http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရဲမင်းဦး ၏ ငရဲမကျသော ဟာသများ စာအုပ်ထွက်ရှိ

ရဲမင်းဦး ရဲ့ ဒုတိယမြောက် ဟာသစာစုများ (စာအုပ်) ဖြစ်သည့် "ငရဲမကျသော ဟာသများ" စာအုပ်ကို တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် တိုးမြင့် စာအုပ်တိုတ်မှ ထုတ်ဝေလိုက်ပါသည်။ "ငရဲမကျသော ဟာသများ" စာအုပ်တွင် စာမူပေါင်း ၁၀၈ ပုဒ်တိတိ ပါဝင်ပြီး စာဖတ်သူများ ဟာသရသ ဖြစ်စေမည့် စာအုပ်တစ်အုပ် ဖြစ်သည်။ စာရေးဆရာ ရဲမင်းဦးက လေးလေးနက်နက်တွေးပြီး စာဖတ်သူများ ဟာဒယကို ပေါ့ပေါ့ပါးပါး ခံစားစေနိုင်ကြောင်း အမှာစာတွင် ရေးသားထားသည်။
Popular Journal

မဲဆောက်မြို့ မယ်တောင် ရပ်ကွက်တွင်မီးလောင်မှုဖြစ်ပွား (ဓါတ်ပုံသတင်း)

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင် ရပ်ကွက်တွင် ယနေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။အဆိုပါ မီးလောင်မှုသည် ယခုအချိန်တွင် မီးငြိမ်းသတ်သွားနိုင်ခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
ကိုအရှည်ကြီး ( မဲဆောက် )
Popular Myanmar News Journal







ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မတ်လ ၂၀ ရက် နေ့လယ်က မြန်မာနိုင်ငံသို့ လာရောက်

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ရှင်နာဝပ်သည် မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်က ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ရန်ကုန်မြို့တွင် တစ်ညအိပ်ကာ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားရောက်လေ့လာနေကြောင်း လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

“ မနက်က ၈ နာရီလောက် ထားဝယ်ကို လေယာဉ်နဲ့ သွားဖို့ လုပ်ထားပေမယ့် နှင်းတွေပိတ်နေတဲ့အတွက် ၁၀ နာရီ လောက်မှပဲ လေယာဉ်ထွက်လို့ ရတယ်” ဟုအဆိုပါတာဝန်ရှိသူက ပြောသည်။
Photo-KandawGyi palace Hotel Facebook
7Day News Journal

ပဋိပက္ခများသည် သွေးရိုးသားရိုးမဟုတ်

မြန်မာပြည်အနှံ့အပြားတွင် မကြာခဏ ဖြစ်ပေါ်နေသော ပဋိပက္ခများသည် သွေးရိုးသားရိုးမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်လိုသူ လူတစ်စု၏ လုပ်ကြံဖန်တီး ထောင်ချောက်ဆင်မှုကများနေပြီး အမှန်တကယ်ဖြစ်သည့်ကိစ္စ အလွန်နည်းပါးသည်ဟု ရွှေဝါရောင်သံဃာတော်များကွန်ရက်က မတ်လ ၂၁ ရက်၌ ထုတ်ပြန်သော အများပြည်သူသို့ အသိပေးချက်တွင် ဖော်ပြထားသည်။

"ပဋိပက္ခတွေကို ပြန်ကြည့်ရင် ကလေးတွေ စာမေးပွဲဖြေတဲ့အချိန်၊ သံဃာတွေ စာမေးပွဲဖြေတဲ့အချိန်၊ ကလေးတွေကျောင်းဖွင့်တဲ့အချိန်တွေမှာ ဖန်တီးနေကျဖြစ်တယ်။ မိတ္ထီလာကိစ္စဆိုရင်လည်း ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန်ဖြစ်တယ်။ ဒါတွေကို တွေးကြည့်ရင် မရိုးသားဘူးဆိုတာ သိသာပါတယ်"ဟု ရွှေဝါရောင်သံဃာတော်များကွန်ရက်မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ဦးပြည်ကျော်က မိန့်သည်။

ထို့ကြောင့် ပဋိပက္ခများသည် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိပါးလာနိုင်ပါသဖြင့် မည်သည့်အကြမ်းဖက် အဖျက်လုပ်ငန်းများတွင်မဆို လုံးဝမပါဝင်ကြရန် မေတ္တာရပ်ခံပါကြောင်း မတ်လ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သော အများပြည်သူသို့ အသိပေးချက်တွင် ဖော်ပြထားသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော ပဋိပက္ခနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မတ်လ ၂၀ ရက် ညတွင် အရေးတကြီး ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်၌ ကိုမင်းကိုနိုင်ကလည်း "ကျွန်တော်တို့ဟာ ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေက အခြေခံခဲ့ပါစေ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုရင် ရာဇ၀တ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့လိုပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ၀ိုင်းကူညီကြဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်အကောင်အထည်ဖော်ရမယ့် ပုဂ္ဂိုလ်တွေကလည်း ဒါကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖို့လိုတယ်။ ရဲရဲတင်းတင်းကိုင်ဖို့ လိုတယ်။ အဲဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် ချက်ချင်းလူမျိုးရေး၊ ဘာသာရေးပုံစံကို ခေါင်းစဉ်ပြောင်းတပ်လိုက်မယ့် ပယောဂလှုံ့ဆော်မှုတွေက ကျွန်တော်တို့တိုင်းပြည်မှာ တကယ်ရှိနေတယ်။ ကျွန်တော်တို့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောကြရတော့မယ်။ မိတ္ထီလာကိစ္စ ရက်ပိုင်းအတွင်းမှာ ငြိမ်းအေးသွားတယ်ပဲ ထားလိုက်။ နောက်ထပ် ပြည်ထောင်စုရဲ့ တစ်နေရာမှာ ပုံစံတစ်မျိုးနဲ့ သွေးထိုးလှုံ့ဆော်ပြီးတော့ အဓိကရုဏ်းတွေဖန်တီးမယ့် ခြေရာလက်ရာတွေက အစောကြီးကတည်းက ကျွန်တော်တို့ မြင်ထားပြီးသား။ အချိန်တန်နေပြီဖြစ်တဲ့အတွက် ထုတ်ပြောမှ ဖြစ်တော့မယ်။ လူသားတွေ ရှိနေသရွေ့ ပြဿနာတွေရှိနေမှာပဲ။ ရှိတဲ့ပြဿနာကို ရှင်းတဲ့နည်းက တရားဥပဒေစိုးမိုးရေး နည်းလမ်းနဲ့ပဲ ရှင်းသင့်ပါတယ်။ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမူမျိုးတော့ ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ဘူး"ဟု ပြောကြားခဲ့သည်။
7Day News Journal

မတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ဋိပက္ခကြောင့် သံဃာတော်တစ်ပါးအပါအ၀င် ယနေ့ ညနေပိုင်းအထိသေဆုံးသူ ငါးဦးရှိပြီဟုဆို

ရန်ကုန်၊ မတ်-၂၁
မတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ဋိပက္ခကြောင့်ယနေ့ညနေပိုင်းအထိသေဆုံးသူ ၅ဦးရှိပြီဖြစ်ပြီး ထိုအထဲတွင် သံဃာတော်တစ်ပါးပါဝင်ကြောင်း မတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

"ဆုံးတာကတော့ ၆ ဦးပါ။ ဒါပေမယ့် တစ်ဦးကသမီးယောက်ဖချင်းဖြစ်တာဆိုတော့ထည့်မတွက်ဘူး။ ငါးဦးမှာ သံဃာတော်တစ်ပါး၊ ဗုဒဘာသာဝင် နှစ်ဦးနဲ့ အစ္စလမ်ဘာသာဝင်နှစ်ဦးတို့ဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

မတ်လ ၂၀ ရက်နံနက်ပိုင်းက မတ္ထီလာမြို့အရှေ့ပြင်ရပ်ကွက်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူနှင့်ရောင်း သူတို့ ခိုက်ရန်ဖြစ်ပွားသည်ကို အကြောင်းပြု၍ ဈေးဆိုင်များအားခဲဖြစ်ပေါက်ခြင်း၊ ဆိုင်အတွင်းဝင်ရောက်ကာ ပစ္စည်းများအားရိုက်ခွဲဖျက်ဆီးခြင်း၊မီးရှို့ခြင်းများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ အဖြစ်မှန်စုံစမ်းဖော်ထုတ် ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့အား အဖွဲ့ဝင်ငါးဦးဖြင့်ဖွဲ့စည်းလိုက်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဦးကျော်အေး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်)၊ အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး) အဖွဲ့ဝင်များအဖြစ် ဒုတိ ယရဲမှူးကြီးထွန်းနိုင်(ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)၊ ဒုတိယရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်သည်။
7Day News Journal

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရန်ကုန်၊ မတ်-၂၁
မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။ ထိုပဋိပက္ခကြောင့် သံဃာတစ်ပါး မီးလောင်ဒဏ်ရာနှင့် ပျံလွန်တော်မူ၍ အမျိုးသားသုံးဦးသေဆုံးကာ ဆေးရုံတွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်းရရှိထားကြောင်း ၎င်းက အတည်ပြုပြောသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ဦးရဲထွဋ်က "ဒီနေ့လည်း အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်းလုပ်ဆောင်နေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြအတည်ပြုပြီးရင် သတင်းလည်းထုတ်ပြန်ပါမယ်" ဟု ပြောကြားသည်။

လုံခြုံရေးအင်အားအရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားရာ နေရာရှိ ဒေသခံများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် မိတ္ထီလာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း ကောလာဟလများကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျလုံခြုံရေးများကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဦးရဲထွဋ်က ပြောကြားထားသည်။

"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီးသားကိစ္စကို ကောလာဟလတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေယျရပ်ကွက်ရှိ နေအိမ်များ မီးလောင်လျက်ရှိပြီး မြို့ခံအချို့မှာ အခြားဒေသများသို့ ရွှေ့ပြောင်းနေကြသူများရှိကြောင်း မိတ္ထီလာမြို့ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal

ရခိုင်ပြည်နယ် အခြေအနေ

၂၁.၃.၂၀၁၃ ရက်နေ့ (သတင်းတို)
မိတ္ထီလာမြို့ရှိ ကုလား-ဗမာ အရေးအခင်းကြောင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီကျေးရွာများနှင့် နီစပ်သော ကျေးရွာများတွင် လုံခြုံရေးကို အထူးသတိထားနေရကြောင်းကို စုံစမ်းသိရှိရပါသည်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကာဒီဘင်္ဂလီကုလားရွာနှင့် နီစပ်လျှက်ရှိသော သဲတက်ကျေးရွာနှင့် ရောင်စုံကျေးရွာတို့တွင် ညကင်းစောင့်ရကြောင်းနှင့် လယ်ကွင်းများသို့ ထွက်သွားလျှင်လည်း တစ်ဦးတည်း တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက် ၊ သုံးယောက်အထက် တွဲပြီး သွားရကြောင်းကို သဲတက်ကျေးရွာမှ ရွာခံသား တစ်ဦးမှ ပြောပြပါသည်။ ထို့နည်းတူစွာ ရခိုင်ပြည်နယ် ၊ မြို့တော် စစ်တွေတွင်လည်း အခြေအနေမှာ ငြိမ်းသက်လျှက်ရှိပြီး မိတ္တီလာမြို့မှ သတင်းကို အထူးစိတ်ဝင်စားလျှက်ရှိကြပါသည်။ မြို့လူထုကြားတွင်လည်း စားသတိ နေသတိဖြင့် နေထိုင်ရပြီး အခြေအနေများကို စောင့်ကြည့်လျှက်ရှိကြပါသည်။ ရဲ၊ လုံခြုံရေးများမှလည်း တစ်မြို့လုံးအနှံ နေရာယူထားပြီး ၊ လုံခြုံရေး တိုးမြှင့်ထားကြောင်း စုံစမ်းသိရှိရပါသည်။
RSV

မိတ္ထီလာမြို့တွင်းနေ မွတ်ဆလင်လူမျိုးအားမြို့ပြင်ဘောလုံးကွင်းသို့ ပို့ဆောင်ပေးလျက်ရှိ


မိတ္ထီလာ၊ မတ် ၂၁။
မိတ္ထီလာမြို့အတွင်း မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော လူမျိုးရေးပဋိပက္ခများကြောင့် မတ်လ ၂၁ရက်နေ့တွင် သီရိလင်္ကာရပ်ကွက်နေမွတ်ဆလင်လူမျိုးပေါင်း ပထမအသုတ်ဖြစ်သည့် လူဦးရေ၁၀၀၀ကျော်မှာ မြို့အတွင်း ဆက်လက်မနေထိုင်ရဲသောကြောင့် မြို့ခံလူငယ်အချို့မှ ကာကွယ်ဝန်းရံပေးကာ မြို့နှင့်မိုင်၃၀ဝေးသည့် ခရိုင်ဘောလုံးကွင်းသို့ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း မိတ္ထီလာမြို့ခံတစ်ဦးဖြစ်သူ ဒေါက်တာစန်းလှိုင်က ပြောကြားသည်။

“အခု ညနေ ၄ခွဲအကျော်ပေါ့။ လမ်းမပေါ်မှာ မွတ်ဆလင်၁၀၀၀နီးပါးလောက် လက်တွေမြှောက်ပြီး လမ်းလျှောက်နေတယ်။ သိရတာကတော့ သူတို့က မြို့ပြင်ကိုထွက်ချင်တယ်ဆိုလို့ လက်နက်ချ လက်တွေမြှောက်ခိုင်းပြီး မြို့ခံလူငယ်တွေက မြို့နဲ့ မိုင်၃၀ဝေးတဲ့ ခရိုင်ဘောလုံးကွင်းကို လိုက်ပို့ပေးနေတယ်။ ဘာအဖွဲ့အစည်း အာဏာပိုင်တွေမှ
မပါဘူး”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ မြို့ခံလူငယ်အချို့မှ မွတ်ဆလင်လူမျိုး ၁၀၀၀နီးပါးခန့်ကို လိုက်ပို့နေစဉ် မွတ်ဆလင်လူမျိုး လူဦးရေ ၅၀၀ခန့်အားသက်ဆိုင်ရာ အာဏာပိုင် ၂၀နီးပါးမှ ၎င်းတို့အဖွဲ့နောက်မှ ကာကွယ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိတ္ထီလာမြို့နှင့် မိုင်ပေါင်း ၄၈မိုင်ဝေးသည့် ဆူးလေကုန်းကျေးရွာတွင်လည်း ဒုက္ခသည် မွတ်ဆလင်လူမျိုး လူဦးရေ၃၀၀နီးပါးခန့် ထားရှိထားကြောင်း ဒေါက်တာ ဦးကျော်တင့်၏ပြောကြားချက်အရ သိရသည်။
TMA
The Myanma Age

လက်ပံတောင်းတောင်ဒေသခံများ ပထမဆုံးအကြိမ်တရားဝင် ဆန္ဒပြမည်

ဆားလင်းကြီး၊ မတ် ၂၁။
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကိစ္စနှင့် ပက်သက်၍ဒေသခံများမှ မတ်လ(၂၃)ရက်နေ့တွင် ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြသကြမည်ဖြစ်ပြီး ယင်းသို့ဆန္ဒပြသခွင့်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုလိုက်ခြင်းကြောင်းအဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်မည့် မခင်ဌေးနွယ်ထံမှသိရသည်။

ထိုကဲ့သို့ ဆန္ဒပြရန်အတွက် ပြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့က တုံရွာတွင်နေထိုင်သူ မခင်ဌေးနွယ်နှင့် မဌေးဦးတို့နှစ်ဦးမှ ဦးဆောင်ကာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တရားစီတန်းလှည့် လည်ရန်ခွင့်ပြုရန် သွားရောက် စာတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုမိန့်ကိုမွန်းလွဲပိုင်းအချိန်က လက်ခံရရှိခဲ့ကြောင်းနှင့် လူဦးရေ (၅ဝဝ)ခွင့်ပြုခဲ့ကြောင်း မခင်ဌေးနွယ်က ပြောသည်။

ယင်းသို့ ခွင့်ပြုချက ရရှိခဲ့သည့်အတွက် ခွင့်ပြုမိန့်တွင် ပါရှိသည့်အတိုင်း လာမည့်(၂၃)ရက်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ တုံရွာထိပ်မှ စတင်ကာ ဝမ်ပေါင်ကုမ္ပဏီအနီးရှိ
ပုသိမ်၊ မုံရွာကားလမ်းဆုံအထိ စီတန်းလှည့်လည် ဆန္ဒပြကြမည်ဟု သိရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ အမြန်ဆုံး ဖော်ထုတ် အရေး
ယူပေးရေးနှင့် ပုဒ်မ(၁၄၄)ထုတ်ပြန်ချက်အား ရုတ်သိမ်းပေးရေးတို့ကို ကြွေးကြော်သွားမည်ဖြစ်ကြောင်း မခင်ဌေးနွယ်ထံမှ သိရသည်။

“အရင်တုန်းလည်း ဆန္ဒပြဖူးပေမယ့် ခွင့်ပြုမိန့် မတောင်းခဲ့ကြဖူးဘူး၊ တောင်းရကောင်းမှန်းလည်း မသိဘူးလေ၊ တောင်းရင်လည်း သူတို့က ပေးမယ်မထင်ပါဘူး၊ အမေစု လာတုန်းက
ပြောသွားတယ်၊ ဆန္ဒပြချင်ရင် တရားဝင် ခွင့်ပြုမိန့်တောင်းပါဆိုလို့ ဥပဒေကို လေးစားလိုက်နာတဲ့ အနေနဲ့ ခုလိုမျိုး ခွင့်ပြုမိန့်တောင်းဖြစ် သွားတာပါ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လက်ပံတောင်း ဒေသခံများမှ (၂၃)ရက်နေ့တွင်ဆန္ဒပြကြမည် ဆိုပါက လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ လက်ပံတောင်းခရီးစဉ် သွားရောက်ခဲ့စဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆန္ဒပြမှုဖြစ်လာမည် ဖြစ်ပြီး လက်ရှိအချိန်သည် လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီမှယင်းဒေသရှိ မြေသိမ်းခံတောင်သူများသို့မြေယာလျှော်ကြေးကိစ္စများ လိုက်လံရှင်းပေးနေသော အချိန်လည်း ဖြစ်သည်။
ထက်နောင်နောင်
The Myanma Age

မွတ်စလင်လူမျိုး ၁၇၀၀ကျော်ကို ဗုဒ္ဓဘာသာလူငယ်များ ခြံရံ၍ ခရိုင်အားကစားကွင်းသို့ ပို့ပေးခဲ့

မိတ္ထီလာမြို့တွင်းရှိ ဒဟတ်တန်းအရပ် တွင်နေထိုင်သော မွတ်စလင်လူမျိုးပေါင်း ၁၇၀၀ ကျော်ကို မြို့တွင်းနှင့် ၃မိုင်ခန့် ကွာဝေးသော ခရိုင်အားကစားကွင်းသို့ ဒေသခံ တက်ကြွသော ဗုဒ္ဓဘာသာလူငယ်များက ခြံရံ၍ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသနေ ဒေါက်တာ ဆန်းလှိုင်ကို The Street View ဂျာနယ်မှ ဆက်သွယ်မေးမြန်းချက်အရ သိရပါသည်။“ပထမတစ်သုတ်မှာ ၁၅၀၀ကျော်ပါတယ်၊ နောက်တစ်သုတ်ကတော့ သက်ကြီးရွယ်အိုတွေများတယ် ၂၀၀လောက်ပေါ့။ ဒါကို ကျွန်တော်တို့ဆီက ဗုဒ္ဓဘာသာဝင် လူငယ်တွေက ပို့ဆောင်ပေးခဲ့ပါတယ်။”ဟု၎င်းကပြောကြားခဲ့သည်။ အဆိုပါမွတ်စလင်များက လက်မြှောက်ပြီး ၎င်းတို့တွင်လက်နက်မပါကြောင်း၊ အပ်တိုကအစ သိမ်းဆည်းနိုင်ကြောင်း ပြောကြားခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။
The Street View 

နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (PR)စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းစည်းဝေး

