http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြောင်းလို့ပြောင်းမှန်းတောင် မသိဘူး


FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

ထွက်ပေါ်နေသော အွန်လိုင်းပေါ်ကသတင်းတွေနဲ့ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူရှင် ရှင်းလင်း

''ဖေ့စ်ဘုတ်မှာ တက်နေတဲ့ သတင်းတွေမှာဆို ကျွန်မအနေနဲ့ လျှို့ဝှက် အစည်းအဝေးလုပ်တယ်။ နောက် အမေဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်တဲ့အဖွဲ့တွေနဲ့အချိတ်အဆက်လုပ်တဲ့သတင်းတွေ တက်လာ တယ်ဆိုပြီး ကျွန်မကို ပြန် ပြောပြကြ တယ်။ပထမတော့ ကျွန်မအနေနဲ့ မဖြေ ရှင်းဘူးလို့ စဉ်းစားတယ်။ ဘာကြောင့် လဲဆိုတော့ ကိုယ်လည်း မဟုတ်ဘူး လေ။နောက် လက်ရှိ ကျွန်မတို့ ပါတီ မှာရှိနေတဲ့ လူကြီးတွေကအစ အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါမဟုတ်ဘူးဆိုတာ သိတယ်။ပြောရရင် ကျွန်မက အနုပညာ သမားပါ။အမေစုက ကျွန်မကို ပြောခဲ့ တယ်။ လူဆိုတာ တိုင်းပြည် အတွက် ပြည်သူအတွက် အပင်ပန်းခံသင့်ရင် ခံရတယ်။ တိုင်းပြည်အတွက် ပြည်သူ အတွက် ကိုယ်လုပ်နိုင်သလောက် အတိုင်း အတာအထိ လုပ်သင့်တယ် လို့ ပြောတဲ့အတွက်ကြောင့် ကျွန်မ အနေနဲ့ ပါတီထဲဝင်ခဲ့တယ်။ ကျွန်မ အနေနဲ့လည်း အကောင်းဆုံးဖြစ် အောင် လုပ်ပေးခဲ့တယ်။ ပါတီထဲ ဝင် ကတည်းက ကျွန်မရဲ့ရည်ရွယ်ချက် က ဒါငါပရဟိတအလုပ်လုပ်တာပဲ၊'' လို့ ဖေ့စ် ဘုတ်မှာပြန့်နေတဲ့သတင်းတွေနဲ့ ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်တံတားမြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ ကြည်ဖြူသျှင်ကဖြေရှင်းလာပါတယ်။Popular Journal

အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည် ဆိုသော အမျိုးသမီးများနေ့ အကြိုအခမ်းအနားကျင်းပ





ရန်ကုန်၊ မတ် ၇။

၂၀၁၃ခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ အမျိုးသမီးများနေ့ အကြိုအခမ်းအနားကို ယခုလ (၆)ရက်နေ့၌ တောင်ဒဂုံမြို့နယ် နိကာယ်ပရိယတ္ထိ စာသင်တိုက်တွင် “ အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်” ဆောင်ပုဒ် ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများနှင့်
စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့(AFFM) က ကျင်းပပြု လုပ်ခဲ့ပြီး ရည်ရွယ်ချက်(၅)ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်း ရည်ရွယ်ချက်များမှာ လုပ်ငန်းခွင် သာတူညီမျှမှု ရှိစေရန်၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားခြင်း(သို့) အနှောင့် အယှက်ပြုခြင်းမှ ကင်းဝေးစေရန်၊ သားဖွားမိခင်ခွင့် ရရှိစေရန်၊ အကာအကွယ်မဲ့သော လုပ်ငန်းခွင်အခြေအနေများ ပပျောက်
စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိစေရန် စသည်တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ အနေဖြင့် ကျား၊မ တန်းတူညီမျှမှု မရှိသေးကြောင်း၊ အမျိုးသမီးများ အနေဖြင့် နှိပ်ကွပ်ခံရခြင်းများ ရှိနေကြောင်း၊ စက်မှုဇုန် အလုပ်သမ အများစု၏ လစဉ်ဓမ္မတာ ကိစ္စများအတွက် ရှောင်တခင်ခွင့်၊ မီးဖွားခွင့် စသည်တို့ကိုပေးသင့်ကြောင်း (AFFM)မှ စည်းရုံးရေးတာဝန်ခံ မအေးသီခိုင်က ပြောကြားသည်။

“မြန်မာ အမျိုးသမီးတွေက လူတန်းစား မညီမျှလို့ စနစ်ဆိုးရဲ့ သားကောင် ဖြစ်နေရတာပါ။ သူတို့တွေကိုသာ လုပ်ပိုင်ခွင့်တွေ၊ နေရာ ပေးတာတွေသာ လုပ်ပေးမယ်ဆိုရင် မြန်မာဟာ ကမ္ဘာမှာ ရင်ဘောင်တန်းလာနိုင်မှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ မြန်မာအမျိုးသမီးထု အနေဖြင့် အကြောက် တရားများ စိုးမိုးနေသေးကြောင်း၊ ယင်းအကြောက်တရား များကို ပယ်ရှားနိုင်ရန် မြန်မာ အမျိုးသမီးများအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခုကျင်းပသော ပွဲသည် AFFM အနေဖြင့် ကမ္ဘာ့အမျိုးသမီးများနေ့နှင့် ပတ်သတ်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့သော ပွဲဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ အိုစမာဘင်လာဒင်ရဲ့ သမက် Sulaiman Abu Ghaithကို ဖမ်းဆီးမိ

Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူ Sulaiman Abu Ghaithကို ဂျော်ဒန်နိုင်ငံမှာဖမ်းဆီးရမိခဲ့ တယ်လို့  အမေရိကန်ပြည်ထဲရေးဌာနက ဒီကနေ့ အတည်ပြု လိုက်ပါတယ်။ သူ့ကို အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်ဖို့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို ခေါ်လာတယ်လို့ သိရပါတယ်။ သူ့ကို အစောဆုံး သောကြာနေ့မှာ အကြမ်းဖက်မှုနှင့် ဆက်စက်တဲ့အမှုများနဲ့ ရုံးထုတ်မှာဖြစ်တယ်လို့ တာဝန်ရှိသူများက NBC News ပြောပါတယ်။

တရုတ်သို့ ဝင်ရောက်သော မြန်မာဒုက္ခသည် တစ်ထောင် အောက်သာ ရှိကြောင်း ယူနန်အုပ်ချုပ်ရေးမှူး ပြောကြား



ပေကျင်း၊ မတ် ၇။

တရုတ်င်ငံတွင်းသို့ နယ်စပ်ယူနန်ပြည်နယ်မှတဆင့် ဝင်ရောက် လာသော မြန်မာဒုက္ခသည် အရေအတွက်မှာ အနည်းအပါးသာ ရှိပြီး နယ်စပ်အခြေအနေမှာလည်း တည်ငြိမ်မှုရှိကြောင်း ယူနန်
ပြည်နယ်အုပ်ချုပ်ရေးမှူး လီကျီဟန်းက ပြောကြားလိုက်သည်။

အုပ်ချုပ်ရေးမှူး လီသည်ပေကျင်းတွင် တရုတ်ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ရောက်ပြီးနောက် မီဒီယာများ၏ စုံစမ်းမှုကိုပြန်လည်ဖြေ ကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တရုတ်ဘက်အခြမ်းမှာ ရှိနေတဲ့  မြန်မာဘက်က လူဦးရေက တစ်ထောင်အောက်ပဲ ရှိပါတယ် ။ ဒါဟာ မြန်မာဘက်မှာတိုက်ပွဲတွေ အပြင်း ထန်ဆုံးအချိန်က လူသုံးထောင်လောက် ဝင်ရောက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် နည်းပါတယ်။ နောက်တစ်ကြိမ် မြန်မာဘက်က ဒုက္ခသည်တွေ ဝင်လာရင်လည်း သူတို့အတွက် အစားအစာနဲ့ နေထိုင်ရေးအတွက် လူသားချင်းစာနာထောက်
ထားတဲ့ အကူအညီတွေကို ဗဟိုအစိုးရရဲ့ ညွှန် ကြားမှုနဲ့အညီပေးအပ်သွားမှာပါ” ဟုပြောကြားသည်။

မြန်မာတွင် ၂၀၁၁ ဇွန်မှစ၍ ကချင်ပြည်နယ်တွင် ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ တင် ဖြစ်ပွားပြီးနောက် မြန်မာနယ်အတွင်းနေထိုင်
သူအများစုမှာ တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

ပြည်နယ်အုပ်ချုပ်ရေးလီက မြန်မာတွင် ကချင်နှင့် အစိုးရတပ် များ၏ ပဋိပက္ခမှာ ပြည်တွင်းရေးသာ ဖြစ်ကြောင်း ၊တရုတ်နှင့် မြန်မာသည် အိမ်နီး ချင်းကောင်းများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
The Myanma Age
Ref: English.peopledaily.com

မြောက်ကိုရီးယားကို ကုလကနေ ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ထပ်လုပ်မယ်

ပြုံရမ်းရဲ့တတိယမြောက် နျူကလီးယား ဖေါက်ခွဲ စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ကနေ မြောက်ကိုရီးယား နိုင်ငံ အပေါ်ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့တညီတညွတ်တည်း သဘောတူ လိုက်ကြပါတယ်။

ဒီဆုံးဖြတ်ချက် အရ မြောက်ကိုရီးယား အပေါ် သံတမန်ရေး အရ အရေး ယူမှု၊ ငွေအလွှဲ အပြောင်း ထိန်းချုပ်ရေးနဲ့ ဇိမ်ခံပစ္စည်း တွေ ဝယ် မရအောင် အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီ ၂ ခု နဲ့ လူပုဂ္ဂိုလ် ၃ ဦး တို့ ခရီးသွားလာခွင့်ကို ပိတ်ပင်မှာ ဖြစ်သလို၊ ပိုင်ဆိုင် မှုတွေကိုလည်း ထိန်းချုပ် ထားမှာ ဖြစ်ပါတယ်။BBC Burmese

ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ

သောမတ် အိုဟေး ကင်တားနား
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ်စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များမစ်စတာ ကင်တားနား သတင်းစာ ရှင်းလင်းပွဲ
၂၀၀၈ ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ပြဿနာတွေရှိ
မစ်စတာ ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲဆက်စပ်အကြောင်းအရာများကုလသမဂ်ဂအဲဒီထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် ဖမ်းဆီးထားသူများ မရှိပဲ ဥပဒေ ချိုးဖောက်သူတွေကိုသာ အရေးယူကြောင်း အစိုးရက တုံ့ပြန် ပြောပါတယ်။မစ်စတာ ကင်တားနားဟာ ကချင်ပြည်နယ်တွင်းမှာ အစိုးရဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ပြောပြီး KIA ကချင် အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ချန်လှပ်ထားကြောင်း၊ ရခိုင် ပြည်နယ်တွင်းမှာ သွားလာခွင့်တွေ ကန့်သတ့်တာ၊ ဖမ်းဆီး နှောက်ယှက်တာတွေလည်း မရှိတဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်း အစိုးရ တုံ့ပြန်မှုထဲမှာ ဖော်ပြ ထားပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဆိုင်ရာ အကြီးတန်း သုတေသီ မစ်စတာ ဒေးဗစ် မက်သီယာဆင်ကတော့ အစိုးရရဲ့ ဒီလို သိမ်းကြုံးပြီး ငြင်းချက် ထုတ်တဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောပါတယ်။အစိုးရဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အရင်တုံးက နည်းလမ်းအတိုင်း ဆက်ဆောင်ရွက်နေတဲ့ သဘော တွေ့ရတယ်လို့ မစ်စတာ မက်သီယာဆင်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသား၊ ကလေးစစ်သား နဲ့ အဓမ်မလုပ်အားပေး ပပျောက်ရေးတွေမှာ နိုင်ငံတကာနဲ့ ပူးတွဲလုပ်ဆောင်လာပြီး တိုးတက်မှုတခိျု့ ရှိလာပေမယ့် အခုလို အစိုးရဘက်က ငြင်းဆိုမှုတွေကတော့ အတော်လေး အံ့အားသင့် စိတ်ပျက်ကောင်းတယ်လို့ ပြောပါတယ်။ကချင်နဲ့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ထင်ထင်ရှားရှား ရှိနေတဲ့ အကြောင်းလည်း သူက ထောက်ပြပါတယ်။ဒါပေမယ့် ကုလသမဂ်ဂ အစီရင်ခံစာမှာ ကချင်ပြည်နယ်တွင်း KIA ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ချန်လှန်ထားတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုမှုကိုတော့ သဘောတူနိုင်ပြီး အစိုးရ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကိုတော့ မဘော မတူနိုင်သေးကြောင်းလည်း ပြောပါတယ်။ကုလသမဂ်ဂအနေနဲ့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာ သတင်းပို့ဖို့ လိုတဲ့ နိုင်ငံ အဖြစ် ဆက်ထား ရှိသင့်ကြောင်း ၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်လည်း ဆက် ထားရှိရုံတင်မက မြန်မာနိုင်ငံမှာ ကုလသမဂ်ဂ လူ့အခွင့်အရေး ရုံးဖွင်ပြီး ဆောင်ရွက် သင့်ကြောင်းလည်း မစ်စတာ မစ်သီယာဆင်က အကြံပြု ပြောဆိုပါတယ်။
BBC Burmese

ဖေ့စ်ဘွတ်ခ် ဒီဇိုင်းသစ် ထွက်မယ်

ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာ ဒီဇိုင်းသစ်ကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ကနေ ထုတ်ဖေါ်ပြသလိုက်ပါပြီ။

မကြာခင် အသုံးပြုနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ ဒီဇိုင်းသစ်မှာ ကော်လံ သုံးခု ရှိနေရာ ကနေ ကော်လံ ၂ ခုပဲ ထားရှိတော့မှာ အပါအဝင် တခြား အဓိက ဒီဇိုင်း ၂ ခုကိုလည်း ပြောင်းလဲ ထားပါတယ်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာမျာ ကြည့်လိုက်ရင် ရှုပ်ထွေးနေတာ တွေကို ရှင်းရှင်း လင်းလင်း ဖြစ်သွားအောင် ရည်ရွယ်ပြီး ဒီဇိုင်း ပြောင်းတာလို့လည်း ဆိုပါတယ်။

ကွန်ပြူတာမှာ မြင်ရမယ့် ဖေ့စ်ဘွတ်ခ် ပုံစံဟာ လက်ကိုင် စမာ့တ်ဖုန်း App တွေမှာ တွေ့ရမယ့် ပုံစံနဲ့ အတော့်ကို တူမှာလည်း ဖြစ်ပါတယ်။BBC Burmese

အာဇာနည်ဗိမာန်ကို အများပြည်သူတွေ ကြည့်ရှုခွင့်ရတော့မည်

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ပြင်ဆင်ပြီး ပြည်သူတွေ ဆန္ဒအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အာဇာနည်ဗိမာန်ကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ သီတင်းတစ်ပတ်မှာ (၆) ရက် ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အခုလို ကတိပြု ပြောဆိုလိုက်ပါတယ်။

" မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြုပြင်မွန်းမံမှုများပြုလုပ်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန် အတွက် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထားရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားရှိပါတယ်"

ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန်ကို ဖွင့်လှစ်ပေးဖို့ အစီစဉ်နဲ့ ပတ်သက်ပြီး လှည်းကူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အာဇာနည်နေ့တုန်းကလည်း စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပေးခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြောင်းလဲလာတဲ့ အစိုးရသစ်လက်ထက်မှာ လွပ်လွပ်လပ်လပ် ကျင်းပခွင့်ပေးခဲ့ပြီး အာဇာနည်ဗိမာန်ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ဝင်ရောက် ဂါဝရပြုခွင့်ရခဲ့ပါတယ်။
RFA Burmese

တီးတိန်မြို့ကို ရောက်ရှိခဲ့တဲ့ ၈၈(ရုပ်/သံ)

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်ဟာ မတ်လ ၇ ရက်နေ့မနက်မှာတော့ ကလေးမြို့ကနေ မနက် ၉နာရီက ထွက်ခွာလာခဲ့ပြီး နေ့လည် ၃ နာရီမှာ တီးတိန်မြို့ကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ တီးတိန်မြို့မှာတော့ နေ့လည် ၃နာရီမှာ CCJ Hall မှာ ကိုမင်းကိုနိင် ကိုကိုကြီး တို့က လူထုနဲ့တွေ့ဆုံဆွေးနွေးပြောကြခဲ့ပါတယ်။ အဲ့ဒီမှာတော့ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ နဲ့ တောင်ပေါ်မြေပြန့် လူငယ်တိုင်းရင်းသားတွေ အားလုံး စည်းလုံးစွာနဲ့ နိင်ငံတော်ကို ကောင်းအောင် ဆက်လက်ကြိုးစားသွားဖို့ပြောကြားခဲ့ပါတယ်။
DVB TV News
(ရိုက်ကူး - စူပါ)

