http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့် ပက်

Tuesday, 13 August 2013
ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ်သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည်။

အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း
ပြောကြားခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ်သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက "လူနာတွေဟာ လောလောဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါ"ဟု ပြောကြားခဲ့သည်။

ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန်ရာဇဝတ်မှုတစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitter တွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။

မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာလောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ "အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေ"ဟု ထရပ်၏ ဖခင်က ဆိုသည်။

ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော်ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ "မိန်းကလေးတွေနောက်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်"ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်း သည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

မြန်မာသံရုံးဗုံးဖောက်ကြံစည်မှုအတွက် ငွေကြေးရှာပေးသူကို အင်ဒိုရဲဖမ်းဆီး

ဂျာကတာ၊သြဂုတ်(၁၂)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်ရှိ မြန်မာနိုင်ငံသံရုံးအား မအောင်မြင်သောဗုံးဖောက်ခွဲရန် ကြံစည်မှု၏ငွေရှာပေးသူဟု စွပ် စွဲခံထားရသည်ဟုဆိုသော မို ဟာမက်ဆရီဖူဆာဘာနီအား အာဏာပိုင်များက ဖမ်းဆီးလိုက် ကြောင်း သိရသည်။

မကြာသေးမီက ဂျာဗားကျွန်း ဂျော့ဂျကာတာမြို့တွင် ဗုဒ္ဓဘာ သာ ဘုရားကျောင်းတစ်ခုအား ဗုံး ဖောက်ခွဲမှုတွင် ၎င်းပါဝင်ဆက် စပ်မှုရှိ မရှိလည်း စုံစမ်းနေ ကြောင်း သိရသည်။ ၎င်းအား အ ကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လက်ရွေးစင်တပ်မှ ဂျော့ဂျကာ တာရှိ ဟိုတယ်တစ်ခုအနီးမှ ကား ရပ်စခန်းတွင် ဖမ်းမိခဲ့ကြောင်း သိ ရသည်။ မြန်မာသံရုံးဖောက်ခွဲရန် ကြံစည်မှုတွင် သူသည် ငွေကြေးရ ရှိရန် ရန်ပုံငွေရှာဖွေပေးခဲ့ကြောင်း သံသယရှိသူဟု သတ်မှတ်ထား သည်။

ဗုဒ္ဓဘာသာဘုရားကျောင်း ပရိဝုဏ်တစ်ခုအတွင်း ဘုရားဖူး များရှိနေစဉ် ဩဂုတ် ၄ရက်က ပြင်းအားနည်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့ ရာ တစ်ဦးဒဏ်ရာရခဲ့သည်။ ဗုံး ထည့်သောအိတ်အား စစ်ဆေး ရာ ရိုဟင်ဂျာများအတွက် လက် စားချေကြောင်း စာတန်းရေးထား သည်ကို တွေ့ရသည်ဟု ရဲများက ပြောသည်။
Yangon Media Group

စနိုဒင်၏ဖခင်က ရုရှားရှိ သားဖြစ်သူထံ သွားမည်


လန်ဒန် ၊ သြဂုတ်(၁၂)
အမေရိကန်ပြည်ထောင်စု ၏ ထောက်လှမ်းရေးသတင်းများ ကို ဖွင့်ချသူအက်ဒဝပ်စနိုဒင်၏ ဖခင်ဖြစ်သူ လွန်စနိုဒင်သည် ရုရှား နိုင်ငံသို့ သွားရောက်ရန် ဗီဇာရ ရှိပြီဖြစ်သဖြင့် မကြာမီအတွင်း သူ၏သားဖြစ်သူထံ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။

စနိုဒင်၏ဖခင် မစ္စတာစ နိုဒင်က သူ၏သားဖြစ်သူ၏အမှု တွင် မှန်ကန်စွာကျင့်သုံးသည့် တရားစီရင်ရေးစနစ်စီမံပေးပါက သားဖြစ်သူကို ဇာတိနိုင်ငံသို့ ပြန် လာရန်လိုလားကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် သူ၏သား စနို ဒင်သည် ကြီးမားသောစွန့်လွှတ်မှု ဖြင့် အမှန်တရားကို ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု ABC ရုပ်မြင်သံ ကြားတွေ့ဆုံမေးမြန်းခန်းတွင် ဖွင့်ဟခဲ့ကြောင်း သိရသည်။
အက်ဒဝပ်စနိုဒင်သည် ဇွန် ၂၃ရက်တွင် ဟောင်ကောင်မှနေ ၍ မော်စကိုမြို့သို့ ရောက်ရှိခဲ့ ခြင်းဖြစ်သည်။ အက်ဒဝပ်စနိုဒင် သည် အမေရိကန်ပြည်ထောင်စု ၏ တိတ်တဆိတ်ထောက်လှမ်း မှုပြုသည့်အစီအစဉ်ကို ဖော် ကောင်လုပ်ခဲ့သူဖြစ်သည်။ စနိုဒင် သည် မော်စကိုမြို့၏ ရှာရာမီ ယေဗိုလေဆိပ်တွင် ရက်သတ္တငါး ပတ်ကြာ သောင်တင်နေခဲ့သူ ဖြစ်သည်။ လွန်စနိုဒင်၏ ရှေ့နေ ဘရုစ်ဖိန်းသည် အက်ဒဝပ်စနို ဒင်၏ ရုရှားလူမျိုးရှေ့နေနှင့် စကားပြောဆိုခဲ့ပြီး ရုရှားရှေ့နေ အနာတိုလီကူချရီနာက စနိုဒင်မှာ ဘေးကင်းရန်ကင်းရှိနေကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

စနိုဒင်၏ဖခင်ကမူ သား ဖြစ်သူကို အိမ်သို့ပြန်လာစေလို သော်လည်း တရားမျှတသော တရားစီရင်စစ်ဆေးမှုနှင့် တွေ့ ကြုံရခြင်းရှိမရှိအပေါ် စိုးရိမ်ပူပန် မိကြောင်း ပြောကြားခဲ့သည်။
Yangon Media Group

မြန်မာမိန်းကလေးများ ရောင်းစားခံနေရသော ဘ၀မှ လွတ်ကင်းကြပါစေ


ဒိုင်း၊ ဒိုင်း”

လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသောသမီးပျိုတို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်းများ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။
ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။

ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့်အလုပ်လိုက်ရှာဖြစ်သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ်လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက်သာလှ။

အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။

“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင်ကဲ ပြောဖြစ်သည်။

“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။

ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။

ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။

“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။

အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။

ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။

“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။

“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။

အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။

ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။

ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။

“အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။

ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။

ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။

လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲ
တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။

တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။

ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။

ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။

လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။

ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။

ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။

သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။

“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။

အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။

မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။

မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။

ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်။
FB-May Yuya

ကင်တားနား သိစေချင်တဲ့ ချင်းပြည်နယ် အခြေအနေ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (၁၂ သြဂုတ် ၂၀၁၃)
13.08.2013
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ချင်းပြည်နယ်ကို လာရောက်တဲ့အချိန်မှာ ချင်းပြည်သူ လူထုအနေနဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေကို တင်ပြစရာရှိတယ်လို့ ချင်းဒေသဖွံ့ဖြိုးရေး လှုပ်ရှားနေသူ တစ်ဦးက ဆိုပါတယ်။

အဓိကအားဖြင့် ခရစ်ယာန်ဘာသာဝင် ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး ဗုဒ္ဓဘာသာ စေတီပုထိုးတွေ တည်ဆောက်တာမျိုး မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် အဖွဲ့အစည်းရဲ့ ဒုတိယတာဝန်ခံဖြစ်တဲ့ ကိုဆိုင်မွန်က အခုလိုပြောကြားခဲ့တာပါ။

“ကျနော်တို့အခု ချင်းပြည်နယ်မှာ အခုပြဿနာကတော့ လူ့အခွင့်အရေးပိုင်းမှာ ဆိုလို့ရှိရင် ဘာသာရေးပိုင်းပေါ့နော်၊ အခုလောလောဆယ် ဖလမ်းမြို့နယ်မှာပေါ့နော်၊ အခုလောလောဆယ်ကတော့ ဖလမ်းပြည်သူလူထုတွေကတော့ စေတီတွေ မဆောက်ချင်ကြတာ၊ စေတီတွေ မကြိုက်ကြဘူးပေါ့နော်။ ဒါပေမဲ့ အစိုးရကနေပြီးတော့ သူတို့က စေတီတွေ ဘာတွေ လာဆောက်ချင်ကြတာပေါ့နော်။ ပြည်သူလူထုရဲ့ ဆန္ဒကို မကြည့်ဘူး၊ အဲဒီလို ဆိုထားတယ်လို့ ကျနော်တို့ အဲဒီလိုပဲ ကြားတယ်။ နောက်ပြီးတော့ အခု CNF နဲ့ အစိုးရတွေက အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးပြီ။”

“လုပ်ထားသော်ငြားလည်း တခြား ဇိုမီးထဲမှာ ဆိုလို့ရှိရင် တချို့လူတွေက CNF ကို မလိုချင်ဘူး။ ဒေသခံ ဇိုမီးလူထုရဲ့ ဆန္ဒကို နားထောင်ပေးဖို့လည်း လိုတာပေါ့။ အဲဒီလို ဆိုလို့ရှိရင် ညီညွတ်မှု ပိုမိုရှိလာမှာပေါ့နော်။ ဒီလိုနားထောင်လို့ရှိရင်။ အခု မစ္စတာ ကင်တားနား လာမယ် ဆိုလို့ရှိရင် သူက ဘာသာရေး ပိုင်းမှာရော၊ ပြည်သူကြားမှာ စုံစမ်းပြီးတော့မှ အစိုးရဆီမှာ တင်ပြရင် ဘယ်လိုပြောမလဲ သူတို့ရဲ့ ဆန္ဒက အဲဒီလိုပဲ ကျနော်တို့မြင်တယ်။”

အလားတူစွာပဲ ချင်းပြည်နယ် တီးတိန်မြို့နယ် မွဲလ်တောင် နီကယ်သတ္တု စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာကင်တားနားကို တင်ပြလိုတယ်လို့ဆိုပါတယ်။ ဒီစီမံကိန်းဟာ လောလောဆယ်မှာတော့ ချင်းပြည်သူပြည်သားတွေ အတွက် အကျိုးမရှိနိုင်တဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားလာမှ လုပ်ဆောင်သင့်တယ်လို့ ကိုဆိုင်မွန်က အခုလိုဆက်ပြောပါတယ်။

