http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မယ်ဖာလုံမြို့နယ်မှာ ဘတ်ခြောက်သန်းဖိုး စိတ်ကြွဆေးပြားနဲ့လက်နက်တွေမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့နယ်အတွင်းမှာ ထိုင်းမြန်မာနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက် နဲ့ ထိုင်းနိုင်ငံသား ၁ ယောက်ဆီက ထိုင်းဘတ်ငွေ သန်း ၆၀ ခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်မြို့နယ် တဖက်ခြမ်း ထိုင်းနိုင်ငံ ထော့ထိုင်းရွာနဲ့ ဟိုမယ့်ခမ်းရွာအကြားက ကားလမ်းပေါ်မှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံစစ်တပ်တို့ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ မော်တော်ဆိုင်ကယ် ၃ စီးနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားနှစ်သိန်း၊ဗုံးလေးလုံးနဲ့ ၉မမ ပစ္စတိုတစ်လက်တို့ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ချင်းရိုင်မြို့ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစာင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် လည်းဖြစ် ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချူပ်လည်းဖြစ်တဲ့ ဦးခွန်ဆိုင်း က မိုင်းဆတ်မြို့နယ် မိန်တုန်ကျေးရွာအုပ်စုမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်နိုင်တယ်လို့  ပြောပါတယ်။
“အစဉ်အလာအရဆိုလို့ရှိရင် ဒီဖက်လမ်းက ပူနားကို ပြည်သူ့စစ်ရဲ့ လမ်းဖြစ်တယ်၊ဒီပူနားကို ပြည်သူ့စစ်က ဒီမိုင်းဆတ်မြို့နယ် မိန်းတုန်းကျေးရွာအုပ်စုထဲမှာရှိတာ၊သူတို့ကမူးယစ်ဆေးဝါး ထုတ်လုပ်လာတာက ၁၀ နှစ်ကျော်ပြီပဲ သူတို့ရဲ့ ထွက်ပေါက်က သူတို့ဘယ်မှာထားလည်းဆိုတော့ ဒီဟိုမယ့်ခမ်းနဲ့ ထော့ထိုင်းနားမှာရှိနေတဲ့ မယ်ကြို့ဆိုတဲ့ရွာရှိတယ်၊ဒီမယ်ကြို့ဆိုရွာက ဒီထိုင်းဖက်က မုန့်ကောက်လန်ဆိုတဲ့ရွာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်။မုန့်ကောက်လန်ကဒီထော့ထိုင်းကျေးရွာအုပ်စုထဲမှာ ရှိတာပေါ့ အဲ့တော့ဒီဖက်လမ်းကို သူတို့ခဏခဏသုံးတယ်။ဒါကြောင့်မိုလို့ အခုလည်းဒီဥစ္စာ ဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။”
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေအားလုံး ခြောက်ယာက်ဖြစ်ပေမယ့် ငါးယောက်သာ ဖမ်းဆီးရမိခဲ့ပြီး မောင်မော်ဆေး ဆိုသူ တစ်ယောက်ကတော့ မြန်မာနိုင်ငံဖက်ခြမ်းကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၄ ဦးကတော့ အသက် ၂ဝ အရွယ် မောင်ကျကော် ၊ အသက် ၂ဝ အရွယ် မောင်ကျက ၊ အသက် ၁၇ နှစ်အရွယ် မောင်ကျစီး၊ နဲ့ အသက် ၃၀ အရွယ် မောင်ကျကော တို့ဖြစ်ကြပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတို့အားလုံးကို မယ်ဖာလုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

မင်းပြားမြို့ နယ်အတွင်း ကျေးရွာ၂၄ ရွာလောက် ရေလွှမ်းမိုး

2013-07-28

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်းနစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။
အဓိက ရေနစ်မြုပ်မှုနဲ့ကြုံနေရတဲ့ ကျေးရွာတွေကတော့ မင်းပြားမြို့န ယ်က မင်းဘူးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလားမတောင်စတဲ့ ကျေးရွာကနေ အထက်ပိုင်း ရွှေကျန်အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။
အခုလို ရေနစ်မြုပ်မူ ဖြစ်ပေါ်နေတဲ့ကျေးရွာတွေဟာ မြေနိမ့်ပိုင်း ကျေးရွာတွေ အများဆုံးဖြစ်ပြီး ရေဘေး ဒုက္ခရောက်သူတွေဟာ နီးစပ်ရာ ကုန်းမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ ခြေတံရှည် အိမ်တွေဆီကို ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး အမ်းမြို့နယ်မှာလည်း ကားလမ်းတွေ ရေလျှံနေတဲ့အတွက် ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။

RFA Burmese

ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ

2013-07-28

 
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင်၁၉ ရက်နေ့က ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝ ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေး အတွက် တောင်းဆိုချက်(၅)ချက်ပါစာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့ အထက(၁)က ကျောင်းသား(၄)ဦး ကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည(၈)နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေ က အာဖက်အေ ကို ပြောပါတယ်။
ကျောင်းသားမိဘများကိုပါခေါ်ယူပြောဆိုပြီး နောက်နောင်မှာ အခုလိုမပြုလုပ်ရန်ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီ ကျောင်းသား ၄ ဦးကို သြဂတ်(၉)ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။

RFA Burmese

တိုင်းပြည်တိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2013-07-27
 
မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အဓိကကျတာဟာ ပညာရေးဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာ တိုးတက်အောင် သုတ၊ ရသစာပေတွေ များများ ဖတ်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့

စတင်ဖွင့်လှစ်လိုက်တဲ့ ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် တိုးတက်ဖို့ ပညာရေးအရေးကြီးကြောင်း နဲ့ စာဖတ်အားကောင်းဖို့ လိုအပ်ကြောင်း အခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံမှာ ပထမဆုံးရွေ့လျားစာကြည့်တိုက် ကို ကော့မှူးမြို့မှာ ဖွင့်လှစ်ခဲ့တာပါ။
ရွေ့လျားစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံဟီးနိုးကုမ္ပဏီက လှူဒါန်းတဲ့ ဟီးနိုးကားအကြီးစားပေါ်မှာ စာကြည့်တိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကားနှစ်စီးဟာ ကော့မှူးမြို့နယ်ထဲ က ကျေးရွာပေါင်း ၂၁ ရွာကို အလှည့်ကျသွားရောက်ပြီး ကျေးရွာလူထု အလွယ်တကူ စာအုပ်ငှား ဖတ်နိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်။

အဲဒီလိုကားနှစ်စီးပေါ်မှာ တည်ဆောက်ထားတဲ့ ရွေ့လျားစာကြည့်တိုက်အပြင် ပုံမှန်စာကြည့်တိုက်ကိုလည်း စာအုပ်ပေါင်းများစွာနဲ့ ကွန်ပြူတာအင်တာနက် တပ်ဆင်တည်ဆောက်ထားပါတယ်။
အခုလို ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများစရန် တစ်သိန်းစီသာရပြီး အဖမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၂၅
တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းစိန်(ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်းစီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

လူသတ်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ထိုနှစ်ဦးကိုလည်း စေခိုင်းသူ ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် သည် အသတ်ခံရသူ ဒေါ်သန်းစိန်ထံမှ မြေ ၈ ဒသမ ၆ ဧကခန့်ကို ယခင်နှစ်က ဝယ်ယူခဲ့ကြောင်း၊ ယခု လယ်မြေဈေး တက်လာသောကြောင့် ပိုက်ဆံ ထပ်မံ ရလိုသည်ဟု လာရောက် ပြောကြားသော အခါ မတရားလုပ်သည်ဟု ထင်မြင်မိသည့်အတွက် တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူ သူရင်းငှား ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ကို ငွေ ၁၀ သိန်းပေး၍ လူသတ်ရန် ခိုင်းစေခဲ့သည်ဟု ကိုထူးနိုင်က ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
အသတ်ခံရသူ ဒေါ်သန်းစိန်သည် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေကိစ္စ အငြင်းပွားလျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီးရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူး ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ရှစ်သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော်လည်း ယခု ၎င်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ယူဆောင်၍ ငွေအနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့် ထံတွင် သေဆုံးသူ ဒေါ်သန်းစိန်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိကိုယ်တိုင်လည်းတစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် မည်ရွေ့ မည်မျှမှ မရခဲ့သည့်အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် ငွေကြေး အလွဲသုံးစားမှုဖြင့် အကျဉ်းထောင် ကျခံနေသည့် ၂၀၁၂ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ်ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် အချုပ် အတွင်းသို့ သွားရောက်၍ လက်မှတ်နှင့် လက်ဗွေများ ရယူကာ လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ရှစ်သိန်း၊ ကိုးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောကြားသည်။

အခင်းမဖြစ်မီ လအပိုင်းအခြားခန့်က ထင်းစုကျေးရွာမှ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည်ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ သုံးရက်အတွင်း လယ်ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် ( ခ ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ပြီး ညနေပိုင်းတွင် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာကာ ဒေါ်သန်းစိန်ကို မေးမြန်းသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်းသို့ သွားသည်ဟု ပြောပြခဲ့ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံအတွင်းသို့ ရောက်ရှိစဉ် ဒေါ်သန်းစိန်ကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် တရားခံ သုံးဦးကို ဖမ်းဆီး စစ်ဆေးဆဲဖြစ်ကြောင်း ခလောက်ချိုက် နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

တောင်ငူခရိုင် ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၀/၁ ဇဟား ချောင်းကူး တံတား အောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကို ပီနံအိတ်နှင့် ထည့်ကာ စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခေါင်းပြတ် သေဆုံးမှုနှင့် ပက်သက်၍ သေသူ၏ လက်ဗွေရာကို မေလ ၂၀ ရက်နေ့မှ စတင်ကာ ခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) နှင့် တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) များရှိ အမျိုးသမီးများ၏ မှတ်ပုံတင် လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ယနေ့ထိ မည်သူ မည်ဝါ ဖြစ်ကြောင်း စုံစမ်း မရသေးပေ။

