဲ့ ပေမယ့် မစုစုနွေး ခေါင်းဆောင်တဲ့ အဖွဲ့က မတက်တဲ့ အတွက် မပြီးပြတ် ခဲ့ဘူးလို့ သိရပါတယ်။

မလက်တိုက အငြင်းပွား လယ် မြေဧက ၁ဝဝဝ မှာ ဧက ၄၅ဝ အတွက် ကရုဏာကြေး ပေးဖို့ ဒေသခံ တွေ နဲ့ ညှိ နှိုင်း နိုင်ပေမယ့် ကျန် တဲ့ ဧက ၅၅ဝ ရဲ့ လယ်ယာမြေ ပိုင်ဆိုင် မှု နဲ့ ပတ်သက် ပြီး ညှိ နှိုင်း နေတာပါ။

ကုမ္ပဏီက နေရာ အစားပေးမယ် ဆိုပေမယ့် အခြား လယ်သိမ်းခံ လယ်သမားတွေ အတွက် ကိုယ်ချင်းစာလို့ မယူလိုဘူးလို့ မလက် တို ဒေ သက လယ် သမား အရေး ဆောင် ရွက် နေတဲ့ ကိုမောင်စိုး က ပြော ပါတယ်။

အောချပ် ကုမ္ပဏီက မလက်တို အုပ်စုက ရွာခြောက် ရွာ မှာ လယ်မြေ ဧက ၁ဝဝဝ ကို ၁၉၉၆ က သိမ်းတယ် ဆိုပြီး အလုပ် လက်မဲ့ ဖြစ်ခဲ့တဲ့ လယ်သမား ၃ဝဝ ကျော် က ၂ဝ၁၃ ဖေဖော်ဝါရီ မှာ လယ်မြေ ပြန်တောင်း ဆို ရာ က လုံ ခြုံရေး တွေ နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပါတယ်။

ဒီနေ့ ညှိ နှိုင်းပွဲ မတက်သူ တွေ နဲ့ မနက် ဖြန် မှာ ရွှေ ညဝါ ဆရာ တော် ဦးဆောင် ပြီး ထပ် မံ ညှိနှိုင်း အုန်းမယ် လို့ လဲ သိရပါတယ်။
ဘီဘီစီ

မလေးရှားမှာ မြန်မာတွေ တိုက်ခိုက် ခံခဲ့ရ

မလေးရှားနိုင်ငံ ဆီလာယန်းမြို့နယ်မှာ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရ
2 ဇွန်လ 2013
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနားက ဆီလာယန်း မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထား တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးကို ဆေးရုံ တင်ထားရပါတယ်။

သေဆုံးသွားခဲ့သူ နှစ်ဦးဟာ မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ ကိုမင်းဇော်နဲ့ ကိုခိုင်မင်း လို့ သိရပါတယ်။

သေဆုံးသူတွေထဲက တဦး ဖြစ်တဲ့ ကိုမင်းဇော်ဟာ အလုပ်ကအပြန် ဇနီးသည် မှာတဲ့ ဆန်ဝယ်ဖို့ သွားရင်း ကုန်တိုက်တခု ရှေ့မှာ ဓါးနဲ့ အခုတ်ခံခဲ့ရတာလို့ သူ့နဲ့ ရင်းနှီးသူ ကိုစိုင်းကျော်က ဘီဘီစီကို ပြောပြပါတယ်။

နောက်တနေ့မှာလည်း နောက်မြန်မာနိုင်ငံသားတဦး ဖြစ်တဲ့ ကိုခိုင်မင်းလည်း အသတ်ခံခဲ့ရပြီး အနည်းဆုံး လေးဦးကို ဆေးရုံတင်ထားရပါတယ်။

ပြစ်မှု ကျူးလွန်ခဲ့သူတွေဟာ မလေးရှားနိုင်ငံသားတွေလား၊ မြန်မာနိုင်ငံသား တွေလား ဆိုတာကို အသေအချာ မသိရသေးပါဘူး။

မလေးရှားရောက် မြန်မာတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခတွေရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

နောက်ထပ် တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတဲ့ မြန်မာ အတော်များများဟာ ဆီလာယန်းမြို့နယ် အနီးက ကပ်ပုမ်း ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေကြပါတယ်။

ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားမှာ ရှိတဲ့ မြန်မာ သံရုံးက ဘာအကူအညီပေးတာမျိုးမှ မရှိပဲ ဘူးလို့ ကပ်ပုမ်း ၇ရက် သားသမီး နာရေး ကူညီစောင့်ရှောက်မှု အသင်း ဥက္ကဌ ကိုဆန်းဝင်း က ပြောပါတယ်။

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးတင်လတ်ကတော့ ဒီဖြစ်ရပ်ဟာ ဘာသာရေး အပေါ် အခြေခံဖြစ်ပွားတာမျိုးမဟုတ်ပဲ ဒုစရိုက်နယ်မြေမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ မြန်မာ့ရုပ်မြင်သံကြား ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။
BBC BURMESE

ဆီးရီးယားပဋိပက္ခ ကြက်ခြေနီတပ်ဖွဲ့က ကူဆေယာမြို့နှင့်ပတ်သက်၍ သတိပေးမှုပြုလုပ်

ကူဆေယာ၊ ဇွန် ၂။
ကြက်ခြေနီတပ်ဖွဲ့က တိုက်ပွဲများဖြစ်ပွားနေသည့် ဆီးရီးယားမှ ကူဆေယာ မြို့ရှိ အခြေအနေများအပေါ်သတိပေးချက်များ ပြုလုပ်ခဲ့ပြီး အကူ အညီများ ချက်ချင်းလွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းတို့က လက်ဘနွန်နယ်စပ်တွင် ရှိသော ၎င်းမြို့တွင်း ၌ အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း ယုံကြည်နေကြသည်။

အစိုးရတပ်များနှင့် သူပုန်တပ်သားများသည် မြို့ကို သိမ်းပိုက်ထားရေး တိုက်ပွဲများတိုက်နေကြရာ
အစားအသောက်ရေနှင့် ဆေးဝါးထောက်ပံ့ ပစ္စည်းများကို ရှားပါးသွားစေကြောင်း ကြက်ခြေနီတပ်ဖွဲ့က ဆိုသည်။

ရုရှားကမူ ကူဆေယာနှင့်ပတ်သက်၍ သတိပေးထားမှုများကို ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်က ထုတ်ဝေသည့် လုံခြုံရေးကောင်စီထုတ်ပြန်ချက်အကြမ်းတွင် ကူဆေယာတွင်ဖြစ်ပွားသောအခြေအနေများနှင့် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေခြင်းကြောင့် အရပ်သားများအပေါ် သက်ရောက်မှုများကို လွန်စွာဝမ်းနည်းမိကြောင်းပါရှိသည်။

သံတမန်တစ်ဦးအဆိုအရ ရုရှားက ကုလသမဂ္ဂသည် ကူဆေယာကို သူပုန်များသိမ်းပိုက်စဉ်က ထုတ်ဖော်မပြောခဲ့သောကြောင့် မူကြမ်းကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အတိုက်အခံဘက် တက်ကြွလှုပ်ရှားသူတစ်ဦးက မြို့ထဲတွင်အရပ်သား သုံးသောင်း ခန့် ရှိနေသေးကြောင်း သောကြာနေ့က ပြောကြားခဲ့ သည်။

သူပုန်များက တစိတ်တပိုင်း စီးနင်းထားခဲ့သည့် ကူဆေယာမြို့ကို အစိုးရတပ်များနှင့် ဟက်ဇဘိုလာ တပ်များက ထိရောက်စွာ ပိတ်ဆို့ထား သည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)က ထုတ်ပြန်ချက်တစ်ခုတွင် ကူဆေယာမြို့မှ
ပိတ်မိနေသောပြည်သူများ၏ သတင်းပေးပို့ ချက်ဖြင့် သတိပေးခဲ့ ရကြောင်းနှင့်
အကူအညီချက်ချင်းပေးအပ်နိုင်ရန်အတွက် မြို့တွင်းသို့ဝင်ရန်ပြင်ဆင်ထားကြောင်း ဆိုသည်။