“နီကယ်သတ္ထု စီမံကိန်းနဲ့ ပတ်သက်လို့ မွဲလ်တောင်ပေါ့နော်။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အဲဒီမှာရှိတဲ့ မွဲလ်တောင် ကိစ္စကို ပြည်သူလူထုတွေက အခုလောလောဆယ်မှာ မလုပ်ခိုင်းစေချင်ဘူး။ ဒါပေမဲ့ အစိုးရနဲ့ ကုမ္ပဏီတွေက၊ တရုတ် ကုမ္ပဏီတွေက လက်မှတ်ထိုးပြီးတော့မှ လာလုပ်မယ် ဆိုပြီးတော့ သူတို့က သဘောတူထားတာရှိတယ်။ ဒါပေမဲ့ ချင်းပြည်သူတွေကတော့ အဲဒါလောလောဆယ် မလုပ်ခိုင်းစေချင်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူးပေါ့နော်၊ ပြည်သူလူထုအတွက် အကျိုးမရှိသေးဘူးပေါ့နော်။”

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံ (၇) ကြိမ်မြောက် ပြန်လည်ရောက်ရှိလာ တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မစ္စတာကင်တားနားဟာ ရခိုင်ပြည်နယ်ကို သွားရောက်နေပြီးတော့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုလည်း ကွင်းဆင်း လေ့လာဦးမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ သွားရောက်မယ့် ချင်းပြည်နယ် ခရီးစဉ်ဟာဆိုရင်တော့ မစ္စတာကင်တားနား အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။
မေစန္ဒီ
VOA မြန်မာပိုင်း

ဘောသမားတွေကို အဖွဲ့ချုပ်က ပြစ်ဒဏ်ပေး

နိုင်ငံတကာ စည်းကမ်း ပြစ်ဒဏ်တွေ ကို မြန်မာနဲ့ ကိုက်အောင်ပြင်
13 သြဂုတ်လ 2013
သြဂုတ်လ ၄ ရက် က နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကစားကွင်း ထဲက နေပြည်တော် နဲ့ ရန်ကုန် ကစားပွဲ မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်း ကြောင့် ဆိုင်ရာ အသင်းနဲ့ ကစား သမားတွေကို ဘောလုံး အဖွဲ့ချုပ်က ပြစ်ဒဏ်တွေ ချမှတ် လိုက်ပြီ လို့ သိရပါတယ်။

၂ဝ၁၃ မြန်မာလိဂ် ဘောလုံး ရာသီ နောက်ဆုံး ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရမ်းကားမှုဟာ အတော် ဆိုးရွားလို့ ပထမဆုံး အကြိမ် စုံစမ်း အရေးယူ ရတာ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌဌ ဦးခင်မောင်ထွေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ်တဲ့ စည်းကမ်း ပြစ်ဒဏ်တွေ ကို မြန်မာ့ အနေအထားနဲ့ ကိုက်အောင် ပြင်ဆင် ချမှတ်တဲ့ ပြစ်ဒဏ် တွေကို မဖြစ်မနေ လိုက်နာ ရမှာ ဖြစ်ကြောင်းနဲ့ မကျေနပ်ရင် အယူခံ ဝင်နိုင်တယ် လို့လည်း သိရပါတယ်။

နိုင်ငံတကာမှာ ၄ လ - ၆ လ နားခိုင်းတဲ့ ပြစ်ဒဏ် မျိုးကို တနှစ်မှ (၂၂) ပွဲ ကစား ရတဲ့ မြန်မာ ပြည်မှာ ၄ ပွဲ - ၆ ပွဲ နားခိုင်း တာမျိုးပဲ လုပ်တာပါ။

ပွဲခင်းမှာ ရဲနဲ့ စစ်တပ်လို လုံခြုံရေး မရှိဘဲ အရပ်သား လုံခြုံရေး ပဲ ရှိလို့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့ရတဲ့ အားနည်းချက်ကို ပြင်ဖို့ လိုတယ် လို့လည်း ခင်မောင်ထွေး (ပျဉ်းမနား)က ရှင်းပြပါတယ်။
BBC မြန်မာပိုင်း

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ချိန် သက်တမ်းတိုးရန် ထိုင်းအစိုးရ အတည်ပြု

အင်္ဂါနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၃
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် ဖြစ်လာစေရန် ယာယီ နိုင်ငံကူးလက် မှတ် လျှောက်ထားခွင့်အား ထိုင်းအစိုးရမှ တစ်နှစ်ထပ်မံ သက်တမ်းတိုးပေးလိုက်သည်ဟု ဘန်ကောက် အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား လုပ်ငန်းအဖွဲ့ (Migrant Working Group)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောခူ က Dawei Watch သို့ ပြောကြားသည်။

နှစ်ဆန်းပိုင်းမှစ၍ မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံး ယာယီနိုင်ငံကူးလက်မှတ်ကို အချိန်မီပြုလုပ်ရန် သက်တမ်း ခုနစ်လပေးထားခဲ့ရာ သြဂုတ်လ ၁၁ရက်တွင် အချိန်ပြည့်ခဲ့သော်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်သိန်းခန့် ကျန်ရှိသေးသဖြင့် ပြုလုပ်ချိန် ထပ်မံတိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဝန်ဆောင်မှုပေးနေသည့် ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်သည့် စခန်း ၁၁ ခုအစား ငါးခုသာ ကျန်တော့ မည်ဖြစ်ကြောင်း အလုပ်သမားအများစုရှိသည့် ဒေသများတွင်သာ စခန်းများထားရှိတော့မည်ဟု သိရသည်။

“နယ်စပ်က စခန်းတွေကို ဖျက်သိမ်းပြီးတော့ အတွင်းပိုင်းမှာပဲ ထားမယ်ထင်တယ်”ဟု ဦးစောခူက မှတ်ချက်ပေးသည်။

ဆက်ဖွင့်ထားမည့် စခန်းနေရာ ငါးခုအတွက် နှစ်နိုင်ငံ အစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေကြသော သက်သေအထောက်အထားမဲ့ အလုပ်သမားများအတွက် တစ်နှစ်အတွင်း အလုပ်သမားကတ် နှစ်ကြိမ် လုပ်နိုင်ရန် ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ထိုအလုပ်သမားကတ်သည် ယာယီ နိုင်ငံကူးလက်မှတ် မဟုတ်ဘဲ ထိုင်းအလုပ်သမားရှာဖွေရေးဌာနမှ ထုတ်ပေးသော ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် လက်မှတ်သာဖြစ်ပြီး သက်တမ်းတစ်နှစ်သာ ပေး ထားသည်။

အလုပ်သမားအရေအတွက် လူထုအခြေပြု အဖွဲ့အစည်းများအား အရည်အချင်းမြှင့်တင်မှု သင်တန်းပေးနေသည့် ဒေါက်တာမင်းသော်ထွန်းကလည်း “ခုလည်း တစ်နေ့တခြား နယ်စပ်ဂိတ်တွေကနေ တရားဝင် အနေအထားနဲ့
ပြန်ဝင်လာနေကြတာ ၀င်လာမစဲ တသဲသဲပေါ့”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား သုံးသန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
စိုင်းစိုး (Dawei Watch)
Mizzima - News in Burmese

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုအများအပြား ဖြစ်ပွားနေသဖြင့် လမ်းပေါ်ရှိ စွန့်ပစ်ပစ္စည်း ကောက်သူများကို လိုက်လံဖမ်းဆီး


သင်္ဃန်းကျွန်း မြို့နယ်အတွင်း အသုံးဝင်စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်ယူ နေသူတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)

8/13/2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုဖြစ်စဉ်များ အများအပြား ဖြစ်ပွားနေသည့်အတွက် လျော့ကျစေရန် လမ်းပေါ်ရှိ ကောက်တိုသမားများ (အသုံးဝင် စွန့်ပစ်ပစ္စည်း ကောက်သူ) ကို လိုက်လံဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သြဂုတ် ၁၂ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။


ခိုးမှုများ လျော့နည်းစေရန်အတွက် ယင်းကဲ့သို့ လိုက်လံဖမ်းဆီး စစ်ဆေးနေသည့်အပြင် ပြည်သူများကို ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ရဲတပ်ဖွဲ့မှ လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''တချို့ခိုးမှု ဖြစ်စဉ်တွေမှာ စွန့်ပစ်ပစ္စည်းတွေကို လိုက်လံကောက်နေတဲ့ သူတွေက လစ်ရင် လစ်သလို ကျူးလွန်တဲ့ ဖြစ်စဉ်တွေ ရှိနေတဲ့အတွက် အဲဒီလူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးတယ်။ ပြစ်မှုကျူး လွန်တယ် ဆိုရင်တော့ ဥပဒေအရ အမှုဖွင့်မယ်။ ဘာမှ မဟုတ်ရင်တော့ စည်ပင်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ တရားခံတွေကို ဖော်ထုတ်တဲ့ အခါမှ ရဲတပ်ဖွဲ့ဝင်တွေ တစ်ခုတည်း ဖော်ထုတ်တာထက် ပြည်သူလူထု ပူးပေါင်း ပါဝင်မယ်ဆိုရင်တော့ ပိုပြီးတော့ ထိရောက်ပါမယ်'' ဟု သြဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ် ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

ဖော်ထုတ်ရန် ကျန်ရှိသည့် ဖြစ်စဉ်များမှ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန်အတွက် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် မှုခင်းအကူဌာနတို့ ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုစုစုပေါင်း ၆၂၉ မှုဖြစ်ပွားခဲ့ပြီး ၃၁၄ မှုမှ တရားခံများကို ဖော်ထုတ်ခဲ့ကာ ကျန် ၃၁၅ မှုမှ တရားခံများကို ဖမ်းဆီးရမိရန် စုံစမ်းဆဲသာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လအတွင်း၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှု(စက်ဘီး) ကိုးမှု၊ ခိုး မှု(မဆ) ၂၈မှု၊ ခိုးမှု(ကား) ၃၁မှု၊ ခိုးမှု(နှိုက်) ၄၈ မှု၊ ခိုးမှု(ရိုးရိုး) ၄၇၁ မှု၊ ခိုးမှု(၃၈၂) ၄၂ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Eleven Media Group