ဆူဒိုအက်ဖီဒရင်းဆေးပြားပီနန်အိတ်(၂)လုံးဖမ်းဆီးမိ

ကလေး၊ ဇူလိုင် ၂၈။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၆)၊ အိမ်အမှတ်(၃၆)နေ ဦးရင်ကျုံးနုံး နေအိမ်မှ ပီနန်အိတ်(၂)လုံးဖြင့် ထည့်ထားသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဇူလိုင်၂၇ရက်နေ့ ည(၈)နာရီ၊ (၁၅)မိနစ်ခန့်က ဖမ်းဆီးမိကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဆူဒိုအက်ဖီဒရင်း ဆေးပြားများမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဗေဒ ပစ္စည်းများဖြစ်ကြောင်း၊ ၎င်းဆူဒိုအက်ဖီဒရင်း ဆေးပြားများကို သယ်ယူရောင်းချခွင့် မသာ၍ နယ်စပ်ကျေးရွာများတွင် ၀ှက်သိမ်းထားကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ခရိုင်(ထ/န)ခေါင်းဆောင် ရဲအုပ်လှနိုင် ဦးစီးသောအဖွဲ့၊ တာဟန်းရဲကင်းမှူး
ဒုရဲအုပ်ကျဲအိုဒင်မွိုင်း ဦးစီးသောအဖွဲ့နှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်းတို့ ပူးပေါင်းပါဝင်သော သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း၊ ရင်ကျုံးနုံးမှာ ထွက်ပြေးသွားပြီး ၎င်း၏ဇနီး ဒေါ်ဗန်ဒိုကျန်းအား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်(ထ/န)ခေါင်းဆောင် ကပြောသည်။

ရင်ကျုံးနုံး၏ နေအိမ်တွင် ရှာဖွေရာ နေအိမ်မီးဖိုခန်း အတွင်းမှ ဆူဒိုအက်ဖီဒရင်း ဆေးပြား(၆၃၀၀၀၀)ပြား ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ် (၆၃၀)သိန်း ဖြစ်ကြောင်း သိရသည်။

၎င်းဆေးပြားများကို ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၆) အိမ်အမှတ် (၁၃)နေမာထန်(ခ)လားလ်ထန်ဗဲလ်မှ လာရောက် ပို့ဆောင်ထားသော ပစ္စည်းများဖြစ်ကြောင်း၊ မာထန်၏ နေအိမ်ကို ပူပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာမာထန်(ခ)လားလ်ထန်ဗဲလ်မှာ တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။

“ဆူဒိုအက်ဖီဒရင်း ဆေးပြားများနှင့် အတူ ဖမ်းဆီးမိတဲ့ မမန်ဒိုကျန်း၊ ထွတ်ပြေး တိမ်းရှောင်နေသူ ရင်ကျုံးနုံးနှင့် မာထန်(ခ)လားလ်ထန်ဗဲလ်တို့ကို (ပ)၈၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများ ဥပဒေပုဒ်မ၁၅/၁၆(ခ)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ခရိုင်(ထ/န) ခေါင်းဆောင် ရဲအုပ်လှနိုင်ဦးက ပြောသည်။

ဇွန် (၁၅)၊ ၂၀၁၃ မှ ဇူလိုင် (၁၂)၊ ၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အစီအစဉ်ဖြင့် ကလေးဒေသတရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်ရန်ဆောင်ရွက်ခဲ့ပြီးနောက် ကလေးခရိုင် ရဲတပ်ဖွဲ့မှလည်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို
အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူး

“ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ ကျွန်မက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းပြီးလို့ရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့လက်ခံမှာပါ” ဟု လွှတ်တော်တွင် ဒုတိယအင်အားကြီးပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မိမိအနေဖြင့်မူ နိုင်ငံအကျိုး ရှေးရှု၍ ရှေ့ဆက် လျှောက်လှမ်းသွားမည် ဟုလည်း ၄င်းက ပြောခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်ပါ
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါက ၂၀၁၅ တွင် မည်သူသမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
The Voice Weekly

ဧရာဝတီမြစ် ကမ်းပါးပြို၍ နေအိမ်များရွှေ့

26.7.2013

ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျမှု ကြောင့် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကျောက်ရဲ အောင်ချမ်းသာ၊ ကျောက်ရဲငှက်ပျောတော စသည့် ကျေးရွာများမှ လူနေအိမ်အချို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အိမ်အကြီးအသေးပေါ် မူတည်၍ လူအင်အားဖြင့် အိမ်အလုံးလိုက် ထမ်းရွှေ့ ခြင်း၊ ဖျက်ရွှေ့ခြင်းတို့ ပြုလုပ်နေရပြီး အိမ်ခြေ ၃၀ ကျော် ရွှေ့ပြောင်းပြီး ဖြစ်ကာ နောက်ထပ် ဆက်လက်ကမ်းပြိုပါက ရွာလုံး ကျွတ် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ခြင်ဘို့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ရှင်းပြသည်။

မြစ်ကမ်းပါး ဆက်တိုက်ပြိုနေမှု ကြောင့် ကျေးရွာမူလတန်းကျောင်းနှင့် မြစ်ကမ်းပါး အကွာအဝေးမှာ ပေ ၁၅၀ ခန့်သာ လိုတော့ကြောင်း ၄င်းကပြောဆိုသည်။

နောက်ထပ် ပေ ၂၀၀ ခန့် ပြိုကျနိုင် သေးကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

ဒေသခံများကို မြစ်ကမ်းပါးနှင့် ပေ ၆၀၀ အတွင်း နေထိုင်ခြင်းမပြုရန် နှိုးဆော်ထားပြီး အိမ်ရာရွှေ့ပြောင်းနေသူများ အတွက် လိုအပ်သည့် အကူအညီများ ပေးရန် အလှူရှင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းဇော်ဦး ကဆိုသည်။

The Voice Weekly

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ

ပညာမာန ထားခြင်း

အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။

လောဘကြီးခြင်း

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက် တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။

ဒေါသ ထားခြင်း

ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။

ပျင်းရိခြင်း

အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။

ဆက်ဆံရေး ညံ့ဖျင်းခြင်း

လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။

လေ့လာဆည်းပူးမှု မရှိခြင်း

ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။

...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

todaymyanmar.net

ဧရဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား

7/26/201

အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ရေကြီး ရေလျှံမှုဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေဟာ ငါး သိုင်းချောင်းမြို့မှာ စိုးရိမ်ရေအထက် ၃ စင်တီမီတာ ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမြစ်ရေ ဟာ ဒီကနေ့ မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေနိုင် တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း သာပေါင်းနဲ့ ဒေးဒရဲမြို့ နယ်တွေက ကျေးရွာတချို့မှာ ရေကြီးရေလျှံဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာဆိုရင် အခုလ ၁၅ ရက်နေ့ကတည်းက ရေစတက်နေပြီး ပေါင်းမြို့နယ် ထဲက အနိမ့်ပိုင်ကျေးရွာ ၅၀ လောက် ရေစကြီးနေပြီလို့ သာပေါင်းမြို့နယ် ခင်နန်ရွာက ကျေးရွာတာဝန် ရှိသူ ဦးဝင်းစမ်းက ဒီဗွီဘီကို ပြောပါတယ်။

“သာပေါင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀ ရှိတယ်။ ဒီဘက် အထက်ဘက်အခြမ်းပေါ့ င၀န်တာနဲ့ အနောက်ဘက်က ရခိုင်ရိုးမရဲ့ ဆင်းလာတဲ့ တောင်ခြေနဲ့ ညှပ်ပြီတော့ ရေကြီးတဲ့ သဘောပါ။ အဲဒီအနေအထားမှာ ကျနော်တို့ တချို့ စိုက်ကွင်း လယ်တွေ စိုက်ထားတဲ့ဟာတွေ မြုပ်တယ်၊ အဲဒါလည်း အနည်းအကျဉ်းပေါ့နော် ဧကအနေအထားနဲ့ ဆိုရင် ဧက ၈၀ ၀န်းကျင်ပေါ့ ရေ၀င်စပြုနေပြီးပေါ့။ တအားဆိုး ဆိုးရွာရွာ ပျက်ဆီးလောက်တဲ့ အနေအထား အခုအချိန်မှာ မရှိဘူး။ ဒီထက် ပိုတက်လာမယ်ဆိုရင်တော့ ပျက်စီးမယ့် အနေအထားရှိပါတယ်။ ဟိုဘက် င၀န်တာရဲ့ အရှေ့ဘက်ခြမ်း ခရေနီတို့၊ ကျားရယ် အုပ်စုတွေ ဆိုလို့ရှိရင် ရေရဲ့အနေအထားဟာ ၁၅ ပေအထိ တက်သွားနိုင်မယ့် အနေအထားရှိတယ်။ ခန့်မှန်းခြေ ကတော့ ကျေးရွာပေါင်းဆိုလို့ရှိရင် ၅၀ ၀န်ကျင်းကတော့ ရှိတယ်။