NLD ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခံရသူတွေ တုန့်ပြန်ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေး ပြိုကွဲပျက်ဆီးစေသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရရှိထားကြောင်း စွပ်စွဲပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ၄ ဦးထဲက ရွှေပြည်သာမြို့နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးသန့်ဇင်က သူ့တို့အပေါ် မဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံဇာတ်လမ်းစဉ် ထုတ်ပယ်တာသာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ လသာမြို့နယ်၊ သံဈေးပလာဇာ ၈ လွှာက မြန်မာ့ဒီမိုကရက် သင်တန်းကျောင်းခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးသန့်ဇင်က အန်အယ်ဒီ လူကြီးတွေရဲ့ ထုတ်ပယ်မှုအပေါ် အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ဌာနချုပ်ရဲ့ အရှိန်အဝါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ ကိုယ့်ကိုကိုယ် တကယ့်ဆရာကြီးတွေလို သဘာကြီးတွေလို အုပ်စုဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်၊ အခုစွပ်စွဲခံရတဲ့ ၄ ယောက်က မှန်တာပြောရရင် သစ္စာစကားပါ၊ ဦးခင်မောင်ဝင်းနဲ့ ကျနော်မတွေ့တာ ၄ လကျော်ပါပြီ၊ စစ်ကိုင်းတိုင်းက အမျိုးသမီးဆိုရင် ရုပ်တောင်မမြင်ဖူးပါဘူး၊ ဦးခင်မောင်ရှိန်ဆိုတာ မနေ့ကမှ ကျနော်မြင်ဖူးပါတယ်၊ ဘယ်လိုမှ တွေ့ဆုံခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပြောဆိုခြင်းလည်း ဘာမှမရှိပါဘူး၊ ဒီကိစ္စဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ လုပ်ကြံဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်”

မနေ့ကလည်း ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူ ဦးခင်မောင်ရှိန်ကလည်း ထုတ်ပယ်ခံရတဲ့အပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကတော့ အဲဒီ ၄ ဦးကို ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ ကျစ်လစ်သိပ်သည်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်၊ သူတို့လည်း သူတို့အခွင့်အရေးရှိတာနဲ့ ပတ်သက်လို့ ပြောစရာရှိတာ ဆိုခွင့်ပြောခွင့်ရှိပါတယ်၊ ကျနော်တို့က ဒါတွေလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး၊ ဒီအကြောင်းအခြင်းအရာပေါ် မူတည်ပြီးတော့လည်း ဒါပြန်လည်ပြီးတော့ အကျိုးအကြောင်းတွေ ပြန်လည်ဆင်ခြင်ဆောင်ရွက်ဖို့ လုပ်စရာရှိတာတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောပါ၊ သူတို့ဘက်က ပြောခွင့်ရှိပါတယ်၊ တောင်းဆိုခွင့်ရှိပါတယ်၊ အရေးဆိုခွင့်ရှိပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆောင်ရွက်တဲ့ အခွင့်အလမ်းတွေရှိပါတယ်”

NLD ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ရဲ့မတ်လ ၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်က ထုတ်ပယ်ခံရသူ ၄ ဦးကတော့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဦးသန့်ဇင် အပါအ၀င် လသာမြို့နယ်က ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်က ဦးခင်မောင်ရှိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ဒေါ်မိမိကြီးတို့ ဖြစ်ပါတယ်။
RFA Burmese

စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြ

နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ဘဂါလီလူမျိုးများ အတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ကျော် ဆောက်လုပ်ရန် စီစဉ်နေသဖြင့် စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သော ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောကြားသည်။ ဆန္ဒပြရန် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုခြင်း မရှိခဲ့ သော်လည်း ဆန္ဒပြခဲ့ကြသည်။
The Voice Weekly



မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာ ကဏ္ဍအတွက် အမေရိကန် ကူညီမည်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာဆိုင်ရာ အကူညီပေးရေး အဖွဲ့စည်း တစ်ခုဖြစ်တဲ့ PILPG ( Public International Law & Policy Group) အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ ပံ့ပိုးကူညီသွားမယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ PILPG အဖွဲ့မှ ဒုတိယ ဥက္ကဌ မစ္စမစ်ဂန်အီးစတီးဝေါ့တ် (Mrs. Meghan E. Stewart) ဦးဆောင်တဲ့ အဖွဲ့ဟာ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ (၉) မိုင် ပြည်လမ်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ PILPG အဖွဲ့ အနေနဲ့ ပံ့ပိုး ကူညီသွားမှာဖြစ်တဲ့ အကြောင်း PILPG အဖွဲ့မှ ပြောကြားခဲ့တာဖြစ်တယ်လို့ UNA အဖွဲ့ နာယက ဦးအေးသာအောင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

PILPG အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေပေးရာမှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ပြည်သူတွေ အတွက် လူမှု အခြေပြု သင်တန်းတွေနဲ့ ဥပဒေရေးရာ အသိပညာပေး သင်တန်းတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လိုအပ်နေတဲ့ ဥပဒေရေးရာ ကဏ္ဍတွေ ကို အဓိက အလေးပေး ကူညီသွားမယ်လို့လည်း သိရပါတယ်။