ဗုဒ္ဓဘာသာဝင်တို့နှင့် တင်းမာမှု ဖြစ်ပြီးနောက် သီရိလင်္ကာတွင် မွတ်စလင်တို့က ဗလီတစ်ခုပိတ်ရန် သဘောတူ

ကိုလံဘိုမြို့ရှိ တိုက်ခိုက်ခံခဲ့ရသော ဗလီအပြင်တွင် သီရိလင်္ကာရဲများ သြဂုတ် ၁၁ ရက်က ကင်းလှည့်နေစဉ် (Photo: AFP)
Tuesday, 13 August 2013
ဗုဒ္ဓဘာသာဝင်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြို့တော် ကိုလံဘိုရှိ ဗလီအသစ် တစ်လုံးကို ပိတ်ပစ်ရန် သီရိလင်္ကာ နိုင်ငံရှိ မွတ်စလင် ခေါင်းဆောင်များက သြဂုတ် ၁၂ ရက်တွင် သဘောတူ လိုက်ကြောင်း သိရသည်။

မြို့တော် အတွင်းရှိ Grandpass ဗလီအား ပိတ်ပစ်ပြီး အစိုးရ၏ မြို့တော်ဖွံ့ဖြိုးရေး အစီအစဉ်ကြောင့် ဖျက်ပေးရန် ယခင်ညွှန်ကြားချက်တွင် ပါဝင်ခဲ့သည့် ဗလီဟောင်း တစ်ခုသို့ ပြန်လည် ရွှေ့ပြောင်းပေးရန် သဘောတူ ထားပြီးဖြစ်ကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက ထုတ်ပြန် ကြေညာထားသည်။

''ကျွန်တော်တို့ ဗလီနဲ့ပတ်သက်ပြီး မနေ့ညက သဘောတူညီမှု ရခဲ့ပါတယ်'' ဟု မွတ်စလင်ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ အင်န်အမ်အာမန်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

''အစိုးရအနေနဲ့ ဖျက်ပစ်ဖို့ အရင်က ညွှန်ကြားခဲ့ရတဲ့ ဗလီဟောင်းနေရာကို ပြန်ခွင့်ပြုပေးဖို့ အမိန့်ထုတ်ပြန်ပေးမှာ ဖြစ်သလို မြေနေရာနဲ့ ဗလီပြန်လည် ပြုပြင်တည်ဆောက်ဖို့ လိုအပ်တာတွေကိုလည်း ကူညီသွားမယ်လို့ ကတိပေးထားပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ပြဿနာ ဖြစ်ပွားတဲ့ ဗလီသစ်ကို အသုံးပြုမှာ မဟုတ်တော့ပါဘူး'' ဟု အာမန်းက ပြောကြားခဲ့သည်။

သြဂုတ် ၁၀ ရက်က ကိုလံဘိုမြို့ရှိ Grandpass ဧရိယာတွင် ဗုဒ္ဓဘာသာဝင်များ ဦးဆောင်သော လူအုပ်စုများက Grandpass ဗလီသစ် အပါအ၀င် အဆောက်အအုံများအား တိုက်ခိုက်ခဲ့ရာ လူလေးဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ Grandpass ဧရိယာတွင် လုံခြုံရေးထူထပ်စွာ ချထားသော်လည်း သြဂုတ် ၁၁ ရက်နေ့က တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓဘာသာ ဘုရားကျောင်း အနီးတွင် Grandpass ဗလီအသစ်အား လာရောက် ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒေသခံ ဗုဒ္ဓဘာသာများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုကို သြဂုတ် ၁၂ ရက် နံနက်တွင် ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဗလီကို ပိတ်ပစ်ရန် သြဂုတ် ၁၁ ရက်ညတွင် အစိုးရက ကြေညာခဲ့ပြီး ချိန်မှစ၍ အခြေအနေများမှာ တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ် တော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပြဿနာ ပြေလည်စေရေးအတွက် သီရိလင်္ကာ အစိုးရက ဗုဒ္ဓဘာသာနှင့် မွတ်စလင် ခေါင်းဆောင်များအကြား အချိန်အတော်ကြာ ဆွေးနွေးခဲ့ရကြောင်း၊ ယခုဆုံးဖြတ်ချက်သည် နှစ်ဖက်စလုံးအတွက် မျှတသည့် အဖြေတစ်ခု ဖြစ်ကြောင်း နည်းပညာဝန်ကြီး ချန်ပီကာရာနာဝါကာက ပြောကြားသည်။

သီရိလင်္ကာ လူဦးရေသန်း ၂၀ ၏ ၇၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ ၀င်များဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သည် မွတ်စလင်များ ဖြစ်ကြပြီး ဒုတိယ အများဆုံး အုပ်စုဖြစ်သည်။
Eleven Media Grou

တရားဥပဒေစိုးမိုးရေး ကော်မတီ အစီရင်ခံစာ

လယ်ပိုင်ရှင် စိုက်ပျိုးခွင့် နဲ့ ပိုင်ဆိုင်ခွင့်
12 သြဂုတ်လ 2013
၂ဝ၁၂ ခုနှစ် သြဂုတ်လ ၇ ရက် နေ့ က ဖွဲ့စည်း ခဲ့ တဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ကို ဒေါ်အောင်ဆန်း စုကြည် က ဥက္ကဋ္ဌဌ တာဝန် ယူပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်တဲ့ ကော်မတီ ဟာ ပြီးခဲ့တဲ့ ရက် က တနှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် နှစ်ပတ်လည် အစီရင်ခံစာ ကို သြဂုတ်လ ၁၂ ရက် က လွှတ်တော်မှာ တင်သွင်း လိုက် ပါပြီ။

အဆိုပါ အစီရင်ခံစာ ထဲမှာ ဥပမာ အနေနဲ့ ဥပဒေ ရဲ့ အားနည်းချက်ကြောင့် ပြည်သူတွေ နစ်နာမှု ရှိတဲ့ အထဲမှာ လယ်ယာမြေ တွေ ဥပဒေမဲ့ အသိမ်းခံ ရတဲ့ အပြင် လယ်ပိုင်ရှင် ဟာ ကျူးကျော်မှု နဲ့ ပြန်ပြီး တရားစွဲ ခံရပုံ တွေ ရှိလို့ တရားစီရင်ရေး အပိုင်း အနေနဲ့ တာဝန် ရှိတာကို တင် ပြထားတဲ့ အကြောင်း၊ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒီကိစ္စ ကို လွှတ်တော် ဥက္ကဋ္ဌဌ က ကိုယ်စားလှယ်တွေ ကို ဆွေးနွေးဖို့ ဖိတ်ခေါ် ထားတဲ့ အကြောင်း၊ ဒါပေမဲ့ အစိုးရ ဌာန ဆိုင်ရာ က ဘယ်လို ဆောင်ရွက်ပေး မယ် ဆိုတာ ကို တော့ ကြိုတင် ခန့်မှန်း လို့ မရ ပုံ ကို ဦးဝင်းမြင့် က ပြောပါတယ်။

လယ်မြေ ကိစ္စ လွှတ်တော် က ဆုံးဖြတ် ပေးတာ တွေ ရှိပေမယ့် လယ်ပိုင်ရှင် လယ်သမားတွေ လယ်မြေ ပြန်မရတဲ့ အမှုတွေ ရှိဆဲ ဖြစ်ကြောင်း၊ တရားရေး ဝန်ထမ်းတွေ အဂတိ လိုက်စားမှု နဲ့ ပတ်သက်ရင် လူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုပုံ လည်း ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ခြုံငုံ သုံးသပ်ရရင် တရားဥပဒေ စိုးမိုးရေး အပိုင်းမှာ အသင့်အတင့် တိုးတက် လာတာ တွေ့ရပေမယ့် ပ ပျောက် ကင်းစင် တဲ့ အဆင့် မရောက်သေး ကြောင်း၊ လက်ရဲ ဇက်ရဲ လုပ်တဲ့ အပိုင်းတော့ လျော့သွားပုံ ကို ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။
BBC မြန်မာပိုင်း

အသံထက် မြန်တဲ့ ပို့ဆောင်ရေး မိတ်ဆက်

အမေရိကန် ကုဋေကြွယ် သူဌေး Elon Musk
12 သြဂုတ်လ 2013
အသံထက် မြန်တဲ့ ပို့ဆောင်ရေး စနစ်နဲ့ လူတွေကို ပို့ဆောင်မယ့် အစီအစဉ် တခုကို အမေရိကန် တီထွင်သူ နဲ့ ကုဋေကြွယ် သူဌေး Elon Musk က အဆိုပြု လိုက်ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး ပြွန်ခေါင်း ထဲကနေ မီးရှို့ လွှတ်လိုက်မယ့် ဖန်လုံးလို ယာဉ်ထဲမှာ လူတွေ ထိုင်လိုက် နိုင်တဲ့ စနစ်ကို PayPal ငွေကြေး ဝန်ဆောင်မှု နဲ့ လျှပ်စစ်ကား တွေ ဖန်တီး ထုတ်လုပ် ခဲ့တဲ့ Elon Musk က အဆိုပြု တာ ဖြစ်ပါတယ်။

Hyperloop စနစ် အရ Los Angeles နဲ့ San Francisco အကြား နာရီဝက်နဲ့ အရောက် ပို့ဆောင် နိုင်မယ်လို့ ဆိုပါတယ်။

အမြန် နှုန်းမြင့် ရထား စီမံကိန်း တခုကိုလည်း ဒီခရီး အတွက် အဆိုပြု ထားတာ ရှိပါတယ်။ ဒီရထားထက် သူ့နည်းက ပိုပြီး တွက်ခြေကိုက် လျင်မြန်တယ်လို့ မစ္စတာ Musk က ဆိုပါတယ်။
BBC မြန်မာပိုင်း

ဆင်သတ်အစွယ်ဖြတ်ဂိုဏ်း ဖော်ထုတ်ရန်ကြိုးစားသည့် ငပုတောစခန်းမှူးကို ထောင်ဒဏ်အပြစ်ပေး

12 August 2013
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ တရားမ၀င်သစ်ခိုးထုတ်မှုများ၊ ဆင်သတ် ဆင်စွယ်ဖြတ်ဂိုဏ်းများအား ဖော်ထုတ်ရန်အတွက် အေးရှားဝေါလ်ကုမ္ပဏီမှ စိုက်ခင်းအလုပ်သမားသုံးဦးအား ဖမ်းဆီးစစ်ဆေးခဲ့သည့် ငပုတောမြို့မရဲစခန်းမှူးမှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည်။