ရေကြီးတဲ့အတွက် အိမ်တွေအားလုံး ရေနစ်မြုပ်ကုန်တဲ့အဆင့်အထိ မရှိပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ ထားဖို့ နေရာအခက်အခဲရှိနေပြီး လက်လုပ်လက်စားသမားတွေအတွက်လည်း ရေကြီးလို့ အလုပ်အကိုင် မရှိတော့ အခက်အခဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရေကြီးရတဲ့ အဓိက အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဝင်းစမ်းက “မိုးများတာလည်းပါတယ်၊ တရုတ်ဘက်တို့ ဘာတို့ကနေပြီးတော့ ရေခဲတွေပျော်ပြီး ဒီဧရာဝတီမြစ်ကနေပြီးတော့ ဆက်သွယ်ပြီးတော့ စီးဆင်းလာ တယ်။ နောက်ပြီးတော့ ရခိုင်ရိုးမပေါ်မှာ မိုးရွာတဲ့အခါကျတော့ အဲဒီရေတွေဟာ ကျနော်တို့ဆီကို တိုက်ရိုက် ဆင်းတဲ့ တောင်ကျချောင်းတွေရှိတယ်။ ချောင်းတွေကနေစီးဆင်းလာတဲ့အခါကျတော့ ဒီရေတွေဟာ များပြားလာတယ်။ အောက်ကလည်း အခုကာလ မုန်သုတ်လေ ရှိနေတဲ့အခါ၊ နောက်လေဖိအားတွေ ရှိနေတဲ့ အခါကျတော့ ဒီရေက တက်ပြီး ကုန်းတွေ ရေလျှံလောက်အောင် ရေကြီးတာပေါ့။”

ဒေးဒရဲမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းက မိုးများလို့ ရေတက်ပြီး မြစိမ်းကန်၊ သောကြာနဲ့ ဖိုး ရှမ်းကြီးကျေးရွာစုတွေမှာ လယ်ယာမြေဧက လေးငါးထောင်လောက် ရေနစ်မြုပ်နေတာ လေးရက်လောက် ရှိနေပြီလို့ မြို့ခံ ဆန်ကုန်သည်တဦးက ပြောပါတယ်။

“မိုးနည်းနည်းများတယ်၊ အောက်ရေကလည်းတက်လို့ပါ။ လေးငါးတောင်လောက်တော့ ရှိနိုင်တယ်။ ဒီ တစ်ရက် နှစ်ရက်ဆို ပြန်ကျသွားမှာလေ။ ကျနော်တို့ မြစိမ်းကန်၊ သောကြာ၊ ဖိုးရှမ်းကြီးဘက်တို့ ရွာတွေပါ။ အခုရေတော့ နည်းနည်းပြန်ဆင်းသွားပါပြီ။ မိုးလည်းနည်းနည်းပါးသွားတယ်၊ မိုးက ရွာတော့ ရွာတယ်၊ ပထမရက်တွေလောက် မိုးမများဘူး။”

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက် ၇ ခု ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပြီး အခုတော့ ရေကျသွားပြီဖြစ်ပါတယ်။

DVB TV News

ပန်ကာနှင့်အိပ်စက်ခြင်း

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလို ဖြစ်သည်။ သို့ သော် ဘေးထွက်ဆိုးကျိုးများက လူ တစ်ယောက်၏ကျန်းမာရေးကို ထိ ခိုက်စေသည်။ အိပ်စက်သူ၏ အသက် အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်
စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်
များ လေးခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ ထို့အပြင်-

(၁)အသံ
ပန်ကာမှ ထွက်သောအ သံကြောင့် အိပ်ချိန်တွင် နှောင်ယှက် မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက် မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက်ပို၍ ဖြစ်စေသည်။

(၂)ရုတ်တရက်ကလေးများသေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ် ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီး
သလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်း စနစ်ကို ထိခိုက်စေသည်ဟု သိရသည်။

(၃)ခြောက်သွေ့သောလေ
ပန်ကာမှ လေကို ခြောက် သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်မှ လြွေပန်ကို ခြောက်သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း မရှိချေ။

(၄)ဦးခေါင်းခွံအတွင်းရှိ လေ လမ်း ကြောင်း
နေ့အချိန် ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ် ၍ ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသောပန်ကာမှ လေများ ကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထား သောဦးခေါင်းအတွင်း လေလမ်း ကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေး သင့်သည်။

ထူး
Health Updates Journal

မျက်ဖြူဆိုက်လေ ပေါက်ဖော်ကြိုက်လေ



ဧရာဝတီ

ထိုင်းမှာ လုပ်အားခ ဈေးတက်လို့ အလုပ်ရုံတွေ ကမ္ဘောဒီးယားနိုင်ငံ ကို ပြောင်းရွှေ့

ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ထိုင်းအလုပ်ရုံတစ်ချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ စီစဉ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ကစပြီး အနည်းဆုံး တစ်ရက်လုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၃ဝဝ သတ်မှတ်ခဲ့ပါတယ်။
အဲသလိုသတ်မှတ်ခဲ့ပြီး မြန်မာနယ်စပ်အနီးတပ်ခရိုင်မှာ လုပ်အားအလွန်အမင်းလိုအပ်တဲ့ အလုပ်ရုံတချို့ ပိတ်လိုက်ရပါတယ်။ မဲဆောက်မြို့နယ်မှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ရှူးဖိနပ်လုပ်ငန်းတွေဟာ သူတို့ရဲ့စက်ရုံတွေ ၂ဝ ကျော် ကို ကမ္ဘောဒီးယားနိုင်ငံထဲကို ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ တပ်ခရိုင် ဖက်ဒရေးရှင်း ဥက္ကဌက ပြောပါတယ်။
ကမ္ဘောဒီးယားမှာ အနည်းဆုံး တစ်ရက်လုပ်ခက ထိုင်းဘတ်ငွေ (၇ဝ / ၈ဝ) လောက်သာရှိပါတယ်။ တပ်ခရိုင်အတွင်းမှာ အလုပ်သမားတွေ အများအပြားလိုအပ်တဲ့ အလုပ်ရုံပေါင်း ၆၅၈ ရုံရှိပြီး အလုပ်သမားပေါင်း ငါးသောင်းလေးထောင် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားကလည်း ထိုင်းအလုပ်ရုံတွေ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို ထိုင်းအလုပ်ရုံတွေ ဈေးချိုတဲ့ ကမ္ဘောဒီးယားကို ပြောင်းရွှေ့စပြုလာတာဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသားအရေအတွက် အနည်းဆုံး ၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
RFA Burmese

Tunisia အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

ဗွီအိုအေ (မြန်မာပိုင်း)

တရုတ် စစ်သင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်

ကိုဇော်ဝင်းလှိုင်

ဘင်းဂျား၊ အင်ဒိုနီးရှားရဲ့ ယာဉ်မျှစီး လူ့အဖွဲ့အစည်း

Published on July 26, 2013 by DVB

သင်တခါမှ မတွေ့ဖူးတဲ့သူကို သင့်ရဲ့ ယာဉ်ပေါ် တက်စီးခွင့်ပြုဖူးပါသလား။ ဒါ ကျောချမ်း စရာပေါ့လေ။ ဒါပေမယ့် ဂျကာတာမြို့ရဲ့ ယာဉ်ကြောထဲမှာ တယောက်တည်း မောင်းရတာက လည်း စိတ်ကသိကအောက်ဖြစ်စရာနဲ့ ငြီးငွေ့စရာ ကောင်းနိုင်ပါတယ်။
နီဘင်းဂျားလို့ ခေါ်တဲ့ လူ့အဖွဲ့အစည်းတခုကတော့ မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အတွက် အဖြေတွေ ရှာပေးရင်း အဲဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။
နီဘင်းဂျားအဖွဲ့ဝင်တချို့နဲ့ လိုက်ပြီး စီးခဲ့တဲ့ နူးရ်အာအဇီဇာက “အခု ကျမက အရှေ့ဂျကာတာ ပရာမူခလမ်းကို ပူထရီနဲ့လိုက်သွားချင်ပါတယ်။ ကားထဲက လူတွေက တနေရာတည်းကို သွားကြမှာပါ။ မဲလ်လီဆာကတော့ ပိုပြီးဝေးတဲ့ ပူလိုဂဒေါင်း ကို သွားချင်တာပါ” လို့ ပြောပါတယ်။

