http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

အင်တာနက်လေပူဖေါင်း Google လွှတ်တင်

16.06.2013
ကမ္ဘာကျော် Google ကုမ္ပဏီကြီးက သိပ္ပံပညာရှင်တွေဟာ ဟီလီယံဓာတ်ငွေ့တွေ ဖြည့်ထားတဲ့ ဓာတ်ငွေနဲ့ပျံတဲ့ လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံက ကောင်းကင်ကို လွှတ်တင်ခဲ့ကြပါတယ်။

ကမ္ဘာပေါ်တ၀ှမ်း worldwide web လို့ခေါ်တဲ့ အင်တာနက်မရရှိတဲ့ လူ ၅ ဘီလီယံကျော် အင်တာနက်ရရှိနိုင်ဖို့ စိတ်ကူးနဲ့ အဲဒီလို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Google ကုမ္ပဏီက  အဲဒီလို ပူဖေါင်းတွေကို လွှတ်တင်လိုက်တဲ့အချိန်မှာ နယူးဇီလန်နိုင်ငံ Christchurch မြို့က အိမ်ခြေ ၅၀ လောက်ဟာ အဲဒီ ပူဖေါင်းတွေကနေ အင်တာနက် ဆက်သွယ်လို့ရခဲ့ပါတယ်။

လေပေါ်မှာ ကီလိုမီတာ ၂၀ လောက် ပျံသန်းနေတဲ့ အဲဒီ ပူးဖေါင်းတွေဟာ လေထဲမှာ ၃ လလောက် တည်ရှိနိုင်ဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

လျှပ်စစ် စက်ဘီးတွေ ပျံတော့မှာလား

နည်းပညာကုမဏီတွေက စမ်းသပ်ထုတ်လုပ်ပြီး မီဒီယာတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ လျှပ်စစ် စက်ဘီးပျံတွေအကြောင်း
DVB TV News

ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ သယ်ဆောင်နိုင်သည့် ဆင်းမ်ကတ်များ ချထားပေးမည်ဟု Sing Tel ပြော

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေး ကွန်ယက်ဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးမည် ဆိုသည့် Sing Tel လုပ်ငန်းစုကြီး၏ စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ နံနက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand ဟိုတယ်တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Wednesday, June 12, 2013
စင်ကာပူအခြေစိုက် Singapore Teleco mmunications Limited(SingTel) က မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပါက စတင်ရောင်းချစဉ်ကပင် ပြည်ပနိုင်ငံ ၁၂နိုင်ငံသို့ ယူဆောင် အသုံးပြုနိုင်မည် Roaming  (ဖုန်းနံပါတ်မပြောင်းဘဲ ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်သည့်) စနစ် ပါရှိသည့်ဆင်းမ်ကတ်များကို ရောင်းချသွားမည်ဟု အမှုဆောင်အရာရှိချုပ် Mr.Mark Chong က ပြောသည်။

နောက်ပိုင်းတွင် နိုင်ငံပေါင်း ၄ဝဝ ကျော်အထိ သယ်ဆောင်အသုံးပြုနိုင်မည် ဖြစ်သည်ဟုလည်း ၎င်းးက ဆိုသည်။ Mr.Mark Chong က ''အော်ပရေတာရရှိလို့ ဆင်းမ်ကတ်တွေ ရောင်းချတဲ့နေရာမှာ Roaming Service ပါတဲ့ ဆင်းကတ်တွေကို ရောင်းချသွားမှာပါ။ နိုင်ငံတကာက အော်ပရေတာပေါင်း ၄ဝဝ ကျော်က Roamings စနစ်တွေ အသုံးပြုနိုင်ဖို့ ဆွေးနွေးထားတာတွေရှိတယ်။ လောလောဆယ်တော့ နိုင်ငံပေါင်း ၁၂နိုင်ငံကို ယူဆောင်အသုံးပြု နိုင်မှာပါ'' ဟု ပြောသည်။