 ငပုတောမြို့မရဲစခန်းမှူးရဲအုပ်စိုးမင်းသည် တောဆင်ရိုင်းများကို ခေါင်းဖြတ်သတ်ကာ ဆင်နှင့်ပတ်သက်ပစ္စည်းများ၊တရားမ၀င်ရောင်းဝယ်ကာလုပ်ကိုင်နေသည့် ဆင်သတ်ဂိုဏ်းအားဖော်ထုတ်နိုင်ရန် ဒေသခံတို့၏သတင်းပေးချက်အရ အေးရှားဝေါလ်ကုမ္ပဏီမှစိုက်ခင်းအလုပ်သမား(၃)ဦးအား ဖမ်းဆီးစစ်ဆေးရာတွင် ကြမ်းတမ်းစွာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် တိုင်ကြားခံရကာ ဇွန်လ(၂၁)ရက်က ရဲတရားရုံးဖြင့်စစ်ဆေးခံရပြီး ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

“အမာခံသတင်းပေးတွေက သတင်းပေးချက်ကြောင့် ငါးရံ့ချောင်းရွာ(ငပုတောမြို့နယ်)မှာနေတဲ့ မန်းထွန်းအောင်အပါအ၀င် ကုမ္ပဏီဝန်ထမ်းသုံးယောက်ကို ခေါ်ယူစစ်ဆေးခဲ့တာပါ၊ အဲဒီကိစ္စကိုကုမ္ပဏီရဲ့ စိုက်ကွက်မန်နေဂျာဒေါ်ပိုပိုက စစ်ဆေးတာမှာ ရိုက်နှက်တယ်၊ တောစီးဖိနပ်စီးပြီး ခြေထောက်နဲ့မျက်နှာကို ကန်တယ်ဆိုပြီး တိုင်ခဲ့တာကို အခုလိုဆုံးဖြတ်ခဲ့တာ”ဟု ပြစ်ဒဏ်ခံခဲ့ရသူ ရဲအုပ်စိုးမင်း၏ ဇနီးဖြစ်သူမတင်မျိုးမျိုးသိမ့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှပြစ်ဒဏ်ချမှတ်ခြင်း(အရာရှိ)အပိုင်း(၁/ခ)၌လည်း(ပ)၇၃/၂၀၁၃ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ၆(၁)အမှုနှင့် ပတ်သက်၍ စနစ်တကျစုံစမ်းမေးမြန်းခြင်းမရှိဘဲ ရိုက်နှက်စစ်ဆေးခဲ့သော ရဲအုပ် စိုးမင်း(လ/၂၀၅၂၆၈)အား ရှုတ်ချကာရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ကျ ခံစေခဲ့ ခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရသူရဲအုပ်စိုးမင်းအား ထောင်ကြီးချုပ်ဖြင့် ချုပ်နှောင်ထားစဉ် မီဒီယာအချို့မှ သွားရောက်မေးမြန်းရာ ၄င်းမှ ဆင်များအသတ်ခံရခြင်းနှင့်ပတ်သက်၍ ဒဏ်ရာရရှိမှုကို စစ်ဆေးရာတွင် ဆင်သတ်ဂိုဏ်းများသည် ဖောက်ထွင်းဒဏ်ရာရရှိသည့် နေရာအားလှီးဖြတ်၍ ဆင်ကိုပစ်ခတ်ခဲ့သော ကျည်ဆန်ကိုထုတ်ယူကာ ဖျောက်ဖျက်လေ့ရှိကြောင်း၊ ကျည်ဆန်နှင့် သေနတ်ကို ပဲခူးတောင်ငူစသည့် စစ်လက်နက်ထုတ်သည့်နေရာများမှ ငှားရမ်းရယူနိုင်ပြီး ဆင်သတ်မှုတွင် တပ်မတော်သားအချို့ ပါဝင် ပတ်သက်နေသဖြင့် အမှုတွဲမှဖယ်ရှားထားသည်ဟုတ်ဖော်ပြောကြားထားသည်။

ငပုတောမြို့နယ်အတွင်းယမန်နှစ်က ဆင်သတ်ဆင်စွယ်ဖြတ်မှုများကြောင့် ယမန်နှစ်ကဆင်ကိုးကောင်အထိ ခေါင်းဖြတ် အသတ်ခံရသည့်အပြင် ဆင်များမှာလည်း လူနေတောရွာများသို့ဝင်ရောက်ခဲ့သဖြင့်လူ၂၀ထက် မနည်းသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

တောဆင်များကို လိုက်လံသတ်ဖြတ်နေသည့်အဖွဲ့များမှာ ပုသိမ်-မော်တင်ကားလမ်းမကိုအသုံးပြု၍ လနှင့်ချီကာတောတောင်များ ထဲတွင် ရွေ့လျားစခန်းချနေကြောင်း၊ လက်ဆွဲလွှစက်များ (ဟန်းစော/ချိန်းစော)များဖြင့် သစ်ခွဲအဖွဲ့များသည် လည်း ရွေ.လျှားစခန်းချလျှက် သစ်များထုတ်လုပ်နေသည်ကို မြို့နယ်အဆင့်သာရှိသော သစ်တောနှင့်ရဲဝန်ထမ်းများအနေဖြင့် ထိန်းမထားနိုင်ကြောင်း၊ ထို့ကြောင့်မည်သည့်အခါမှ စိုက်မည်မသိသော ရော်ဘာစိုက်ခင်းအမည်ခံကုမ္ပဏီများအား စစ်ဆေးသင့် ကြောင်း ဒေသခံများကလည်း သဘာဝပတ်ဝန်းကျင်နှင့်သစ်တောရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အထိ တိုင်ကြားထားကြောင်း သိရသည်။

 “ဆင်တွေကို စီးပွားဖြစ်လိုက်သတ်နေတဲ့အဖွဲ့တွေက ပရာဒိုလိုကားကောင်းတွေနဲ့ရောက်လာကြပြီး သူတို့လုပ်ငန်း လုပ်မယ့်တောထဲအ၀င်လမ်းတွေကို ရွာသားတွေမ၀င်နိုင်အောင် သစ်ပင်လှဲကြက်ခြေခတ်ထားကြတယ်၊ အဲ့ဒီအမှတ်အသားကို မြင်ရဲ့သားနဲ့ဝင်တဲ့သစ်ခုတ်ဝါးခုတ်ရွာသားတွေကို အသက်အန္တရာယ်ရန်ရှာခံရတာတွေတောင်ရှိတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဆင်နှာမောင်းမှာ တန်ဖိုးရှိပြီးဆင်ခွာကို ဆောင်ထားပါက ပယောဂကင်းကြောင်း၊ ဆင်အရေပြားကိုပြာချပြီး ယားနာကုသရာ၌ အသုံးပြုနိုင်သလို ဆင်မြီး၊ဆင်နားရွက်စသည့်ဆင်တစ်ကောင်လုံးတန်ဖိုးရှိပြီး ဆင်စွယ်မှာ တန်ဖိုးအရှိဆုံးဖြစ်ကြောင်းနှင့် တစ်စုံလျှင်ကာလပေါက်ဈေ ကျပ်သိန်း(၁၀၀၀)ခန့်ရှိနေကြောင်း၊ ငပုတောမြို့နယ်၊ဆင်ဝိုင်းရွာမှဆင်လုပ်သားတစ်ဦးကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မတ်လအတွင်းက ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်လည်း ငပုတောမြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်က တောဆင်ရိုင်းများ လူကိုသတ်နေခြင်းနှင့်ဆင်များကို လူက သတ်နေခြင်းများ ဖြစ်ပေါ်နေသည်ကို အထူးစီမံချက်များဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

“ခေါင်းဖြတ်ခံနေရတဲ့ဆင်ကို တွေ့လို့ အမှုဖွင့်စစ်ဆေးခြင်းတွေ ပြုလုပ်တော့ တောစပ်ရွာအနီးက ပြည်သူတစ်ချို့မှာ ခေါင်းဖြတ်ဆင်သတ်ခြင်းရဲ့ယာယီတရားခံပေါင်းများစွာသာဖြစ်နေပြီး အချုပ်ခန်းထဲသို့ ရောက်ရှိနေကြသည်ကို တွေ့မြင်နေ ရပါသည်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ငပုတောမြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးအေးကြည်က အဆိုတင်သွင်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၂စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ရှားခဲအင်းပြဿနာ၌ ရွာသားနှစ်ဦး သေဆုံး သည်အထိပစ်ခတ်ခဲ့ရာတွင် တာဝန်ရှိသူရဲဝန်ထမ်းများနှင့်ပြီးခဲ့သည့် ဇွန်လအတွင်းက ရွှေထည်ပစ္စည်းများ ပျောက်ရာတွင် မသင်္ကာအမျိုးသမီးတစ်ဦးအား လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးသည်အထိ စစ်ဆေးခဲ့သော ရဲဝန်ထမ်းများကို အရေး ယူခြင်းအား တိတိကျကျမထုတ်ပြန်သေးခင် ဆင်သတ်ဂိုဏ်းဖော်ထုတ်ရန် ကြိုးစားသည့် ရဲအရာရှိ တစ်ဦးကို ပြင်းထန်စွာ အပြစ်ပေးခဲ့သဖြင့် ဆင်သတ်၈ိုဏ်သားများ ပိုမိုလက်ရဲဇက်ရဲဖြစ်လာနိုင်ကြောင်း ငပုတော မြို့ခံအချို့ကဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ(၅၀၀၀)ခန့်သာ ကျန်တော့ပြီး ယခုကဲ့သို့ဆင်များကို စည်းကမ်းမဲ့သတ်ဖြတ် နေမှုကြောင့် မကြာမီမြန်မာ့ဆင်ပျောက်ကွယ်သွားနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း ငပုတောမြို့နယ်မှာ သစ်တောပြုန်းတီးမှုအများဆုံးမြို့နယ်ဖြစ်ပြီး မြို့နယ်အတွင်း သစ်တောမြေ(၄၂၂၁၄၂)ဧကရှိရာ အစိုးရနှင့်ပုဂ္ဂလိကတို့မှ အစားထိုးစိုက်ပျိုးမြေ (၁၃၀၃၃)သာရှိသေးသဖြင့် စုစုပေါင်း စိုက်ပျိုးမြေဧက(၂၄ ဒဿမ ၇၁%)ခန့်သာ အစားထိုးစိုက်ပျိုးနိုင်သေး သောကြောင့် သစ်တောပြုန်းတီးမှုမှာ ၇၅ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မျိုးမင်းထွန်း-ဧရာဝတီတိုင်း
မြစ်မခ

