http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး

Tropical storm "One"Tropical storm "One"
11.05.2013
One လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာ  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်လာနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်နိုင်ခြေရှိပါတယ်။ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ မုန်တိုင်း ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင် ထားပြီး ရေဒီယိုကနေ တဆင့်နိုးဆော်ချက်တွေကို နားစွင့်ပြီး သတိအနေအထားနဲ့ အသင့်ရှိနေကြပါလို့  ဒေသခံအာဏာပိုင်တွေနဲ့ မိုးလေဝသပညာရှင်တွေဘက်က အဆက်မပြတ် နိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

အခု မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည်ပြီးတော့ ဝင်ရောက်တိုက်ခတ် လာနိုင်ခြေရှိတဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့  ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။

ရေဒီယိုကနေတဆင့်လည်း အချိန်နဲ့တပြေးညီ မုန်တိုင်း သတိပေး နိုးဆော်ချက်တွေ ကို တောက်လျောက် သတိပေးနေတဲ့ အတွက် ပြည်တွင်းရေဒီယိုဖြစ်တဲ့ ပဉ္စဝတီ FM ရေဒီယို ထုတ်လွှင့်ပေးနေတဲ့ မုန်တိုင်းသတိပေးချက်တွေကို မပြတ် စောင့်ကြည့် နားစွင့်ထားကြပါလို့လည်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ကြိုတင်ပြီး ကာကွယ်လို့ရအောင် လိုက်ပြီးဆော်သြနေပါတယ်။ ကျနော်တို့ ရေဒီယို အမြဲတမ်း နားထောင်မှ ရမှာလေ။ ပြည်သူတွေကိုလည်း ပြောပြီးသား၊ ကျနော်တို့  ပဉ္စဝတီကနေ နာရီဝက် တစ်ကြိမ် လွှင့်ပါတယ်။ အဲ့တာကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့ပြောထားပြီးသား၊ မုန်တိုင်းရဲ့ ဘေးလွတ်တဲ့နေရာတို့၊ နောက် ကျနော်တို့ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဖို့၊ အဲ့တာတွေ ကိုယ်နဲ့မကွာဖို့ ၊ စားနပ်ရိက္ခာတွေသယ်ဖို့ ကျနော်တို့ ဇာတ်တိုက်တဲ့အထဲမှာ ပါပါတယ်။ အဲ့ဒီ့အတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုက်ပြီးဆော်သြနေပါတယ်။ အဓိကအချက်ကတော့ ကမ်းဝေးမှာသွားတဲ့လှေတွေ၊ မုန်တိုင်းခိုတဲ့နေရာ၊ သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ဖို့ ၊ နောက် အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်ရေရှောင်တဲ့နေရာ၊မုန်တိုင်းရှောင်တဲ့နေရာကို တပါတည်းယူဆောင်သွားဖို့ အဲ့တာလေးတွေ ကျနော်ပြောချင်ပါတယ်။”

တစ်နာရီကို မိုင် ၁၀၀ကျော်နှုန်းနဲ့ တိုက်ခတ်မယ့် ပြင်းအားကြီး ဆိုင်ကလုန်းဖြစ်တဲ့ အတွက် မုန်တိုင်းတိုက်ခတ်ချိန်မှာ မိုးကြီး လေထန်ပြီး မြစ်ရေလျှံနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားပြီး နေထိုင်ကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။

“မိုင်တစ်ရာကျော်ဆိုတာ အန္တရာယ်ရှိတဲ့အဆင့်ပဲလေ။ တစ်ရာကျော်တိုက်ရင် အနည်းဆုံး ရေက လေး၊ ငါးပေ တက်မှာပဲ၊ မုန်တိုင်း ခန့်မှန်းထားတဲ့အတိုင်း အဲ့ဒီ့နေ့မှာ အဲ့ဒီ့ကို ရောက်ပြီဆိုတာ ဒါတော့ သတင်းကို  အပ်ဒိပ်လုပ်ဖို့ လိုတာပေါ့နော်။ အပြောင်းအလဲရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကျနော်တို့လည်း အာမ မခံနိုင်ဘူး။ သို့သော် လောလောဆယ်တော့ ဒီကိုသွားမယ် မှန်းထားတယ်။ တကယ်လို့ အဲ့ဒီ့အတိုင်း မှန်းထားတဲ့အတိုင်း၊ အဲ့ဒီ့အချိန်မှာ လေဟာ တစ်ရာ၊ တစ်ရာ့ငါးမိုင်လောက် တိုက်နေမယ်ဆိုရင် လှိုင်းကြီးနိုင်တယ်၊ အဲ့တာကြောင့် ပင်လယ်ပြင်သွားလာတဲ့ခရီးကို ရှောင်ရင်ကောင်းတယ်၊ ဟုတ်လား၊ သင်္ဘောငယ်လေးတွေဆို ကမ်းက အဝေးကြီး မသွားပါနဲ့။ နောက်ပြီးတော့ လေပြင်းတိုက်တဲ့အတွက် အိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ လဲနိုင် ပြိုနိုင်တယ်။

နောက်ပြီးတော့ တခါ အနိမ့်ပိုင်းမှာနေရင် ရေတက်တဲ့အန္တရာယ်ကို သတိထားမယ်။ အရင်တုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင် လုံခြုံပြီလို့ထင်ကြတယ်။ မဟုတ်ဘူး မုန်တိုင်း ဒီရေဆိုတာ ပင်လယ်ထဲက ရေတွေ ကမ်းပေါ်အထိ တက်လာတာ ကမ်းပေါ်အထိ တက်လာတာ၊ အဲ့တော့ တကယ်ရေတက်မယ်ဆိုရင် လွတ်ရာကင်းရာ ပြောင်းဖို့လိုတယ်။ ဒါတွေတော့ ကျနော်ပြောနေတာပဲဗျ။”

ရခိုင်ဘက်မှာ မုန်တိုင်းဘေး မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် အချက်တွေကို သိထားကြတယ် ဆိုပေမယ့် အခုတိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းဟာ အန္တရယ်များတဲ့ အဆင့်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့  တာဝန်ရှိသူတွေက ရေဒီယိုကနေ အဆက်မပြတ် ထုတ်လွှင့် ကြေညာပေးနေတဲ့ မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို လုပ်ဆောင်ထားကြပါလို့ ရခိုင်သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ထပ်ပြီးတော့ သတိပေးပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း တလျောက်ကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ လှေတွေ၊ နောက် ခရီးသည်တင် သင်္ဘောတွေ  အထူးသတိထားပြီး မုန်တိုင်း ရှောင်ရှားကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

အခုလို တာဝန်ရှိသူတွေဘက်က ဒေသခံတွေအတွက် ONE ဆိုင်ကလုန်းမုန်တိုင်း တိုက်လာရင် ဖြစ်လာနိုင်ခြေ ရှိလာတာတွေအတွက် မုန်တိုင်းသတိပေးချက်တွေကို အဆက်မပြတ် ဆော်သြ နိုးဆော်မှုတွေ လုပ်ဆောင်နေသလိုပဲ ဒေသခံ အဖွဲ့အစည်းတွေ၊ ကျမ်းမာရေးအဖွဲ့တွေ၊ လူမူရေးအဖွဲ့အစည်း၊ NGO တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ရခိုင်သတင်းပြန်ကြားရေး အဖွဲ့ကလည်း ဆိုပါတယ်။

“ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ပြင်ဆင်ထားတဲ့ အပိုင်းအတိုင်း ပြင်ထားပါတယ်။ အဓိကကတော့ ပြည်သူတွေအပိုင်းက ပိုအဓိကကျတယ်။ အစိုးရအနေနဲ့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေ၊ ကြက်ခြေနီအဖွဲ့တို့ လူမှုရေးအဖွဲ့တွေ ဘာတွေ အကုန်လုံးက ကြိုတင်လုပ်ထားပြီးသားပါ ခင်ဗျ။”

အခု အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေကလည်း သတိပေးထားတာပါ။

အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးပြောဆိုနေတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်တယ်လို့လည်း မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။
မဆုမွန်
VOA Burmese

၈၈မျိုးဆက်များ ကျောက်မဲလူထုနှင့် တွေ့ဆုံဆွေးနွေး

၈၈မျိုးဆက်များ ကျောက်မဲလူထုနှင့် တွေ့ဆုံဆွေးနွေး ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းခရီးစဉ်အဖြစ် ရောက်ရှိနေကြသော ၈၈မျိုးဆက်အဖွဲ့သည် ယနေ့ မေလ ၁၁ ရက်၊ နံနက် ၉း ၀၀ နာရီတွင် နမ့်ဆန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောက်မဲမြို့သို့ မွန်းလွဲ ၁း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြရာ ကျောက်မဲမြို့မှ ဒေသခံများ၊ တိုင်းရင်းသားများက အဆို၊ အတီး၊ အကများဖြင့် ကြိုဆိုခဲ့ကြသည်။