SingTel သည် မြန်မာနိုင်ငံတွင် မိုဘိုင်းအော်ပရေတာနှစ်ခု ထပ်မံရွေးချယ်ရန်အတွက် နောက်ဆုံး တင်ဒါတင် ထားသည့် ပြည်ပကုမ္ပဏီ ၁၁ ခုတွင် ပါဝင်နေပြီး မြန်မာနိုင်ငံရှိ ကမ္ဘောဇလုပ်ငန်းစု၊ Myanmar Telephone Company (M Tel) တို့နှင့် ပူးပေါင်းထားသည်။ မိုဘိုင်းကွန်ရက်တည်ဆောက်ရာတွင်လည်း 3G စနစ် ကွန်ရက်များကို စတင်အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါစနစ်တွင် 4G သို့ အချိန်မရွေး အဆင့်မြှင့်တင်နိုင်သည့် နည်းပညာများ ထည့်သွင်းအသုံးပြုထားသည်ဟု ဆိုသည်။

M Tel ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျွန်နသန်မျိုးကျော်သောင်းက ''မိုဘိုင်းကွန်ရက်က 3G နဲ့စမှာ။ ဒါပေမဲ့ ဒီဇိုင်းထုတ်ထားတာက 4G ကို အဆင့်မြှင့်တင်လို့ရမယ့် နည်းပညာ တွေပါမယ်။ အခုအချိန် မြန်မာပြည်ဈေးကွက်မှာ 4G သုံးလို့ရမယ့်ဖုန်းက i phone 5 နဲ့ iPhone 4s ပဲရှိမယ်။ ဒါကြောင့် ပြည်သူလူထု အများဆုံး သုံးလို့ရမယ့် Network ကို သုံးတာ ဖြစ်ပါတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

အော်ပရေတာလုပ်ပိုင်ခွင့်ရရှိပါက သုံးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ ၉၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်းအသုံးပြုနိုင်စေရန် ဆောင်ရွက်သွား မည်ဟု ဆိုသည်။ SingTel အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ အသုံးပြုသည့်နည်းပညာများမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နည်းပညာများထက် ပိုမိုကောင်းမွန်မည်ဟုလည်း ဆိုသည်။
ချိုကို
Mizzima - News in Burmese

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်

ရန်ကုန်၊ ဇွန် ၁၁။
မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း
လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။

Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံး လက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီးစဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာ ဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟု Mr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည့်လျှံ
မြန်မာ့ခေတ်

၁၅ ရက်ကြာ အာကာသခရီးစဉ် တရုတ်စတင်

တရုတ်အာကာသ
12.06.2013
တရုတ်နိုင်ငံက အာကာသစခန်းတခု တည်ဆောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူလိုက်ပါတဲ့ အာကာသယာဉ် ခရီးစဉ်တခုကို အင်္ဂါနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအာကာသယာဉ် ခရီးစဉ်ဟာ ၁၅ ရက် ကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံက လွှတ်တင်ခဲ့ဖူးသမျှထဲမှာ အကြာမြင့်ဆုံး အာကာသ ခရီးလည်းဖြစ်ပါတယ်။


ရှန်ဇောင်း အမှတ် ၁၀ (Shenzhou-10) အာကာသယာဉ်ကို တရုတ်နိုင်ငံ ဂိုဘီ ကန္တာရအတွင်းမှာရှိတဲ့ ပစ်လွှတ်စင်ကနေ အင်္ဂါနေ့မှာ ပစ်လွှတ်လိုက်တာဖြစ်ပြီး၊ အဲ့ဒီလို ပစ်လွှတ်လိုက်တာကို သမ္မတ ရှီကျင့်ပင်နဲ့ ထိပ်တန်း တရုတ်အစိုးရ ခေါင်းဆောင်တွေက စောင့်ပြီး ကြည့်ရှုခဲ့ကြပါတယ်။