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ အနေနဲ့ PILPG အဖွဲ့နဲ့ ခုလို ဆွေးနွေးရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြုပြင်ဖို့လိုနေတဲ့ အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတွေနဲ့ တိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

PILPG အဖွဲ့ဟာ ၁၉၉၅ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့စည်းဖြစ်ပြီး ဥပဒေ ပညာရှင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းဖြစ်ကာ အမေရိကန် အပါဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အခြေချဆောင်ရွက်နေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ပါတယ်။RFA Burmese

၁၂ နှစ်ကြာ အစာငတ်ခံဆန္ဒပြသူ အိန္ဒိယအမျိုးသမီး တရားစွဲခံရ

နယူးဒေလီ၊ မတ် ၅
နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်း လူ့အခွင့်အရေးများ လျစ်လျူရှုခံရမှုကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒ့ပြသူ အိန္ဒိယအမျိုးသမီးတစ်ဦး တရားစွဲဆိုခံရကြောင်း သိရသည်။
အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရ အဆိုပါအမျိုး သမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ် ကိုသတ်သေရန်ကြံစည်မှုဖြင့် စွဲဆိုခံရခြင်း ဖြစ်သည်။

အိန္ဒိယတပ်မတော် အထူးခွင့်ပြုအာဏာ အက်ဥပဒေကို ဆန့် ကျင်၍ မဏိပူရနယ်တွင် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ရာ လူမသိသူမသိ အဖြစ်မှ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့ရသည်။ အဆိုပါ ဥပဒေအရ ကက်ရှမီးယားနှင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များမှ တရားစွဲဆို ခြင်း မခံရဘဲမသင်္ကာသူများကို ပစ် သတ်ခွင့်နှင့်စစ်သွေးကြွဟုမသင်္ကာ ပါကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိ သကဲ့သို့ ရဲတပ်ဖွဲ့တွင်လည်း စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးခွင့်ရှိသည်။

ရှာမီလာမှ အဆိုပါဥပဒေကို မနှစ်မြို့၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ၂ဝဝဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်က မဏိပူရနယ် အင်ဖာမြို့ တွင် စားခဲ့သည့် အစာအပြီး သူမမည်သည်ကိုမျှ မစားခဲ့ဟု ဆိုသည်။

ဆန္ဒပြအပြီး သုံးရက်အကြာတွင် အဖမ်းခံခဲ့ရပြီး နှာခေါင်းပိုက်တပ်၍ အစာရေဆာ သွင်းခံခဲ့ရရာ တစ်နှစ် အတွင်း မိမိသဘော အလျောက် အစာ ပြန်စားလျှင် ထောင်မှလွှတ်ရန် ဖြစ်သော်လည်း မစားခဲ့၍ အကျဉ်းမှ မလွှတ်ခဲ့ပေ။

''ကျွန်မ အသက်ရှင်ချင်ပါ တယ်။ ကိုယ့်အသက်ကိုယ် မနုတ် လိုပါဘူး။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်''ဟု ပြောခဲ့ကြောင်း ပီတီအိုင်သတင်း တစ်ရပ်က ဆိုသည်။

တရားသူကြီးက မေ ၂၂ ရက် နေ့သို့ ချိန်းဆိုလိုက်ရာ ၎င်းအနေ နှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ကျခံရဖွယ် ရှိသည်။
ဥပဒေရေးရာ ဝန်ကြီး အက်ဝီ နီ ကူးမားကမူ သောင်းကျန်းသူများ အား ဖြိုခွင်းရာတွင် အထူးအာဏာ လိုအပ်ကြောင်း ကာကွယ်ပြောကြား ရာ၌နိုင်ငံတော် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကိစကိစ္စများမှာ

ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအတွင်းအထူး အရေးပါသဖြင့် ယခုကဲ့သို့ အခွင့် အာဏာပေးထားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဏိပူရနယ်ခံ တက်ကြွလှုပ်ရှားသူ ကျောင်းသားများကအိန္ဒိယတပ်မတော်အနေဖြင့် အကြွင်းမဲ့အာဏာသုံး၍ အရပ်သားများကို သောင်းကျန်းသူများသဖွယ် ဆက်ဆံသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။Popular Myanmar News Journal

ပခုက္ကူတွင် ပထမဆုံးအနေဖြင့် အရပ်သားများဦးဆောင်ပါဝင်သော မြို့ဖွံဖြိုးတိုးတက်ရေးကော်မတီနှစ်ခုအား မဲခွဲရွေးချယ် ဖွဲ့စည်းနိုင်ခဲ့

ပခုက္ကူတွင်မြို့ဖွံဖြိုးတိုးတက်ရေးအတွက်အရပ်သားများအဓိကဦးဆောင်ပါဝင်သော ကော်မတီနှစ်ခု ကို စတင်ဖွဲစည်းနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါ ကော်မတီနှစ်ခုမှာပခုက္ကူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေးကော်မတီ တို့ဖြစ်ပြီးအစိုးရဌာနများအပေါ် စောင့်ကြည့်ချိန်ညှိပေးရန်ရည်ရွယ်ကြောင်း ရွေးချယ်ခံ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

`တကယ့်ကို ဒီမိုကရေစီနည်းကျကျ မဲခွဲရွေးချယ်ပြီး ဖွဲ့စည်းခဲ့တာပါ။ ဒီလို လုပ်နိုင်တာ ပထမဆုံးပါပဲဗျာ´ ဟု ၄င်းက ပြောသည်။