ကားထဲကလူတွေက တယောက်နဲ့ တယောက်ခုမှ တွေ့ကြတာပါ။ ပထမတော့ အွန်လိုင်း ကပါ နောက်တော့ မျက်နှာချင်းဆိုင်တွေ့ကြတာပေါ့ရှင်။ သူတို့က နီဘင်းဂျား လူ့အဖွဲ့အစည်း ၀င် တွေပါ။
နီဘင်းဂျားဆိုတာက လမ်းကြုံစီးတာလို့ အဓိပ္ပာယ်ရတဲ့ အင်ဒိုနီးရှားအရပ်သုံးစကားက လာတာပါ။ ဒါက တွစ်တာကို အခြေခံပြီး မော်တော်ယာဉ်ပိုင်ရှင်တွေကို ထိုင်ခုံအပိုတွေ ထားခိုင်းပြီး သက်တောင့်သက်သာနဲ့ တခရီးတည်းသွား  လူထုသယ်ယူပို့ဆောင်ရေးကို သုံးနေကြသူတွေကို စုစည်းပေးထားတဲ့ လူ့အဖွဲ့အစည်းတခုပါ။
လွန်ခဲ့တဲ့ ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီး နီဘင်းဂျားဟာ ခုဆို အမြဲသုံးနေသူ ၂၀၀၀ ကျော် ရှိနေပါပြီလို့ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ တည်ထောင်သူ အင်ဒရီယာ အဒီရ စ၀ပ်စ်တီ က ပြောပါတယ်။
“လူတွေက ဘာဖြစ်လို့ မျှစီးရမှာလဲလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ကျနော်က အငှားယာဉ်တစီး ငှားနိုင် ဒါမှမဟုတ် ကျနော်ကိုယ်ပိုင် ကားမော်တော်ဆိုင်ကယ်ကို မောင်းသွား လို့ ရပါတယ်။ လူ့အဖွဲ့အစည်းရဲ့အမြင်က တခြားလူတွေနဲ့ ကားကြုံစီးတာဟာ ဆင်းရဲမှုကို ပြတဲ့ လက္ခဏာ ဒါမှမဟုတ် အလကားစီးချင်လို့ လိုမြင်ကြတယ်ဗျ။ ဒါပေမယ့် နီဘင်းဂျားတွေမှာက ကားကြုံစီးမှုတိုင်းအတွက် အခြေအနေနဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ လူတွေဟာ သူတို့ သဘောတူညီတဲ့အရာတိုင်းအတွက် မျှဝေနိုင်ကြပါတယ်။ ကျနော်တို့က ဒီမှာ အခြေခံအားဖြင့်ကို ခရီးသွားနေတဲ့ အတောအတွင်း အားလုံးတညီတည်းပါပဲ။”
တချို့ ဘုံအကျဆုံးအခြေအနေနဲ့ သတ်မှတ်ချက်တွေမှာ သောက်စရာတွေနဲ့ မုန့်တွေ ဝေစားတာမျိုးတွေ ပါပါတယ်။ နောက် သတ်မှတ်မှုတွေကို မစီးခင်မှာ သဘောတူထားပြီး ဖြစ်ကြရပါမယ်လို့ အင်ဒရီယာက ပြောပါတယ်။
“လူ့အဖွဲ့အစည်းထဲမှာ  ဒါက ပူးပေါင်းဆောင်ရွက်တာပါ။ အကျိုးကျေးဇူးရှိတဲ့ ဆက်ဆံရေး တခုပေါ့ဗျာ။ ခင်ဗျားဟာ လမ်းပြတယောက် ဒါမှမဟုတ် ကားမောင်းတဲ့သူလည်း ဖြစ်ချင် ဖြစ်နိုင် တာပေါ့။”
နီဘင်းဂျားတွေနဲ့ ဘယ်သူမဆို ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေ ဒါမှမဟုတ် တက္ကစီကို တောင် မျှစီးနိုင်ပါတယ်။ ဂါမာကီတိုရီယာယံတိုရီက သူရဲ့ မော်တော်ဆိုင်ကယ်နောက်ခုံမှာ နေ့တိုင်း မျှစီးခွင့် ပေးပါတယ်။
“ကျနော်က လူအတော်များများနဲ့ မျှစီးပါတယ်။ တခါတရံ သူတို့က မနက်စာတွေ ဒါမှ မဟုတ် မုန့်တွေနဲ့ အအေးတွေကို ယူလာပြီး မျှဝေစားကြပါတယ်။ သူတို့လုပ်တာတွေကို ကျနော် ခံစားလို့ ရပါတယ်။ တခါက ကျနော် မနက် ၆နာရီခွဲမှာ မျှစီးလိုက်တော့ အမျိုးသမီးတယောက်က ကျနော်အတွက် မနက်စာယူလာပေးခဲ့တယ်ဗျ။ သူက အဲဒါကို သူဘာသာလုပ်လာတာလို့ ကျနော် ထင်တယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ မျှစီးမယ့်လူက အချိန်မှန် ရောက်မလာတဲ့ အချိန်မျိုးပေါ့ဗျာ။ ကျနော်တို့က အချိန်တခု သတ်မှတ် သဘောတူထားခဲ့ကြ ပြီးပေမယ့် သူတို့က ပေါ်မလာခဲ့ကြတော့တာပေါ့။”
အသက် ၂၃ နှစ် ရှိပြီဖြစ်တဲ့ ရက်ဖီ ဖက်ဘရီယန်က နီဘင်းဂျားအဖွဲ့ဝင်တယောက် ဖြစ်ပြီး နေ့တိုင်းလိုလို ကားကြုံလိုက်စီးတဲ့အတွက် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်တာကို ခံခဲ့ရပါတယ်။
“ပထမတော့ ကျမက စိတ်အနှောင့်အယှက် နည်းနည်းဖြစ်ခဲ့ရတာပေါ့ရှင်။ အဲဒါက ကျမက ကားပိုင်ရှင်နဲ့ စီးသွားရင်း တခုခုကို မျှဝေတာမျိုးပါ။ ဒီလိုမျှပြီး စီးတာဟာ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ သူတို့မသိကြဘူးရှင့်။ အဲဒါဟာ မတူညီတဲ့နောက်ခံအကြောင်း တရားတွေ၊ စရိုက်လက္ခဏာတွေ ရှိတဲ့မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နည်းလမ်းသစ်တခု ပေါ့ရှင်။ ကျမတို့လူတွေ ပိုပြီးသိလာတယ်။ ကျမတို့ မျှဝေနိုင်တယ်။ မျှစီးကြ၊ အသိပညာလည်း ဖလှယ်နိုင်ကြပါတယ်။”
ဂျာကာတာမှာ လမ်းကီလိုမီတာ ၇၀၀၀ ကျော်ရှိပြီး မော်တော်ဆိုင်ကယ် ၁၀ သန်းနဲ့ ကား ၃ သန်းဟာ နေ့တိုင်းလမ်းတွေပေါ်မှာ အုံခဲနေတတ်ပါတယ်။
လမ်းအရှည်က ၁ နှစ် မှာ ၁ ရာခိုင်နှုန်းအောက်ပဲ တိုးလာမှုရှိတဲ့ ဂျကာတာဟာ နောက်နှစ် မှာ လုံးဝ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံရမယ်လို့မျှော်လင့်ရပါတယ်။
အွန်လိုင်း နီဘင်းဂျား လူ့အဖွဲ့အစည်းကတော့ သူရဲ့ တွစ်တာအဖွဲ့ဝင် ၂ သောင်း ၇ ထောင် နဲ့ အဖြေထုတ်ပေးဖို့ ကြိုးစားနေပါတယ်။

ရည်ရွယ်ချက်ကတော့ ခရီးအတူသွားကြတဲ့ လူစုလေးတွေနဲ့ မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရာမှာ အကူအညီပေးဖို့ပါ။ အဲဒီနည်းနဲ့ လမ်းတွေပေါ်က မော်တော်ယာဉ်တွေရဲ့အရေအတွက်ကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၃၀ ရှိပြီဖြစ်တဲ့ ပူးတွဲတည်ထောင်သူ ပူထရီဆင်တာနူအတွက်ကတော့ အဲဒါဟာ မော်တော်ကားမျှစီးတာထက် ပိုလွန်ပါတယ်။
“ကျမတို့က လူ့အဖွဲ့အစည်းတခုကို ဖန်တီးချင်ပါတယ်။ အဲဒီထက်တောင် ပိုပါတယ်ရှင်။ ကျမတို့က ဂျကာတာကို သူ့ရဲ့ ပြည်သူလူထုတွေအတွက် ပိုပြီး ဖော်ရွှေရင်းနှီးတဲ့ နေရာတခု ဖြစ်စေချင်ပါတယ်။ ကျမတို့အတွက်က မော်တော်ကား မျှစီးတာထက်ပိုပါတယ်။ ကျမတို့က လူအဖွဲ့အစည်း ကြီးမားလာပြီး တခြားသူတွေကို သူတို့သွားချင်တဲ့ ခရီးပန်းတိုင်ကို အဆင်အပြေဆုံးနည်းနဲ့ ရောက်သွားအောင် ကူညီချင်တာပါရှင်။ ဂျကာတာက လူတွေကို တယောက်နဲ့ တယောက် သိလာစေချင်ပါတယ်။ တကယ်လို့ ရှင်တို့က လုံခြုံရေးအတွက် စိတ်ပူတယ်ဆိုရင်တော့ အဲဒါဟာ ရှင်တို့က ကျမတို့ကို မသိသေးလို့ပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျမတို့က ယာဉ်ကိုပဲ အကူအညီပေးနေတာမဟုတ်ပဲ တခြားသူတွေအတွက် လူမှုဘ၀ အသစ်တခုကိုလည်း ဖန်တီးပေးဖို့ပါ။”

ခုချိန်မှာတော့ နီဘင်းဂျားတွေက ယာဉ်မျှစီးနေကြတဲ့ သူရဲ့အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး စိတ်ချရအောင် တွစ်တာကိုသုံးပြီး  ဆက်သွယ်နေကြပါတယ်။
ကူးပြောင်းပေးတာ တခု မလုပ်ခင်မှာ တခြားမျှစီးမယ့်သူတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွစ်တာ တစေ့တစောင်း အချက်အလက်တွေကို သိနိုင်ပါတယ်။
အခု နီဘင်းဂျားတွေမှာ နေရာဒေသ အခြေခံမြေပုံ သုံးစွဲမှုပါတဲ့ ၂.၀ မိုဘိုင်းလ် အစီအစဉ်တခု စတင်သုံးစွဲဖို့ အဆင်သင့် ရှိနေပါပြီ။