ရှန်ဇောင်းအမှတ် ၁၀ အာကာသယာဉ်မှာ  လေသူရဲ ၃ ဦး လိုက်ပါသွားပြီး အဲဒီအထဲက တဦးက အမျိုးသမီး ဖြစ်ပါတယ်။ အခုလွှတ်တင်လိုက်တဲ့ အာကာသယာဉ်ခရီးဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တင်ခဲ့ဘူးတဲ့ အလားတူ ခရီးစဉ်ထက် အာကာသထဲမှာ ၂ ရက် ပိုမို ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

ရှန်ဇောင်း အမှတ် ၁၀ အာကာသယာဉ်ဟာ တီယန်ဂေါင်း အမှတ် (၁) Tiangong-1 လို့ အမည်ရှိတဲ့ ယာယီ အစမ်းလွှတ်တင်ထားတဲ့ အာကာသ ဓာတ်ခွဲခန်း စခန်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီလို ချိတ်ဆက်မှု ပြုလုပ်တာနဲ့ အာကာသယာဉ်အတွင်း နေထိုင် စမ်းသပ်လုပ်ကိုင်ဖို့ ပြင်ဆင်ထားတာတွေဟာ ၂၀၂၀ ခုနှစ်ကျရင်ပြီးစီးမယ့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ရေးကိစ္စအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ယူဆရပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်

တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။
လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့ နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်သွားပါပြီ။ ရိုးရိုးသွားတဲ့ ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေအထား ရှိပြီး Air Resistance ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာပါ။

လုံခြုံရေးအတွက်လည်း အပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလောဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆို ပါတယ်။ တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထား လို့ဆိုပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့ အသုံပြုမှုကျတော့ နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)

Microsoft ကုမ္ပဏီ ပြည်တွင်းဈေးကွက်သို့ စဝင်


ရန်ကုန်၊ ဇွန် ၇
ကမ္ဘာ့ အကြီးဆုံး Software ထုတ်လုပ်သူအဖြစ် သတ်မှတ် ခံထားရသည့် Microsoft ကုမ္ပဏီ၏ ထိပ်တန်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ် သည့် MIT နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဈေးကွက်သို့ စတင် ဝင်ရောက်ပြီ ဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် Microsoft က အတည်ပြု ကြေညာသည်။

Microsoft ကုမ္ပဏီ၏ Corporate Vice President ဖြစ်သူ Dan’1 Lewin ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက် ရန် မြန်မာ နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း MIT ကို မိတ်ဖက်အဖြစ် ခန့်အပ်ကြောင်း ကြေညာခြင်းဖြစ်သည်။

ပြည်တွင်း၌ Software ရေးဆွဲခြင်း နှင့် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MIT (Myanmar Information Technology Co.,Ltd) ကို Microsoft ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဈေးကွက်ဖွံ့ ဖြိုးမှုမိတ်ဖက် (Market Development Partner) သစ် အဖြစ် ရွေးချယ်လိုက်ကြောင်း အရှေ့တောင်အာရှဒေသ အထွေထွေ မန်နေဂျာ Jamie Harper က ပြောကြားသည်။

Microsoft ကပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာပြီ ဖြစ်သဖြင့် Microsoft ထုတ်ကုန်များအတွက် နည်းပညာ အထောက်အပံ့များ ရရှိနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာရှင် ဦးဇော်မင်းဦးက ပြောကြားသည်။
“အထူးသဖြင့် Microsoft Software တွေကို ဈေးသက်သက်သာသာနဲ့ တရားဝင် အသုံးပြုလာ နိုင်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

MIT သည် မြန်မာနိုင်ငံရှိ အစိုးရ ဌာနများ၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည့် ပြည် တွင်းကုမ္ပဏီကြီး တစ်ခုဖြစ်သည်။
 