ယနေ့ ည ၇း ၀၀ နာရီ အချိန်တွင် ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ငွေပုဂံ ခန်းမ၌ “၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း” နှင့် ကျောက်မဲမြို့ရှိ ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကျောက်မဲဒေသခံ ကျောင်းသူကျောင်းသားများက မင်းကိုနိုင် ရေးစပ်ခဲ့သော ခွပ်ဒေါင်းအလံ သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် ကိုကိုလှိုင်က အခမ်းအနားတက်ရောက်လာသော ပရိသတ်ကို ၈၈မျိုးဆက်အဖွဲ့သားများနှင့် မိတ်ဆက်ပေးခဲ့ပြီး ပြုံးချို၊ မင်းဇေယျနှင့် မင်းကိုနိုင်တို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများကို ဆွေးနွေးပြောကြားသွားခဲ့ကြသည်။

အပြန်အလှန် မေးမြန်းဆွေးနွေး ဖြေကြားခြင်းကဏ္ဍအပြီး ည ၁၀း ၁၅ နာရီတွင် အခမ်းအနားရုတ်သိမ်းခဲ့ကြသည်။
88 Generation Students






ပြည်မြို့တွင် လေဘေးသင့် ပြည်သူများအား အစိုးရအဖွဲ့မှ ကူညီ

ပြည်၊ မေ ၁၁။
မေလ ဆယ်ရက်နေ့ နံနက်၉နာရီခွဲ အချိန်တွင် ပြည်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌် အစိုးရအဖွဲ့မှ
ပေးအပ်သော အလှူငွေများ ကို လေဘေးသင့်ပြည်သူများအား ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သော အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့ ကြောင်းသိရသည်။

“အစိုးရအဖွဲ့မှာ ကယ်ဆယ်ရေး ပစ္စည်းတွေရှိတယ်။ ကြက်ခြေနီနဲ့ (NGO)အဖွဲ့အစည်းတွေ ရှိတယ်။
တကယ်ဖြစ်လာရင် တစ်ဦးတစ်ယောက်ချင်း လှူတာလေးတွေရှိတယ်။ အထိုက်အလျောက်တော့ ပြည်သူတွေရဲ့ အခက်အခဲကိုအကူအညီ ပေးနိုင်တယ်။ နဲကောင်းနဲနိုင်မယ်။ အစိုးရအဖွဲ့ကို ပြည်သူတွေက အမြင်ကြည်လင်ပေးဖို့ လိုမယ်”ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ပြောကြားခဲ့သည်။

ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးတောင်ပေါက်ကွဲမှုတို့သည် ကြိုတင်ကာကွယ်၍ မရသော သဘာဝ အန္တရာယ်ဆိုးကြီးများဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် တစ်ခုသာ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ
လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှလည်း မြို့နယ်အသီးသီးသို့ ပျက်စီးဆုံးရှုံးမှုအရ
တတ်နိုင်သလောက် ခွဲဝေအကူအညီပေးရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လေဘေးကြောင့် နေအိမ်ပြိုကျခဲ့သူ န၀င်းနယ်မြေမှ(၁၇)ဦး၊ ငါးရွာအုပ်စုမှတစ်ဦး၊
ပြည်သာယာမှ(၃)ဦး၊ စုစုပေါင်း(၂၁)ဦးအား တစ်ဦး လျှင်(၄၅၀၀၀)ကျပ်ဖြင့် (၉၄၅၀၀၀)ကျပ်အား
မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကိုယ်ကျ လက်ရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ပေးအပ်ပွဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၆၇က်နေ့ နေ့လည် တစ်နာရီအချိန်၌
အိမ်ပြိုကျသူများ တစ်ဦးလျှင် စောင်သုံးထည်၊ ဒန်အိုးသုံးလုံး၊ ပုဆိုးနှစ်ထည်၊ ထမီနှစ်ကွင်း၊ အကျီင်္တစ်ထည်၊
တီချပ်နှစ်ထည်၊ မျက်နှာသုတ် ပုဝါတစ်ထည်၊ ဖိုက်ဘာပန်းကန်လေးချပ်၊ သံဇလုံတစ်လုံး၊ စတီးဇွန်းလေးချောင်း၊ မိုးကာအဖြူနှစ်ခု၊ တူတစ်လက်၊ ဆပ်ပြာမွှေးတစ်တောင့်၊ ခြင်ထောင်တစ်လုံး၊ ငွေသားငါးထောင်၊
ခရိုင်ရုံးပုလဲသီတာ ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် မေလ(၃)ရက်နေ့၌ မိုးရွာသွန်းစဉ် လေပြင်းတစ်နာရီခန့် တိုက်ခတ်ခဲ့ပြီး လူနေအိမ်(၂၁)လုံး
ပျိုကျခဲ့ပြီး နေအိမ်(၂၀၀)ကျော် ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ်ပါရှိတဲ့အတွက် လဝကဥပဒေအရ အရေးမယူပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရေးယူတာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူး ဦးအောင်ကျော်မြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာအယောင်ဆောင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာနဲ့ ခေါင်းတုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့ CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက်တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။
RFA Burmese


အင်းလျားကန်ဘောင်က ငြိမ်းချမ်းရေးဆုတောင်းပွဲ

ဒီကနေ့ ညနေပိုင်းက အင်းလျားကန်ဘောင်ပေါ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုရေးကွန်ရက်အဖွဲ့နဲ့ Peace Machine အဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံက စစ်ပွဲများရပ်စဲရေး ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊ ကဗျာဆရာ ကိုမင်းဝေအောင် အပါအဝင် တက်ရောက်လာသူများက ကဗျာများရွတ်ဖတ်ခြင်း၊ သီချင်းများဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးပူဖောင်းများလွှတ်တင်၍ ဆုတောင်းပွဲကိုအဆုံးသတ်ခဲ့ပါတယ်။
photo: RFA/ Moe Thu Aung
RFA Burmese







အိမ်အကူများမကြာခဏ နှိပ်စက်မှု များလာသဖြင့် ထိရောက်သော အကာအကွယ်လိုအပ်

စနေနေ့၊ မေလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၀၁ နာရီ ၂၁ မိနစ်   
ရန်ကုန် (မဇ္ဈိမ)။       ။ ရန်ကုန်မြို့ရှိ လူနေအိမ်များအတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေကြသော အိမ်အကူများအား အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုများ မကြာခဏဖြစ်ပွားလာသဖြင့် ထိရောက်သော အကာအကွယ်ပေးရန် လိုအပ်လာကြောင်း ဥပဒေကျွမ်းကျင်သူနှင့် နိုင်ငံ့အရေး လုပ်ဆောင်နေသူ အချို့က ပြောကြားလိုက်သည်။

အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က  “ဒီကိစ္စတွေက ဥပဒေနဲ့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဥပဒေအရ လက်လှမ်းမမီတဲ့ ကိစ္စတွေဖြစ်နေတာပါ။ အခုလို လူသားချင်းစာနာစိတ်မရှိတဲ့ ကိစ္စတွေကြတော့ ပိုးစိုးပက်စက် ဖြစ်သွားပြီးမှ လိုက်ရှင်းရတာတွေဖြစ် နေတာပါ။ အဓိကတော့ လူသားဆန်တဲ့ စိတ်ဓါတ်တွေရှိဖို့ လိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်အကူ အဖွဲ့အစည်းများ ဖွဲ့စည်းရန် အားနည်းချက်များရှိနေသဖြင့် ယင်းတို့အား ကာကွယ် စောင့်ရှောက်နိုင်ရန် လူမှုရေးအသင်းအဖွဲ့များ ရှိသင့်ကြောင်းနှင့် အိမ်အကူ အများစုမှာ အမျိုးသမီးများသာ ဖြစ်သည့်အတွက် အမျိုးသမီးရေးရာအဖွဲ့အစည်းများအနေဖြင့်လည်း ယင်းတို့အား အလုပ်သမားအခွင့်အရေးများ၊ အမျိုးသမီးအခွင့်ရေး စသည်တို့နှင့်ဆိုင်သော အသိပညာပေးခြင်းများ၊ ကာကွယ်စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောခဲ့သည်။

ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုကြောင့် အိမ်အကူအမျိုးသမီးငယ်တစ်ဦးအား စွပ်စွဲပြစ်တင်ပြီး ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးကြီးတစ်ဦး အမှုဖွင့် အရေးယူ ခံရမှုတစ်ခု တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ လူနေတိုက်ခန်း တစ်ခုတွင် မေလ ၃ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်တွင် အိမ်ရှင်အမျိုးသမီးက အိမ်အကူအား ကျပ်လုံးခန့်ရှိ တစ်တောင်ကျော်သော ၀ါးလုံးတုတ်နှင့် ခန္ဒာကိုယ်အား ရိုက်နှက်ခြင်း၊ လည်မျို/ ရင်ဘက်တို့အား ခြေဖြင့်နင်းခြင်း၊ မိန်းမကိုယ် အင်္ဂါစပ်အား ဆေးလိမ်မီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတင်တင်ထွေးတွင် ယာဘက်မျက်လုံးဖူးရောင် (ညိုမဲဖွင့်မရ ဒဏ်ရာ)၊ ၀ဲဘက်မျက်လုံးဖူးရောင်၊ နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ ၀ဲယာလက် ဖူးရောင်ဒဏ်ရာ၊၀ဲဘက်ညှပ်ရိုးအပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာလက်ခုံ၊ ယာဂျိုစောင်း စုတ်ပြဲဒဏ်ရာ၊ မိန်းမကိုယ်အင်္ဂါ နီမြန်းဒဏ်ရာ၊ ဆီးခုံ၊ ရင်ဘက်အောင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသခဲ့ရသည်။

ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က “အိမ်အကူဆိုတာ စက်ရုံအလုပ်ရုံအလုပ်သမားမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲနေပြီး အိမ်ရဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးရတဲ့အတွက် အိမ်သားလိုပဲ သဘောထားသင့် ပါတယ်။ သူတို့ဟာလည်း လူသားတွေပါပဲ။ ဒါကြောင့် လူပေါ်လူချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုပါတယ်။” ဟု ပြောသည်။    

လက်ရှိပြဌာန်းပေးထားသော အလုပ်သမားအဖွဲ့အစည်းများ ဥပဒေတွင် အိမ်အကူ လုပ်သားများ အတွက် ပါ အကျုံးဝင်သော်လည်း ယင်းဥပဒေမှာ လက်တွေ့နယ်ပယ်တွင် အသက်ဝင်မှု နည်းပါးခြင်းတို့ကြောင့် အိမ်အကူ အလုပ်သမားများ အနေဖြင့်လည်း အကာအကွယ်မဲ့နေရခြင်းများ ရှိနေသေးကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြသည်။

“စင်္ကာပူမှာဆိုရင် အိမ်အကူတွေမှာ တစ်ပက်တစ်ခါလောက် ပိတ်ရက်ရှိတယ်။ အဲဒီရက်မှာ အိမ်ဖော်တွေက စုရပ်တစ်ခုမှာ စုံပြီး အခက်အခဲတွေကို တွေ့ဆုံပြောကြားညှိနိုင်းတာတွေ ရှိတယ်။ အဲဒီတော့ အိမ်ရှင်တွေက ထင်တိုင်းမလုပ်ရဲ
ကြတော့ဘူး။ မြန်မာပြည်မှာတော့ ဒီလို အလေ့အထမရှိတာ အားနည်းချက် တစ်ခုပဲ” ဟု အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြဌာန်းပေးထားသော အလုပ်သမားဥပဒေမှာလည်း ILO ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအစိုးရက ပြဌာန်းရေးဆွဲထားသော ဥပဒေတစ်ရပ်ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် လုပ်ဆောင်နေသူတို့၏ ဆန္ဒခံယူမှုနှင့် အကြုံပြုချက်များ မပါဝင်သည့်အတွက် အားနည်းချက်များ တွေ့ကြုံနေရခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တွင် အိမ်ရှင်များမှ အိမ်အကူများအား ညင်းပန်းနှိပ်စက်မှု ပြုခဲ့ရတွင် ၂၀၁၂ ခုနှစ် အတွင်း ရုပ်သံဇာတ်လမ်းတစ်ခုအတွက် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ မင်းသမီးတစ်ဦးက ညင်းပန်းနှိက်စက်မှုကြောင့် အိမ်အကူတစ်ဦးသေဆုံးခဲ့ရမှုနှင့် အဆိုတစ်ဦးမှ အိမ်အကူယောက်ျားလေးတစ်ဦး အား ထိုးကြိတ်ရာမှ အပြန်အလှန်အမှုဖွင့်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်းကလည်း နိုင်ငံခြားသားအိမ်ရှင်တစ်ဦးက မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီးတစ်ဦးအား ခါးပတ်ဖြင့်ရိုက်ခြင်း၊ ရင်သားများအား ဆေးလိပ်မီးဖြင့် ထိုးခြင်းများအပြင် သားမယား အဖြစ် ပြုကျင့်ခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကော်မရှင်ဖွဲ့၍ ပြန်လည်ရွေးမည်

ရန်ကုန်၊ မေ ၁၁။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က သစ်တောဦးစီးဌာနတွင် ကော်မတီဖွဲ့ကာ ကျင်းပပြုလုပ်ခဲ့သည့်
အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ကော်မရှင်ဖွဲ့ကာ အမြန်ဆုံး ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း
သစ်တောဦးစီးဌာနတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“လက်လှမ်းမီတဲ့ အသင်းဖွဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီး လုပ်ခဲ့တာပါ။ မကျေနပ်တဲ့သူ၊
တိုင်ကြားတဲ့သူတွေ ရှိနေတဲ့အတွက် သမ္မတရုံးက ကော်မရှင်ဖွဲ့ပြီး ကျင်းပဖို့ မှတ်ချက်ပေးခဲ့တာပါ” ဟု
သစ်တောဦးစီးဌာန လက်ရှိအမှုဆောင်အဖွဲ့မှ အတွင်းရေးမှူး  ဦးဘာဘာချိုက ပြောကြားသည်။

မကျေနပ်ဟု ဆိုရာတွင်လည်း အရွေးချယ်ခံရသည့် လူပုဂ္ဂိုလ်များကို မကျေနပ်ခြင်း မဟုတ်ဘဲ
ရွေးချယ်တင်မြှောက်သည့် စနစ်ကို မကြိုက်ခြင်းသာ ဖြစ်ကြောင်း၊ အမှုဆောင် ရွေးချယ်ရာတွင်
ပွင့်လင်းမြင်သာမှု မရှိ၊ တရားမျှတမှု နည်းသည်ဟု ဆိုကာ တိုင်ကြားကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်လုပ်ငန်းကို စံနမူနာယူပြီး နောက်ပိုင်း ယခုကဲ့သို့ ဆက်ဖြစ်နေပါက သစ်အလုပ်ကို လုပ်နိုင်မည်မဟုတ်ဘဲ
ယင်းပြဿနာများကိုသာ လိုက်ရှင်းနေရမည်ဆိုး၍ ကော်မရှင်ဖွဲ့ခိုင်းခြင်း ဖြစ်ကြောင်း၊
ကော်မရှင်ဖွဲ့ပြီး ရွေးချယ်သည့်အတွက် ပိုပြီးအခွင့်အာဏာ ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲသို့
တက်ရောက်သူတစ်ဦးက ပြောကြားသည်။

ကော်မရှင်ဖွဲ့ရာတွင်လည်း သစ်တောရေးရာမှ တာဝန်ထမ်းဆောင်သူများ ပါဝင်မည် မဟုတ်ဘဲ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် သစ်တောရေးရာ
ဝန်ကြီးဌာနတို့ ပူးပေါင်းရွေးချယ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ထင်သာမြင်သာ ရှိစေရန်နှင့်
အချိန်မကြန့်ကြာစေရန် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မှားတယ် မှန်တယ် ပြောရအောင် လုံလောက်တဲ့ အချက်အလက် မရှိဘူး။ ဒါကြောင့်မို့ အစိုးရက Guide line
ချပေးတဲ့ သဘောပဲဖြစ်တယ်။ ဒီလိုစဖြစ်တုန်းကတော့ စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်လုပ်တာများ တစ်ခုခု
လွဲချော်လို့လားဆိုးပြီးတော့။ ဝန်ကြီးက ရေရှည်အကျိုး စီးပွားအတွက် ဒီလိုလုပ်တာဆိုပြီး ရှင်းပြတော့မှ
စိတ်ရှင်းသွားတယ်”ဟု ဦးဘာဘာချိုက ပြောကြားသည်။

သစ်တောဦးစီးဌာန သစ်တောရေးရာတွင် မှတ်ပုံတင်အသင်းသား ၁၅၀၅ ဦး ရှိပြီး မဲပေးပိုင်ခွင့်ရှိသော
အသင်းသား ၃၈၇ ဦး ရှိကြောင်း၊ မဲပေးပိုင်ခွင့်ရသူများမှာ အသင်းဝင်ကြေး ကျေပွန်စွာ
ပေးသွင်းထားသူများနှင့် အသင်းနှင့် အမြဲမပြတ် အဆက်အသွယ် ရှိနေသော သူများဖြစ်ကြောင်း
သစ်တောဦးစီးဌနမှ သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ဝေဖန်ပိုင်းခြားနိုင်မှသာလျင် ပညာတတ်ဖြစ်

ရန်ကုန်၊ မေ ၁၁။
အတန်းပညာ သင်ကြားတတ်မြောက်ခြင်းသည် ပညာတတ်ဖြစ်ခြင်း မဟုတ်ဘဲ ဝေဖန်ပိုင်းခြားစဉ်းစား
ဆုံးဖြတ်နိုင်မှသာလျင် အမှန်တကယ် ပညာတတ်ဖြစ်ကြောင်း ယနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးကွန်ယက်မှ ပြုလုပ်သော ပညာဒါနကျောင်း ဆရာဆရာမများ ဂုဏ်ပြုပွဲ အခမ်းအနားတွင်
ဒေါအောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။