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ် (Permanent Residence System) အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက အစည်းအဝေးသည် PR စနစ် အကောင်အထည် ဖော်ရေးဆိုင်ရာများအပေါ် အသေးစိတ် အချက်အလက်များကို ညှိနှိုင်း ဆွးနွေးခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုနိုင်မည့် အခြေအနေများအပေါ် ဆက်စပ် ဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း အကြံပြု ဆွေးနွေးကြ စေလိုကြောင်းဖြင့် ရှင်းလင်း မှာကြားသည်။

ထို့နောက် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်သန်းက PR စနစ် အကောင်အထည်ဖော် ကျင့်သုံးင်ရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်များအပေါ် ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များ၊ လျှောက်လွှာ ပုံစံနှင့် ပါဝင်သင့်သည့် အချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ

မိတ္ထီလာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၇၀၀ကျော်နှင့် ဒဏ်ရာရသူ ၂၅ဦးရှိ

မိတ္ထီလာမြို့ရှိ ရန်မျိုးအောင်ရပ်ကွက်တွင် အိမ်ခြေ အများးစု မီးလောင်သွားကြောင်း မိတ္ထီလာမြို့သို့ သွားရောက်ခဲ့တဲ့ ၈၈မျိုးဆက်မှ ဦးကိုကိုကြီး(စမ်းချောင်း) မှ The Street View ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။“ ကျွန်တော်တို့က ၇နာရီခွဲလောက်မှ ရောက်တာ၊ ဟိုမှာက ၄ နာရီလောက်ထဲကစနေပြီ။ မီးတွေလည်း လောင်နေပြီ” ဟုအခြေအနေကို ပြောပြခဲ့ပါသည်။ လက်ရှိအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်သူပေါင်း ၇၀၀ ကျော်ခန့်ရှိနေပြီး စားသောက်ကုန်ဆိုင်များမှာလည်း ပိတ်ထားသည့်အတွက် ဆန်ဝယ်ယူထားခြင်းသာ ရှိနေကြောင်းသိရပါသည်။၎င်းတို့အတွက် လည်း ရွှေည၀ါဆရာတော်က ၂သိန်း၊ဦးဝီရသူမှ ၁သိန်း ၊ ၈၈မျိုးဆက်မှ ၁သိန်းကျပ်နှင့် မိတ္ထီလာဒေသခံ ဒေါက်တာစန်းလှိုင်က ၁သိန်း စုစုပေါင်း ငွေကျပ် ၅သိန်းလှူဒါန်းခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူစာရင်းမှာလည်း ၂၅ဦးထိ မြင့်တက်လာခဲ့ပြီး အဆိုပါဒဏ်ရာရသူများအတွက် ဆရာတော် ဦးဝီရသူမှ ငွေကျပ် ၁သိန်းနှင့် ၈၈မျိုးဆက်အဖွဲ့မှ တစ်သိန်းငါးထောင်ကျပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။
The Street View

မိတ္ထီလာတွင် ဆူပူသူများကို ခါးအောက်ပိုင်းပစ်ခတ်၍ စတင်ထိန်းသိမ်း

မိတ္ထီလာမြို့တွင်း၌ ဖြစ်ပွားနေသော ဆူပူမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ကို မိုးပေါ်ထောင်ဖောက်၍ လူစုခွဲရန် ပြောကြားခဲ့သော်လည်း ဆက်လက်အတင့်ရဲလာမှုများကြောင့် ဆူပူသူများ၏ ခါးအောက်ပိုင်းသို့ ပစ်ခတ်ထိန်းသိမ်းမှုကို ညနေ ၅နာရီ ၁၅မိနစ်ခန့်တွင်စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားမှာ၂၅၀ခန့်ရှိနေပြီး အုပ်စု ၅စုခွဲကာ ထိန်းသိမ်းနေကြောင်း သိရသည်။
The Street View

မွတ်စလင် ပဋိပက္ခတွင် ဘီဘီစီ (မြန်မာပိုင်း) ဒုတိယအကြိမ် သတင်းအမှား ထုပ်ဖေါ်

ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာ၏ facebook စာမျက်နှာတွင် ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ
Thursday, 21 March 2013
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။

ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။

ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။
EMG

မိတ္ထီလာအခြေအနေ ငြိမ်သက်မှုမရှိသေး

မိထ္ထီလာမြို့တွင်း မြင်ကွင်း။ (မတ် ၂၁၊ ၂၀၁၃)
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မနေ့ညက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမဲ့ အခြေအနေဟာ အေးဆေးငြိမ်သက် မသွားသေးဘဲ ဒီကနေ့ နေ့ခင်းပိုင်းထိ မီးရှို့တာတွေ၊ ရိုက်နှက်သတ်ဖြတ်တာတွေ ဆက်လက်ဖြစ် ပွားနေပြီး အနည်းဆုံး လူ၁၀ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလို အဓိကရုဏ်း ဆန်ဆန် ဖြစ်ပျက်နေ တာကို ငြိမ်သက် သွားစေဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ကိုယ်တိုင်အပြင် တခြားမြို့က ရဲတပ်ဖွဲ့ဝင်တွေပါ သွားရောက် ထိန်းသိမ်းဖြေရှင်းနေ တာလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ရွှေအရောင်းအ၀ယ်ကနေစတင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုတွေဟာ မနေ့ ညနေပိုင်းက ငြိမ်သက်သွားခဲ့ရာက ညပိုင်းမှာ သံဃာတော်တပါး ပျံလွန်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခြေအနေဟာ ပြန်လည်ဆိုးဝါးလာခဲ့တာကြောင့် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ပါ ထုတ်ပြန်ကြေညာခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့မနက်ခင်းပိုင်းမှာလည်း အခြေအနေက တင်းမာနေခဲ့ပြီး အကြမ်းဖက်တာတွေဟာ နေ့ခင်းပိုင်းအထိ ဆက်လက်ဖြစ်ပျက်နေဆဲဖြစ်တယ်လို့ မိတ္ထီလာမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ၀င်းထိန်က ပြောပါတယ်။

“ပုဒ်မ ၁၄၄ ထုတ်ပြီးတော့ ဒီနေ့တော့ နည်းနည်းငြိမ်မယ် အောက်မေ့တာလေ။ ဒါပေမဲ့ မနက်မှာ ကျနော်တို့ မထင်တဲ့နေရာက ရပ်ကွက်မှာရှိတဲ့ မူဆလင်တွေကို ရပ်ကွက်ကလူတွေက ဝိုင်းပြီးတော့မှ ရန်ဖြစ်ကြတာပေါ့။ ရဲရှိနေပေမဲ့ အပြင်က လူ၁၀ယောက်လောက် ဆုံးသွား တာရှိတယ်။ အခုတော့ အဲ့ဒီ့ဘက်က ငြိမ်သွားပြီ။ ဒါပေမဲ့ တခြားနေရာတွေမှာ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ရန်စတာတွေ တွေ့နေရတယ်။ အခုဒီနေ့အခြေအနေကတော့ မတင်မကျဘဲ။ ငြိမ်သွားပြီလို့တော့ ပြောလို့မရသေးဘူး။ အခုဒီမှာကတော့ မန္တလေးတိုင်းက ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် လာပြီးတော့ ကြီးကြပ်နေတာလေ။ နောက် တခြားမြို့က ရဲတွေလည်း ခေါ်ထားတယ်။”

အကြမ်းဖက် တိုက်ခိုက်တာတွေကြောင့် ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လည်းပြောပါတယ်။ ရန်ကုန် အခြေစိုက်သတင်းမီဒီယာတွေမှာတော့ သေဆုံးသူက အနည်းဆုံး ၅ယောက်ရှိနေပြီလို့ ဖော်ပြပေမဲ့ သီးခြားအတည်ပြုချက်တော့မရပါဘူး။ မိတ္တီလာမြို့ခံ အမျိုးသမီးတယောက် ကတော့ ဒီဖြစ်ပျက်မှုမှာ အာဏာပိုင်တွေဖက်က လုံခြုံရေးအခြေအနေ ထိန်းသိမ်းနိုင်မှု အားနည်းတယ်လို့ ဝေဖန်ပါတယ်။

“မနေ့ကတည်းက စ လိုက်တဲ့ အခြေအနေမှာ သူတို့က ဖိဖိစီးစီး ဝင်ထိန်းသိမ်းမယ်ဆိုရင် ဒီလောက် မဖြစ်ဘူး။ အခင်းဖြစ်တာက ရွှေရောင်းတာက ၈နာရီလောက်ပေါ့နော် အဲ့ဒီ့ကစပြီးတော့ အဲ့လောက်ကနေ ကိုးနာရီခွဲလောက် မှာ ပြဿနာတက်တာ။ ၁၀နာရီ၊ ၁၁ နာရီလောက်၊ အဲ့လောက်အထိ နည်းနည်း ဆူညံ၊ ဆူညံဖြစ်နေတုန်း အချိန်မှာ ထိန်းသိမ်းရင် ဘာမှ မဖြစ်ဘူး။ တစ်နာရီလောက်မှာ ဟံဇားက လာတဲ့ ဆရာတော်တပါးကို ဗလီထဲ သွင်းပြီး မီးရှို့ သတ်လိုက် တာကနေ ဟာ ဘုန်းကြီးကိုတော့ မီးရှို့သတ်ပြီဆိုပြီး ပြဿနာက ပိုကြီးထွားတာ။ အဲ့မှာ။ အဲ့တာ ဒီနေ့ရောက်တော့လည်း အဲ့လိုပဲ။ မီးသတ်ကားတွေ၊ ရဲတွေဘာတွေ အကုန်ရှိတယ်။ သူတို့ကလည်း မထိန်းသိမ်းနိုင်ဘူး။”