The Voice Weekly

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား အွန်လိုင်းတွင် ကြည့်ရှုနိုင်

http://moemyanmar.net/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ သတင်းများအရ အောင်စာရင်းထွက်မည့် မနက်(၁၂)နာရီတွင် စတင်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပို့ဆောင်ရေးသတင်းဂျာနယ်

အိမ်တွင်းလုပ် မီးလောင်အားကောင်းသော လေဆာရောင်ခြည် (ရုပ်/သံ)

အိမ်တွင်းလုပ် ရောင်ခြည်ဖြစ်ပါတယ်။ ထူးခြာတဲ့တီထွင်မှုဖြစ်ပါတယ်။ သာမာန်ရောင်ခြည်ထက်ထူးခြားတာကတော့ စက္ကူ၊ သစ်သား၊ သံများကိုပင် မီးလောင်စေပါတယ်။ အသေးစိတ်ကိုတော့ CNN ဗီဒီယိုမှာ ကြည့်ပါ။

Ref; CNN

Microsoft မှ Development Partner အဖြစ်MIT ကုမ္ပဏီအား ရွေးချယ် သုတလင်း

ရန်ကုန် ဇွန်၆
Microsoft မှမြန်မာနိုင်ငံတွင်း ပထမဦးဆုံး ၄င်းတို့၏ Development Partner အဖြစ်MIT( Myanmar Information Techology Pte) ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း ယနေ့ကျင်းပသည့်
ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

Microsoft အနေဖြင့် မြန်မာနိုင်ငံတွင်း ဒေသခံစီးပွားရေးလုပ်ငန်းများ အပါအ၀င် အိုင်စီတီဆိုင်ရာ လုပ်ငန်းများ ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် အဓိက ရည်ရွယ်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း
Microsoft အရှေ့တောင်အာရှ၏ General Manger Mr.Jamie Harper က ပြောသည်။

MITမှာ မြန်မာနိုင်ငံတွင်း အကြီးဆုံး ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်ပြီး MICT Park အား Myanmar ICT Development Corporation(MICTDC) နှင့်အတူ တွဲဖက်ထူထောင်ခဲ့သည်။
Popular Myanmar News Journal

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

နေပြည်တော်၊ ဇွန် ၃
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်းအထန် ကြိုးစားလျက် ရှိသည်။
The Voice Weekly

ဘီဘီစီရဲ့ မိုဘိုင်းဖုန်း သတင်း အစီအစဉ် စတင်

ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် အားကစား သတင်းတွေပါ ထုတ်လွှင့်မယ်လို့ ဦးမင်းထက်ပြော
3 ဇွန်လ 2013
ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် ဒီကနေ့ စတင်တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲ ကို ရန်ကုန် Chatrium ဟော်တယ်မှာ ကျင်းပရာ သတင်း မီဒီယာတွေနဲ့ စိတ်ဝင်စားသူ လူ ၁၀ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်း အနားမှာ BBC Business Development ဌာနမှာ Indushekhar Sinha က မိုဘိုင်းဖုန်း ဆိုတာ သုံးတဲ့ သူဘက်က ပြောတာချည်း မဟုတ်ဘဲ သုံးတဲ့ သူကို သတင်းတွေ ပြန်ပြောပြတဲ့ ကိရိယာ ဖြစ်လာပါပြီလို့ ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက် ဦးမင်းထက် ကလည်း ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် ပရိသတ် နှစ်သက်တဲ့ အားကစား သတင်းတွေ ကိုလည်း ထုတ်လွှင့် ပေးမယ့် အကြောင်း ပြောပါတယ်။
တက်ရောက်လာသူတွေကလည်း ဘီဘီစီ သတင်းတွေကို မိုဘိုင်းကနေ နားထောင်