“အရပ်သားတွေနဲ့ ဒဏ်ရာရရှိထားသူတွေဟာ တိုက်ပွဲဆက်လက်ဖြစ်နေသမျှ ပိုဆိုးဝါးလာမယ့်
အန္တရယ်မှာရှိနေတယ်” ဟု ဒေသတွင်း အိုင်စီအာရ်စီဥက္ကဋ္ဌ ရောဘတ် မာဒီနီက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရရုံးကလည်း အရပ်သားများကို လွှတ်ပေးရန်
တိုက်ပွဲဖြစ်နေသောအဖွဲ့များကို တောင်းဆိုထားသည်။

ဂျနီဗာတွင်ရောက်ရှိနေသည့် ဘီဘီစီမှ အီမိုဂန်ဖော်ကီးစ်က ကုလသမဂ္ဂနှင့် အိုင်စီအာရ်စီကတချိန်တည်းတွင် ထုတ်ပြန်ချက်များ ချက်ချင်းထုတ်ပြန်ခဲ့သည်မှာ အခြေအနေသည်မည်မျှဆိုးဝါးနေသည်ဟု ၎င်းတို့ယုံကြည်နေကြောင်း ပြသနေခြင်းဖြစ်သည်ဟု ပြောကြားသည်။

လွန်ခဲ့သည့် လအတွင်းမှ စ၍ ကူဆေယာတွင် ဆီးရီးယားအစိုးရကို သစ္စာခံသော အီရန်ထောက်ပံ့ခံ
လက်ဘနွန်အုပ်စုဟက်ဇဘိုလာနှင့် တိုက်ခိုက်မှု သည် မြင့်တက်လာသည်။

သူပုန်ဆီးရီးယားလွတ်မြောက်ရေးတပ်မှ တပ်ဖွဲ့များသည်လည်း တိုက်ပွဲဝင်နေရသည့် သူပုန်တပ်သားများကို ကူညီရန်အရှေ့မြောက်ပိုင်းမှ စစ်ကူအဖြစ် လာရောက်ကူညီရကြောင်း ၎င်းတပ်ဖွဲ့က ပြောကြားသည်။

လက်ဘနွန်ဆွန်နီအချို့သည်လည်း ဆီးရီးယားနယ်သို့ကူးလာကာ သူပုန်များနှင့် လက်တွဲတိုက်ခိုက်ခဲ့ကြသည်။

စနေနေ့က အင်အားကြီး ဘာသာရေးအဖွဲ့ဝင် ယူဆွတ်အယ်ကာရာဒါဝီက အရှေ့အလယ်ပိုင်းတဝိုက်ရှိ ဆွန်နီများကို ဖိတ်ခေါ်ကာ သမ္မတအာ ဆတ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။

၎င်းက ဒိုဟာရှိ မဟာမိတ်တစ်ဦးအား အီရန်နှင့် လက်ဘနွန် ရှီယာအုပ်စု ဟက်ဇဘိုလာတို့သည် မစ္စတာအာဆတ်၏ အဓိကမဟာမိတ်များ ဖြစ်ပြီး ဆွန်နီများကို သတ်ချင်နေကြကြောင်း ပြောကြားသည်။

ဆီးရီးယားစစ်တပ်မှ တင့်ကား ၁၅ စီးသည် ကူဆေယာမြို့မြောက်ဘက်တွင် စုနေကြကြောင်း
စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ရာမီ အက်ဘဒယ် ရာမန်က ဆိုသည်။

“အစိုးရတပ်ဟာ မြို့မြောက်ဘက်နေရာတွေ ဒါဘား လေဆိပ်နဲ့ ဂျာဝါဒီယ အပါအဝင်နေရာတွေမှာ
အင်အားထပ်ဖြည့်ထားတယ်” ဟု ၎င်းက ဆိုသည်။

ကူဆေယာမြို့သည် လက်ဘနွန် နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင်  တည်ရှိပြီး ဆီးရီးယားတွင်းသို့
လက်နက်မှောင်ခိုသွင်းရာတွင် လမ်း ကြောင်းလည်းဖြစ်ကာ အဓိကနေရာလည်းဖြစ်သည်။

၎င်းမြို့သည် ဆီးရီးယားမြို့တော် ဒမက်စကတ်စ်မြို့နှင့် ဟွန်စ် မြို့ဆက်သွယ်ရာလမ်းမအနီးတွင် တည်ရှိသည်။
Ref:BBC
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com