ထိုသို့ဖွဲ့စည်းရန်အတွက် ရပ်ကွက်နှင့်ကျေးရွာများမှ မဲခွဲရွေးချယ်ခဲ့သည့် ရပ်မိရပ်ဖ ၃၄ ဦးအနက် ပြန်လည်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီးဖွဲ့စည်းခြင်းကို ၂၀၁၃ခုနှစ် မတ်လ ၇ ရက်နေ့ နံနက် (၉း၃၀) အချိန်မှ စတင်ကာ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစီအစဉ်အရ ရပ်မိရပ်ဖကိုယ်စားလှယ် များ ထဲ မှ ဒီမိုကရေစီနည်းလမ်းတကျ မဲ စနစ်ဖြင့်ပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး ခေါင်းဆောင်သောအဖွဲ့မှ ကြီးကြပ်၍ အောင်မြင်စွာ ရွေးကောက်တင်မြောက် ဖွဲ့စည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖွဲ့စည်းပုံအရ ပခုက္ကူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတွင် အဖွဲ့ဝင် ၈ ဦးပါဝင်ကာ အရပ်သား ၆ ဦးနှင့် ဌနာဆိုင်ရာများမှ နှစ်ဦး၊စည်ပင်သာယာရေးကော်မတီတွင် အဖွဲ့ဝင် ၆ဦးပါဝင်ပြီး အရပ်သား ၄ဦးနှင့် ဌာနဆိုင်ရာမှ ၂ဦး တို့ဖြစ်သည်။ ထူးခြားမှုအနေဖြင့်မူ အဆိုပါကော်မတီနှစ်ရပ်စလုံး၏ ဥက္ကဌနေရာကို ရပ်မိရပ်ဖများထဲမှပင် တာဝန်ယူဆောင်ရွက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
ဓာတ်ပုံ- မင်းထက်သာ(ပခုက္ကူ)

Cisco networking ကျောင်းနှစ်ကျောင်းကိုမြန်မာနိုင်ငံမှာဖွင့်ဖို့

ယနေ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က Myanmar Info Tech မှာကျင်းပတဲ့ ပွဲမှာ U.S Agency for international development (USAID) ရဲ့ အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဒေါက်တာ ရာဂျစ်ရှားက ၎င်းနဲ့ အိုင်တီလုပ်ငန်းရှင်တွေ ကျွမ်းကျင်သူတွေ၊ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။Cisco networking ကျောင်းနှစ်ကျောင်းကိုမြန်မာနိုင်ငံမှာဖွင့်ဖို့အတွက် Cisco နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ်။
The Modern News Journal

ဗိုလ်ချုပ်ပန်းခြံထဲက အိပ်မက်တစ်ခုအားပိုင်ဆိုင်ခြင်းရိုက်ကွင်း

ဗိုလ်ချုပ်ပန်းခြံထဲမှာပဲ ဒါရိုက်တာ သီတာလင်း ရိုက်ကူးတဲ့ “အိပ်မက်တစ်ခုအား ပိုင်ဆိုင်ခြင်း” ဇာတ်ကားကို နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ကသရုပ်ဆောင်နေပါတယ်။ရိုက်ကွင်းခတ္တ နားနေချိန်မှာတော့ စိုးသူနှင့် နိုင်းနိုင်း ၊ အိန္ဒြာကျော်ဇင်တို့က နူတ်ဆက်စကား ပြောခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ - အိသွဲ့ ( တန့်ယန်း )
Popular Journal


ဘယ်သူမောင်ပိုင်စီးဦးမလဲမသိဘူး


FB-The Myanmar Post News Journal

UN လက်မှတ်ရ ဒုက္ခသည်တွေအတွက် အမေရိကန်အိပ်မက်

Thursday, March 7, 2013
နို့ဖိုး ဒုက္ခသည် စခန်းက ကုလသမဂ္ဂနဲ့ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနတို့ကနေ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြု လက် မှတ် လက်ဝယ်ရထားပြီးသူများကို အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ လိုပါက ၃ လ အတွင်း လျှောက် ထားနိုင်တယ်လို့ အမေရိကန် သံတမန်တွေက ပြောလိုက်ပါတယ်။

အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းကို မတ်လ ၅ရက်နေ့က ရောက် လာပြီး အဲဒီလို ပြောဆိုခဲ့တာဖြစ်တယ်လို့ နို့ဖိုး ဒုက္ခသည်စခန်းက နှစ်ရှည် ဒုက္ခသည် တဦးဖြစ်တဲ့ ရဟန်းတော် ဦးသူရိယ ခေါ် ဦးဂျပန်ကြီးက ဧရာဝတီကို ပြောပါတယ်။

 “အမေရိကန်ကို သွားဖို့ ဦးဇင်းကိုတော့ လာမယ့် မေလ မှာ သွားရမှာလို့ သူတို့က ပြောတယ်”လို့ ဦးသူရိယက ပြောပါ တယ်။

အခုလို ကုလနဲ့ ထိုင်းအစိုးရတို့ရဲ့ အသိအမှတ်ပြုလက် မှတ်ရထား သူတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ပြောင်း ရွှေ့အခြေချဖို့ ဖြစ်လာပေမယ့် ဒုက္ခသည်စခန်းအများစုမှာ လူသစ်လို့ ခေါ်တဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်တော့ မျှော်လင့်ချက် မဲ့နေပါသေးတယ်။