“ပြောချင်တာက ကျောင်းမှာသင်တဲ့ စာတွေတော်တော်များများက မေ့သွားကြတာပဲ။ အဲ့ဒီဟာတွေ
ဒီအချက်အလက်တွေကို မေ့သွားတဲ့ အခါကျတော့ ဘာကျန်လဲ။ ဘာကျန်လဲ ဆိုတော့ ကျွန်မတို့တွေ ဝေဖန်ပိုင်းခြားဆင်ခြင်ခြင်း ဆိုတာလေး ကျန်ရစ်ခဲ့မယ်။အဲ့ဒါလေး ကျန်တဲ့ အခါမှာ ပညာတတ်လို့ ပြောနိုင်ပြီ။ အဲ့ဒါလေးတတ်သွားရင် အတန်းထဲမှာ သင်တဲ့ ပညာတွေ အားလုံးမေ့သားပါစေ ပညာတတ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့အတန်းထဲက သင်လိုက်တဲ့ ပညာတွေက ကိုယ့်အတွက် ရှေ့ဆက်ပြီး လိုချင်မှလည်း လိုမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ အမေ့အိမ် ပညာဒါနကျောင်းများ ဆရာ၊ဆရာမများအား အမျိုးသား ဒီမိုကရေးစီ
ပညာရေးကွန်ယက်မှ သင်ကြားခြင်းဆိုင်ရာ မွန်းမံသင်တန်း များ ပြုလုပ်ပေးလျက်ရှိပြီး ပညာရေးညီလာခံ
တစ်ခုကိုလည်း ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း NLDပညာရေး ကွန်ယက်မှ ညှိနှိုင်းရေးမှူး ဒေါက်တာ
သိန်းလွင်က ပြောကြားသည်။

အဆိုပါ ညီလာခံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက်တွင် သင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများအပြင် အစိုးရကျောင်းများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ၊
ဆရာမများပါ ဖိတ်ကြားထားကြောင်း သိရသည်။
AT
မြန်မာ့ခေတ်










Golden Myanmar လေကြောင်းလိုင်းဖွင့်

Golden Myanmar လေကြောင်းလိုင်း၏ ရန်ကုန်- ဘန်ကောက် ခရီးစဉ်စတင်ပျံသန်းပြေးဆွဲခြင်း အခမ်းအနားကို မေလ ၁၀ ရက် ည ၈ နာရီက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ ကျင်းပခဲ့သည်။
အောင်ဇော်မင်း
Popular Journal




ဘင်္ဂလားပင်လယ်အော်ခြေအနေ ၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင် တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ပိုမိုအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းမဟာစင် MAHASEN)အဖြစ်သို့ ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ(ကော့သောင်းမြို့)၏အနောက်တောင်ဘက်မိုင်(၅၁၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊မုန်တိုင်းဗဟို ချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။မဟာစင်(MAHASEN)ဆိုင်က လုန်မုန်တိုင်းသည်နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး၊အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း မေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီးအရှေ့မြောက်ဘက်သို့ ကွေ့လျက်မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
(မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန )
Popular Myanmar News Journal

ဖုန်းကဒ်များ ကလေးမြို့တွင် ကျပ်(၈၀၀၀၀)ဖြင့် အရောင်းအ၀ယ်ဖြစ်နေ

May 11, 2013မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးသူတို့ လက်ကိုင်ဖုန်းများသုံးစွဲနိုင်ရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွန်ချက်ဖြင့် တန်ဖိုးနည်းလက်ကိုင်ဖုန်းများရောင်းချပေးခဲ့သော်လည်း ယခုအခါ အကြောင်းအမျိုးမျိုးဖြင့် (၁၅၀၀)တန်ဆင်းကဒ်များကို (၆၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊ (၈၀၀၀၀)ကျပ်ဖြင့် လည်းကောင်းရောင်းချနေကြောင်းကြားသိနေရပြီး ၊ တန်ဘိုးနည်းဖုန်းချပေးခြင်းမရှိသည့် ကလေးမြို့တွင် (၁၅၀၀)တန်ဆင်းကဒ်ကို အဆ(၅၀)ကျော်ဈေးဖြင့်အရောင်းအ၀ယ်ဖြစ်နေကြောင်းသိရသည်။

“နိုင်ငံတော်သမ္မတကြီးဆောင်ရွက်ပေးတာက အောက်ခြေဆင်းရဲသားတွေ လစာနည်းဝန်ထမ်းတွေအတွက်လုပ်ပေးတာပါ ၊ အခုကတော့ သတ်မှတ်တန်ဘိုးထက်လေးငါးဆယ် ဆ မကတော့ဘူး ၊ မသမာသူတွေက အဆလေးငါးဆယ်အထိဈေးတင်ရောင်းနေကြတယ် ၊ အမှန်တကယ်အသုံးပြုချင်တဲ့ သူတွေက ဈေးကြီးပေးဝယ်သုံးနေရတယ်”ဟုကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

ယခုကလေးမြို့တွင် ရောင်းချနေသောဆင်းကဒ်များမှာ ချင်းတောင်အတွက်ချပေးသောတန်ဘိုးနည်း ဆင်းကဒ်များဖြစ်ပြီး ၊ ကလေးမြို့တွင် ဆက်သွယ်ရေးတိုင်မရှိသည့်အတွက် တန်ဖိုးနည်းဆင်းကဒ်ရောင်းချခြင်းမရှိကြောင်းသိရသည်။ ကလေးမြို့တွင် တန်ဘိုးနည်းဆင်းကဒ်များချပေးခဲ့ပါက လက်ကိုင်ဖုန်း ၀ယ်ယူသူကို တန်ဘိုးနည်းဆင်းကဒ်အခမဲ့ထည့်ပေးမည်ဖြစ်ကြောင်း ကလေးမြို့နာမည်ကြီးဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ ပြီးခဲ့သည့် ရက်ပိုင်းက သတင်းစာတစ်စောင်တွင် ပြောခဲ့ကြောင်း ယင်းဒေသခံမှပင်ပြောသည်။
ကောင်းမြတ်သူ
The Hot News

သင့်တက္ကသိုလ်

မြန်မာနိုင်ငံပညာရေး တိုးတက်မြင့်မားဖို့ အလေးထားဆွေးနွေး တိုင်ပင် နေချိန်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးတွင် ပညာ သင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကလည်း မိမိတို့၏ တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ကူးပြောင်းနိုင်ဖို့ လိုပါသည်။ တိုင်းပြည်ဆင်းရဲတွင်း နက်နေသေး၍ ဖွံ့ဖြိုးပြီး နိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ မြက်ခင်းစိမ်း၊ သစ်ပင်ရိပ်တို့ ရှိသော Campus၊ Wi-Fi လွှမ်းခြုံထားသော ကျောင်းဝင်း၊ စာသင်ခန်းတို့တွင် လိုရာ အချက်အလက်ကို ရှာနေသော Laptop နှင့် Tablet ကိုင် ကျောင်းသား၊ သူများ၊ အဆင့်မြင့် သော သင်ရိုးနှင့် ထိရောက်သော သင်ကြားမှုစနစ် စသည့် စသည့် လိုအပ်ချက် များ မပြည့်စုံစေဦးတော့ မိမိ၏တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ပြောင်းလဲနိုင်ဖို့ ကတော့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများ၏ စိတ်နေစိတ်ထားကသာ အခရာဖြစ်သည်။

အခြေခံ ပညာရေးသည် ဒါလုပ်ပါ၊ ဒါမလုပ်နဲ့ဟု အတိအကျ ညွှန်ကြားထားသော ကွပ်ကဲထိန်းကျောင်းမှုအား ဗဟိုပြုသည့် သင်ကြားရေးဖြစ်ပြီး အဆင့်မြင့် ပညာရေး သို့မဟုတ် တက္ကသိုလ်ပညာရေး မှာမူ ဒါတော့ လုပ်သင့်တယ်။ ဒါတော့ဖြင့် မလုပ်သင့်ဘူးဟု ခွဲခြားသိမြင်စေသော ရင့်ကျက်မှု ဗဟိုပြု သင်ကြားရေးဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ တစ်နည်းအားဖြင့် ရင့်ကျက်သော လူငယ်လုပ်အားစု ကိုပင် ဆိုလိုသည်ဖြစ်ရာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များသည် သင့်တက္ကသိုလ်များ ဖြစ်မှသာ ယနေ့ နိုင်ငံတော်အစိုးရက လိုလားနေသော စွမ်းရည်ပြည့်ဝသော လူသား အရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပါသည်။