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကလည်း ဒီအကြမ်းဖက်မှုတွေဟာ ဥပဒေစိုးမိုးမှု အားနည်းတာကြောင့်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့အနေနဲ့ ပြောချင်တာက ဒီဟာက ဥပဒေစိုးမိုးမှု ကင်းမဲ့တာပဲ။ ဥပဒေစိုးမိုးမှုကင်းမဲ့တာက အခု ဒီမြို့ကြီးပြကြီးတွေမှာတောင်ဖြစ် တက်လာတဲ့သဘောမျိုးလို့ပဲ ကျနော်တို့ ယူဆပါတယ်။ သာမာန်ဖြစ်တဲ့ဖြစ်စဉ်က ဈေးအရောင်းအဝယ်ပေါ်မှာ ဖြစ်တယ်ခင်ဗျ။ အဲ့ဒီ့ဟာကို ဥပဒေနဲ့မညီတာကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လိုက်ရင် ရပါတယ်။ ဒီဟာက အချိန် အတိုင်း အတာတခု အထိ ကြာပြီးတော့ ပဋိပက္ခ အချိန်ပိုကြာလေ၊ ပဋိပက္ခတခါ ပိုကြီးလေဖြစ် လာတဲ့အပေါ်မှာ ပဋိပက္ခငြိမ်းအေးဖို့ဆိုရင် ကျနော်တို့ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ကျနော်တို့က လူမျိုး၊ ဘာသာ ခွဲခြားမမြင်ဘဲနဲ့ ဥပဒေဘောင်ထဲမှာ နေတဲ့သူနဲ့ ဥပဒေကို ဆန့်ကျင်တဲ့သူလို့ စဉ်းစားပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားရင် နိုင်ငံအေးချမ်းမယ် လို့ယူဆပါတယ်။”

ရွှေဝါရောင်သံဃာတော်များ ကွန်ယက်အဖွဲ့ကလည်း ပဋိပက္ခတွေဟာ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိပါးလာနိုင်ပါသဖြင့် မည်သည့်အကြမ်းဖက် အဖျက်လုပ်ငန်းတွေမှာ လုံးဝမပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

မနေ့က အခင်းဖြစ်ပွားပြီးတဲ့နောက်မှာတော့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့အပြင် ရွှေည၀ါဆရာတော်နဲ့ မန္တလေးက ဦးဝီရသူတို့လည်း မိတ္ထီလာမြို့ကို ရောက်ရှိလာပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် ဟောပြောခဲ့ကြပါတယ်။

“ကျနော်တို့ မင်းကိုနိုင်ရော၊ ရွှေညဝါဆရာတော်ရော ဆရာတော် ဦးဝီရသူကရော ဒီဟာက မဖြစ်သင့်ဘူးပေါ့နော်။ ဒီဟာ ဒီလိုဖြစ်တဲ့ အတွက် နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ထောင်ချောက် မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲ့ဒီ့အတွက် အားလုံး သတိထားကြဖို့၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ရပ်ရွာကို ကာကွယ် ဖို့အတွက် ရှိသင့်တယ်။ ဒီလိုတဖက်နဲ့တဖက် ပဋိပက္ခမျိုး မဖြစ်သင့်ဘူး ဆိုတဲ့ဟာမျိုး ကျနော်တို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။"

ဒါကတော့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က စမ်းချောင်းကိုကိုကြီးပြောပြသွားတာဖြစ်ပါတယ်။ သူတို့တွေဟာ ပြည်သူ ၈၀၀ကျော်လောက်ကိုလည်း ပဋိပက္ခဖြစ်ပွားရာနေရာကနေ ကယ်ဆယ်ပြီး လုံခြုံရာကို ပို့ဆောင်ခဲ့တယ်။ ဆေးရုံမှာ ဒဏ်ရာရသူ ၂၄ယောက်ရှိပြီး သေဆုံးသူက ဆယ်ဂဏန်းလောက် ရှိမယ်လို့လည်း စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

ဒီနေ့ အခင်းဖြစ်ပွားနေတဲ့ အခြေအနေကို သိနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ် စုံစမ်းတဲ့အခါ မှာတော့ အလုပ်များနေတာကြောင့်ဆိုပြီး တစုံတရာ ဖြေဆိုတာမရှိခဲ့ပါဘူး။

ကိုမိုးဇော် တင်ပြခဲ့တာပါ။ မိတ္ထီလာမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ နဲ့ပတ်သက်ပြီး ရန်ကုန် အမေရိကန်သံရုံးက စိုးရိမ်ပူပင်မိပြီး တိုက်ခိုက်မှုကြောင့် အိုးအိမ်ပစ္စည်းဥစ္စာ ဆုံးရူံးရတဲ့ မိသားစုတွေအတွက်လည်း ဝမ်းနည်းစာနာပါကြောင်း နဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
VOA Burmese Fan Page


မနေ့ကနဲ့ ဒီနေ့ မိတ္ထီလာမြို့ အခြေအနေ(ရုပ်/သံ)


မနေ့ကနဲ့ ဒီနေ့ မိတ္ထီလာမြို့ အခြေအနေ
FB-Khaing Linn

မိထီလာမြို့ ပဋိပက္ခ ယနေ့ မြင်ကွင်းများ(ဓါတ်ပုံသတင်း)

မတ်လ၂၁ရက်နေ့မိထီလာမြို့လယ်တစ်နေရာတွင်တွေ့ရသည့်မြင်ကွင်း
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
The Irrawaddy (Burmese Version)














ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ

ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃
ချင်းမိုင်(မဇ္ဈိမ)။ ။ ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မတ်လ ၁၈ ရက်နေ့က လမ်းလျှောက်အဖွဲ့မှ သံဃာ ၁၅ ပါးနှင့် လူ စုစုပေါင်း ၁၃၀ ကျော်သည် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“ဒီမနက် ငြိမ်းချမ်းရေးအလံများ လဲလှယ်ကြပြီးတဲ့နောက် ၉ နာရီလောက်ကနေ ဒီကနေ ထွက်ခွာသွားကြပြီ” ဟု KIO မှ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား ၏ ကိုယ်ရေးအရာရှိ ကိုခမ်းအောင် က ပြောသည်။

အခြား ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တခုဖြစ်သည့် ကိုစည်သူ ဦးဆောင်သော လူ ၂၀ ကျော်မှာ ယမန်နေ့က ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအား မတ်လ ၂၀ ရက်နေ့က ကြည့်ရှုလေ့လာပြီး KIO ၏ ဒုက္ခသည်များ ကူညီရေး တာဝန်ရှိသူထံ တရုတ်ယွန်ငွေ ၁ သိန်း ၆ သောင်း (သိန်း ၂၄၅) ကျော်နှင့် ကျပ်ငွေ ၁၀ သိန်း ပေးအပ် လှူဒါန်းခဲ့သည်ဟု ကိုခမ်းအောင် က ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှ တလကျော်ကြာ ချီတက်ခဲ့ရာ လမ်းတလျှောက်မှ အလှူရှင်များ၏ ကူညီထောက်ပံ့ပေးသော အလှူငွေများကို စစ်ပြေး ဒုက္ခသည်များအား ပြန်လည် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။
Mizzima - News in Burmese

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်ဖွဲ့မည်

20.03.2013
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ့် ခြေလှမ်းတရပ် အဖြစ်နဲ့ ပြန်လည် သုံးသပ်မှုတွေလုပ်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က လက်ခံလိုက်ပါတယ်။ မကြာခင် ကော်မရှင် ကော်မတီတွေ ဖွဲ့စည်းပြီး အချေအတင် ဖြစ်စရာ အပိုင်းတွေကို ပြင်ဆင်မှုတွေ လုပ်နိုင်လိမ့် မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ မျှော်လင့်နေကြတာပါ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အလားအလာတွေကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ဒီမိုကရေစီ အခြေခံတွေ အားနည်းတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန် ခံနေရတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်လည် လေ့လာ သုံးသပ်ဖို့ ပြည်ထောင်စု လွှတ်တော်က လက်ခံလိုက်တဲ့ အတွက် ပြင်ဆင်သွားနိုင်ဖို့ လမ်းစတခု ဖြစ်လာခဲ့တာပါ။ အခြေခံဥပဒေကို ခေတ်နဲ့ အညီ ပြန်လည်ပြင်ဆင်နိုင်ဖို့ အရေးပေါ် အဆိုတရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် အခုနောက်ဆုံး ပြည်ထောင်စုလွှတ်တော် ကလည်း လက်ခံလိုက် တာ ဖြစ်ပါတယ်။

အာဏာရပါတီရဲ့ ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုကို ကျန်လွှတ်တော် အမတ်တွေကပါ ၀ိုင်းဝန်းထောက်ခံခဲ့ကြတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။

“အဆိုတင်တာက သူရဦးအေးမြင့် ကတင်ခြင်းဖြစ်ပါတယ်။ အဲဒါကို ဦးသိန်းဇော် က ထောက်ခံပြီးတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီပေါ့လေ ပြင်ဆင်ဖို့ အဆိုတင်ပါတယ်။ အဲဒါကို ကျနော်တို့ ကန့်ကွက်ရန် ရှိမရှိပေါ့လေ အသံနဲ့ပဲ မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အားလုံးကပဲ ကန့်ကွက်မယ့်သူ မရှိကြောင်း ဆုံးဖြတ်ပါတယ်ခင်ဗျ။ ကော်မတီ၊ ကော်မရှင်ဖွဲ့မယ်ပေါ့လေ၊ အဲဒီမှာ လူပေါင်းစုံ ပါမယ်ပေါ့၊ ပညာရှင်တွေလည်း ပါမယ်ပေါ့။ ဒီလိုမျိုး ပြောပါတယ်ခင်ဗျ။”

လွှတ်တော်ကော်မရှင်၊ ကော်မတီတွေမှာ ပါဝင်သင့်သူတွေ၊ လုပ်ပိုင်ခွင့်တွေအတွက် အကြံပြု တိုက်တွန်းချက်တွေကိုတော့ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့လည်း လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ ဒါပေမဲ့လည်း အချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ မလွဲမသွေ ပြင်ဆင်ဖို့ လိုအပ်နေတာမို့ အချိန်မဆိုင်းသင့်ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကမြင်ပါတယ်။

“လေ့လာစူးစမ်းတယ်ဆိုတဲ့ နောက်မှာ လေ့လာစူးစမ်း ပြုပြင်ရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖြည့်စွက်ရန် အဲဒါမျိုးလေးတွေပေါ့နော် နောက်တလုံး ဝေါဟာရ ထပ်ပါသေးရင်တော့ ပိုပြီး အဓိပ္ပါယ်ရှိ တဲ့ ကော်မတီ၊ ကော်မရှင် ဖြစ်သွားနိုင်တာပေါ့လေ။ ၂၀၀၈ နဲ့ ကျနော်တို့သွားတာ ၂ နှစ် လောက်တောင်ရှိပြီပဲ။ အဲဒီတော့ ၂၀၀၈ နဲ့ ပတ်သက်လို့ ပြင်ဆင်သင့်တဲ့ ပုဒ်မတခုချင်း ကိုလည်း လွှတ်တော်အမတ် တဦးချင်းကလည်း သိလောက်ပါပြီ။ တပါတီချင်းကလည်း သိလောက်ပါပြီ။”