ဒုက္ခသည်စခန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်လာကြတဲ့ ဒုက္ခသည်တွေကတော့ အခုအချိန်ထိ ဒုက္ခတွေ တလှေကြီးကို စုပုံထမ်းပိုးနေရဆဲဖြစ်ပါတယ်။ မကြာသေးမီက နို့ဖိုး ဒုက္ခသည်စခန်းမရောက်မီ အုန်းပြန့်ဒုက္ခသည်စခန်းတွင်းက သူတို့ ဘ၀ အခြေအနေတွေကို ဓာတ်ပုံ မှတ်တမ်း  ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ်
The Irrawaddy (Burmese Version)
တတိယ နိုင်ငံ တခု ခု မှာ ပြန်လည် အခြေချ နေထိုင်ရေး လုပ်ငန်းစဉ်များပြ ပိုစတာများ၊ အုန်းပြန့် ဒုက္ခသည်  စခန်း





ထမ်းပိုးဈေးသည်တစ်ဦး၏ ပစ္စည်းများကို စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်း

ရန်ကုန်မြို့တော်ခန်းမဘေးတွင် ထမ်းပိုးဈေးသည်တစ်ဦး၏ ပစ္စည်းများကို စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်းလာစဉ်။ရန်ကုန်မြို့တော်အတွင်း လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၈ နာရီအထိသာ ဈေးရောင်းချခွင့်ပြုထားသည်။
The Voice Weekly
စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်းလာစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဆန္ဒပြမှုဖြစ်ပွားခဲ့

ယနေ့ မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းများ သတင်းဓာတ်ပုံ မာန်ယုကျော် (ရွှေဝမြေ) ပေးပို့သည်။
Yangon Media Group




မန္တလေးမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

အမျိုးသမီးများရဲ့ အခွင့်အရေးများကို သိစေဖို့နဲ့ ကာကွယ်နိုင်ဖို့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women Day) အကြိုအခမ်းအနားကို ဟောပြောပွဲ၊ စကားဝိုင်း၊ ပဟေဠိအစီအစဉ်များနဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက စတင်ပြီး မန္တလေးမြို့ ၃၅ လမ်းက ကီးမားတင်ဝင်း စားသောက်ဆိုင်မှာ ကျင်းပပါတယ်။DVB TV News (သတင်းဓါတ်ပုံ - ချစ်ကို၊ ငြိမ်းမိုးနောင်)









နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို

Thursday, March 7, 2013
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက် ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့မြန်မာနိုင်ငံ၌ အလွန်အရေးကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ စတင် ကူးပြောင်းချိန်၊ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကိုငြှိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့ ပြုပြင်ပြောင်းလဲရေး ကာလတွင် မလွဲမရှောင်သာ ပွတ်တိုက်မှုများ၊ တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အပြောင်းအလဲကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်းနှင့် အချို့အခက် အခဲများသည် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားကြောင်း၊ ယင်းအခက်အခဲများ စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်းပြီး ကြံကြံခံ ရင်ဆိုင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး၏ အခက်အခဲနှင့် အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေး အာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေး ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီးစသည်တို့ မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းမှုများကို တိုးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။Eleven Media Group

ဖိအားများ ရှိနေသည့်တိုင် ကစားသမားများ အကောင်းဆုံး ကြိုးစားခဲ့ဟု ပတ်ဆောင်ဟွာ ပြောကြား

အိန္ဒိယ အသင်းအား တိုက်စစ်မှူး စိုးမင်းဦး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရကာ AFC Challenge Cup 2014 ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖိအားများ ရှိနေသည့်တိုင် အကောင်းဆုံး ကြိုးပမ်းခဲ့သည့် ကစားသမား များအား ချီးကျူး ပြောကြားခဲ့သည်။

"ကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့သလို ပရိသတ်တွေ ကလည်း အားရပါးရ အားပေးခဲ့လို့ အခုလို နိုင်ပွဲရခဲ့တာပါ။ အုပ်စုတွင်းမှာ အိန္ဒိယ အသင်းဟာ အသင်းကြီး တစ်သင်းဖြစ်လို့ နောက်ဆုံးပွဲစဉ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။ ဖိအားတွေ ရှိခဲ့ပေမယ့် ကြိုးစားခဲ့တဲ့ ကစားသမားတွေ အားလုံးကို ချီးကျူးရမှာပါ" ဟု မစ္စတာပတ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့နောက်တွင် ပတ်ဆောင်ဟွာက တရုတ်(တိုင်ပေ)နှင့် ပွဲစဉ်တွင် အဓိက ကစားသမား အချို့အား အနားပေးရခြင်းအား ထပ်မံ ရှင်းလင်းခဲ့ကာ "တရုတ် (တိုင်ပေ)နဲ့ ပွဲမှာ အဓိက ကစားသမား အချို့ကို အနားပေးခဲ့ ရတာကတော့ ပုံမှန် ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ပြီ ဆိုရင် ၄၈နာရီ အနားယူ ရပါတယ်။ အခုက ၂၄နာရီသာ အနားယူ ရတာကြောင့် အိန္ဒိယနဲ့ ပွဲမှာ ခြေစွမ်းမပြ နိုင်တာ စိုးတဲ့အတွက် အဓိက ကစားသမားတွေကို အနားပေး ခဲ့ရတာပါ။ တရုတ်(တိုင်ပေ) အသင်းဟာ ကျွန်တော်တို့နဲ့ ပွဲစဉ်မှာ ရုန်းကန် ကစားခဲ့တာကြောင့် ဂူအမ် အသင်းနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရှုံးပွဲ ကြုံခဲ့တာပါ" ဟု ဆိုခဲ့သည်။