အတွေးအခေါ် ပညာရပ်၏ Ethics ဟုဆိုကြသော ကိုယ်ကျင့်တရား ပညာနယ်ပယ်တွင် “ကိုယ်ကျင့်တရားအရ ထူးခြားထင်ရှားမှု” ဟု အမည်ရသော အသုံးအနှုန်း တစ်ခုသည် အတော်အရေးပါပါသည်။ သူများပြောတိုင်း ယုံ၊ သူများခိုင်းမှ လုပ်တတ်ပြီး ဆင်ခြင်သုံးသပ်မှု မရှိသည့် သူများအား နလပိန်းတုံးများဟု သတ်မှတ်ပါသည်။ ထိုသူတို့သည် သေရမှာထက်ပင် တွေးရမှာကို ကြောက်ကြသူများ ဖြစ်ပြီး သင့်၊ မသင့်ကို မခွဲခြားတတ်၊ အကြောက်တရားနှင့် အစဉ်အလာ သတ်မှတ်ချက် မှောင်ရိပ်အောက်တွင် နေထိုင်ကြသည့် (Faceless) မျက်နှာမွဲများ ဖြစ်တတ်ပါသည်။ ထိုသူများသည် ပညာမဲ့သူများလည်း ဖြစ်ကာ ကိုယ်ကျင့်တရားအရ ထူးခြား ထင်ရှားမှု မရှိသူများလည်း ဖြစ်ကြပါသည်။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိသော ဘဝပုံစံမျိုး မချိုးနိုင်ဘဲ အများလုပ်သလောက် သာ လုပ်တတ်သူ များသည် ထူးမခြားနား ဘဝပိုင်ရှင်များ ဖြစ်သည်။ ထိုသူတို့သည် ငြိမ်ဝပ်ပိပြားအောင် ထိန်းထားသော မတရားဥပဒေများ ဖြေလျှော့ ပေးချိန်တွင် လူအုပ်စုဖွဲ့ သောင်းကျန်းရမ်းကားသူများ ဖြစ်ရန် တာစူနေသူ များပင်။

ကျွန်ုပ်တို့လူငယ်တွေအား ပညာမဲ့ သောင်းကျန်းရိုင်းစိုင်းသူများ မဖြစ်စေဖို့ တက္ကသိုလ်များတွင် တာဝန်ရှိလာသည်။ ယခုအခါ လူငယ်တွေ၏ အရည်အချင်း မှတ်ကျောက်သည် တက္ကသိုလ်အပြီး ပြင်ပအလုပ်ဈေးကွက် ဖြစ်သောကြောင့် မြန်မာပြည်တက္ကသိုလ် များသည် သင့်သဘောကို အမှန်ပင် ဖော်ဆောင် နိုင်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တက္ကသိုလ်တွေ ဆိုသည်မှာ လူငယ်များကို ဘာသာရပ်တစ်ခုခုအား အခြေပြုပြီး ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားအောင် လုပ်ရမည့် လေ့ကျင့်ရေးကွင်းကြီး ဖြစ်သည်။ အလုပ်အကိုင် ပြိုင်ပွဲကြီးအတွက် မိမိကိုယ်မိမိ ရင့်ကျက်အောင် အားစိုက်ခွန်စိုက် လေ့ကျင့်ရာတွင် လုပ်သင့်တာတွေကို လုပ်ပြီး မလုပ်သင့် တာတွေကို ရှောင်မှသာ တက္ကသိုလ်ကျောင်း ဆင်းပြီးချိန်တွင် အလုပ် ဈေးကွက်သို့ ဝင်နိုင်မည် ဖြစ်သည်။ ကြိမ်လုံးနှင့် ခြောက်မှ၊ ဆရာတွေ၏ ချီးမွမ်းမှု၊ ပြစ်တင်မှုရှိမှသာ အလုပ်လုပ်တတ်သည့် အဆင့်မှ ကိုယ်လုပ်စရာ ရှိတာတွေကို ကိုယ်ပိုင်အသိဖြင့် မလုပ်သရွေ့တော့ တက္ကသိုလ် ဆိုသည်မှာ အဆင့်မြင့် အထက်တန်းကျောင်းထက် ပိုနိုင်ဖွယ်မရှိပါ။ တက္ကသိုလ်တွင် စာသင်နှစ်တိုးခြင်း၊ အခြေခံပညာရေး တွင်လည်း အသက်တိုးမြှင့်လိုက်ခြင်း တို့မှာ ကျောင်းသူ၊ သူများ၏ အသိဉာဏ်ကို ရင့်ကျက်စေလို၍ ဖြစ်ပါသည်။ လူငယ်တွေ ပညာမတတ်မှ အုပ်ချုပ်ရတာ လွယ်မည်ဟူသော ပုံစံမျိုး ဖြစ်ခဲ့သော ယခင်ပညာရေးစနစ်မှ ဆရာ၊ ဆရာမတွေ ဘက်ကလည်း လုပ်သင့်တာ ကိုသာလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဘက်ကလည်း မလုပ်သင့်တာတွေ မလုပ်မှသာ သင့်တက္ကသိုလ်များ ဖြစ်လာပြီး နိုင်ငံတော်တွင် တာဝန်ရှိသူများ (Stakeholders) များ ပြုံးပျော်နိုင်မည့် လုပ်သားဈေးကွက် တစ်ခုရနိုင်ပေမည်။

သင့်၊ မသင့် ခွဲနိုင်ဖို့ဆိုတာ လွယ်လှသည့် အလုပ်တော့မဟုတ်ပေ။ မိမိအသိဉာဏ်ဖြင့် ဘာတွေက လုပ်သင့်တယ်၊ ဘာကြောင့် လုပ်သင့်တယ် ဆိုတာသိဖို့ အသိပညာဗဟုသုတ လုံလောက်စွာရှိဖို့ လိုပါသည်။ မလုပ်သင့် တာက ဘာ၊ ဘာကြောင့် မလုပ်သင့်တာ ဆိုတာမျိုး ခွဲခြားဖို့အတွက်လည်း ထို့အတူပင်။ စာဖတ်ခြင်း၊ အသင်းအဖွဲ့များတွင် ပူးပေါင်း လုပ်ဆောင်တတ်ခြင်း၊ စနစ်တကျ ငြင်းခုံတတ်ခြင်း၊ တီထွင်ကြံဆ လုပ်တတ်ခြင်း၊ အကွက်မြင်ခြင်း စတာတွေသည် လူငယ်တစ်ဦးကို ရင့်ကျက်စေသော အထောက်အပံ့ များဖြစ်သည်။ တစ်ပြည်လုံးမှ လူကြီးသူမများနှင့် ဆရာ၊ ဆရာမများကပါ ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား၊ သူများအား စိတ်တိုင်းမကျ ဖြစ်နေချိန် တွင် ထိုသို့ဖြစ်အောင် တွန်းပို့နေသော အခြေအနေများ၊ အခက်အခဲများကိုလည်း နားလည်သင့်ပါသည်။

ယနေ့လူငယ်များ အတွက် ယခုလူကြီးများ တွင်လည်း တာဝန်အပြည့် ရှိပြီး လူငယ်များကို သင့်၊ မသင့် ခွဲခြားသိမြင်အောင် မပျိုးထောင်နိုင်ပါက ယခုလူကြီးများ၏ အိုဇာတာသည် ကောင်းနိုင်ဖွယ် မရှိပါ။ အတန်းကို ဘာကြောင့် ပြည့်မီအောင် တက်သင့်သလဲ၊ ကွမ်းယာကို စည်းကမ်းမဲ့ မစားသင့်ဘူး၊ ဆေးလိပ်၊ အရက်ဆိုတာ လူကြီးလူကောင်း ပီသစွာ ဘယ်လို သုံးဆောင်သင့်သလဲ၊ လွန်ကဲစွာ အပျော်အပါး လိုက်စားမှုကို ဘာကြောင့် ရှောင်သင့်သလဲ၊ သင်ယူလိုက်သော ဘာသာရပ်ထဲမှ ဘယ်အရာ ကိုတော့ ကိုယ့်နေ့စဉ်ဘဝတွင် မည်သို့ အသုံးချသင့်သလဲ စတာတွေကို စဉ်းစားတတ် သော ကျောင်းသားတွေ များလာမှသာ မြန်မာပြည် နောင်ရေးနှင့် နိုင်ငံခြားတွင် အခြေချ မနေနိုင်သော ယနေ့ တာဝန်ရှိသူများ၏ အိုဇာတာ သည် စိတ်အေးရမည်။

ဘာကြောင့် လူမျိုးရေး မခွဲခြားသင့်သလဲ၊ ဘာသာရေး အစွန်းရောက် အမြင်တွေကို ကိုင်စွဲသင့်သလား၊ ဘာကြောင့် အားကစားကို လိုက်စားသင့်တယ်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအပြုအမူဆိုး တွေကို ရှောင်သင့်တယ်၊ အပေါ်ယံအလှထက် ပင်ကိုယ်အရည်အချင်းကို ဘာကြောင့်များ အားကိုးသင့်သလဲ၊ လူမှုရေးစိတ်ဓာတ် ထွန်းကားလာအောင် ဘာတွေ ဖြည့်ဆည်းမယ် ဆိုတာတွေကို သင်တဲ့ဆရာ၊ ယူတဲ့တပည့် နှစ်ဦးနှစ်ဖက် အပေးအယူ မျှလျှင်ဖြင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ် မဟုတ်စေကာမူ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုတော့ အကျိုးပြုနိုင်ပါသည်။