၂၀၀၈ ခုနှစ် အခြေခံဥပဒေကိုတော့ အရင်စစ်အစိုးရလက်ထက်မှာ ရေးဆွဲပြီး၊ အတည်ပြုနိုင်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပချိန်ဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရအပြီး လူတွေ အတိဒုက္ခ ရောက်နေကြတဲ့အချိန် ဖြစ်ခဲ့သလို စစ်တပ် က ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက်လည်း ဝေဖန်သံတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်နေပြီ ဆိုတာကို အာဏာရပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ ကိုယ်တိုင် လက်ခံလာနေတဲ့အတွက် ရှေ့ လာမယ့် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုတွေ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့ အကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။

“တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း မကန့်ကွက်ဘူးလေ။ အကုန်လုံးက တညီတညွတ်တည်း လုပ်တယ်ဆိုတော့ ဒီကိစ္စဟာ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်ခင်ဗျ။ ၂၀၁၅ မတိုင်ခင်မှာ ပြင်ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆိုရင်တော့ အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ တဦးအဖြစ် အစိုးရထိပ်တန်း ရာထူးတွေဖြစ်တဲ့ သမ္မတနဲ့ ဒုသမ္မတ တာဝန်တွေကို ထမ်းဆောင်ခွင့် ကန့်သတ်ထားတာ ဖြစ်သလို လွှတ်တော်ရဲ့ နေရာ ၄ ပုံ ၁ ပုံကိုလည်း စစ်တပ်ကိုယ်စားလှယ်တွေကို ပေးအပ်ထားတာပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအေးမောင် ကတော့ ဒီလို ဒီမိုကရေစီ မဆန်တဲ့ အခြေခံကျကျ အပိုင်းတွေကို အဓိကထား ပြင်ဆင်သွားဖို့ လိုမယ်လို့ပြောပါတယ်။

“အဓိကကတော့ အုပ်ချုပ်ရေး မဏ္ဍိုင်ပေါ့လေ။ ခေါင်ကတော့ သမ္မတကြီးပေါ့နော်။ သမ္မတနဲ့ ပတ်သက်တဲ့ အများလက်ခံနိုင်တဲ့ အရည်အချင်းပေါ့နော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လက်ရှိထည့်ထားတာတချို့ လက်ခံနိုင်တဲ့အပိုင်း ရှိချင်မှရှိမယ်။ ဥပမာ စစ်ရေးအမြင်တို့၊ ဘာတို့ ဆိုတာတွေရှိမယ်။ သားသမီးကအစ နိုင်ငံခြားသြဇာခံဆိုတဲ့ အသုံးအနှုန်းလေးတွေရှိမယ်။”

“ဒုတိယ အရေးကြီးတာက ကျနော်ထင်တာက ၂၅ ရာခိုင်နှုန်းသော ဒီမိုကရေစီ မဆန်ခြင်းကို ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ ခန့်အပ်လွှာကို ကာကွယ်ရေး ဦးစီးချုပ်က ပေးတာပေါ့။ ဆိုတော့ သူ့အနေနဲ့ ၅ နှစ်သက်တမ်း အတွင်းမှာ အကြိမ်ကြိမ် လူချင်းလဲနိုင်တဲ့ အနေအထားလေးတွေကို ကျနော်တို့ ပြီးခဲ့တဲ့ ကာလကိုကြည့်ရင် တွေ့ရှိရတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်ကြတော့ လဲလို့မရဘူး။ သူကကိုယ်စားပြုမှုအရ လူထုကရွေးထားတာကိုး။ ဆိုတော့ ဒီ ၅ နှစ် ကာလတခုမှာ တနှစ်ချင်းကို ဘယ်လောက်ရာခိုင်နှုန်း လျှော့မလဲဆိုတာလေးကို ဖွဲ့စည်းပုံမှာ ပါရင်ကောင်းတာပေါ့။ ဥပမာ ပထမတနှစ်မှာ ၅ ရာခိုင်နှုန်းလျှော့မယ်၊ ဒုတိယနှစ်မှာ နောက်ထပ် ၅ ရာခိုင်နှုန်း၊ စသဖြင့်ပေါ့ဗျာ။ ၅ နှစ်ပြည့်တဲ့အခါမှာ ဇီးရိုးကို ရောက်သွားမှာပေါ့လေ။”

အခြေခံဥပဒေမှာ လတ်တလော တိုင်းရင်းသား ဒေသတွေမှာ ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းသွားနိုင်မယ့် ပြင်ဆင်ချက်မျိုးကိုလည်း ထည့်သွင်းသင့်တယ်လို့
ဒေါက်တာအေးမောင် ကပြောခဲ့တာပါ။ ဒီလိုပဲ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကတော့ လူမျိုးစုဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ အရင်းအမြစ်တွေကို ခံစားခွင့်တွေ ပိုမိုထည့်သွင်းပြီး လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်သွားမှသာ ရေရှည်ပြဿနာတွေ ပြေလည်နိုင်လိမ့်မယ် လို့လည်း သတိပေးနေကြတာ ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး
VOA Burmese Fan Page

လှေစီးပြေးဒုက္ခသည်အရေး UNHCR ဆွေးနွေး

20.03.2013
မကြာသေးခင်ကစလို့ ပင်လယ်ပြင်မှာ လှေစီးပြီး ထွက်ပြေး လာနေသူတွေနဲ့ သေဆုံးသူ အရေအတွက် သိသိသာသာ တိုးလာနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပါအ ၀င် ဒေသတွင်း နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ဒီသီတင်းပတ်ထဲမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့
တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ဒီပြဿနာကို ဒေသ တွင်း နိုင်ငံတွေကြား ပိုပြီး ပူးပေါင်း ဆောင်ရွက် ဖြေရှင်းဖို့ အာရုံစိုက် ဆွေးနွေးခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Kate Lamb သတင်းပေးပို့ထား တာကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အာဖဂနစ္စတန်နဲ့ သြစတြေးလျ နိုင်ငံတွေ သာမက အမေရိကန် ပြည်ထောင်စုက အစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်ပြီး လှေစီး ထွက်ပြေးနေကြတဲ့ ပြဿနာကို ထိန်းချုပ် နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဂျကာတာမြို့တော်က ဆွေးနွေးပွဲအတွင်းမှာတော့ နေရပ်စွန့်ပြီး လှေနဲ့ ထွက်ပြေးနေသူ
တွေကို ရောက်လာတဲ့ တိုင်းပြည်တွေက ဘယ်လိုမျိုး ကိုင်တွယ် ဆောင်ရွက်သွားမလဲ။ ပင်လယ်ပြင်မှာ ရှာဖွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကို နည်းလမ်းတွေ ရှာဖွေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရသူ Vivian Tan ကတော့ အခု ဆွေးနွေးပွဲဟာ ဒေသတွင်း တိုင်းပြည်တွေကြား ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ပထမခြေလှမ်း တခုလို့ ဆိုပါတယ်။

“အခြေခံအားဖြင့်ကတော့ ဒီအစည်းအဝေးက ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ရေကြောင်း သွားလာမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေကြား ဆွေးနွေးပွဲတွေ အစပျိုးတဲ့ သဘောပါ။ အားလုံးရင်ဆိုင်နေ ရတဲ့ စိန်ခေါ်မှုတွေကို သက်ဆိုင်ရာ တိုင်းပြည်တွေကြား ဆွေးနွေးဖို့နဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဆိုတာကို သဘောတူညီမှု ရအောင် ကြိုးပမ်းတာပါ။ ခိုင်ခိုင်မာမာ အဆိုပြုချက်မျိုးတော့ မရသေးပါဘူး။ ဒါပေမဲ့လည်း အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာကို ရင်ဆိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေ၊ တိတိကျကျ ပိုပြီး ရှိဖို့လိုနေပြီ ဆိုတာကို တသဘောတည်း ရှိနေတာကတော့ သေချာပါတယ်။”

ဂျကာတာ ဆွေးနွေးပွဲကိုတော့ သတင်းထောက်တွေကို တက်ရောက် သတင်းယူခွင့် မပေးခဲ့ပါဘူး။ UNHCR ကတော့ အာရှ-ပစိဖိတ် ဒေသတွင်း ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲ စံချိန်ချိုးလောက်အောင် များပြားခဲ့ တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ ကာလကြာရှည် ကြုံနေရတဲ့ ပါကစ္စတန်၊ အီရန်နဲ့ အာဖဂန်နိုင်ငံတွေက တင်းမာမှုတွေ ဟာလည်း လှေစီးထွက်ပြေးသူ အရေအတွက် ပိုများလာရတဲ့ အကြောင်းရင်းတခု ဖြစ် တယ်လို့ ပြောဆိုထားတာပါ။

ဘင်္ဂလားပင်လယ်အော်မှာ မှောင်ခိုသင်္ဘောတွေနဲ့ သွားလာရင်း ခန့်မှန်းချေ လူပေါင်း ၅၀၀ လောက်အထိ သေဆုံးခဲ့တာကြောင့် အိန္ဒိယသမုဒ္ဒရာတွင်း ပြီးခဲ့တဲ့နှစ်ထဲလှေစီး ထွက်ပြေးရင်း သေဆုံးသူ အရေအတွက်ဟာ သိသိသာသာ များခဲ့တယ်လို့ UNHCR က မှတ်တမ်းတင်ထားပါတယ်။

လှေစီးပြေးသူတွေ အရောက်သွားချင်ကြတဲ့ တိုင်းပြည်တခုဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်ထဲ ရေကြောင်းကနေ ရောက်လာတဲ့သူပေါင်းဟာ ၁၇,၀၀၀ အထိရှိခဲ့တာပါ။

လတ်တလောမှာတော့ သမားရိုးကျ တရားဝင်နည်းလမ်းတွေနဲ့ ရောက်လာတာမျိုး မဟုတ်တဲ့ သူတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ တနိုင်ငံတမျိုး ဖြစ်နေတဲ့အတွက်လည်း ဒုက္ခရောက်လာသူတွေဟာ မရေမရာ အနာဂတ်မျိုးတွေနဲ့ ရင်ဆိုင်ကြရတာမို့ ပြဿနာ တခု ဖြစ်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Arakan Project က Chris Lewa ကပြောပါတယ်။