မိုဘိုင်းဖုန်း ကနေ သတင်း နားထောင်နိုင်တဲ့ ဘီဘီစီရဲ့ အခုလို ဝန်ဆောင်မှု အစီ အစဉ်ဟာ မြန်မာ ပြည်တွင်း မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ စက္ကန့် ၉၀ စာ သတင်းတွေကို တနေ့ကို ၂ ကြိမ် မနက် ၈ နာရီ နဲ့ ညနေ ၆ နာရီ ခွဲ တိုင်းမှာ ကိုယ့်ဆီ အလို အလျောက် ဖုန်းခေါ်ပြီး ပြောပြမယ့် အစီ အစဉ် လည်း ဖြစ်ပါတယ်။

ဒီအစီ အစဉ်ကို ဘီဘီစီနဲ့ မြန်မာ ပြည်တွင်းမှာ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ Blue Ocean Operating Management ကုမ္ပဏီ တို့ ပူးတွဲ တင်ဆက် တာ ဖြစ်ပါ တယ်။

ရန်ကုန်က ဖုန်း နံပါတ် ဝ၁ ၂၃ ၉၉ ၆၀ဝ ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင် ပါတယ်။
ဘီဘီစီ

တရုတ်အင်တာနက်ဆင်ဆာ ပုံစံသစ်ဖြင့်စတင်

ဘေဂျင်း၊ ဇွန်၂
တီအန်မင်ရင်ပြင် (၂၄) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများကို တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲမှုများကို ပုံစံအသစ်ဖြင့် ဆင်ဆာလုပ်သွားရန် စီစဉ်နေကြောင်း အင်တာနက် ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်ဟု AFP သတင်းတွင် ဖော်ပြ ထားသည်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုတစ်ရပ်ကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့ပြီးသည့် နောက်ပိုင်း တွင် တီအန်မင်နှင့် ပတ်သက်သည့် စာလုံးများကို အင်တာနက်တွင် ရှာဖွေမှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့သည်။ ယခုနောက်ပိုင်း ဇွန်လ ၄ ရက် အရေးအခင်းဆိုသည့် စာလုံးကို ရိုက်ပြီး ရှာဖွေလျှင်ပင် သတိပေး စာတန်း ပေါ်ထွက်လာကာ မူလစာမျက်နှာကို မရောက်တော့ကြောင်း GreatFire.org က ဆိုသည်။

ဘေဂျင်းတွင် အရေးအခင်းဖြစ်စဉ်က ဆန္ဒပြသူ ကျောင်းသား ရာချီပြီး အသတ်ခံရကာ နှစ်စဉ် ကျောင်းသားများ၏ အွန်လိုင်းပေါ်မှတစ်ဆင့် လှုပ်ရှားမှုများ ရှိခဲ့သည်။ အစိုးရကလည်း ထိုအရေးအခင်းနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် တောက်လျှောက် ကြိုးစားခဲ့သည်။

တရုတ်နိုင်ငံတွင်Facebook၊ Twitter နှင့် Youtube စသည့် လူမှုရေး Website များကို ပိတ်ပင် တားမြစ်ခဲ့ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ကိုလည်း ယနေ့အထိ ထိန်းချုပ် စောင့်ကြည့်နေ ဆဲဖြစ်သည်။ သန်းရာနှင့် ချီသည့် အင်တာနက် အသုံးပြုသူများသည် အစိုးရ၏စောင့်ကြည့်ခြင်းကို ခံနေရပြီး အချို့မှာ ဆက်သွယ်မှု များကို ဖြတ်တောက် ခံရသည်အထိ ရှိနေခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်ခြင်းကို ‘Great Firewall’ ဆိုသည့် နည်းပညာဖြင့် ထိန်းချုပ်လေ့ ရှိသည်။ တရုတ် မဟာတံတိုင်းကြီးကို ပုံစံယူပြီး ကွန်ပျူတာ Firewall ကို ပြန်လည် တီထွင်ကာ Great Firewall ဖြင့် တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများကို ထိန်းချုပ် သွားမည်ဖြစ်ကြောင်း AFP သတင်းက ဆိုသည်။
The Voice Weekly