တပည့်များ၏ အရည်အချင်းသည် သင်ကြားသူဆရာ၊ ဆရာမအပေါ် တည်မှီနေရာ ဆရာ၊ ဆရာမတွေကကော ကိုယ်ကျင့်တရားအရ ဘယ်လောက် ထူးခြားထင်ရှားမှု ရှိသလဲ။ ကျူရှင်လေးပြရုံ၊ အချိန်မှန် ရာထူးလေး တိုးရုံလောက်နဲ့ သင့်တက္ကသိုလ်တွေကို တည်ဆောက်နိုင်ပါ့မလား။ အတွေး အခေါ်၊ ခံယူချက် တိတိပပနဲ့ ပညာရှင်ဆန်သော သင့်သဘောဆောင် ဆရာ အရေအတွက်က တက္ကသိုလ်တွေတွင် ဘယ်လောက်ရှိသလဲ။ တက္ကသိုလ် ပညာရေးစနစ် တိုးတက်ရာတိုးတက်ကြောင်း ဆရာ၊ ဆရာမအင်အားစု ကတော့ ဘာတွေလုပ်သင့်သလဲ။ အထက်ဦးစီး၊ အောက်ဦးစီးတွေ ကကော ဘယ်လိုစီမံ ခန့်ခွဲသင့်သလဲ။ လုပ်သင့်တာတွေကို အချိန်ကိုက် အကွက်ကျ အောင် လုပ်တတ်ပြီး မလုပ်သင့်တာတွေကို အချိန်မီ ရပ်နိုင်မှသာ ဉာဏ်ပညာ ထွန်းကားသော တက္ကသိုလ်များဖြစ်ပေမည်။

တက္ကသိုလ် ပညာရေးသည် လုပ်သင့်တာတွေကို ဦးစားပေးပြီး Missions များဖြင့် အသက်ဝင်နေသော ပညာရပ်ဝန်း ဖြစ်သင့်သည်။ လူငယ်များ လုပ်တတ်ကိုင်တတ်၊ ပြောတတ် ဆိုတတ်အောင် မိမိ၏ အထူးပြု ဘာသာရပ်ကိုလည်း တန်ဖိုးထားတတ်အောင် အခြားဘာသာရပ် များကိုလည်း ဆက်စပ် ခြုံငုံမိအောင်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်၊ တာဝန်နှင့် ရပိုင်ခွင့်ကို သိအောင်၊ အမျိုးသားနိုင်ငံရေး စိတ်ဝင်စားအောင်၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းအား ချစ်မြတ်နိုးအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင် ဆိုပါမူ သင့်သဘော ဗဟိုပြု ပညာရပ်ဝန်းတစ်ခု ရှိဖို့ လိုပါသည်။ အသိပညာ၊ အတတ်ပညာ ရှိမှသာ လုပ်သင့်၊ မလုပ်သင့်တာတွေကို ခွဲခြားနိုင်မည် ဖြစ်သောကြောင့် ယခု လက်ရှိ အရေအတွက်များစွာ ဖွင့်လှစ်ထားသော တက္ကသိုလ်များအား သင့်သဘောဆောင် တက္ကသိုလ်များ ဖြစ်လာအောင် သမ္မတကြီးမှအစ၊ လွှတ်တော်များအလယ်၊ ပညာရေးဝန်ကြီး ဌာနအဆုံး အပြင် နိုင်ငံသားအားလုံး ဝိုင်း၍ကူမှသာ အရင်းအနှီး နည်းနည်းဖြင့် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်သူများ ကမ္ဘာအနှံ့ ခြေဆန့်ကာ ပညာရှာကြပါ။ အပြန် သူတိုထံမှ ပညာတွေ ရကောင်း ရနိုင်ပါသည်။ ပိုက်ဆံများစွာ မတတ် နိုင်၍ ကိုယ့်ပြည်တွင်း တက္ကသိုလ်များတွင် သင်ကြား ပါကလည်း ရနိုင်သမျှ ပညာကို စုဆောင်းတတ်ဖို့ အရေးကြီးသည်။

အဓိကမှာ အချိန်၏ တန်ဖိုးကို သိမှသာ တက္ကသိုလ် တက်စဉ်ကာလ အတွင်း ရင့်ကျက်မှု ကွင်းဆက်များအား ချိတ်ဆက်နိုင်ပြီး သင့်တင့်သော ဘဝနေထိုင်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ သင့်၊ မသင့် ခွဲခြားနိုင်သော လူကောင်းလူတော်တွေ တိုးပွားလာမှသာ တိုင်းပြည်သည် တည်ငြိမ်ကာ ဖွံ့ဖြိုးမည်ဖြစ်သောကြောင့် ပညာရေး တိုးတက်မြင့်မားဖို့ လုပ်သင့်တာတွေ လုပ်ကြပါစို့။
ဒေါက်တာကျော်သူရ
The Voice Weekly

မန္တလေးက ဗလီတွေကို ဘာသာခြားတွေ ၀င်လေ့လာလို့ရ

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီတွေအတွင်း ဘာသာခြားတွေဝင်ရောက် လေ့လာကြည့်ရှု့ ခွင့်ကို အစ္စလာမ်သာသနာရေးကောင်စီဥက္ကဌက ခွင့်ပြုလိုက်မှုနဲ့အတူ မန္တလေးမြို့ ရှိ ဗလီများ ကိုလည်း အခြားဘာသာဝင်တွေ ၀င်ရောက်လေ့လာလိုပါက လေ့လာလို့ရကြောင်း သိရပါတယ်။


“ကျွန်တော်တို့ ၂၀၁၃ခုနှစ် မတ်(၁၉)ရက်နေ့က အိုရီယန်တယ်ဟောက်စ်မှာ ကျင်းပခဲ့တဲ့ ဘာသာ ပေါင်းစုံဆုတောင်းပွဲကတည်းက မန္တလေးမှာရှိတဲ့ ဗလီအားလုံးကို အခြားဘာသာဝင်တွေ ၀င်ရောက်လေ့လာ ကြည့်ရှု ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်၊ အရင်ကတည်းကလည်း မ၀င်ရဘူးလို့ သက်မှတ်ထားတာမရှိခဲ့ပါဘူး။ လာရောက်လေ့လာမယ်ဆိုရင်ဝမ်းပန်းတသာ ကြိုဆိုပါတယ်”
လို့ ချမ်းအေးသာစံမြို့နယ်ရှိ နိဗ္ဗာန်ဆော် လူမှု့ကူညီရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုခင်မောင်လတ်ကပြောပါတယ်။


လာရောက်လေ့လာချင်တယ်ဆိုရင် အချိန်မရွေး ဂေါပကတွေကို အကြောင်းကြားပြီးလာရောက်ကြည့်ရှု နိုင်ပြီး ဗလီရဲ့  သမိုင်းကြောင်းတွေကအစ အားလုံးကို ရှင်းလင်းပြသပေးမယ့်အကြောင်းနဲ့ သတင်းမှတ်တမ်း ယူချင်ပါကလည်း အချိန်မရွေးဖိတ်ခေါ်ပါကြောင်း အမြောက်တန်းဗလီ ရဲ့ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီလွင်က ပြောပါတယ်။


“အရင်ကတည်းကလည်း ဘာမှ ကန့်သတ်ထားတာမရှိပါဘူး၊ အခုလည်းအဲဒီအတိုင်းပါပဲ။ အခြား ဘာသာဝင်တွေ လေ့လာချင်တယ်ဆိုရင် လာလို့ရပါတယ်၊ ကျွန်တော်တို့အနေနဲ့ အားလုံးကို ကြိုဆိုပါတယ်၊ ဒါမှလည်း အားလုံး သံသယတွေပိုပြီးကင်းနိုင်မှာဖြစ်ပါတယ်”
လို့ ဂျွန်းဗလီရဲ့ အတွင်းရေးမှူး ဦးဝေလီတင်အောင်က ပြောပါတယ်။

အပြန်အလှန်နားလည်မှုရှိခြင်းဟာ အခုလို ကောလာဟလတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အထင်မြင်တွေလွဲမှားမှုတွေ၊ သံသယတွေကို အမြန်ဆုံးအေးချမ်းသွားစေမှာ ဖြစ်တယ်လို့ မန္တလေးမြို့ ခံများက ဝေဖန် သုံးသပ်နေကြပါတယ်။
ဇော်ဇော်
မြန်မာဓိက