“လောလောဆယ် ရှိနေတဲ့ နည်းလမ်းတွေကတော့ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ရောက် တဲ့လူက ရောက်လာကြသလို၊ တချို့ကျတော့လည်း ပင်လယ်ထဲ မောင်းထုတ် ခံရတာတွေ ရှိပါတယ်။ တခြားတိုင်းပြည်တခုကို ရောက်လာတဲ့ သူတွေဟာ အဖမ်းခံရတာမျိုးနဲ့ အဆုံးသတ်ကြရပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုနေတာပါ။”

ဒီသီတင်းပတ်ထဲ အင်ဒိုနီးရှားမှာ ဆွေးနွေးခဲ့တာတွေကိုတော့ ဘာလီလုပ်ငန်းစဉ်လို့ အမည်ပေးထားတဲ့ အဖွဲ့ဝင်တွေကိုလည်း အသိပေး မျှဝေသွားမယ်လို့ UNHCR က ပြောပါတယ်။ ဘာလီလုပ်ငန်းစဉ် အဖွဲ့ကတော့ လူမှောင်ခိုလုပ်ငန်းတွေ၊ ဂိုဏ်းတွေကို နှိမ်နင်းမယ့် ဒေသတွင်း ဥပဒေစိုးမိုးရေး လုပ်ငန်းတွေ တိုးတက်ဖို့ ရည်ရွယ်ဖွဲ့စည်းထား တာ ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး
VOA Burmese Fan Page

ဝန်ကြီးချုပ်ဟောင်း Blair မြန်မာခရီးစဉ် ပွင့်လင်းမှုရှိသင့်

21.03.2013
ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair) အနေနဲ့ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ စိတ်ပျက်မိတဲ့အကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး အဖွဲ့တချို့က ထုတ်ဖော်ပြောဆိုနေကြပါတယ်။ မစ္စတာ ဘလဲအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ အလေးပေး ကူညီ ဆောင်ရွက်တာမျိုးလည်း မရှိဘူးဆိုတဲ့ ဝေဖန် မှုတွေကလည်း ရှိနေတာပါ။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဒုသမ္မတ ဦဥာဏ်ထွန်း အပါအ၀င် မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကကျတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူ ပြုဖို့နဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူလူထု စီမံခန့်ခွဲရေးကိစ္စတွေ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဒုသမ္မတနဲ့ မစ္စတာ ဘလဲတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အသေးစိတ် ဆွေးနွေးမှုတွေကိုတော့ မသိရပါဘူး။ မစ္စတာ ဘလဲအနေနဲ့ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ စိတ်ပျက်မိတဲ့အကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“မစ္စတာ တိုနီ ဘလဲ ဒုတိယအကြိမ် မြန်မာနိုင်ငံကို သွားတဲ့အပေါ်မှာ ကျနော်တို့ Burma Campaign UK အဖွဲ့အနေနဲ့ စိုးရိမ်တာ ရှိပါတယ်။ ခရီးစဉ်မတိုင်ခင် ပြည်တွင်း ပြည်ပမှာ လှုပ်ရှားနေကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုပြီးတော့ နားလည်အောင်လုပ်တာမျိုး မရှိခဲ့ပါဘူး။ မြန်မာအစိုးရ အရာရှိတွေနဲ့ပဲ သူ အဓိက တွေ့ဆုံဆွေးနွေးပုံရပါတယ်။ မြန်မာနိုင်ငံကို သွားရောက်တဲ့ အကြောင်းနဲ့ပတ်သက်လို့လည်း ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။ ဒီခရီးစဉ်တွင်းမှာ တိုင်းရင်းသား အဖွဲ့တချို့နဲ့ တွေ့တာ ရှိပါတယ်။ ဒါကြောင့် တချို့ ထင်ကြေးပေးနေကြတာကတော့ ဗြိတိန်အစိုးရ ထောက်ခံ အားပေး ထားတဲ့ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေကို မြန်မာနိုင်ငံကို ခေါ်သွားပြီးတော့ အဲ့ဒီက အခြေအနေတွေကို လေ့လာဖို့ဆိုတဲ့ အစပျိုး လုပ်ငန်းစဉ်တခုနဲ့ ဆက်စပ်နိုင်တယ် ဆိုတာပါ။ ပြီးတော့ သူ့ကိုယ်ပိုင် တည်ထောင်ထား တဲ့ ကွဲပြားတဲ့ ကိုးကွယ် ယုံကြည်သူတွေ အချင်းချင်း အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းနေတဲ့ ဖောင်ဒေးရှင်း အဖွဲ့တခုကလည်း ရှိနေတာပါ။ တခါ သူ့ရဲ့ကိုယ်ပိုင် စီးပွားရေးနဲ့ အကျိုးအမြတ်ဆိုင်ရာ ကိစ္စတွေကလည်း ရှိပါတယ်။ တချိန်တည်းမှာ တချို့ ထင်ကြေးပေးနေကြတာကလည်း သူဟာ မြန်မာအစိုးရကို ကူညီ အကြံပေးနေတယ် ဆိုတာပါ။ ဆိုတော့ သူ့ခရီးစဉ်က ဘယ်သူမှ သေသေချာချာ မသိရတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ခရီးစဉ်ပါ။”

မစ္စတာ ဘလဲ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာငြိမ်းချမ်းရေးစင်တာကို သွားရောက်ခဲ့ပြီး ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦအောင်မင်း တို့နဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်မြို့မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။

မစ္စတာ ဘလဲဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့သလို အဲ့ဒီအချိန်ကလည်း သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ အခု နောက်တကြိမ် သွားရောက်တာကိုကြည့်ရင် မစ္စတာ ဘလဲ အနေနဲ့ ပထမခရီးစဉ်ရဲ့ နောက်ဆက်တွဲ မပြီးပြတ်တဲ့ကိစ္စတွေအတွက် လာရောက်ပုံရတယ်လို့လည်း မာ့ခ် ဖာမနာက သုံးသပ်ပါတယ်။

“ဒီခရီးစဉ်က တိုနီ ဘလဲရဲ့ ဒုတိယအကြိမ် ခရီးစဉ်ပါ။ ဆိုတော့ အစီအစဉ်တခုခု မရှိဘဲ၊ အရင်ကတည်းက တခုခု အစပျိုး လုပ်ဆောင်နေတာ မရှိဘဲနဲ့တော့ သူ ဒီတခေါက် ပြန်သွားမှာ မဟုတ်ပါဘူး။ ဆိုတော့ သေချာတာကတော့ တခုခုကတော့ ရှိနေပါတယ်။ ဒါပေမဲ့ ဘာလဲဆိုတာကို သူတို့က မပြောကြဘူး။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဘာကြောင့် မြန်မာနိုင်ငံကို သွားတယ်။ ဘာတွေလုပ်နေတယ် ဆိုတဲ့အပေါ်မှာ ပွင့်ပွင့်လင်းလင်း မရှိတဲ့အပေါ်မှာရော၊ လူ့အခွင့်အရေးကိစ္စမှာ အာရုံထား ဆောင်ရွက်ခြင်းမရှိတဲ့ အပေါ်မှာပါ ကျနော်တို့ တကယ်ကို စိတ်ပျက်မိပါ တယ်။”

ဘာသာတရား ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေအချင်းချင်း အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ကြိုးပမ်းနေသူ တဦးဖြစ်တဲ့ မစ္စတာ ဘလဲ အနေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းတဲ့နေရာမှာ တကယ် အလုပ်ဖြစ်ပြီး အသုံးတဲ့တဲ့၊ ထိရောက်မှုရှိတဲ့ အကြံပေးမှုတွေနဲ့ ကူညီ ဖြေရှင်းပေးသင့်တယ်လို့လည်း မာ့ခ် ဖာမနာ က ပြောပါတယ်။

တကယ်လို့ အများထင်ကြေးပေးနေတဲ့အတိုင်း မြန်မာအစိုးရရဲ့ အကြံပေးတယောက် အနေနဲ့ သူ ဆောင်ရွက်မယ်ဆိုရင်လည်း ဒီကိစ္စက သေချာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အားဖြည့် ကူညီဖို့အတွက် မစ္စတာ ဘလဲ မြန်မာနိုင်ငံကို လာရောက်ခဲ့တာလို့ ပြောဆိုတာတွေ ရှိပေမဲ့လည်း သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ သေသေချာချာ ဘာမှမသိရပါဘူး။

ရန်ကုန်မြို့ ဗြိတိန်သံရုံးက အမည်မဖော်လိုသူ သံအမတ်တဦးကတော့ မစ္စတာ ဘလဲရဲ့အခုခရီးစဉ်ဟာ ဗြိတိန်အစိုးရနဲ့ ပတ်သက်မှုမရှိဘဲ သူတည်ထောင်ထားတဲ့ တိုနီ ဘလဲဖောင်ဒေးရှင်းရဲ့ အကြီးအကဲ တဦးအနေနဲ့ လာရောက်တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
မခင်ဖြူထွေး
VOA Burmese Fan Page

မိတ္ထီလာမြို့ ပဋိပက္ခ

photo: RFA/ Win Naung Toe
မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေရုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
RFA Burmese

ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်ပြီးမှ ဒုတိယအကြိမ်ရွေးပွဲ ပြုလုပ်ရန် စေခိုင်း

ရန်ကုန်၊ မတ် ၂၁။
တွံတေးမြို့ နယ် အဘေရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ပြီးမှ ဒုတိယအကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲကို ထပ်မံကျင်းပရန် တွံတေးမြို့ နယ်အုပ်ချုပ်ရေးမှူးမှ အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း အဘေရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲ ကိုပြုလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ကိုရွေးချယ်ခဲ့ကြောင်း၊ ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ယခင်ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ လာရောက် ရွေးချယ်ခံခဲ့ခြင်းမရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မပြုလုပ်မီတစ်ပတ်အလို ကတည်းက ရွာတွင် လော်စပီကာများဖြင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲရှိကြောင်း ကြေညာခဲ့သည်ကို ယခင်အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ရွာလုံး သိရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲကျင်းပချိန်တွင် ယခင်အုပ်ချုပ်
ရေးမှူး ဦးမျိုးမင်းဇော်က တက်ရောက်ရွေးချယ်ခံရန် ပျက်ကွက်ခဲ့ကြောင်း မဲပေးသူများက ပြောကြသည်။

“ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးပွဲ ကိုလုပ်မယ်ဆိုတာ ဒီလောက်လော်တွေနဲ့ အော်နေတာ သူလည်းရွာမှာ ရှိနေတာပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲလုပ်တဲ့နေ့က သူဘက်က တက်ရောက်ဖို့လည်း ပျက်ကွက်သေးတယ်။ ပြီးတော့ သူက တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူးး ဆီကို စာသွားတင်တယ်။ ဒါကို တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူးဆီကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးပွဲ ထပ်ကျင်းပပါဆိုပြီး မတ်လ ၁၉ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်လိုက်တယ်။” ဟု ရပ်မိရပ်ဖ၀င်တစ်ဦးဖြစ်သူ ဦးအုန်းလှိုင်ကပြောကြားသည်။

မတ်လ ၂၁ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ထပ်မံကျင်းပရန် တွံတေးမြို့ နယ်အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန်က မတ်လ ၁၉ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းအဘေရွာမှ ရပ်ရွာသူရပ်ရွာသားများက အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ထပ်မံ မပြုလုပ်လိုပဲ ယခုရွေးချယ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ဦးလှကြည်ဦးကိုသာ တင်မြှောက်လိုကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးရွေးပွဲတုန်းက သူသိသိကြီးနဲ့ ပျက်ကွက်ခဲ့တာ။ ကျွန်တော်အရွေးချယ် ခံရပြီးလို့ မတ်လ ၂၃ရက်နေ့မှာ ရပ်ကွက အုပ်ချုပ်ရေးမှူးအသစ် သင်တန်းတက်ရတော့မှာပါ။ အခုမှ မတ်လ ၁၉ရက်နေ့ နေ့စွဲကြီးနဲ့ မတ်လ ၂၁ရက်နေ့မှာ အုပ်ချုပ်ရေးမှူးရွေးပွဲပြန်လုပ်ဆိုပြီး စာက ရောက်လာတယ်။” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးလှကြည်ဦးကပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြန်လည်ကျင်းပရန် ဆုံးဖြတ်ပေးခဲ့သူ တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်ကို မေးမြန်းရာတွင် အဘေရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးပွဲသည် ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် ပြန်လည်ရွေးချယ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲကို တက်ရောက်ရန် ပျက်ကွက်ခဲ့သူ ဦးမျိုးမင်းဇော်မှာ အကြောင်း တစ်စုံတစ်ရာကြောင့် ပျက်ကွက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသဖြင့်မည်သည့် အကြောင်းအရာ ကြောင့်ပျက်ကွက်ခဲ့ရခြင်း ဖြစ်သည်ကို မေးမြန်းရာတွင် “ဒါကတော့ မပြောနိုင်ဘူး ၊ ကျွန်တော် ကတော့ ဥပဒေနဲ့မညီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲပြန်လုပ်ခိုင်းတာ” ဟုပြန်လည် ဖြေကြားသည်။
ဆုဝေ
The Myanma Age

မိတ္ထီလာတွင် လူ(၆ဝဝ)ကျော်အား ဘုန်းကြီးကျောင်းတွင်ကယ်တင်ထား

မိတ္ထီလာ၊ မတ် ၂၁ ။
မိတ္ထီလာမြို့တွင် ယမန်နေ့က စတင်ကာ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များကြောင့် ရန်မျိုးအောင်ရပ်ကွက်ရှိ စာသင်တိုက်တစ်တိုက်တွင် ထွက်ပြေးတိမ်းရှောင်လာသူ (၆ဝဝ)ကျော် ရောက်ရှိခိုလှုံနေကြောင်းမိတ္ထီလာမြို့သို့ရောက်ရှိနေသော မြန်မာ့ခေတ် သတင်းထောက်မှသတင်းပေးပို့သည်။

အဆိုပါမြို့ရှိ ပဋိပက္ခများကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးအတွက် ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား၊ ရွှေညဝါဆရာတော်နှင့် ဦးဇင်းဝီရသူတို့သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့နှင့် ယနေ့မနက်(၈)နာရီခန့်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
ဆွေးနွေးခဲ့ပြီးနောက် ဆရာတော်များဦးဆောင်သော အဖွဲ့သည် မြို့တွင်းသို့ လှည့်လှည်ကာလူထုအား ဖျောင်းဖျစည်းရုံး မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ စည်းရုံးနေစဉ်အချိန်မှာပင် မနက်(၉)နာရီအချိန်ခန့်ကနှစ်ထပ်အိမ်တစ်လုံးနှင့် တိုက်အိမ်တစ်လုံးတို့အားမီးရှို့မှုများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပြီး လုံခြုံရေးများမှာလည်း ပဋိပက္ခဖြစ်ပွားနေသောနေရာ အနီးတွင် ရှိနေသော်လည်း လူအုပ်အတွင်းသို့ဝင်ရောက်ကာ ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်း မပြုလုပ်နိုင်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ လူ(၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အာဏာပိုင်များဘက်မှ လူ(၁ဝဝ)ကျော်အား လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ရပြီး ယနေ့မနက် (၁၁)နာရီအချိန်အထိ ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ နေရာအချို့တွင်လည်း မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။
The Myanma Age

စာပေလောက(၅)မှာကျင်းပသည့်၂၀၁၃ ကမ္ဘာ့ကဗျာနေ့အခမ်းအနား

ရန်ကုန်၊ မတ်၊ ၂၁။ ၂၀၁၃
ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ၂၀၁၃ခုနှစ် မတ်လ ၂၁ ရက်မှ ၂၃ရက်နေ့ နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀နာရီအထိ ပန်းဆိုးတန်း စာပေလောက(၅) ဒုတိယထပ်တွင် ကျင်းပကြောင်း သိရသည်။ ယင်းအခမ်းအနား တွင် မတ်လ (၂၁)ရက်နေ့၌ နံရံကပ် ကဗျာအင်စတော်လေးရှင်း၊ ကဗျာဗေဒနှင့် ကဗျာဆရာ(ကျွမ်းကျင်သူဆွေးနွေးပွဲ)အဖြစ် ဆရာသစ္စာနီ၊ ဆရာငြိဏ်းဝေ၊ ဆရာမင်းထက်မောင်တို့က ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး ဆရာမောင်လင်းရိပ်က မေးမြန်း တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ မတ်လ(၂၂)ရက်နေ့ ယနေ့ မြန်မာကဗျာ စာအုပ်ထုတ်ဝေရေး(ကျွမ်းကျင်သူဆွေးနွေးပွဲ)တွင် ဆရာစန်းဦးနှင့် ဆရာမိုးဦးဆွေညိန်းတို့က ဆွေးနွေးသူများအဖြစ် ပါဝင်ပြီး မေးမြန်း တင်ဆက်သူအဖြစ် ဆရာမင်းထက်မောင်က ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ မတ်လ (၂၃)ရက်နေ့ နှောင်းကဗျာ စာဆိုများအမှတ်တရ ကဗျာဖတ်ပွဲတွင် ကွယ်လွန်သွားကြသော ကဗျာဆရာ/ဆရာမများ ဖြစ်ကြသည့် သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ငွေတာရီ၊ နုယဉ်၊ ဒေါင်းနွယ်ဆွေ၊ မောင်လေးအောင်၊ တင်မိုး၊ ကြည်အောင်၊ ညွှန့်ကြူး၊ မောင်ချောနွယ်၊ ဖော်ဝေး၊ မြေချစ်သူ၊ မောင်လူမှိန်၊ ဇော်(ပျဉ်းမနား)၊ မောင်ခိုင်မာ၊ လှသန်းတို့၏ ကဗျာများကို ရွတ်ဖတ်သွားမည် ဖြစ်ကြောင်း အခမ်းအနားကျင်းပရေး ကော်မတီမှ သိရသည်။
The Myanma Age
ဓာတ်ပုံ - သီဟ







လူမျိုးရေးပဋိပက္ခကြောင့် မိတ္ထီလာရှိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု နည်းပါး

မိတ္ထီလာ၊ မတ် ၂၁။
လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မိတ္ထီလာမြို့နယ်တွင် မတ်လ ၁၃ရက်နေ့မှ စတင်ကာ တက္ကသိုလ်ဝင် တန်းစာမေးပွဲများ ဖြေဆိုနေခြင်းအား ရပ်တန့်ထားခြင်း
မရှိသော်လည်း မတ်လ ၂၁ရက်နေ့တွင် လာရောက်ဖြေဆိုခြင်း မရှိ သည့် ကျောင်းသားဦးရေမှာ ယခင်နေ့ထက် ပိုမိုနည်းပါးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာစန်းလှိုင်က ပြောကြားသည်။

“တချို့ကျောင်းတွေကိုတော့ စပြီးပဋိပက္ခ ဖြစ်ကတည်းကပိတ်ထားတယ်။ ဆယ်တန်းတွေစာမေးပွဲ ဖြေတဲ့အချိန်ကိုတော့ ဖွင့်ပေးထားတယ်။ ဒါပေမယ့် တချို့မီးရှို့ ခံရတဲ့အိမ်တွေမှာ အခုဖြေနေတဲ့ ကျောင်းသားတွေ ပါတဲ့အတွက် လာပြီးဖြေတဲ့သူတော်တော်နည်းတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ မိတ္ထီလာမြို့နယ်တွင် တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲများအား အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)နှင့် အ.ထ.က (၄)တို့တွင် ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၁၃ရက်နေ့မှ စတင်ဖြေဆိုကြရာ မတ်လ ၂၁ရက်နေ့အတွင်း ဖြေဆိုခဲ့ သည့် ဘာသာရပ်တခုဖြစ်သည့် သိပ္ပံဘာသာရပ် အထူးပြုမှာ မတ်လ ၂၀ရက်နေ့တွင် ဖြေဆိုပြီးဆုံးခဲ့ပြီး မတ်လ ၂၁ရက်နေ့၌ ဝိဇ္ဇာဘာသာရပ် အထူးပြုအား ဆက်လက် ဖြေဆိုနေကြကြောင်းသိရသည်။
The Myanma Age

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်(၃)