Windows RT တက်ဘလက် အမှာနည်းသဖြင့် HTC ပယ်ဖျက်

ထိုင်ဝမ်၊ ဇွန်၂
HTC ကုမ္ပဏီသည် မိုက်ခရိုဆော့ဖ်ထုတ် Windows RT OS ဖြင့် မြင်ကွင်း ကျယ် တက်ဘလက် တစ်မျိုး ထုတ်မည်ဟု ကြေညာထားခဲ့သော်လည်း အမှာစာများ ထင်သလောက် တက်မလာသဖြင့် ထုတ်လုပ်မှုကို ပယ်ဖျက် လိုက်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

Windows RT တက်ဘလက်များသည် ထုတ်လုပ်စရိတ် ကြီးမြင့်ပြီး အမှာနည်းလျှင် အရှုံးပေါ်မည်ဖြစ်ကာ ဈေးကွက် မသေချာသောကြောင့် မစွန့်စားခြင်း ဖြစ်သည်။ ထို့ကြောင့် ၇လက်မ Window 8 တက်ဘလက် ကိုပင် ARM Holdings Plc ပရိုဆက်ဆာဖြင့် ထုတ်လုပ်မည်ဟု ကုမ္ပဏီ က ပြောကြားသည်။

HTC သည် လက်ရှိ အနေအထားတွင် ဈေးကွက်အတွင်း ထုတ်ကုန်များ အရောင်း ကျဆင်းမှုနှင့် ပတ်သက်၍ ရှယ်ယာများလည်း ကျဆင်းလျက် ရှိသည်။ မိုက်ခရိုဆော့ဖ်ထုတ် Windows RT တက်ဘလက်များပင် ထင်သလောက် ဈေးကွက်တွင် ထိုးမဖောက်နိုင်ခဲ့ဘဲ ပြီးခဲ့သည့်အောက်တို ဘာလမှ ယခုနှစ် ဧပြီလအထိ အလုံးရေပေါင်း နှစ်သိန်းခန့် သာ ရောင်းချနိုင်ခဲ့သေးကြောင်း IDC သုတေသနဌာနက ဆိုသည်။

HTC သည် Windows RT တက်ဘလက်များကို မြင်ကွင်း ၁၂ လက်မ ဖြင့်ထုတ်ရန် ကြေညာထားသော်လည်း မြင်ကွင်းကျယ် တက်ဘလက် တစ်လုံး ထုတ်လုပ်ရသည့် စရိတ်မှာ အလွန်ကြီးမြင့်ပြီး မိုက်ခရိုဆော့ဖ်၏ ရောင်းအားအပေါ် သုံးသပ်ကာ ထိုသို့ နောက်ဆုတ်လိုက် ရခြင်း ဖြစ်မည်ဟု IDC က သုံးသပ်ထားသည်။

ယခုနှစ်အတွင်း တက်ဘလက် ကွန်ပျူတာများ ရောင်းအားသည် ၂၂၉ ဒသမ ၃ သန်းခန့် ရှိနိုင်ပြီး ဈေးကွက်၏ ၅၉ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက် ထားနိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တက်ဘလက် ရောင်းအားသည် PC ကွန်ပျူတာများကို လုံးဝ ဖြတ်ကျော်သွားနိုင်ကြောင်း IDC က ဆိုသည်။
The Voice Weekly

အသံထက် ၅ ဆ မြန်တဲ့ လေယာဉ်ပျံ (ရုပ်/သံ)


အမည်သတ်ပေးထားမရှိသေတဲ့ scramjet-powered စက်တပ် အင်ဂျင်း လေယာဉ်တစီကို စမ်သတ်ပျံသန်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ အသံထက် ၅ ဆ မြန်ပါတယ်။ မကြာမီ အချိန်ကာလတခုမှာ အမေရီကန်နိုင်ငံအတွင်းမှာ ပျံသန်းတော့မှာဖြစ်ပါတယ်။
Ref; ABC News