ပူထရီဆင်တာနူက “ဒီအစီအစဉ်နဲ့ ကျမတို့က ယာဉ်အတူမျှစီးဖို့ ကျမတို့ နေရာအနီးအနားက တယောက် ယောက်ကို ရှာနိုင်ပါတယ်။ အဲဒါက ပိုပြီး ထိရောက်ပါတယ်။ ရှင်တို့က အဲဒီသူကို တွစ်တာမှာ ဖော်ပြနေစရာ လမ်းတွေကို တချိန်လုံး စစ်ဆေးနေစရာ မလိုတော့ဘူးပေါ့” လို့ ပြောပါတယ်။
ဒါပေမယ့် အတော်များများကတော့ လူစိမ်းတွေနဲ့ ယာဉ်မျှစီးရတာကို စိတ်မသက်မသာ ဖြစ်နေကြတုန်းပါပဲ။ ယာဉ်မျှစီးတာဟာ လုံခြုံစိတ်ချရတယ်လို့တော့ အာမမခံနိုင်ပါဘူးလို့ ပူထရီက ပြောပါတယ်။ ဒါကြောင့် အရေးကြီးတာက တယောက်နဲ့ တယောက် အပြုသဘောထားရှိကြဖို့ပဲ ဖြစ်ပါတယ်။
ပူထရီဆင်တာနူက “အတော်များများက အလားတူပဲ မေးကြပါတယ်။ ဒါဘယ်လိုလုပ်နေသလဲ၊ ကျမတို့ တယောက်နဲ့ တယောက် ဘယ်လိုယုံကြည်ရမလဲ၊ လုံခြုံစိတ်ချရသလား၊ စိတ်မချရဘူး လားပေါ့ရှင်။ သံသယရှိတာကတော့ သဘာဝပါ။ ကျမတို့မှာ အများအားဖြင့် ဂျကာတာ လမ်းတွေဟာ မလုံခြုံဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အချိန်ရလာတာနဲ့အမျှ ရှင်တို့ဟာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပိုပြီးသိလာကြမှာပါ။ လူတွေ အွန်လိုင်းကဖြစ်ဖြစ်၊ ဒီတိုင်းပဲဖြစ်ဖြစ် ပြန်ပြီးအဆက်အသွယ်ရှိလာဖို့ လိုပါတယ်။ အဲဒီလိုရှိလာတာနဲ့ သံသယတွေ အားလုံး ပျောက်သွားမှာပါပဲရှင်။ နောက် ယာဉ်စီးသွားနေတဲ့အချိန်အတွင်း ရှင်တို့က ကျောင်းတုန်းက သူငယ်ချင်းဟောင်းတယောက်နဲ့ ပြန်တွေ့ရင် တွေ့နိုင်ပါသေးတယ်။ ဒါမှမဟုတ် တမြို့တည်းက လာတဲ့သူတယောက်ယောက်နဲ့ တွေ့နိုင်မယ်၊ အလားတူ မိတ်ဆွေတွေ ရလာမယ်လေ။ နေ့ကုန်သွားတဲ့အချိန်မှာတော့ ကျမတို့ အားလုံး ချိတ်ဆက်မိပြီး သွားပြီပေါ့” လို့ ပြောပါတယ်။

နူးရ်အာအဇီဇာ (Nur Azizah) က အာရှဒေသသတင်းဆောင်းပါးကဏ္ဍအတွက် ဂျာကာတာမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB Burmese

မျက်မမြင် ဆယ်တန်းအောင် ကျောင်းသူတစ်ဦး၏ ရင်ဖွင့်သံ

အောင်မြင်သူများထဲမှ တစ် ဦးဖြစ်သူ မဇင်မာသိန်းနှင့် မဇ္ဈိမက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို
ကောက်နှုတ်ဖော်ပြပေးထားပါသည်။

မျက်စိအမြင်အာရုံ ချို့ယွင်းခဲ့တာနဲ့ ပတ်သက်ပြီး ပြောပေးပါ။

ငယ်ငယ်တုန်းက ဝါးတဲ့ အခြေအနေပါ။ စာအုပ်နဲ့ အရမ်းကြီး ကပ်ကြည့်မှ မြင်ရတာ။ နောက်ကြည့်တာ ကြာလာရင် လည်း မျက်စိက ကိုက်လာတယ်။ သုံးနှစ်သမီးတုန်းက ဖားအံ က ပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက ငါးနှစ် သမီးရောက်ရင် ခွဲပေးမယ်။ မျက်စိပြန် ကောင်းသွားမယ်။ အာမခံတယ်ဆိုလို့ ငါးနှစ် သမီးမှာ ပြန်သွားခဲ့ပေမယ့် ဆရာဝန်ကြီးက နိုင်ငံခြားကို ထွက်သွားပြီဆိုလို့ မခွဲခဲ့ရပါဘူး။ ခုနစ်တန်း အရောက်မှာ မဲဆောက်ကိုသွားပြီး မျက်စိခွဲစိတ်တာက နေလုံးဝ မမြင်ရတော့တာပါ။

အဲဒီအချိန်နောက်ပိုင်းမှာရော ဘယ်လိုအ ခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ။

အရမ်းကြောက်ပါတယ်။ လမ်းလျှောက် ရတာကို အရင်ကမြင်ရသေးတယ်။ ပြီးတော့ ရုတ်တရက်ကြီး မမြင်ရတော့ တာဆိုတော့ လမ်းလျှောက်ရင် ငါ ပြုတ်ကျသွားမလားလို့ အရမ်းစိုးရိမ်တယ်။ ဘေးမှာ အဖော်မပါရင် ပိုဆိုးပါတယ်။ ပြီးတော့ ခုနစ်တန်းထိ ကျောင်း တက်ဖူးတယ်ဆိုတော့ မျက်မမြင်စာတွေကို ပြန်သင်ရတာ ခက်ခဲပါတယ်။ လူက လည်း ညှက်တော့ စာရေးတဲ့အချွန်ကို ကိုင်ရတာ အရမ်းပင်ပန်းတယ်။ အခုတော့ အဆင်ပြေ သွားပါပြီ။ ဆယ်တန်း ကို နှစ်ချင်းပေါက်အောင် ဘယ်လို ကြိုးစားခဲ့ပါသလဲ။ အဓိကကတော့စာကို အကြွေးမထားလို့ပါ။ ဆရာမတွေက လည်း ဂရုတစိုက် သင်ပေးတာနဲ့ ဘုရားသခင် ကျေးဇူးတော်ကြောင့်ပါ။

စာဘယ်လို ကျက်မှတ်သလဲဆိုတာလေး ပြောပြပေးပါလား။

စာကျက်တာကျတော့ သမီးတို့ မျက်မ မြင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ပုံနှိပ်တွေရှိပါတယ်။ အဲဒီပုံနှိပ်တွေ ကနေ ဖတ်ပြီးတော့ ကျက်ရတာပါ။ ပြီးတော့အ တန်းထဲမှာ သင်တာကို သေချာနားထောင် ပါတယ်။ သင်တာက
တော့ ခဝဲခြံကျောင်းမှာဘဲ သင်တာပါ။ လပတ်စာမေးပွဲတွေ ဖြေရင်တော့ အင်းစိန် အ-လ-က(၂)မှာ သွားဖြေရတာ ပါ။ အဲဒီမှာသွားဖြေရတဲ့အချိန်အခက်အခဲရှိလား ဆိုရင်အခက်အခဲက အထွေအထူးတော့ မရှိပါဘူး။ နေရာသစ်ဆို
တော့ သွားရေးလာရေး အခက်အခဲကတော့ ရှိတာပေါ့။ သမိုင်းဘာ သာကတော့ သမီးအတွက် အရမ်းခက်ပါတယ်။ တိုင်ရင်းသူဆိုတော့လေ။

ကွန်ပျူတာသင်နေတယ်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါ ဘယ်လိုသင်ယူရတာလဲ။ ဘယ်အဆင့်ထိ ရောက်နေ ပြီလဲ။

ညီမတို့ သင်တဲ့ကွန်ပျူတာက သူများ တွေလို သာမန်ကွန်ပျူတာဆိုပေမယ့် နည်း နည်းထူးခြားတာက ကီးဘုတ်
တွေမှာ ဂျောဆိုတဲ့ စနစ်တစ်ခု ထည့်ထားတဲ့အတွက် ဥပမာ ခလုတ်ကို နှိပ်လိုက်ရင် အေလို့ အသံထွက်တယ်။ အဲ့ဒီ အသံထွက်ကို နားထောင်ပြီး အသုံးပြုရ တာပါ။ အခုမှ စသင်နေတာဆိုတော့ အခြေခံနဲ့ စာရင်းအင်းကို သင်နေတာပါ။

ဖုန်းအသုံးပြုနေတဲ့ မျက်မမြင်အချို့ကိုလည်း တွေ့ခဲ့ရတယ်။ အဲ့ဒီဟာကရော ဘယ်လို အသုံးပြုကြတာလဲ။

ကွန်ပျူတာကို သုံးသလိုပါဘဲ အစ်မ။ သူ အထဲကိုလဲ ဂျောလို့ ခေါ်တဲ့စနစ်တစ်ခု ထည့်လိုက်ရင် ခလုတ်တွေ
နှိပ်တဲ့အခါ အသံထွက်ပါတယ်။ ခလုတ်တွေက ထွက်လာတဲ့ အသံကို နားထောင်ပြီး အသုံးပြုတာပါ။ ကွန်ပျူ တာလိုပါပဲ။

မျက်စိမမြင်ရတဲ့ အခြေအနေကနေ ခုလို ၁ဝ တန်းအောင် အောင်ကြိုးစားနိုင်တယ်ဆိုတော့ အောင်စာရင်း ထွက်တဲ့အခါ ဘယ်လို မျိုးခံစားရလဲ။

အရမ်းပျော်ပါတယ်။ ဘယ်လိုမျိုးနဲ့ ဘယ် လောက်လဲလို့ ပြောပြလို့မတတ်ပါဘူး။ ၁ဝ တန်း အောင်စာရင်း မထွက်ခင် ကဆိုရင် အိပ်လို့ လည်းမရဘူး။ စားလို့လည်း မရဘူး။ စိတ်ကလည်း ဂနာမငြိမ်ဖြစ်နေတာပေါ့နော်။ ရင်တွေ အရမ်းခုန်နေပြီး ဘုရားသခင်ထံ မှာလည်း အမြဲမပြတ် ဆုတောင်းပါတယ်။

ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ရော ကြုံတွေ့ခဲ့ရ သေးလား။

ခွဲခြားဆက်ဆံခံရတာမျိုးတွေတော့ မကြုံတွေ့ခဲ့ရပါဘူး။ သူငယ်ချင်းတွေကလည်း ဒီမှာရှိတဲ့ မျက်မမြင်ဘဝတူ သူငယ်ချင်းတွေ နဲ့ မျက်စိမြင်တဲ့ သူငယ်ချင်းတွေကလည်း အိမ်မှာ ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ
လေ။ ဒါပေမဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ကျောင်းမှာ တွေ့လို့ ခေါ် တုန်းကသူတို့ ကိုယ့်ကိုမြင်ရလို့ မှတ်မိပေ မယ့်။ ကိုယ်ကမမြင်ရတော့ မမှတ်မိ ဘူးပေါ့ နော့်။ အဲ့ဒီတုန်းကတော့ တော်တော်ဝမ်းနည်းပါတယ်။