၂၁-၃-၂၀၁၃
မနက်(၈း၀၀)နာရီတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ချုပ်က ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင်တို့ကို တွေ့ဆုံလျှောက်ထား ရှင်းပြ၊ ကယ်ဆယ်ရေး၊ ကာကွယ်ရေးအတွက် ညှိနှိုင်းသဘောတူညီမှုရရှိ (၈း၁၅)နာရီအချိန်တွင် ယျေဇမင်္ဂလာရပ်ကွက်တွင် ပိတ်မိနေသော အာရဗီစာသင်ကျောင်းအတွင်းရှိ ကျောင်းသားတစ်ရာ့ငါးဆယ်နှင့် အရပ်သားတစ်ရာခန့်တို့ကို ဝန်းရံစောင့်ရှောက်ပေးနေသော လုံခြုံရေးများကို ဝိုင်းအုံကြည့်ရှုနေသော ပြည်သူလူထုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင် တို့က သြဝါဒနှင့် မိန့်ခွန်းပြောကြား၊ မေတ္တာရပ်ခံပေးကြ။

ပဌမကျော် ဓမ္မာစရိယစာသင်တိုက်အတွင်းသို့ ဝင်၍ ဒုက္ခသည်များအား အားပေးစကားပြော။ ထိုအချိန်တွင် ပိတ်မိနေသော မူလဆင်များက ဝိုင်းကြည့်နေသော လူအုပ်ကြီးထဲ အက်ဆစ်ထုပ်နှင့် ပစ်ပေါက်၊ မူဆလင်နှစ်ဆယ်ခန့်ထွက်လာပြီး တိုက်ခိုက်၊ အပြန်အလှန်တိုက်ပွဲဖြစ်၊ ကယ်ဆယ်ရေးတပ်များ နောက်ဖေးမှာဝင်၍ မူဆလင်များကို ကယ်ထုတ်နိုင်ခဲ့၊ အပြန်အလှန်တိုက်ခိုက်နေသော မူဆလင်များမှ အများစုလည်း ကယ်ဆယ်ရေးနှင့် လိုက်ပါသွားနိုင်ခဲ့၊ (၉း၀၀)နာရီတွင် ဓမ္မာစရိယစာသင်တိုက်မှ ပြန်လည်ထွက်ခွာ၊ အခင်းဖြစ်နေရာ မီးလောင်နေ၊ အာရဗီစာသင်ကျောင်းအိမ် မီးလောင်၊ လူများကို ကယ်ထုတ်သွားမှန်း လူအုပ်ကြီးမသိကြ။

(၉း၃၀)နာရီတွင် ဆေးရုံကြီးရောက် ကုတင်(၂၈)လုံးတွင် (၃)လုံးသာ နေရာလပ်ကျန်၊ လူနာအစိတ်ခန့် တုံးလုံးပလပ် အမျိုးသမီးတွေလည်းပါ၊ ဟိန္ဒူတစ်ယောက်လည်းတွေ့ရ၊ အရေးပေါ်လူနာများ ရှိနေ၍ လူနာအားလုံးနှင့်တွေ့ခွင့်မရ၊ တစ်ယောက်စနှစ်ယောက်စသာ တွေ့ခွင့်ရ။

အခင်းဖြစ်နေရာတွင် အပြန်အလှန်တိုက်ခိုက်စဉ် သေနတ်(၁၂)ချက် ပစ်ဖောက် ဟန့်တားကြောင်း သိရ၊ ပေါင်ကို ထိမှန်၍ ကျဆုံးသူ မြန်မာများလည်း ရင်ခွဲရုံမှာ ရောက်နေ၊ ရဲနှိမ်နှင်းရေး လက်ကျိုး၊ ခေါင်းကွဲသူများလည်း ဆေးရုံတက်ရာတွင်ပါ။

ရွှေညဝါဆရာတော်က လူနာတစ်ယောက် တစ်သောင်းကျပ်လှူ၊ ဦးဝီရသူက လူနာအားလုံးအတွက် တစ်သိန်းကျပ်လှူ၊ ဓမ္မာစရိယစာသင်တိုက်ရှိ ဒုက္ခသည်များ ဆန်သာဝယ်ရ ဟင်းလျာဝယ်မရ၊ ရွှေညဝါဆရာတော်က ငွေနှစ်သိန်း၊ ၈၈-မှ တစ်သိန်း၊ ဒေါက်တာ ဆန်းလှိုင်မှ တစ်သိန်း၊ ဆရာတော်ဦးဝီရသူ မှ တစ်သိန်း စုစုပေါင်း ဒုက္ခသည်များအား ငါးသိန်းလှူဒါန်းနိုင်ခဲ့။

ဆေးရုံမှ ပြန်အလာ (၁၀း၁၀)နာရီတွင် ကယ်ထုတ်လာသော ကုလားများကို စစ်တပ်နှင့် အလုံခြုံရေးတို့က အကာပကွယ်ပေးကာ ကားများဖြင့် လုံခြုံရာသို့ ပို့ဆောင်၊ ရှေ့ဆုံးမှ ဂျစ်ကားပေါ်တွင် သံဃာတစ်ပါးက သာသနာ့အလံလွှင့်ထူသွား၊ လုံခြုံရေးများက သံဃာနောက်နှင့် ဘေးမှာ အသင့်အနေအထားရှိနေ၊ ၄င်းနောက်မှ ကုလားများတင်ဆောင်လာသော RTC-ကားများဖြင့် လာပါသွားတာတွေ့ရ၊

(၁၁း၁၅)နာရီမှာ မင်းကိုနိုင်အဖွဲ့ နှုတ်ဆက်ကန်တော့ပြီး ပြန်သွား၊ (၁၁း၄၀)မှာ ရွှေညဝါဆရာတော်ပြန်ကြွ၊ ယနေ့နှင့် မနက်ဖြန် တရားပွဲနှစ်ည (ကျောက်မဲ) ဖျက်လိုက်ရ၊ ကယ်ဆယ်ရေးနှင့် လုံခြုံရေးအတွက် စီမံဖို့ နေခဲ့ရ၊
FB-Wira Thu

ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းစောင်း

မုံရွာ၊ မတ် ၂၁
မုံရွာ - ခင်ဦး နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် လူစီးရထား အမှတ်(၆၀) အစုန်ရထားကြီး သည် ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်အနီး မိုင်တိုင်အမှတ် ၄၅၈/ ၂၁ - ၂၂ အကြားတွင် လမ်းချော်၍ တွဲများတိမ်းစောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရထားသည် စက်ခေါင်းမှုး ဦးမျိုးနိုင်၊ ရထားထိန်း ဦးကျော်ဆန်းဝင်း၊ တို့မှ ယနေ့မနက်တွင် ခင်ဦး မြို့မှ မုံရွာမြို့သို့ စက်ခေါင်းအမှတ် DD -950 ဖြင့် ခုတ်မောင်းလာခဲ့ရာ လမ်းချော်၍ လူစီးတွဲအမှတ်(၁) ၊တွဲအမျိုးအစား GBDT – 4030 သည် လမ်း၏ အရှေ့ဘက်သို့ ၄၅ဒီဂရီခန့်တိမ်းစောင်းသွားခြင်းဖြစ်သည်။
လမ်းချော်၍ မီးရထားတိမ်းစောင်မှုကြောင့် စီးနင်းလိုက်ပါသော ခရီးသည်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိကြသော်လည်း အကြောက်လွန်၍ အထိတ်တလန့်ဖြစ်ပွားကာ အော်ဟစ်ဆူညံမှုများရှိခဲ့ကြောင်းသိရသည်။ ၎င်း မီးရထားတိမ်းစောင်းရာ နေရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်များမှ သက်ဆိုင်ရာတာဝန် ရှိသူများ အချိန်မီရောက်ရှိလာပြီး လိုအပ်သောအထောက်အပံ့များ ကူညီပေးခဲ့ကြောင်းသိရှိရသည်။
သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
The Express Times

အီဂျစ်နိုင်ငံတွင် လစ်ဗျား ခေါင်းဆောင်ဟောင်း ဂဒါဖီ၏ ဝမ်းကွဲ ညီအစ်ကို တစ်ဦးအား ဖမ်းဆီး ရမိ


Thursday, 21 March 2013
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တွင် လစ်ဗျား ခေါင်းဆောင်ဟောင်း မူအာမာဂဒါဖီ၏ ဝမ်းကွဲ ညီအစ်ကို တစ်ဦးကို ရဲတပ်ဖွဲ့က မတ် ၁၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့များသည် ကိုင်ရိုမြို့ ဇာမာလခ် ဒေသရှိ အာမက်ဂါဒက်ဖ် အယ်လ်ဒမ်၏ နေအိမ်ကို ဝန်းရံပြီး ၎င်းအား ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

ဂါဒက်ဖ်အယ်လ်ဒမ်အား အီဂျစ်ရဲ တပ်ဖွဲ့က ဖမ်းဆီးမှုသည် လစ်ဗျား ဝန်ကြီးချုပ် အယ်လီဇီဒန် ကိုင်ရိုမြို့သို့ အလည်အပတ် သွားစဉ် အီဂျစ် သမ္မတ မိုဟာမက် မော်စီနှင့် တွေ့ဆုံပြီးနောက် မကြာမီ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ဂဒါဖီ၏ စုံစမ်း စစ်ဆေးရေး အရာရှိဟောင်း တစ်ဦးဖြစ်သူ ဂါဒက်ဖ်အယ်လ်ဒမ်အား မကြာမီ ကာလအတွင်း လစ်ဗျား
အာဏာပိုင်များ ထံသို့ လွှဲပြောင်းမည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

၎င်းအား ၂ဝ၁၁ ခုနှစ် လူထု ဆန္ဒပြပွဲများ အတွင်း ဆန္ဒပြသူများအား သတ်ဖြတ်မှုကြောင့် လူသားချင်း စာနာ ထောက်ထားမှု ဆန့်ကျင်သော ရာဇဝတ်မှုဖြင့် လစ်ဗျား အစိုးရ ရှေ့နေချုပ်က ၂ဝ၁၂ ခုနှစ်တွင် တရားစွဲဆို ထားကြောင်း သိရသည်။
မြ၀တီ

ဆရာတော် ဦးဝီရသူနှင့် ရွှေညဝါဆရာတော်တို့ မိတ္ထီလာကိုရောက်

ယနေ့နံနက် ၈ နာရီဝန်းကျင်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့တွေ့ဆုံပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူနှင့် ရွှေညဝါဆရာတော်တို့ ပါဝင်ခဲ့ပြီး လူထု အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရသည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com