လုပ်သား၊ အလုပ်ရှင်အခွင့်အရေးမည် လေ့လာရေးကော်မတီ ကွင်းဆင်း စစ်ဆေး

ရန်ကုန်၊ မေ ၁၀
အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကနဦးအနေနှင့် လက်ရှိလုပ်ငန်း အခြေအနေကို သိရှိနိုင်ရန် စက်ရုံပေါင်း ၅၀ ကျော်ကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ စာဖြင့် မေးခွန်းပို့ထားပြီး ရရှိလာသော အဖြေများကို သုံးသပ်ကာ အဖွဲ့သုံးဖွဲ့ ခွဲ၍ ကွင်းဆင်းစစ်ဆေးမှု များကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်ရုံလုပ်ငန်း အများအပြား ရှိသောနေရာများကို သွားရောက်စစ်ဆေးမည် ဖြစ်ပြီး အထည်ချုပ်၊ အအေးခန်းအပါအဝင် လုပ်ငန်းစုံကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။
"အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် မျှခြေတစ်ခုကို ဖန်တီးပေးသွားဖို့ လုပ်တာပါ" ဟု ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကွင်းဆင်း စစ်ဆေးပြီးပါက အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိချက်များကို မေလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သားများ ပါဝင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော်ကို ပေးပို့ခဲ့သဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။
The Voice Weekly

အခြေခံဥပဒေ ပြင်ဆင်ရန် အမြဲတိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ မေ ၁၀
လွှတ်တော်တွင်း တပ်မတော်သား၂၅ ရာခိုင်နှုန်း နေရာယူထားသည့် အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အမြဲတိုက်တွန်းနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Sydney Law School က ဦးဆောင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီး မေလ ၁၀ ရက်နေ့က Micasa ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တပ်မတော် အစိုးရက ဦးဆောင်ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေသည် တစ်ဖက်သတ် ရေးဆွဲထားခြင်း ဖြစ်ပြီး နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီမှု မရှိသောကြောင့် အမြန်ဆုံး ပြင်ဆင်ရန်သင့် မသင့် မေးမြန်းရာ ၄င်းက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ကျွန်မအမြဲ တိုက်တွန်းခဲ့တယ်။ ခုလည်းပြင်ဖို့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတယ်။ တစ်ဖက်သတ် အမြင်တွေနဲ့ ရေးထားတာကို လက်မခံပါ ဘူး" ဟု ၄င်းကဆိုသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာ ပညာရှင်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာဝင်ပြိုင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း အဆိုတင်သွင်း သဖြင့် အဆိုပါကော်မတီကို ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေ ပညာသင်ကျောင်း (Sydney Law School) က ဦးဆောင်ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံနှင့် တပ်မတော်၏ အခန်းကဏ္ဍတို့ကို ဘာသာရပ်ဆိုင်ရာ ပညာရှင်အသီးသီး က ဆွေးနွေးခဲ့ကြသည်။
The Voice Weekly

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေ

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေလို့ ဒေသခံတွေစိုးရိမ်
မန္တလေး၊ မေ-၁၀
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဝန်းသိုကျောင်းတိုက်ကယ်ဆယ်ရေးစခန်းက စစ်ဘေးဒုက္ခသည်တွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတချို့ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖေါ်နေကြတယ်လို့ ဒေသခံဒုက္ခသည် တချို့က ပြောပါတယ်။



"ရွှေတူးဖေါ်တာတွေကြောင့် လမ်းတွေလည်း ပျက်နေပါပြီ၊ တစ်မိုင်လောက် ရှိပါတယ်၊ စစ်ဘေးဒုက္ခသည်တွေကတော့ အခုချိန်ထိ စခန်းကနေ ဘယ်သူမှမပြန်ကြရ သေးဘူး၊ တောထဲတောင်ထဲမှာ လုပ်စားစရာနေရာနဲ့ အိမ်လည်း မရှိတော့ဘူး၊ မိုင်းတွေလည်း မရှင်းသေးဘူး၊ ဒီစခန်းမှာက တာလောကြီး၊ စံကင်းရွာက ရှမ်း၊ ဗုဒ္ဓဘာသာ အများစုပါ၊ စံကင်းရွာက တာလောကြီးကနေ (၃)မိုင်လောက်ဝေးတယ်"
လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" အကူအညီပေးရေးအနေနဲ့ အလာနည်းသွားပါပြီး၊အပြင်မှာ ကြုံရာကျပန်းလက် လုပ်လက်စားလုပ်ပြီး ရပ်တည်နေရတယ်၊ စားနပ်ရိက္ခာအနေဖြင့် WFP ကနေ ထောက်ပံ့ပါတယ်၊ ကျန်းမာရေးအတွက်ကတော့ သူနာပြုဆရာ ၊ ဆရာဝန်တွေလာ ပါတယ်၊ ဆေးဝါးတော့ မပြည့်စုံပါဘူး ၊ အပြင်ကနေ ဝယ်ပေးရပါတယ်၊ အခု တရားမဝင် ရွှေတူးနေတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကနေ ရှင်းလင်းပေးစေလိုပါတယ်" လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးမြင့်သန်းမှ မြန်မာဓိကကို ပြောကြားပါတယ်။
စိုင်းဆိုင်လင်း
မြန်မာဓိက

၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

မန္တလေး၊ မေ၁၀

          မန္တလေးမြို့၊၈၄လမ်း၊၂၉-၃၀ လမ်းကြားရှိ ဂရိတ်ရှိုင်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့မှာမေလ(၉)ရက်၊ ည(၁၁)နာရီဝန်းကျင်က အမှိုက်ကောက်တဲ့ကလေးငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရပါတယ်။
          သေဆုံးသူမှာ မျိုးကို(ခ)လုသစ်ဖြစ်ပြီး၊ အသက်(၁၄)နှစ်အရွယ်ရှိကာဂရိတ်ရှိုင်းလျှပ်စစ်ပစ္စည်း ဆိုင်ရှေ့မျက်နှာစာမှာရှိတဲ့ သံတန်းမှာ ဖြူ/နီကြားအရောင်ရှိစပို့ရှပ်အင်္ကျီလက်ရှည်ကို ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ရဲမှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။
          အသက်(၁၄)နှစ်အရွယ်ရှိ သေဆုံးတဲ့ကလေးငယ်ဟာအမှိုက်ကောက်ပြီး ၀မ်းစာရှာဖွေစားသောက် နေရသူဖြစ်တယ်လို့ သိရှိရပြီး သေဆုံးသူအနေနဲ့ဘာကြောင့်အခုလို မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးရတယ် ဆိုတာ အတိအကျသိရှိနိုင်ခြင်းမရှိသေးဘဲသေဆုံးတဲ့အချိန်မှာ ပြင်ပဒဏ်ရာတစ်စုံတရာ မတွေ့ရတဲ့ အကြောင်း ရဲမှတ်တမ်းမှာဖော်ပြထားချက်အရသိရပါတယ်။
          အဲဒီသေဆုံးမှုကို တာဝန်မှူး ရဲအုပ်ကျော်မျိုးနိုင်ကတရားလိုပြုလုပ်တိုင်တန်းကာ သေမှုသေခင်းအမှတ် (၁၀/၂၀၁၃)ဖြင့် အမှတ်(၈)ရဲစခန်းမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။

ပိုင်လင်းအောင်
မြန်မာဓိက

မော်တော်ယာဉ်(၁၈၆၄၆)စီးကို သွင်းကုန်ပါမစ်ထုတ်ပေး

10.5.2013, Friday
(၂၀၁၂)ခုနှစ်၊သြဂုတ်လ(၁)ရက်နေ့မှ (၂၀၁၃)ခုနှစ်မေလပထမပတ်အထိ မော်တော်ယာဉ်(၁၈၆၄၆)စီးကို သွင်းကုန်ပါမစ်များထုတ်ပေးပြီး ဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊သွင်းကုန်လုပ်ငန်းဌာနခွဲ၊မော်တော်ယာဉ် ပါမစ်ထုတ်ပေးရေးဌာနစိတ်၊ရန်ကုန်တိုင်းဒေသကြီးရုံးမှ သိရသည်။

အဆိုပါ သွင်းကုန်ပါမစ်ထုတ်ပေးပြီးသော မော်တော်ယာဉ်များ၏ စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၁၃၀.၂၅၂)သန်းခန့်တန် ဖိုးရှိကြောင်း သိရသည်။ ၄င်းမော်တော်ယာဉ်သွင်းကုန်ပါမစ်လျှောက်ထားရာတွင် အမျိုးသားမှတ်ပုံတင်ကတ်ပြား ယခင်ခေါက်ချိုးကိုင်ဆောင် ထားသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် လဲလှယ်ပြီးမှသာ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

နိုင်ငံတော်သမ္မတလာမည်ဆို၍ လမ်းဘေးဈေးသည်များအား ဈေးရောင်းချခွင့် ၅ ရက် ပိတ်ပင်

(၁၄၊ ၅၊ ၂၀၁၃)တွင် မန္တလေး၊ ၁၉ လမ်း အနောက်ထိပ် ဧရာဝတီမြစ်ဘေးမှ အမှတ်(၈) မြစ်ရေတင်သန့်စင်စက်ရုံဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လာမည်ဆိုသောကြောင့် ယခင်ကတည်းက ၁၉ လမ်းတစ်လျှောက် ဈေးရောင်းချခွင့်ရရှိထား လမ်းဘေးဈေးဆိုင်များအား (၁၀၊ ၅၊ ၂၀၁၃)ရက်မှ စ၍ ဈေးရောင်းချခြင်းမပြုရန် မန်းစည်ပင်သာယာမှ ပိတ်ပင်ထားပါသည်။