မျက်မမြင်တစ်ယောက်ရဲ့ ဆန္ဒတွေထဲမှာ မျက်စိမြင်ချင်တဲ့ စိတ်က ပထမဖြစ်မှာပေါ့နာ်၊ အဲ့ဒါဆိုရင် ဒုတိယဆန္ဒကရော ဘယ်ဟာဖြစ်မလဲ။

ဟုတ်ပါတယ် အစ်မ။ ညီမ အဖြစ်ချင် ဆုံးဆန္ဒကတော့ မျက်စိ အရမ်းပြန်မြင်ချင် ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်။ ညီမရဲ့ ဒုတိယအဖြစ်ချင်ဆုံးဆန္ဒက သူများကို အား မကိုးရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့သူ ဖြစ်ချင်တယ်။

စိတ်ဓာတ်ခွန်အားကို ဘယ်လိုပြန်ယူလဲ။

သူငယ်ချင်းတွေဆီက ယူရတာပါ။ ငါက မှ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေကို မြင်တွေ့ခွင့်ရသေးတယ်။ သူငယ်ချင်းတွေ ထဲမှာ အလင်းအမှောင်ကို ခွဲခြားနိုင်သေးတဲ့ သူတွေရှိသလို လုံးဝမခွဲခြားနိုင်တဲ့ သူတွေ ရှိတယ်လေ။သူတို့တောင် အဆင်ပြေပြေနဲ့ သွားလာလှုပ်ရှားနိုင်သေးရင် ငါလည်း အဆင်ပြေမှာပါဆိုပြီး စိတ်ဓာတ်ခွန်အားကို ယူပါတယ်။

ရည်ရွယ်ချက်ကို ပြောပေးပါဦး။


ဆယ်တန်းအောင်ပြီဆိုတော့ တက္ကသိုလ်တက်ပြီး ဘွဲ့ရအောင်ယူချင်ပါတယ်။ အခု လည်း ကွန်ပျူတာသင်တန်း တက်နေပါ တယ်။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားချင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပြီး သူများတွေ အားကိုးလို့ရ တဲ့သူဖြစ်ချင်ပါတယ်။ ဘဝတူတွေကို ပြောချင် တာကလည်း အားငယ်စရာ မလိုပါဘူး။ ကြိုး စားရင်အရာအားလုံး ဖြစ်နိုင်ပါတယ်။ ကိုယ့် ဘဝကို စိတ်ပျက် အားလျှော့တာမျိုး မရှိဘဲ။ ကြိုးစားပြီး အားတင်းထားပါလို့ ပြောချင်ပါ တယ်။ အခုကလေးတွေကို အချိန်ပိုင်း စာသင်ပေးနေပါတယ်။ မျက်မမြင်ကျောင်း မှာလည်း လုပ်အားပေးဝင် လုပ်နေပါတယ်။

ဘဝကိုရှေ့ဆက်ပြီး ဘယ်လိုရင်ဆိုင်ကျော် ဖြတ်သွားဖို့ စိတ်ကူးထားလဲ။

ရိုးရိုးသားသားနဲ့ ကြိုးစားသွားချင်တယ်။ သူများတွေကိုလည်း တတ်နိုင်သလောက် ကူ ညီသွားချင်တယ်။ ဘဝတူ
တွေကိုလည်း တတ်နိုင်သလောက် ကူညီသွားချင်ပါတယ်။

အခြားဘဝတူတွေကိုရော ဘယ်လိုမျိုးလေး အားပေးစကားပြောချင်ပါသလဲ။

အားမငယ်ပါနဲ့။ ကြိုးစားပါ။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်ပါတယ်။ ဘာသာတရားကိုလည်း မမေ့ပါနဲ့လို့ ပြောချင် ပါတယ်။

Mizzima burmese

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း ဟွာဝေးက ပွဲထုတ်ပြသခဲ့

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းလို့ ဆိုထားတဲ့ ဟန်းဆက်ကို ဟွာဝေးက ဇွန်လ ၁၈ ရက်နေ့မှာ ပွဲထုတ်ပြသ နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းလို့ ဆိုထားတဲ့ ဟန်းဆက်ကို ဟွာဝေးက ဇွန်လ ၁၈ ရက်နေ့မှာ ပွဲထုတ်ပြသ နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

သီရိမင်းထွန်း ဘာသာပြန်သည်။


ကမ္ဘာ့ဈေးကွက်အတွင်းက အက်ပဲလ် နဲ့ ဆမ်ဆောင်းလို အဆင့်မြင့်ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်