ကျောင်းသူ တစ်ဦးက စက္ကန့် ၂၀ အတွင်းအားပြည့်စေမည့် ဘက်ထရီထွင်

Tuesday, May 21, 2013
Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူ လေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ Young Scientist Award ကိုလည်း ရရှိလိုက်ပါတယ်။

သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်းအားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor လို့ အမည်ပေးထားပြီး အားသိုလောင်သိမ်းဆည်းထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေးငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်း သုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။
Aung Kham (TSJ team)
TechSpace Journal

လူ သန္ဓေသားလောင်း ပုံတူမျိုးပွားပြီ

သန္ဓေသားကို ကလေး ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်
15 မေလ 2013
လွန်ခဲ့တဲ့ ၁၅ နှစ်က ပုံတူ မျိုးပွား နည်းပညာနဲ့ သိုးမလေး ဒေါ်လီကို မွေးထုတ် ခဲ့ပြီးနောက် ဒီနည်းပညာနဲ့ပဲ ပထမဆုံး လူ သန္ဓေသားကို ဖန်တီး နိုင်ခဲ့ပြီလို့ အမေရိကန် သိပ္ပံ ပညာရှင် တစုက ပြောကြား လိုက်ပါတယ်။

သန္ဓေသားလောင်းက အနုဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီသန္ဓေသားကို ကလေး တယောက် ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်ဘူးလို့ သိပ္ပံ ပညာရှင်တွေက သတိထား ပြောနေကြပါတယ်။

ဒီနည်းပညာနဲ့ ဆဲလ်မျိုးစုံ အသွင် ကူးပြောင်းနိုင်တဲ့ ပင်မဆဲလ်တွေ ဖန်တီး ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဒီနည်းနဲ့ ဆေးပညာကို တခေတ်ပြောင်း တော်လှန် နိုင်တော့မယ်လို့ ယုံကြည် မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒီအင်အေ ဖယ်ထားတဲ့ မျိုးဥ ထဲကို အရွယ်ရောက်ပြီးသား ဆဲလ် တခုကနေ ပြောင်းလဲယူခဲ့တယ်လို့ သြရီဂွန် ပြည်နယ်က သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

မအောင်မြင်တဲ့ မျိုးဥတွေကိုသုံးပြီး သန္ဓေသား ပင်မဆဲလ်တွေတည်ဆောက်ဖို့ အသုံးပြုခဲ့ပါတယ်။

ဒီပင်မဆဲလ်တွေကနေ ခန္ဓာကိုယ် အနှံ့အပြားက ဆဲလ်ပေါင်းစုံကို ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

ဒီဆဲလ်တွေကို ပျက်စီးတဲ့ အသားတစ်ရှူးစတွေကို အစားထိုးရာမှာနဲ့ ရောဂါကုသရာတွေမှာ သုံးဖို့လဲတောင်းဆို နေကြပါတယ်။
ဘီဘီစီ

မျက်မမြင်တွေအတွက် စမာ့တ်ဖုန်း

မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
15 ဇူလိုင်လ 2012
မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့်ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို စမာ့တ်ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android စမာ့တ်ဖုန်း တလုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။

မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။
BBC Burmese

နည်းပညာပြပွဲတွင်း အိုင်တီနှင့်ဆက်စပ် ကုမ္ပဏီများ မှ အထူးနှုန်းဖြင့်ေ ရာင်းချမည်

ရန်ကုန် မေ ၉
ရန်ကုန် နည်းပညာပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီများမှ ဈေးလျော့ေ ရာင်းချမည့် အစီအစဉ် ၊ ကံစမ်းမဲအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် Lenovo Notebook ကွန်ပြူတာ တစ်မျိုးအား ပြပွဲရက် အတွင်းအထူးဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Lenovo ၏ အခြားကွန်ပြူတာ အမျိုးအစားဝယ်ယူသူတိုင်းအတွက် ကျပ်သိန်း ၃၅၀ ကျော်ခဲခြစ်ကံစမ်းမဲများ ကံစမ်းနိုင်မည်ဖြစ်သည်။