လမ်းဘေးဈေးရောင်းချခြင်း ပိတ်ပင်ခံရသော လမ်းအပိုင်းမှာ ၁၉ လမ်း၊ ၈၆ လမ်းမှ မြစ်ဘေးအထိ ဖြစ်ပါသည်။ ယခင်အစိုးရလက်ထက်ကကဲ့သို့ လူကြီးလာ၊ လမ်းရှင်းစနစ်ကို ဆက်လက်ကျင့်သုံးနေကြပါသည်။ လမ်းဘေးဈေးသည်များ၏ စားဝတ်နေရေး ထိခိုက်ပါသည်။

လမ်းဘေးဈေးသည်များအား (၅)ရက် ရောင်းချခွင့်ပိတ်သည်ဆိုသော်လည်း တစ်ပြေးညီမဟုတ်ပါ။ ၈၆ လမ်းမှ မြစ်ဘေးအထိ ၁၉ လမ်းပေါ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(၂)ရုံး ပတ်ဝန်းကျင်မှ တဲထိုးအဖီချ၍ ဈေးရောင်းလျက်ရှိသော လမ်းဘေးဈေးဆိုင်များမှာမူ ပိတ်ပင်ခံရခြင်းမရှိပါ။
မန်း၊ ၁၉ လမ်းသားတစ်ဦး
CJMyanmar

ကွမ်းဈေးတက်မလာသေး၍ ကွမ်းစိုက်သူများ အခက်ကြုံနေရဆဲ

မုံရွာ ၊ မေ ၁၀
မဟာသင်္ကြန်ကာလပြီးလျှင် ကွမ်းဈေးတက်လာနိုင်သည် ဟု မျှော်လင့်ထားကြသော်လည်း ယခုတိုင် ကွမ်းဈေးမှာ ၁၅၀၀-ကျပ်ဝန်းကျင်သာ ရှိနေသဖြင့် ကွမ်းစိုက်သူများ အခက်ကြုံနေရကြောင်း သိရသည်။ ကွမ်းဈေးမရ၍ အလုပ်သမားခနှင့် ဖျန်းရသောဆေးဖိုးပါ စိုက်နေကြောင်း ကွမ်းစိုက်သူများက ဆိုသည်။
“ နှစ်ကူးပြီးရင် ကွမ်းဈေးကောင်းမယ်လို့ ထင်ထားတာ။

ခုထိ ဈေးက တက်မလာသေးဘူး။ မနှစ်က တစ်ပိဿာ ၃၀၀ အထိရောက်သွားလို့ အများကြီးရှုံးတယ်။ ဈေးသာ တက်မလာရင် ကြာရှည် တောင့်ခံနိုင်ဖို့ မလွယ်ဘူး” ဟု ကွမ်းပင် နှစ်ထောင်ခန့် စိုက်ထားသော ခြံပိုင်ရှင်ကို ရဲကျော်က ဆိုသည်။

မေလ ၂-ရက်နေ့က မုံရွာတွင် ကျရောက်ခဲ့သော လေပြင်းကြောင့် ကွမ်းခြံအများစု ပျက်စီးရာ အချို့ ခြံပိုင်ရှင်များမှာ ပြန်ပင်မပြင်နိုင်ကြဟု သိရသည်။ “ဈေးကျတာက ကွမ်းစိုက်တဲ့သူတွေ များတာလည်းပါတယ်။ နောက်ပြီးတော့ ကွမ်းများများဖြုန်းတဲ့ မှော်တွေ ပိတ်ရတာလည်းပါတယ်။” ဟု မြ၀တီက ရပ်ကွက်မှ ကွမ်းဒိုင်တစ်ဦးက ပြောသည်။

ကွမ်းစိုက်သူများသာမက ကြက်သွန်စိုက်သူများလည်း တစ်ပိဿာ(၃၀၀) ၀န်းကျင်သာရှိနေသဖြင့် အရှုံးပေါ်နေကြကြောင်း သိရသည်။
အောင်ဇေလတ်
The Villager News

ကျောင်းစိမ်းဝတ်စုံတွေ အရောင်းအ၀ယ်အေး စာရေးကိရိယာ ရောင်းအားတက်လာ

Friday, May 10, 2013
မန္တလေး၊မေ ၁၀
ကျောင်းဖွင့်ရာသီ နီးကပ်လာပေမယ့် ကျောင်းစိမ်းပုဆိုး၊အင်္ကျီရောင်းချရမှုမှာ မနှစ်ကထက် အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ဈေးချိုအထည်ဆိုင်များမှသိရှိရပါတယ်။

''မနှစ်ကထက်စာရင် နည်းနည်းအေးတယ်၊ နယ်ဘက်ကဝယ်လက်ပဲများတယ်၊ မူလတန်း အရွယ်ဝတ်ကလေးတွေအရောင်းတွင်တယ်၊ တက်ထရွန်၊ စိန်မိုက်ကယ်အမျိုးအစားထဲကအင်္ကျီနဲ့ တွဲလျက်ချုပ်ထားတဲ့ ဂါဝန်လေးတွေ စကတ်လေးတွေ ရောင်းရပါတယ်၊ ဈေးနှုန်းက ၁၅၀၀နဲ့၂၀၀၀ ဝန်းကျင်လောက်ပဲ၊ သရီးရိုင်းဖယ်အမျိုးအစားထဲကတော့ ၀ယ်သူနည်းတယ်၊ အဲဒါက တစ်ကိုက်ကို ၂၀၀၀ နှုန်းနဲ့ မူလတန်းအရွယ်ဝတ် အင်္ကျီဂါဝန်၊ စကတ်တွဲလျက် အသင့်ချုပ်ပြီးသား ဆို ၃၀၀၀ဝန်းကျင်လောက်ရှိတယ်''လို့ အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

''ကျွန်မတို့ ဆိုင်က မူလတန်းအရွယ်ဝတ်ကျောင်းစိမ်းပုဆိုးအင်္ကျီတို့မတင်ဘူး ကျားဝတ် မဝတ် ကျောင်းစိမ်းလုံခြည်ထဲကတော့ စိန်မိုက်ကယ်၊ မိုက်ခရို၊ စိန်ပြောင်အဝယ်လိုက်တယ်၊ ဈေးနှုန်းက ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာရှိတယ်၊ အင်္ကျီထဲကတော့ တစ်ကိုက် ၈၀၀ လောက်ရှိတဲ့အရိပ်ဖြူအမျိုးအစားကို ၀ယ်ကြတာများတယ်''လို့ နောက်ထပ်အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

ပျံကျဈေးရောင်းသူတစ်ဦးကတော့ “ဒီနှစ်ဒီဇိုင်းအသစ်နဲ့ဝင်လာတဲ့ကိုရီးယားစကတ်လေး တွေ ရောင်းနေရတယ်၊ အဲဒါက မူလတန်းကလေးတွေ အတွက်လေ၊ တစ်ထည်ကို ကျပ်တစ်ထောင်နဲ့ ရောင်းပါတယ်'' လို့ ပြောပါတယ်။

ကျောင်းသုံးပစ္စည်းဖြစ်တဲ့ လွယ်အိတ်နဲ့ ကျောပိုးအိတ်ရောင်းသူတစ်ဦးကတော့''ကျောင်းဖွင့်ချိန်ရောက်ရင် ပစ္စည်းမပြတ်အောင် တင်ထားတာပါ၊ သိပ်တော့မရောင်းရသေးဘူး၊ဒီဇိုင်းကတော့ အသစ်တွေချည်းပဲ၊ မနှစ်ကနဲ့ဒီနှစ် မတူဘူးလေ၊ ဈေးနှုန်းကတော့ ၁၀၀၀ နဲ့၁၅၀၀ ကြားမှာရှိတယ် အဲဒီထက် ဈေးများတာလည်းရှိတယ်''လို့ပြောပါတယ်။

စာအုပ်ခဲတံ၊ ပေတံ၊ စာရေးကိရိယာအရောင်းဆိုင်တွေကမတ်နဲ့ ဧပြီလမှ အရောင်းအေး ပေမယ့် ခုရက်ပိုင်း ရောင်းအားတက်လာတယ်လို့ သိရပါတယ်။Eleven နဲ့ Top Choice ဗလာစာအုပ်တွေ ရောင်းရပါတယ်၊ တစ်ဒါဇင်ကို ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်၊အဲဒါအပြင် တစ်ဒါဇင် ၁၆၀၀ နဲ့ ၁၇၀၀ ကြားမှာရှိတဲ့ ဗလာစာအုပ်တွေလည်း ရောင်းရပါတယ်လို့လမ်း ၃၀ မှာ ရှိတဲ့ ပန်းနုစာရေးကိရိယာအရောင်းဆိုင်မှ ပြောပါတယ်။
ကျော်စိုးလင်း
မြန်မာဓိက

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com