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်

ရန်ကုန် ၊ သြဂုတ် ၁၀
ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ခုန်ချရန် ကြံစည်မှုကို အိမ်ရှင်တိုက်ခန်းသို့ သွားရောက် မေးမြန်းသော်လည်း မပြောကြားလိုကြောင်း အဆိုပါ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို ကယ်ဆယ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခဏတာ ပို့ဆောင်ခဲ့ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးငယ်ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းက အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

စနစ်တကျ ထိုင်၍ လိုက်ပါချင်းမရှိသော ခရီးသွားများ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်

မုံရွာ၊ သြဂုတ် ၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့သို့ နေ့စဉ် ဖြတ်သန်းခုတ်မောင်းလျက်ရှိသော ခင်ဦး - မုံရွာ ခရီးသည် တင် လော်ကယ်ရထားကြီး၌ စီးနင်းလိုက်ပါသော ခရီးသည်အချို့သည် ထိုင်ခုံများပေါ်တွင် စနစ်တကျ လိုက်ပါချင်းမရှိဘဲ ခရီးသည်များအတက်အဆင်းပြုလုပ်သည့် တံခါးမကြီးအ၀၌ ထိုင်၍လိုက်ပါနေသဖြင့် ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဗိုလ်အောင်ဇေယျရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးမှ ပြောကြားသည်။

“ ထိုင်ခုံအလွှတ်တွေ အမြောက်အများရှိတာတောင် စနစ်တကျထိုင်ပြီးမလိုက်ချင်ကျဘူး။ အပေါက်ဝမှာပဲ ဖြစ်သလို ထိုင်ပြီးလိုက်နေကျတာပါ။ အကယ်၍များ လမ်းချော်လို့ ယိမ်းထိုးသွားခဲ့ရင် အဲ့ဒီလို ခရီးသည်တွေအတွက် အလွန်အန္တရာယ် များပါတယ်..” ဟု ၎င်း ရပ်မိရပ်ဖဖြစ်သူမှ ဆက်လက်၍ ပြောပြသည်။

မီးရထားကြီးများ ခုတ်မောင်းသွားလာနေစဉ် စီးနင်းလိုက်ပါသူများသည် ထိုင်ခုံများပေါ်၌ စည်းကမ်းတကျ ထိုင်၍ လိုက်ပါချင်းမျိုးမရှိဘဲ အများသူငှါ အတက်အဆင်းပြုလုပ်သော တံပေါက်အ၀တွင် လိုက်ပါစီးနင်းမှုများကြောင့် မတော်တဆ မှုများဖြစ်ပွားကာ အသက်ဆုံးရှုံးခဲ့ရသော ဖြစ်စဉ်များကိုလည်း သတင်းစာစောင်များနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၌ မကြာ ခဏ ရေးသားဖော်ပြထားသော်လည်း ရထားစီး ခရီးသွားအချို့သည် ယခုထိတိုင်အောင် စနစ်တကျ ထိုင်၍လိုက်ပါခြင်းမရှိ သေးကြောင်း သိရသည်။

“ ခရီးသည်ဘက်က စည်းကမ်းမလိုက်နာတာလား..။ သက်ဆိုင်ရာဘက်က ကြပ်မတ်ဖို့လိုအပ်တာလား..ဒါတော့ အဖြေပေးဖို့ခက်ပါတယ်။ သေခြာတာတစ်ခုကတော့ စီးနင်းလိုက်ပါသူဘက်က မတော်တဆမှုဖြစ်ပွားခဲ့ရင်တော့ တာဝန်ရှိသူ တွေဟာ တာဝန်ပိုပြီး အလုပ်များပြီး ကျန်ခဲ့ရတာပါပဲ..” ဟု မုံရွာ - ခင်ဦး ရထားစီး ခရီးသွား ကျောင်းဆရာ တစ်ဦးမှလည်း မှတ်ချက်ပြု ပြောပြသည်။
မုံရွာ - ခင်ဦး ဒေသများသို့ ကုန်စည်စီးဆင်မှု လျင်မြန်သွက်လက်စေရေးနှင့် ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုများ စရိတ် သက်သာသမျှ သက်သာစေရန်အတွက် စိတ်ရင်းစေတနာမှန်ဖြင့် နေ့စဉ် အချိန်မှန် ပြေးဆွဲပေးနေသော်လည်း စီးနင်း လိုက်ပါသူများသည် မြန်မာ့ မီးရထား ဌာန၏ စိတ်ရင်းစေတနာအား အသိအမှတ်ပြု တုန့်ပြန်သောသဘောဖြင့် တံခါးပေါက်ဝ များတွင် လိုက်ပါစီးခြင်းမပြုဘဲ ထိုင်ခုံများပေါ်၌ စနစ်တကျ ထိုင်၍ လိုက်ပါစေလိုကြောင်း မုံရွာမြို့ခံ မြို့မိ၊မြို့ဖတစ်ဦးမှလည်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
Monywa Times

LG Optimus G Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဖြန့်မည်

သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃
၂၀၁၃ နှစ်ဆန်းပိုင်းက ကိုရီယားနိုင်ငံ မိုဘိုင်းဈေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့သည့် LG Optimus G Pro စမတ်ဖုန်းကို သြဂုတ်လ ဒုတိယအပတ်မှစတင်၍ မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်တွင် စတင်ရောင်းချသွားမည်ဟု LG ကုမ္ပဏီက ပြောသည်။

LG Optimus G Pro သည် မျက်နှာပြင်အကျယ် ငါးလက်မကျယ်ဝန်းပြီး အလွန်မြန်ဆန်သော 1.7 GHz Quad-core CPU နှင့် 320 GPU ပါဝင်သည့် Qualcomm Snapdragon 600 Processor ကို တပ်ဆင်ပေး ထားသည်။ ထို့ပြင် အရည်အသွေးမြင့် Resolution 1920-1080 pixel ရှိသောကြောင့် ကြည်လင်သည့် ရုပ်ထွက်ကို ရရှိနိုင်မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော Hardware features များနှင့်အတူ ထူးခြားသော Features များလည်း ပါဝင်သည်။ ကင်မရာပိုင်းတွင်လည်း 13.0 MP ကင်မရာ တစ်လုံးနှင့် ရှေ့ကင်မရာ 2.1MP ဖြစ်သည်။

Smart Video တွင်လည်း ကြည့်ရှုသူ၏ မျက်လုံးအနေအထားကို မှတ်မိနိုင်ပြီး အသုံးပြုသူက Video ကို နှိပ်ဖွင့်လုပ်ရန် မလိုဘဲ အလိုအလျောက်ဖွင့်ပေးခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

LG Optimus G Pro သည် ဇွန်လအတွင်းက ဟောင်ကောင်တွင် စတင်၍ ပွဲဦးထွက်ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ အိန်္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတွင်လည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုကို
Mizzima - News in Burmese

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်

Friday, August 9, 2013
''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။

''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။

အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။
မြ၀တီ

အပြောင်းအလဲ ဦးဆောင်သူများ ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ကြောင်း ပြဖို့လို - မင်းကိုနိုင်

၈လေးလုံး ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
08.08.2013
မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ် လက်နက်တွေနဲ့ခြိမ်းခြောက်တာကို မကြောက်ရွံ့သလို စစ် အာဏာရှင် လက်ထက် ထောင်သွင်း အကျဉ်းချပီး ခြိမ်းခြောက်ခဲ့တာတွေကို မတုန်လှုပ်ဘူးဆိုတာ ၂၅ နှစ်လုံးလုံး ပြသခဲ့ ပြီး ဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ကပြော လိုက်ပါတယ်။ ရန်ကုန် MCC Convention Center မှာ လုပ်တဲ့ ဒီကနေ့ ၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို အာဏာရကြံ့ခိုင်ရေးပါတီက ဒုတိယဥက္ကဋ္ဌဦးဌေးဦး တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး စုစုပေါင်း တစ်သောင်းဝန်းကျင်လောက်အထိ တက်ရောက်ခဲ့ကြပါတယ်။ MCCကို သွားရောက်ပြီးတော့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေး မှာဖြစ်ပါတယ်။

ရန်ကုန်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားရဲ့ နောက်ဆုံးနေ့ကို ဒီ ကနေ့ သြဂုတ်လ ၈ ရက်နေ့ မှာ ဆက်ပြီး ကျင်းပနေတာဖြစ်ပါတယ်။ သမိုင်းကို ကြာကြာ ပုံဖျက်ထားလို့ မရပဲ တနေ့နေ့ တစ်ချိန်ချိန် မှာတော့ ဖြစ်ရပ်မှန် အနေနဲ့ ပြန်ပေါ်လာမယ်ဆိုတာ ဒီကနေ့၈ လေးလုံးပွဲမှာ သက်သေပြ လိုက်တာလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

၁၉၈၈ ကနေ စပြီး ရေတွက်ရင် ၂၅နှစ် တောင် ရှိခဲ့ပြီဖြစ်ပေမဲ့  တိုင်းပြည်ရဲ့ လူထုကြားမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်နေတာကို ယုံကြည်ချင် တယ်လို့လည်း သူကပြောပါတယ်။  အခုပြောင်းနေတဲ့ အသွင် ကူးပြောင်းရေးဖြစ်စဉ်တွေ မှာ ပါဝင်နေတဲ့ လူတွေက ဒီမိုကရေစီ ဘက်တော်သားဆိုတာကို ပိုပြီး ပြသရာရောက်အောင် လုပ်စေချင်တယ်လို့ မင်းကိုနိုင် က ပြောလိုက်ပါတယ်။