မယ်လို့ မျှော်မှန်းထားတဲ့ ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း လို့ ဆိုထားတဲ့ ဟန်းဆက်တစ်မျိုးကို
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး က ဇွန်လ ၁၈ ရက်နေ့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။
ကုမ္ပဏီရဲ့ဈေးကွက်ကို တရုတ်နိုင်ငံ ပြင်ပဘက်ကိုလည်း တိုးချဲ့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဟွာဝေး
ကုမ္ပဏီဟာ ၆ ဒသမ ၁၈ မီလီမီတာလောက်ပဲထူတဲ့ ဗျခနညိ ဏ၆ ဆိုတဲ့ စမတ်ဖုန်းကို ပွဲ ထုတ်
ပြသဖို့ လန်ဒန်မြို့ကို ရွေးချယ်ခဲ့ ပြီး ဇွန်လ ၁၈ ရက်နေ့ပွဲဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကို အကောင်
အထည်ဖော်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
"ဒီပစ္စည်းသစ်ကို တခြားပစ္စည်းတွေနဲ့ ယှဉ်နိုင်အောင်ဆိုတဲ့ ရည်မှန်း ချက်နဲ့ ထုတ်လုပ်ခဲ့တာပါ"
လို့ ဟွာဝေး ရဲ့ ပစ္စည်းသစ်ထုတ်လုပ်ရေးဌာန အမှုဆောင်အရာရှိ ရစ်ချတ်ယူးက Roundhouse
ပြဇာတ်ရုံမှာ ကျင်းပတဲ့ ပွဲကို တက်ရောက်လာကြတဲ့ လုပ်ငန်း ရှင်တွေနဲ့ သတင်းထောက်တွေကို
ပြောကြားခဲ့ပါတယ်။
လန်ဒန်မြောက်ပိုင်းက ဒီပြဇာတ်ရုံ ဟာ ဂီတပွဲလေးတွေ ကျင်းပနေကျနေရာအဖြစ် လူသိများပြီး
  Jimi Hendrix? Led  Zeppelin  နဲ့ Pink FLoydတို့လို ရောခ့်စတားတွေ ဂီတဖျော်ဖြေပွဲ ကျင်း
ပခဲ့တဲ့ နေရာလေးပါ။
လက်လီဈေး တစ်လုံး ၄၄၉ ယူရို (ဒေါ်လာ ၆၀၀) သတ်မှတ်ထားတဲ့ ပစ္စည်းသစ်  Ascend P6
ဟာ ပုံစံနဲ့ နည်းပညာအရအပြင် ဈေးနှုန်းအရပါ ပြိုင်ဘက်တွေကို ယှဉ်နိုင်လိမ့်မယ်လို့ ဟွာဝေးက
မျှော်လင့်ထားပါတယ်။
ဟန်းဆက်တွေကို ဇူလိုင်လ အကုန်ပိုင်းမှာ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီအပါအ၀င် နိုင်ငံ
ပေါင်း ၁၉ နိုင်ငံမှာ ရောင်းချပေးမှာဖြစ်ပြီး နောက် ပိုင်းကျရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောင်း
ချပေးမယ်လို့ သိရပါတယ်။
"ပိုကောင်းတဲ့ ဒီဇိုင်းနဲ့ ပိုဆန်းတဲ့ ပစ္စည်းသစ် ကောင်းကောင်းတွေကို သုံးစွဲသူတွေအတွက်
ကျွန်တော်တို့ ထုတ်ပေးချင်တာပါ"လို့ ယူးက ပြောပါ တယ်။ "ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေလား၊
ကျွန်တော့်အတွက်တော့ ဒီပစ္စည်း သစ်က ဆမ်ဆောင်းရဲ့ ဂလက်ဆီ အက်စ် ၄၊ အက်ပဲလ်ရဲ့
အိုင်ဖုန်း ၅ နဲ့ ၆ စတာတွေနဲ့ အနေအထား မတူဘူး လို့ ထင်ပါတယ်" လို့ သူက ပြောပါ တယ်။
ဒါပေမဲ့ "ကျွန်တော်တို့ ကုမ္ပဏီ အမှတ်တံဆိပ် ဈေးကွက်ထဲမှာ နာမည် ရလာဖို့နဲ့ သုံးစွဲသူတွေရဲ့
ယုံကြည်မှု ရလာဖို့ အချိန်ပေးရဦးမှာပါ" လို့ သူက ပြောပါတယ်။ ဟွာဝေးကုမ္ပဏီရဲ့ လန်ဒန်အခြေ
စိုက် ဒီဇိုင်းဌာနခေါင်းဆောင်  Nick Woodley က စာရွက်ထပ်တွေကို ကြည့်ပြီး ဒီဟန်းဆက်ကို
ထုတ်ဖို့ စိတ်ကူးရခဲ့တာပါလို့ ပြောပါတယ်။
ဒီဟန်းဆက်သစ်ဟာ ၁၂၀ ဂရမ် လေးပြီး တပ်ခ်ျစကရင် မျက်နှာပြင် က ၄ ဒသမ ၇ လက်မ
( ၁၁၉ ဒသမ ၅ မီလီမီတာ) ကျယ်ပါတယ်။ ရှေ့နောက် ကင်မရာ နှစ်ခုပါဝင်ပြီး နောက်ကင်မရာ
က ရှစ်မီဂါပစ်ဆဲလ်ရှိပြီး အရှေ့ကင်မရာကတော့ ငါးမီဂါပစ်ဆဲလ် ရှိပါတယ်။
ဒီဟန်းဆက်က ကင်မရာမှာတော့ ပါနေကျ ရုပ်ပုံပိုကောင်းစေတဲ့ ဆက်တင်ပေါင်းများစွာကို
သုံးစရာ မလိုတော့ပါဘူး။ လိုအပ်တဲ့ ဆက်တင် ကို အလိုအလျောက် ချိန်ပေးတဲ့ စနစ်ပါသလို
မျက်နှာပုံ ကောင်းကောင်းလေးတွေပဲ ထွက်လာအောင် အလိုအလျောက် ချိန်ညှိပေးတဲ့ အဆင့်
၁၀ ဆင့်ပါ စနစ်တစ်ခုလည်း ပါဝင်ပါတယ်။
တယ်လီကွန်းကွန်ရက်နဲ့ ပတ်သက် တဲ့ ပစ္စည်းတွေ တပ်ဆင်ပေးရာ ၀န်ဆောင်မှု ကုမ္ပဏီတစ်ခု
အဖြစ် စတင်ခဲ့တဲ့ ဟွာဝေးကုမ္ပဏီဟာ ပြီးခဲ့တဲ့သုံးနှစ်ကစပြီး သူ့ရဲ့ ကုမ္ပဏီအမှတ် တံဆိပ်နဲ့
စမတ်ဖုန်းတွေကို စတင် ထုတ်လုပ်ရောင်းချပေးပြီး မိုဘိုင်း ပစ္စည်းဈေးကွက်ထဲ ၀င်ရောက်ခဲ့ပါ
တယ်။
တရုတ်စစ်တပ်က အင်ဂျင်နီယာဟောင်းတစ်ဦးက ထူထောင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ သူ့ရဲ့ လုပ်ငန်းပုံစံ
အရ ပြည်ပမှာ အငြင်းပွားစရာ ဖြစ်နေ ပါတယ်။ တရုတ်ကုမ္ပဏီ ဟွာဝေးဟာ နိုင်ငံ ရဲ့ လုံခြုံရေးကို
ထိခိုက်စေနိုင်တယ် လို့ အမေရိကန် အစိုးရက ပြောကြား ခဲ့တဲ့အတွက် ဟွာဝေးကုမ္ပဏီဟာ ဒီ အ
ချက်ကို ပြန်ချေပနိုင်ဖို့ ကြိုးစား နေရပါတယ်။
ဟွာဝေးက ၀န်ဆောင်မှုပေးထား တဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ပစ္စည်းတွေဟာ သူလျှိုလုပ်ငန်း
အတွက် အသုံးပြုနိုင်စရာရှိတယ်လို့ အမေရိကန် ဥပဒေပြုလွှတ်တော် ကွန်ဂရက်က ပြီးခဲ့တဲ့နှစ်မှာ
သတိပေးပြောကြားခဲ့ပြီး ဟွာဝေးကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့်နဲ့လုပ်ငန်းပါဝင်ခွင့်တို့ မပေးဖို့
တောင်းဆိုထားပါတယ်။
ဒီလို ပြောဆိုထားတာတွေကို ဟွာဝေးက ငြင်းဆိုထားပြီး အမေရိကန် အစိုးရဟာ ပြည်တွင်း
လုပ်ငန်းတွေ ကို ပြည်ပက ယှဉ်ပြိုင်မှုတွေကနေ ကာကွယ်ပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း
ပြန်လည်ငြင်းဆိုစွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။
ဗြိတိန်ပါလီမန်ရဲ့ ထောက်လှမ်းရေးနှင့် လုံခြုံရေးကော်မတီကလည်း ဗြိတိန်နိုင်ငံရဲ့ အင်တာနက်နဲ့
ဖုန်းကွန်ရက်မှာ တရုတ်ကုမ္ပဏီက ၀န်ဆောင်မှုပေးထားတဲ့ ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနေခြင်းကို စောင့်ကြည့်ရန် ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရကို မကြာသေးခင်က
ဝေဖန်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုများလှ တဲ့ စမတ်ဖုန်းဈေးကွက်အတွင်းမှာ ဟွာဝေးဟာ ဒီနှစ် ပထမသုံးလ
ပတ် အတွင်းမှာ ဈေးကွက်ရှယ်ယာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ Analysys
International ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒီနှုန်းထားဟာ အက်ပဲလ်ကရတဲ့
ဈေးကွက်ဝေစု ၆ ဒသမ ၄ ရာခိုင်နှုန်း ထက် ပိုများပြီး ဈေးကွက်ဦးဆောင် ကုမ္ပဏီ ဆမ်ဆောင်းရဲ့
ဈေးကွက်ဝေစု ၁၇ ဒသမ ၃ ရာခိုင်နှုန်းထက် ပိုနည်းပါတယ်။
"ဟွာဝေးက ထုတ်တဲ့ အရင်ဟန်းဆက်တွေကတော့ အရည်အသွေးနိမ့် ပြီး ဈေးလည်း ချိုပါတယ်"
လို့ Analysys International က  Wang Jun ပြောပါတယ်။ "ဒီလိုမျိုး အရည်အသွေးမြင့်
ဟန်းဆက်ထုတ်လုပ်ဖြစ်တာကတော့ ဟွာဝေးရဲ့ ပစ္စည်းကောင်းထုတ်လုပ် မယ်ဆိုတဲ့ ကိုယ်ပိုင်
ဗျူဟာနဲ့ ပတ်သက် ပါတယ်" လို့ သူက သုံးသပ်ထားပါ တယ်။
(အေအက်ဖ်ပီ) 

မြန်မာတိုင်မ်း

မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမှု အများဆုံးဖြစ်နေဆဲ

ကိုကျော်ကျော်သိန်း

ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော် ၂၀၁၃ Magsaysay ဆု ချီးမြှင့်ခံရ

ကိုဇော်ဝင်းလှိုင်
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေမှာ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော်ကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် Magsaysay ဆုကို ချီးမြင့်လိုက်ပါတယ်။ ဒီဆုဟာ အာရှတိုက်အတွင်း အတုယူ အားကျဖွယ် ကောင်းလောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရာမှာ  ခေါင်းဆောင်မှုကို ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
 
မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရသူတွေ ပြန်လည် ပြုစု ပျိုးထောင်နိုင်ရေးအတွက် အကူအညီတွေ ပေးနေတဲ့ လူထုအခြေပြု မေတ္တာဖောင်ဒေးရှင်းကို စတင်တည်ထောင်သူ တဦးလည်းဖြစ်တဲ့ လဖိုင်စိုင်းရော်ကို ၂၀၁၃ ခုနှစ်အတွက် Ramon Magsaysay ဆု ချီးမြှင့်ဖို့ ရွေးချယ်ရခြင်းနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်ရေး ဖောင်ဒေးရှင်းက ဆက်သွယ်ရေးအရာရှိ မန်နျူရယ် ဟီဇွန် (Manuel Hizon) က ဗွီအိုအေကို ရှင်းပြပါတယ်။
 
“သူပြောသွားတာကာတော့ - ကာလကြာရှည် လက်နက်စွဲကိုင် ပဋိပက္ခနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား အားလုံး ပူးပေါင်း ပါဝင်နိုင် ခေါင်းဆောင်မှုကို အေးအေးဆေးဆေးနဲ့ အားကျ အတုယူဖွယ်ရာ ပြသနိုင်ခဲ့တဲ့အတွက်ကြောင့် အခုလို သူ့ကို အသိအမှတ်ပြု ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒုက္ခကြုံတွေ့နေရတဲ့ လူ့အဖွဲ့အစည်းတွေ ပြန်လည် ထူထောင်ရေးနဲ့ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာနဲ့ ဒေသခံ NGO တွေရဲ့ လုပ်ဆောင်မှုကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်စေမယ့် အချေအတင် ဆွေးနွေးမှုကိုလည်း သူ့ရဲ့ လုပ်ဆောင်ချက်က အားဖြည့်ပေးရာ ရောက်ခဲ့ပါတယ်။”
 
အခုလို ဖိလစ်ပိုင်နိုင်ငံက Magsaysay ဆုချီးမြှင့်တဲ့အတွက် ၀မ်းသာဂုဏ်ယူမိကြောင်းနဲ့ ဒီဆုဟာ တစ်ဦးတစ်ယောက်ထဲကို ချီးမြှင့်တာ မဟုတ်ဘဲ သူပါဝင် လုပ်ဆောင်ခဲ့တဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေနဲ့ ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ အားလုံးကို ချီးမြှင့်တာဖြစ်တယ်လို့ လဖိုင်စိုင်းရော်က ပြောပါတယ်။ 

“ကျမလည်း အတိုင်းမသိ ၀မ်းသာတယ်။ အံ့လည်းအံ့သြတယ်။ ဒါပေမဲ့ ကျမတစ်ယောက်တည်း အောင်မြင်မှုတော့ မဟုတ်ဘူးပေါ့နော်။ ကျမတို့အားလုံးရဲ့ ၀ိုင်းဝန်းကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ ဂုဏ်ပြုတယ်လို့ သဘောပေါက်ပြီးတော့ ကျမ အားလုံးကိုယ်စား ၀မ်းသာအားရ ရယူခြင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