ထို့နောက်တွင် စိုးမင်းဦး အနေဖြင့် ဒဏ်ရာ ရရှိထားသဖြင့် ဒုတိယ ပိုင်းတွင်မှသာ အသုံးပြု ခဲ့ရခြင်း ဖြစ်သည်ဟု ရှင်းလင်းခဲ့ကာ ထူးချွန်သည့် ကစားသမား တစ်ဦးဟုလည်း ချီးကျူးခဲ့သည်။ "စိုးမင်းဦးဟာ ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဂူအမ် အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့လို့ ဒုတိယ ပိုင်းမှသာ ထည့်သွင်း အသုံးပြု ခဲ့တာပါ။ မျှော်လင့်ထားတဲ့ အတိုင်းပဲ စိုးမင်းဦး ခြေစွမ်းပြ ကစားနိုင် ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်" ဟု ဆိုခဲ့သည်။Myanmar National League

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စုဗိုလ် နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။

"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။Myanmar National League

ငြိမ်းချမ်းရေး လမ်းလျှောက်သူတချို့ ဆေးရုံတင်ရ

ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်းလျှောက်တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်နေတဲ့အဖွဲ့ဟာ မတ်လ ၆ ရက် ဒီကနေ့ဆိုရင် တစ်လခွဲကျော်အကြာမှာ ကချင်ပြည်နယ် မိုးကောင်းမြို့ကို ရောက်ရှိနေပါတယ်။

ရန်ကုန်အဖွဲ့ဟာ မိုးကောင်းမြို့မှာ ဒီကနေ့ည အိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ နမ္မတီးမြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ကစပြီး မြင်းခြံမြို့ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက ချီတက်လာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ဒီကနေ့မှာ မိုးမောက်မြို့နဲ့ မိုင် ၂၀ လောက်ကွာဝေးတဲ့ ကုန်းတောကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာတော့ လိုင်ဇာမြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ကိုသန့်ဇင်စိုးက ပြောပါတယ်။

အဖွဲ့ဝင် ၄၂ ဦးပါဝင်တဲ့ မြင်းခြံအဖွဲ့မှာ အလှူငွေစုစုပေါင်း ကျပ်သိန်း ၁၄၀ နီးပါးရရှိနေပြီး အဲ့ဒီအလှူငွေအားလုံးကို စစ်ဘေး ဒုက္ခသည်စခန်းတွေကို ခွဲဝေလှူဒါန်းသွားမယ်လို့ ပြောပါတယ်။RFA Burmese

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ

အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက်ထားခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်စာနာခြင်းများဟာ ကောင်းတဲ့အရာများဖြစ်တယ်လို့ခံယူပြီး ယခု ဦးခိုင်မောင်ရည် မေးမြန်းတဲ့ မေးခွန်းအပေါ် မိမိစွမ်းအားရှိသရွေ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ဦးခိုင်မောင်ရည်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြအပ်ပါတယ်"

ဦးခိုင်မောင်ရည်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး မေးမြန်းချက်အပေါ် ခွင့်ပြုပေးဖို့ အခုချိန်မှာ အစီအစဉ်မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။RFA Burmese

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမားလုံခြုံရေးအင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။RFA Burmese

ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ရေး ဆွေးနွေး


ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချလိုတယ်ဆိုရင် ၃ လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံးအရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည်စခန်းမှာ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ရုံး တာဝန်ခံ Kenneth Foster နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေဟာ မနေ့က နို့ဘိုးစခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။

ဒီအစီအစဉ်အရ ၂၀၀၆ခုနှစ် ကာလတွေအတွင်းက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပြီး UNHCR နဲ့ ထိုင်းအစိုးရက အသိအမှတ်ပြုခံထားရတဲ့ နို့ဖိုးစခန်းရှိ ဒုက္ခသည်များတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ ပြောဆိုကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

ဒီအစီအစဉ်အရဆိုရင် နို့ဘိုးဒုက္ခသည်စခန်းကို ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ရောက်လာသူတွေနဲ့ စခန်းတွင်းဒုက္ခသည်အဖြစ် ယာယီအသိအမှတ်ပြု ခံထားရသူတွေ မပါတဲ့အတွက် လျှောက်ထားခွင့်ရှိသူဦးရေဟာ ရာဂဏန်းလောက်သာရှိပြီး၊ လျှောက်ထားခွင့်မရှိသူ စခန်းလူဦးရေ ၇၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် အများစုဖြစ်ပါတယ်။

ဒါကြောင့်ကျန်ရှိသူများက မြန်မာပြည်ကို မပြန်လိုတာကြောင့် ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်နဲ့ မိမိတို့သားသမီးများ ပညာဆက်လက်သင်ကြားခွင့်ရရေးအတွက် စာရေးသားတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ မစ္စတာဒေးဗစ်ရော်ဘင်ဆန်က မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခွင့် ခေါ်ယူမှုအစီအစဉ်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ RFA Burmese

ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ

Wednesday, March 6, 2013
၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့်နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး။

အင်တာနက်ကလည်း ဖောင်ဖြည့်ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော်ဒုက္ခရောက်တာ။ ခုလို ဖြေလျှော့ပေးလိုက်တော့ အရမ်းကောင်းသွားပြီပေါ့''ဟုပြည်ပခရီးသွားတစ်ဦးက ပြောသည်။

ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။

''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရ တယ်။ အခုတော့ဒါတွေလုပ်စရာ မလိုတော့ဘူး။အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်းပြောသည်။

ဧပြီလတွင် (D-Form) စနစ်ပယ်ဖျက်ရာတွင် မြန်မာပြည်ရောက်နိုင်ငံခြားသား များပါ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။

ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။

ပုံစံ(က) (D-Form) ပြုလုပ်ရာ တွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်း ဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက ပေးဆောင်ခဲ့ရသည်။

နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form)ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ်ဇန်နဝါရီ ၁ ရက် နေ့တွင် စတင်ကျင့်သုံးခဲ့သည်။
PN-051
Popular Myanmar News Journal



နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com