KMD ကုမ္ပဏီမှလည်း ကွန်ပြူတာ တံဆိပ်မျိုးစုံ ၊ I phone 5 ၊ Macbook Air ၊ Macbook Pro ၊ iMac ၀ယ်ယူသူများအတွက် အထူးလက်ဆောင်များ ထည့်သွင်းရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ထိုပြင် ဂန္ဓမာ ရုံးသုံးစက်လုပ်ငန်း ကုမ္ပဏီ မှလည်း ပြပွဲလာရောက်သူ များအား နေ့စဉ် ညနေ ၃ နာရီတွင် Konica ပရင့်တာ ၄ လုံး ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။၎င်း နည်းပညာပြပွဲအား မေလ ၂၄ ရက်မှ ၂၆ ရက်ထိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

စွန့်ပစ်ပစ္စည်းများ အသုံးပြု လူသုံးကုန်ပစ္စည်းများ တီထွင် ထုတ်လုပ်

မန္တလေး ၊ မေ ၈ ။
စွန့်ပစ်ထားတဲ့ ကော်ဖီမစ်အိတ်ခွံများ၊ပလပ်စတစ်ဘူးခွံများ၊အအေးပိုက်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ပြုလုပ်ထားတဲ့ ပစ္စည်းများကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာက မင်းဧကရီ အိမ်တွင်း စက်မှုလက်မှု သင်တန်း ကျောင်းမှာ တွေ့ခဲ့ရပါတယ်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အဓိကရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ဒီ ပလပ်စတစ်တွေက မြေထဲမြှုပ်ရင်လည်း မြေဆီလွှာထိခိုက်တယ်၊ရေထဲချရင်လည်း ရေ သတ္တဝါတွေထိခိုက်တယ်။ မီးရှို့ရင်လည်း အငွေ့တွေ ရှုမိတဲ့ လူတွေ အတွက် ဆိုကျိုးရှိ တယ်။ဒီလိုအဖက်ဖက်က စဉ်းစားကြည့်ရင်း တွေးရင်းနဲ့ပဲ ကော်ဖီမစ်အိတ်ခွံတွေနဲ့ စလင်းဘက်အိတ်ထိုးဖို့ စိတ်ကူးရခဲ့တယ်။

မင်းကွန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေကနေ ကော်ဖီမစ်အိတ်ခွံတွေ၊ အအေးပိုက်တွေ စုထားပေးဖို့ အကူအ ညီတောင်းပြီး အဲဒီကရတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ စလင်းဘက်အိတ်တို့၊ရေ သန့်ဗူးထည့်တဲ့အိတ်တို့၊ ဖျာတို့ကို ပြုလုပ်ခဲ့တာပါ"လို့ အရောင်းတာဝန်ခံ မယဉ်ယဉ်ထွန်းကပြောပါတယ်။

ပထမဆုံးစပြီး ထိုးခဲ့တဲ့ စလင်းဘက်အိတ်ကို ကော်ဖီမစ် အိတ်ခွံပေါင်း (၆၃၆)လုံး နဲ့ပြုလုပ်ခဲ့ပြီး ဟော်လန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် တစ်ဦး က အမေရိကန်ဒေါ်လာ (၁၀၀) ပေးကာ ဝယ်ယူသွားကြောင်းသိခဲ့ရပါတယ်။အလားတူ စွန့်ပစ် ပစ္စည်းကော်ဖီမစ် အိတ်ဖြင့် ပြုလုပ်ထားတဲ့ဖျာကိုလည်း ပိုလန်နိုင်ငံက ဝယ်ယူရန်အမှာရှိကြောင်းသိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com