 
မေး။          ။ သူတို့က ဆရာမကို ဘယ်တုန်းက အကြောင်းကြားတာပါလဲ ဆရာမ ဆုရတဲ့အကြောင်းကို။ သူတို့ကတော့ သူတို့ဟာသူတို့ ဘုတ်အဖွဲ့နဲ့ လျှို့ဝှက် လုပ်ကြတာဆိုတော့လေ။ သူတို့က ရွေးချယ်ပြီးတော့မှပဲ ချက်ခြင်း ရုတ်တရက်ကြီး အကြောင်းကြားတယ်ဆိုတော့ များသောအားဖြင့်က အတော် အံ့အားသင့် သွားကြတာလေးတွေ ရှိတယ်လို့ သူတို့က ပြောတယ်။ ဆရာမကိုရော ဘယ်လို အကြောင်းကြားလဲ။
 
“ညကတော့ သူတို့လေ ကျမ လားရှိုးမှာရောက်နေတုန်းပေါ့ ဇူလိုင် ၁၂ ရက်နေ့ကထင်တယ်။ ကျမကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာ။”
 
မေး။          ။ အဲ့ဒီဆုကို ဆရာမ ကိုယ်တိုင် သွားယူမှာလား။ ၃၁ ရက်နေ့ ဆုပေးပွဲလုပ်မယ်လို့ ပြောပါတယ်။
 
“ဟုတ်ကဲ့ပါရှင့်။ ကျမကိုယ်တိုင်ပဲ သွားယူပါမယ်။ ကျမရယ်၊ ကျမကတော့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အနားယူလိုက်ပါပြီ။ ကျမရယ်၊ ကျမရဲ့ အခု ဒီ လက်ရှိပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာပေါ့နော်  Dr. Saboi Jum ရယ်၊ ကျမတို့နှစ်ယောက် အတူတကွ သွားယူဖို့တော့ စီစဉ်နေပါတယ်ရှင့်။”
 
မေး။          ။ ဆိုတော့ ကျမ ဟိုက်လိုက်လေး နည်းနည်း ပြောပြပါလား ဆရာမ။ ဆရာမတို့ လုပ်နေတာလေးတွေကို အကြမ်းမျဉ်းပဲပေါ့။ ဘာတွေ ဘယ်လိုနေရာတွေမှာ လုပ်တယ်။ မေတ္တာဖောင်ဒေးရှင်းအနေနဲ့ ဘာတွေ လုပ်တယ်ဆိုတာလေးကို ပြောပြလို့ ရမလားဆရာမ။
 
“ဟုတ်ကဲ့ရှင့်။ ကျမတို့ ၁၉၉၈ ခုနှစ် ကျမတို့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း စတင်တည်ထောင်ကတည်းကကို ကျမတို့က နေရာမရွေး ဒေသမရွေး လူမျိုးမရွေး အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအချိန်မှာပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေဟာ ဒေသရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားတာ ဖြစ်ပြီးတော့ ကဏ္ဍတွေ တော်တော်များပါတယ်။ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တော စသည်ဖြင့်ပေါ့။ အားလုံးလိုလို ဒေသအလိုက် လိုအပ်ချက်တွေကို လုပ်နေတာဆိုတော့ တော်တော်များများ ဟိုဟာပေါ့ ကဏ္ဍတွေ များပြားပါတယ်လို့။ ဆိုတော့ ခုအချိန်မှာဆိုလို့ရှိရင် အားလုံးရဲ့ ယုံကြည်ပံ့ပိုး ကူညီမှုတွေကြောင့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ ဒေသလုပ်ငန်းတွေဟာ ပြည်နယ် ၅ ခုနဲ့ တိုင်းဒေသကြီး ၄ ခုမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျမလေ ကျေးဇူးတင်တယ်။ ဟိုဟာပေါ့ ၁၉၉၄ ခုနှစ် KIO နဲ့ နိုင်ငံတော်ရဲ့ အပစ်အခတ်ရပ်စဲရေး ရရှိပြီးတဲ့နောက် ကျမတို့ ဒီ ဒေသတွေမှာပေါ့နော် ပြည်တွင်း မငြိမ်သက်မှုရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဒေသတွေကို အကူအညီပေးနိုင်မယ့် ကိစ္စတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပေးဖို့ တံခါးဖွင့်ပေးတဲ့ နိုင်ငံ့အကြီးအကဲတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို ကျမ ကျေးဇူးတင်ကြောင်းကို ဒီနေရာကနေ ပြောချင်ပါတယ်။ ပြီးတော့ ကျမကို အမှတ်မထင်ပေါ့နော် ၁၉၈၉ ခုနှစ်မှာ ကျမကို ဒီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ပေါ့လေ လမ်းညွှန်ပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ KIO ဒုဥက္ကဌကြီး ဦးဘရန်ဆိုင်း ဒီနောက်ပိုင်းမှာလည်း တောက်လျှောက် ကျမကို KIO ခေါင်းဆောင်များကလည်း အမြဲပဲ ကျမကို ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အားပေးကူညီခဲ့တဲ့အတွက်ကြောင့်မို့ သူတို့ကိုလည်း ကျမ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။”
 
ဒီဆုကိုတော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ သြဂုတ်လ ၃၁ ရက်နေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
 
ဒီ Magsaysay ဆုကို မြန်မာနိုင်ငံသား ၄ ဦး လက်ခံရရှိဖူးတာမှာ ၁၉၅၉ ခုနှစ်က The Nation သတင်းစာကို စတင်တည်ထောင်သူ သတင်းစာ ဆရာကြီး ဦးလောရုံ (Edward Law Yone) ၊ ပရဟိတအကျိုး သယ်ပိုးသူ တီတီလု့စ် (Tee Tee Luce) ၊ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းဖွင့်ပြီး စေတနာ့ဝန်ထမ်း ဆေးကုသပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်နဲ့ ၂၀၀၉ ခုနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International က ကစောဝါး တို့ ဖြစ်ကြပါတယ်။

VOA Burmese

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ ဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော်ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကိုကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။ 

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။

 RFA Burmese

အကြည်ညို ပျက်စေမှု (ကာတွန်း)




Published on Thursday, 25 July 2013 04:38




Written by လမင်း (လေးထောင်ကန်)

REF မောက္ခပညာရေး မဂ္ဂဇင်း


Zawgyi Font နဲ့ chrome ပြဿနာ ရှင်းနည်း

မြန်မာဖောင့်ဟာ မြန်မာတစ်ယောက်အတွက်တော့ အထူးအရေးပါတယ်ဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ကျတော်တို့ရဲ့ ဘာသာစကားက ကျတော်တို့ဆက်သွယ်ရေးအတွက် အထိရောက်ဆုံး ကြားခံနယ်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူ့ရဲ့ windows 8 မှာ ဇော်ဂျီဖောင့် ပြဿနာ အကြောင်းကြားလိုက်ပါတယ်။ ဇော်ဂျီက Chrome က Compose မေလ်းထဲမှာဆို လေးထောင့်အတုံးတုံးတွေ ပေါ်နေတယ်လို့ပြောပါတယ်။ အဲဒါအတွက် တစ်ချို့သတိမူသူ တစ်ချို့များလည်း ဖေ့စ်ဘွတ်ခ် chat box မှာလည်း ဒီလိုပဲ အစက် အစက် တွေသာတွေ့ရတယ်လို့ပြောပါတယ်။ အဲဒါလေး ဘယ်လိုကျော်လွှားမလဲဆိုတာ သိရအောင် တစ်ချက်လေ့လာကြည့်မယ်။
၁။ ပထမဆုံးအဆင့်ကတော့ မိမိရဲ့ကွန်ပျူတာမှာ ဇော်ဂျီ ဖောင့်ရော…keyboard ရော အင်စတော လုပ်ပြီးသား ဖြစ်ရပါမယ်။
၂။ Chrome Browser ကိုဖွင့်ပြီး setting ကိုသွားလိုက်ပါ>> Show advanced settings. ကိုဆက်ပြီး ကလစ်ခ် လိုက်ပါ။ >>> Web Content အောက်က Customize  fonts ကို သွားပါ >>>> Sans -serif Font မှာ zawgyi-one ကိုရွေးပေးလိုက်ပါ။ အားလုံးကို ဇော်ဂျီရွေးပေးထားလည်း ရပါတယ်။>>>> နောက်ဆုံး Encoding မှာတော့ Unicode-8 ကို ရွေးပေးလိုက်ပါ။ Done ကို click လိုက်ပါ။

ကဲ ဒီအဆင့်တွေပြီးသွားပေမယ့်..အီးမေလ်းထဲက Compose မေလ်းမှာ ဇော်ဂျီ ဖောင့် မရသေးပါဘူး။ အဲဒီတော့ နောက်တစ်ဆင့်က တော့ အဲဒီ အီးမေလ်းကို ပို့လို့ရအောင်လုပ်တဲ့ အဆင်ဖြစ်ပါတယ်။
၁။ မိမိ ကွန်ပျူတာရဲ့ ဒီ folder ကိုသွားလိုက်ပါ။
C:\Users\tinaungtun\AppData\Local\Google\Chrome\User Data\Default\User StyleSheets 

ကျတော့်နာမည်နေရာမှာတော့ မိမိကွန်ပျူတာရဲ့ လက်ရှိပေးထားတဲ့ နာမည်ကို ပြောင်းပြီး ထည့်ပေးလိုက်ရုံပါပဲ
၂။ custom.css ဆိုတဲ့ ဖိုင်လေးကို တွေ့ပါလိမ့်မယ်..အဲဒီအထဲမှာ ဟောဒီအောက်က css ကုဒ်လေးကို ထည့်လိုက်ပြီး save လိုက်ပါ။
* , html, body, div,p {font-family:Zawgyi-One !important;} 

၃။ ကဲ အားလုံးပြီးသွားပါပြီ။ ဇော်ဂျီကို chrome မှာ သုံးရင် ပျော်ရွှင်ပါစေ။။။

ဒီမှာ http://productforums.google.com/forum/#!topic/chrome/CShdMiOuwkg လည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

The Burma Post


နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com