"ဒီမိုကရေစီကို တချိန်က မယုံကြည်လို့ပဲဖြစ်စေ၊ အကြောင်းကြောင်းပဲဖြစ်စေ၊ မလိုက်နာမကျင့်သုံးနိုင်ခဲ့တဲ့၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကလည်း၊ ဒီကနေ့ ကျနော်တို့ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ အတူ ချီတက်ဖို့ ပြင်ဆင်နေ တာ၊ ကြွေးကြော်နေတာတွေ တွေ့ပါတယ်။ ကျနော်တို့ ယုံကြည်ချင်ပါတယ်။ကျနော်တို့ တနိုင်ငံတည်းသားချင်း၊ တမိသားစုတည်း သားချင်း၊  သံသယတွေနဲ့ မပူလောင်ချင်ပါဘူး။ အဲ့ဒီ့တော့ ကျနော်တို့ ယုံယုံကြည်ကြည် လက်တွဲလို့ရအောင်၊ အဲ့ဒီ့အဖွဲ့အစည်းတွေရဲ့ အတွေးအကြံ၊ အကျင့်တွေ အားလုံးဟာလည်း သံသယကင်းလောက်အောင် ရှင်းလင်းပြီးတော့ ဒီမိုကရေစီ ဘက်တော်သားစစ်စစ်ဖြစ်တယ်ဆိုတာကို ပိုပြီးတော့ ပြပေးဖို့ လိုအပ်နေပါပြီ။"

မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကိုလည်း အမြန်ရပ်နိုင်ဖို့ ဒီ ကနေ့ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။ ၈လေးလုံး ငွေရတုအခမ်းအနား မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ ၈၈ ဂုဏ်ပြု အမှတ်တရ မိန့်ခွန်းတရပ်ကိုလည်း ပြောခဲ့ပါတယ်။ ၈၈ မှာ ကျဆုံးသွားခဲ့တဲ့ လူတွေကို သူမအနေနဲ့ အသိအမှတ်ပြု လေးစားကြောင်းကိုလည်း မိန့်ခွန်းနောက်ဆုံးပိုင်း မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။

"၈လေးလုံး အရေးတော်ပုံကာလ၊ ပြောချင်တာက ၈၈ တင်မဟုတ်ဘူး ဒီ၂၅နှစ် အတွင်းမှာ သစ္စာရှိရှိနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်၊ လှုပ်ရှားခဲ့သူများ၊ အထူးသဖြင့် လမ်းမဆုံးခင်မှာ ကျဆုံးခဲ့သူများ၊ အားလုံးကို ကျေးဇူးတင်တယ်လို့ ကျမပြောချင်ပါတယ်။"

သမိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါမှာ မကောင်းတာတွေ ထားခဲ့ပြီးတော့ ကောင်းတာတွေပဲ အတုယူဖို့၊ သမိုင်းအသစ်ကနေ လမ်းကြောင်း သစ်ဖောက်ဖို့ လိုတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

"အရေးတော်ပုံကြီးက နှစ်ခုဖြတ်ပြီးပြီ။ ကျနော်တို့ ၈၈အရေးတော်ပုံက ၂၅နှစ်တိုင်ခဲ့ပြီ။ အဲ့ဒီ့မတိုင်ခင်ကတော့ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အခွင့်အရေးဟာ မရသေးဘူး။ အဲ့တော့ လမ်းစ ရေးရေးလေးတော့ မြင်ပြီပေါ့ဗျာ။ ဆိုတော့ ကျနော်တို့က သမိုင်းတခုကိုဖြတ်သန်းတဲ့အခါမှာ အပြစ်ဖို့တာတွေ လည်းရှိမယ်။ အတုယူတာတွေလည်းရှိမယ်။ သံဝေဂယူစရာတွေ လည်း ရှိမယ်။ အဲ့ဒီ့အထဲကမှ ကျနော်တို့က ကောင်းတဲ့ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာ အရ ကျနော်တို့က ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ရမယ်။ မှတ်တမ်းအဖြစ် သမိုင်းတွင်အောင်လို့ ဂုဏ်ပြုသင့်တာကို ဂုဏ်ပြုရမယ်။ အပြစ်ရှိခဲ့တယ် ဆိုတာကိုလည်း အပြစ်ရှိအောင် ဝန်ခံပေးရမယ်။"

၈ လေးလုံး အရေးတော်ပုံအပြီး စစ်အစိုးရကိုလက်နက်ကိုင်တော်လှန် ခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော်ကလည်း ပြည်ထောင်စုစစ်စစ် ပုံဖော်နိုင်ဖို့ ငြိမ်းချမ်းရေး ရဖို့ သူတို့ အနေနဲ့ အသင့် ရှိနေပြီလို့ ပြောပါတယ်။

"ကျနော်တို့တိုင်းပြည်က ရှေ့လျောက်သွားနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ပေါ်ထွန်းရေး၊ အဲ့ဒီ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း လူသားအားလုံးအတွက်၊ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အာမခံချက်ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ကို ရှိရမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရပါမယ်။ အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အဲ့ဒီ့ကနေမှတဆင့် ကျနော်တို့အားလုံး လိုက်ပါနိုင်မယ့် တိုင်းပြည်အနာဂတ်အရေးကို တကယ့် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအနေနဲ့ နေနိုင်မယ့် တိုင်းပြည်တခုကို တည်ဆောက်ဖို့အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တရပ်ကနေ ကျနော်တို့ရှေ့လျောက်သွားဖို့ ရည်မှန်းချက် ထားထားပါတယ်။"

အခုပြောခဲ့တာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ကျောင်းသားတပ်မတော်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဆန်နီပြောခဲ့တာဖြစ်ပါတယ်။

၈၈ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားကို ၂၅နှစ်ကြာ ဒီမိုကရေစီ တိုက်ပွဲကြီးမှာ ကွဲကွာသွားခဲ့ရတဲ့ ပြည်တွင်း ပြည်ပအခြစိုက် အဖွဲ့အစည်း ၆၀ ကျော်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

လူပေါင်း ၁၀၀၀၀ နီးပါး တက်ရောက်ခဲ့တဲ့ ၈၈ လေးလုံး ငွေရတု အခမ်းအနားမှာ တက်ရောက်လာခဲ့တဲ့ ပြည်သူတွေ က အခုလို ပွင့်လင်းမြင်သာမှုရှိရှိ ၈ လေးလုံး အခမ်းအနား ကို ကျင်းပခွင့် ရလို့ ၀မ်းသာတယ်ဆိုပြီး ပြောဆိုမှု တွေ လည်း ဒီကနေ့မှာ ကြားခဲ့ရပါတယ်။ ရန်ကုန်မှာလုပ်တဲ့ ၈၈ ငွေရတုပွဲ ဆွေးနွေးပွဲတွေရဲ့ အချုပ်အားဖြင့် အချက်သုံးချက်ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးညီလာခံတရပ် ကိုလည်း အမြန်ဆုံး ကျင်းပရေးတို့ဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
ဗွီအိုအေ (မြန်မာပိုင်း)

ငှက်ဖျား ကာကွယ်ဆေးသစ် စမ်းသပ်အောင်မြင်

09.08.2013
ငှက်ဖျားရောဂါ စမ်းသပ်စစ်ဆေးမှုတွေမှာ  မိမိဆန္ဒအလျှောက်ပါဝင်သူတွေနဲ့ စမ်းသပ်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးတမျိုးဟာ အောင်မြင်မှု ရှိတာတွေ့ရတယ်လို့  အမေရိကန်သုတေသီတွေက ပြောပါတယ်။  ဒီ ငှက်ဖျားရောဂါကာကွယ်ဆေး စိတ်ချရတာကို အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစံနစ်မှာ တုန့်ပြန်တာကိုတွေ့ရှိခဲ့ပြီး  ကျန်းမာတဲ့ လူကြီးတွေအတွက် ငှက်ဖျားရောဂါကို  ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုး ကူးစက်တာ ခံရတဲ့ ခြင်ကိုက် လို့ ဖြစ်ရတဲ့ ရောဂါပါ။  အခု ကာကွယ်ဆေးဟာ ဒီရောဂါပိုးကို သူ့ရဲ့ အကောင်ပေါက် ဘဝမှာတင် အားအင်ချိနဲ့အောင်လုပ်နိုင်တာပါ။
နောက်ထပ် ငှက်ဖျားရောဂါပိုး အမျိုးအစားတွေ အတွက် တိုက်ခိုက်ချေဖျက်နိုင် တဲ့ ကာကွယ်ဆေးတွေ ရဖို့  စမ်းသပ်မှုတွေ ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်တဲ့ အပြင်  ကာကွယ်ဆေးပေးဖို့ လိုအပ်တဲ့ ဆေးပမာဏနဲ့ ကာကွယ်ဆေး အကျိုးသက်ရောက်စေမယ့် အချိန်အတိုင်းအတာ စတာတွေကိုပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါဟာ အာဖရိကဒေသမှာ နေထိုင်တဲ့ ကလေးငယ်တွေကို သေဆုံးမှု အများဆုံးဖြစ်စေတဲ ရောဂါတခုဖြစ်ပြီး  တနှစ်တနှစ်ကို လူပေါင်း ၈ သိန်းလောက် ဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။  အာဖရိကတိုက်က ဆာဟာရအောက်ပိုင်း ဒေသမှာ ရှိတဲ့ ကလေးငယ်တွေဟာ တမိနစ်ကို တယောက်နှုံး  ငှက်ဖျားရောဂါနဲ့ သေဆုံးနေတယ်လို့လည်း  WHO က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

 (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
9.8.2013
အရှင်ဘုရား…
အရှင်ဘုရားရေးတဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကိုဖတ်ပြီး စိတ်အား ထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့ မိပါတယ်ဘုရား၊ အချစ်ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင်ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော် မူပါဘုရား။

မယမင်းဇော်၊ ဒုတိယနှစ် -သတ္တဗေဒ
မယမင်းဇော်..
မယမင်းဇော်က "အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။

"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။

"ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။


"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လို အကုသိုလ်ကံကြောင့် အချစ်ကံခေရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပြန်ဖတ်ကြည့် စေချင်ပါတယ်။)


လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံမရှိလို့မဟုတ်ပါဘူး၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝမကြုံတွေ့ရပါဘူး။ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့်အလုပ်ကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့အလုပ်ပါပဲ။


အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။ "အတိတ်က" ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ ပိုင်းအတိတ်တွေလည်း ပါဝင်တတ်ပါတယ်။


အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေး ဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
အချစ်ကံမခေစေချင်ဘူး၊ အချစ်ကံကောင်းချင်တယ်ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့လိုအပ်ပါတယ်။ ကိုယ့်မှာ "ချစ်တယ်" လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။


တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ကိုယ့်အပေါ် ကြွေသွားအောင် စတာ နောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကို ခံစားသွားရအောင် ကလိတာ၊ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ရှုပ်တာမျိုး၊ ရည်းစားတွေ ထည်လဲတွဲပြီး အပျော်ကြံတာမျိုး၊ "ပုံလာလာပြောတိုင်းယုံ" တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ "မဆွတ်ခင်က ညွတ်ချင်" နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံကြံတာမျိုး၊ တစ်သက်သာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် "စားပြီးနားမလည်" မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး… စတဲ့..စတဲ့ "အချစ်သူခိုး" အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ ဒါတွေဟာ အိမ်ထောင် မကျသေးသူ လူပျို၊ အပျိုတွေအတွက် ပြောတာပါ။


အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော့ အခုပြောခဲ့တဲ့ အချစ်ရေးဖောက်ပြန်ခြင်းကိုသာမက အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုပါ ရှောင်ကြဉ်နိုင်ရပါမယ်။ တရားဝင်ထိမ်းမြားလက်ထပ်ထားတဲ့ ကာမပိုင် ပုဂ္ဂိုလ်ကလွဲရင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမှု၊ အပျော်အပါးလိုက်စားမှုမပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။


ကာမေသုမိစ္ဆာစာရကံ (ကာမဂုဏ်မှားယွင်းမှုကံ)နဲ့ ပရဒါရကံ (သူတစ်ပါးသားမယား ပြစ်မှားမှုကံ)ကို ကိုယ်နဲ့၊ နှုတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ အချစ်ကံကောင်းလေပါပဲ။
အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း၊ သို့မဟုတ် ချစ်သ၀န် ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုစိတ်ဖြစ်ပြီး " ဟိုလူ့ကိုမချစ်ရ၊ ဒီလူ့ကိုမခင်ရ၊ ဘယ်သူနဲ့ မပေါင်းရ၊ ဘယ်ဝါနဲ့ မပတ်သက်ရ" လို့ မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူး စုဆောင်းနေတာပါပဲ။


တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်တစ်ဖက်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာ နဲ့ပဲ "တခြားဘယ်သူ့ကိုမှ မချစ်ရဘူး၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ်" ဆိုတဲ့ စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။


"အလှဝန်တို၊ မငြင်ငြိုနှင့်" ဆိုတဲ့ ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင်း ပြောရရင် "အချစ်ဝန်တို မငြင်ငြိုနှင့်" လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ်၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ်၊ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ်စိတ်နဲ့ကိုယ် ချစ်နေကြတာ ကိုယ်က ကြားထဲကနေ အလကားနေရင်း မနာလို ၀န်တိုဖြစ်ပြီး ချစ်ခြင်းကို သွားခွဲရင် သူတို့ချစ်ခြင်းကွဲကွဲ၊ မကွဲကွဲ ကိုယ့်နှလုံးသားထဲမှာတော့ "အချစ်ကံမွဲဆေး " ဖော်စပ်ပြီးသားဖြစ်သွားပါပြီ။


"ချစ်ခြင်းကိုမခွဲပါနဲ့" ဆိုတဲ့ ၀စီသုစရိုက်သိက္ခာပုဒ်(ပိသုဏ၀ါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့ဒကာ၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ ဆွေမျိုးသွေးသားအချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း၊ ဘယ်လိုချစ်ခင်ကြသူအချင်းချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပဲ။ ဒါဟာ သေချာတဲ့ ကမ္မနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို အကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ မနေရ၊ မိဘမေတ္တာဆိုတာကို ခံစားခွင့်မကြုံ၊ ညီအစ်ကို မောင်နှမအချင်းချင်း မတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်းဆွေကောင်းမပီသ၊ ဒါတွေ အားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ။


"ကိုယ်လိုချင်တာ … အချုပ်အနှောင်မဲ့အချစ်များ" ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ် ကင်းတဲ့၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်းမေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင် ကြည်နူးခွင့်ရမှာမို့ သူတစ်ပါးအပေါ် အဓိပ္ပါယ်မဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ စိတ်ယုတ်စိတ်ပုတ် ကို နှင်ထုတ်ဖယ်ရှားပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။


ရှောင်စရာအဆိုးကံတွေ အထိုက်အလျောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။ အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်း ပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။.

မေတ္တာက "ပွားမေတ္တာ" နဲ့ "ထားမေတ္တာ" လို့ နှစ်မျိုးရှိပါတယ်။ "ကျန်းမာချမ်းသာကြပါစေ" လို့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထုတ်ပြီး မေတ္တာပို့သနေတာကို "ပွားမေတ္တာ" လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက်၊ ၀စီကံမြောက် နှုတ်ထိပါးစပ် ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို "ထားမေတ္တာ" လို့ခေါ်ပါတယ်။
ပွားမေတ္တာရော၊ ထားမေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာထက် ထားမေတ္တာက ပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက၊ သို့မဟုတ် နှုတ်က "ကျန်းမာချမ်းသာကြပါစေ" လို့ တဖွဖွ မေတ္တာပို့သနေပေမယ့်၊ တကယ့်လက်တွေ့ဘ၀မှာ သူတစ်ပါး စိတ်ဆင်းရဲစေမယ့် အပြောအဆို၊ အပြုအမူတွေ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို၊ အပြုအမူတွေ ပြောဆို ပြုမူနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထား၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။


"ကျွန်တော်/ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာထားနိုင် ပါတယ် " လို့ စကားတွေ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေးကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲ ပြော၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့ သူတွေဟာ ပစ္စုပ္ပန်ဘ၀မှာရော၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူမရှိ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီး ၀မ်းနည်းအားငယ်နေရမှာပါ။


မေတ္တာတရားကို "လူချစ်ဆေး၊ နတ်ချစ်ဆေး" လို့ ပြောတာဟာ မေတ္တာပို့သရုံသက်သက် "တစ်ခြမ်းပဲ့မေတ္တာသမား" တွေအတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း မေတ္တာပို့သ၊ တစ်ဖက်ကလည်း လိုသူ၊ မလိုသူ မခွဲခြားဘဲ အလွှာမရွေး၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နှုတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ "အပြည့်အ၀မေတ္တာသမား"တွေ၊ "တင်းပြည့်မေတ္တာ သမား" တွေအတွက် ပြောတာပါ။


ပွားမေတ္တာသက်သက်နဲ့တော့ …လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး၊ ပွားမေတ္တာရော ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုရမယ်…လို့ ဆိုလိုပါတယ်။


သီးခြားထိုင်ရင်းပဲဖြစ်ဖြစ်၊ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် "သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ" လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တိုင်းလည်း အေးမြတဲ့ ရေကို သက်သေထား အာရုံပြုပြီး "သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ" လို့ အထပ်ထပ် မေတ္တာပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ၊ ကိုယ့်အလုပ်နဲ့ ပတ်သက် ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင်း မေတ္တာပို့သပါ။ အခြေအနေအမျိုးမျိုးမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် အခါခါ မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် "ပွားမေတ္တာနဲ့ " ပြည့်စုံပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ "မေတ္တသုတ်" တရားတော်ကို နေ့စဉ်ဝတ် ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူဇော်သွားမယ်ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင်၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။


"နတ်များချစ်ဆေး၊ ဘေးရန်ဝေးသော၊ ယဉ်ကျေးမန္တန်၊ ဂါထာပျံကို၊ ရွတ်အံသရဇ္ဈာယ်ကြကုန်လော့" … တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေ ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ္ပါယ်သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖို့တော့ အရေးကြီး တာပေါ့လေ။
မေတ္တသုတ်ရွတ်ရုံ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး၊ အများ ကောင်းကျိုးကို ကိုယ်နဲ့၊ နှုတ်နဲ့ လက်တွေ့ဆောင်ရွက်ပေးပါ။ "ကောင်းကွက်ကိုရှာ..မေတ္တာ" ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲပြော၊ အကောင်းမြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင် "ထားမေတ္တာ" နဲ့ ပြည့်စုံပါပြီ။


တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသောအကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တားနိုင်တာ မှတ်လို့…။


သိပ်လိုအပ်လာတဲ့အခါ .... ကိုယ်ထားရှိခဲ့တဲ့ မေတ္တာတရားကို သစ္စာစကားအဖြစ် ပြောင်းလဲ လိုက်မယ်ဆိုရင်လည်း မေတ္တာပန်းတွေ ပျံသန်းဆိုက်ရောက်လာပါလိမ့်မယ်။
"ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
"ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံးအပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
စသည်အားဖြင့် ကိုယ်ဆိုတတ်သလို၊ ကိုယ်ဆိုချင်သလို ဆိုပြီး..
"… ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်း များစွာ ပြန်ချစ်ပါစေသတည်း "
" …ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် သူတစ်ပါး အားကျရလောက်အောင် အချစ်ကံကောင်းသူဖြစ်ပါစေသတည်း "
စသည်အားဖြင့် ကိုယ်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ့်ဆုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတိပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ ကိုယ့်အကျိုး လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။

ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့ မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အဓိပ္ပါယ်မဲ့ ဆရာလုပ်တာတွေ၊ လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာတွေ၊ ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့ တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့က တော့ အဲဒီသစ္စာ စွမ်းမှာ မဟုတ်ပါဘူး။


ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကို အ၀င်တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရ ရှာပါတယ်။


အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွ လာတော့ ယောက်မက ဆွမ်းလောင်းပြီး "ဒီလို အမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင် ရပါစေ " လို့ ဆုတောင်းလိုက်တာကို ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေ သွန်ပစ်ပြီး ရွှံ့ ညွန်တွေ အပြည့် ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း တွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။
"ယောကျာ်းမရတော့မယ့်အတူတူ မထူးဘူး" ဆိုပြီ လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။


အဲဒီအချိန်မှာပဲ ပထမဆုံး လက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်က စန္ဒကူးနံ့သာ နံ့တွေ သင်းပျံ့ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့နေပါတယ်။


ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဌေးသမီး အချစ်ကံကောင်းလာ ခဲ့ရတာပါ။ "နံ့သာခင်" "ရှင်မွှေးလွန်း" သူဌေးသမီးကို သူဌေးသားက ချစ်လိုက်တာ တုန်နေတာပါပဲ။ (ခန္ဓာကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့ မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်း သွားတာလို့လည်း ပြောနိုင်ပါတယ်။) ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ် ကံကောင်းဦးမှာလဲ။


အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီးအနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝထ္ထုလေး အသေးစိတ်ပြောပြပြီး ၀ထ္ထုအကြောင်းကို ဆင်ခြင်ရင်း အိမ်က ဘုရားမှာရော၊ ရွှေတိဂုံ ဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့ အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကို သိပ်ချစ်၊ သိပ်မြတ်နိုး၊ သိပ်တန်ဖိုး ထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့ စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)


ရွှေသင်္ကန်းအလှူနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နံ့သာအလှူနဲ့ ဆေးအလှူက လည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ၊ ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ " ကိုယ်ချစ် ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း" ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရား၊ ဆေးဝါးရဲ့ အာနိသင်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျ ပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို ဆေးကြောင့် သေဘေးက လွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ…။ ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အရာ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ…။ ဒီတော့ မွှေးရနံ့အလှူနဲ့ ဆေးအလှူဟာ အချစ်ကံကောင်းစေတဲ့ အကောင်းကံတွေပဲပေါ့။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ "ရောဟိနီ" မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ္ဓါရဲ့ လမ်းညွှန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ ရတဲ့ငွေနဲ့ နှစ်ထပ် ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း…စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်းပျောက် ၊ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာမှာ နတ်သမီးလေး သွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းချစ်သွားတဲ့အတွက် သူရထိုက်တယ်၊ ငါရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး..
"အသင်နတ်သားတို့..၊ ရောဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရ ပါသလဲ "
လို့ နတ်သားလေးဦးကို မေးလိုက်ပါတယ်။
" သူ့ကို မြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက်၊ ထရခက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေရပါတယ်"
" ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ် "
" ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို အပြင်ဘက် ပြူးထွက် နေပါပြီ "
" ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ် နေခဲ့ရပါပြီ "
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တွေကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက..
" အသင်နတ်သားတို့ရဲ့ အချစ်ခံစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမယ့် ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှမရရင်.. သူ့ကိုမှမရရင်.. ဘယ်..ဘယ်လိုမှ…အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး..သူနဲ့သာ..အတူမနေရရင်..သေ.. သေရပါ လိမ့်မယ်..အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ..ရောဟိနီကိုရမှ.. ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ.." လို့ ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။


" အသင်သိကြားမင်းကြီး ဒီလောက်တောင်ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ်၊ ကျွန်တော်မျိုးတို့ လေးဦး ရောဟိနီကို စွန့် လွှတ်လိုက်ပါပြီ "
ရောဟိနီကို သိကြားမင်းကြီးချစ်လိုက်ပုံများ..အရာရာ " နီ့သဘော" …" နီ့သဘော" နဲ့ပါပဲ။ ဘယ်သွားချင်လဲ…နီ့သဘော၊ ဘာလုပ်ချင်သလဲ..နီ့သဘော..၊ " အရာရာ..မင်းပါ..နီ" ..။
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကိစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေ တတ်ပါတယ်။

နောက်ဆုံးတော့ မယမင်းရယ်..၊ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား " ဆိုတဲ့ ဗုဒ္ဓအဆုံးအမအတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်မယ်၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာ အကောင်းဆုံး နိဗ္ဗာန်အနှစ်ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်..အရေးအကြီးဆုံးလို့ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ..။
" အချစ်ကံကောင်းချင်ရင်..ချစ်အောင်နေပါ၊ မုန်းအောင်မလုပ်ပါနဲ့…လို့။"
ဒါပါပဲ….။
ကိုထွန်းဝေ


သပိတ်ကော်မတီက ကန့်ကွက်ခဲ့ဖူးတယ်

ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်အစိုးရက သရုပ်ဖျက်ပြီးပုတ်ခတ်ပြောဆိုတဲ့ စကား တွေထဲမှာ 'မင်းမဲ့စရိုက်နဲ့ အကြမ်း ဖက် ဆူပူသောင်းကျန်းမှု' ဆိုတာမျိုး လည်း ပါတတ်ပါတယ်။ အဲဒီစကားလုံး တွေ အတွက် ဥပမာ ထုတ်ပြတဲ့အခါ မှာလည်း 'ခေါင်းဖြတ်သတ်မှု' ဆိုတာ တွေနဲ့ ပုံကြီးချဲ့ပြီး ပြောလေ့ရှိတယ်။ သူတို့ ပြောပုံအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မဆလ စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားတောင်းဆိုမှု လူထုအရေးေ တာ် ပုံ မဟုတ်တော့ဘဲ ပရမ်းပတာ၊ စည်းမဲ့ ကမ်းမဲ့ အကြမ်းဖက်ဆူ ပူသောင်းကျန်းမှု ရယ်လို့ မသိမီလိုက်တဲ့ နောက်မျိုးဆက် တွေက ထင်မှတ်စရာ ဖြစ်လာစေပါ တယ်။

၁၉၈၈ မတ်လကနေ စက်တင်ဘာ လ ၁၈ ရက်၊ စစ်တပ်က အာဏာသိမ်း ပြီးစကာလအထိ ပြည်သူလူထုဘက်က သေဆုံးခဲ့သူတွေရဲ့ စာရင်းကို စစ်အစိုး ရဘက်က ထုတ်ပြန်ခဲ့တာလေးပဲ ကိုး ကားပြချင်ပါတယ်။ ဒါက အစိုးရဘက် က ထုတ်ပြန်တဲ့ စာရင်းပါ။

မတ်လ ၁၃ ရက်မှ ၁၈ ရက်အထိ ၄၃ ဦး။ ဇွန်လ ၂၉ ရက်မှ ဇူလိုင်၉ ရက် အထိ ၃ ဦး။ သြဂုတ် ၃ ရက်မှ ၂၈ ရက် အထိ ၁၁၄ ဦး။ စက်တင်ဘာ ၁၈ ရက် နောက်ပိုင်း ၅၃၁ ဦး။ ဒီစာရင်း ၄ ခုကို ပေါင်းရင် ၆၉၁ ဦးဖြစ်ပါတယ်။ ဒါဟာ မဆလစစ်အစိုးရနဲ့ နဝတစစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ် ဖြတ်မှုကြောင့် သေခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ စာရင်းကို အစိုးရဘက် က ဖော်ပြချက်ပဲ ဖြစ်ပါ တယ်။ ပြည်သူလူထုဘက်က ထုတ်ပြန် တဲ့ စာရင်းဆိုရင် ဒီ (၆၉၁) ဆိုတာကို ဘယ်လောက်နဲ့တောင် မြှောက်ရမလဲ မသိရသေးဘူးခင်ဗျာ့။

(၂)

၁၃၅ဝ ပြည့်အရေးတော်ပုံ ကာလ တုန်းက ထုတ်ခဲ့တဲ့ သတင်းစာ တချို့မှာ တောင်ဥက္ကလာပက ခေါင်းဖြတ်သတ်မှု ကို အထိတ်တ လန့် ဖြစ်အောင် ပြူးတူး ပြဲတဲ ဖော်ပြခဲ့တာရှိဖူးတယ်။ စက်တင် ဘာ ၈ ရက်တုန်းက ရန်ကုန်ကလေးဆေး ရုံကြီးအတွင်းထဲက - ရေဖြန့်ဖြူးတဲ့ ရေ တိုင်ကီနဲ့ သောက်ရေအိုးတွေကို အဆိပ် ခတ်ဖို့ လုပ်တဲ့ လူ ၅ ယောက်ကို ဖမ်းမိ တယ်။ သူတို့ထဲက ၃ ယောက်ကို ဦးဝိ စာရလမ်းနဲ့ ရွှေတိဂုံ ဘုရားလမ်းထောင့် မှာ ခေါင်းဖြတ်သတ်တော့ သတင်းစာ တွေမှာ သတင်းအနေနဲ့ပဲ ထည့်ကြတော့ တယ်။ ရုပ်ပျက်ဆင်းပျက် ဖော်ပြတာမျိုး မလုပ်ကြတော့ဘူး။ ဒါကိုစာနယ်ဇင်းကျင့် ဝတ်ထိန်း လာတာလို့ ပြောရင်ရတယ်။

ရန်ကုန်အနေနဲ့ ပြောရရင် လူသိ ထင်ရှား ကြီးကြီးကျယ် ကျယ် ဖြစ်ခဲ့တဲ့ ခေါင်းဖြတ်သတ်မှုတွေလို့၊ ဒီ နှစ်ခုကို ပြောလို့ရတယ်။ ဒီလို ဖြစ်ခဲ့တာနဲ့ ပတ် သက်တဲ့ နောက်ခံအကြောင်းတွေက လည်း ရှိတယ်။ အနှိပ်စက်ခံခဲ့ရ၊ အနိုင် ကျင့်ခံခဲ့ရ၊မတရားအသတ်ခံခဲ့ရတဲ့ ပြည်သူလူထု ရဲ့ ဒေါသတွေ ရှိတယ်။ အဲဒီလတ်တလောကာလထဲမှာပဲ ဆန္ဒပြ သပိတ်တိုက်ပွဲတွေကို ပျက်စီးရာပျက်စီး ကြောင်း ဖြစ်အောင် အဖျက်အမှောင့် တွေ လုပ်နေတဲ့ 'တန်ပြန်သပိတ်ဖြိုခွဲရေး' သတင်းတွေနဲ့ လုပ်ရပ်တွေ ရှိတယ်။ တောင်ဥက္ကလာပနဲ့ ဦးဝိစာရလမ်း ထောင့်မှာ အသတ်ခံရသူတွေ ဆိုရင် ဖမ်းမိတဲ့အချိန်မှာ ဘာမှမေးမရတဲ့ အခြေအနေမျိုး ဖြစ်အောင် ဓာတုဆေး တစ်မျိုးမျိုးကို ထိုးသွင်းလိုက်ပြီး အခိုင်းခံရသူတွေ ဖြစ်နေတယ်လို့ကိုယ်တိုင် မေးမြန်းခဲ့သူတွေကရော၊ ဘေးက ပရိ သတ်ကပါ သက်သေခံကြတယ်။ ဆိုချင် တာက ပြည်သူလူထုကို တစ်လျှောက်လုံး နှိပ်စက်ခဲ့တဲ့  စစ်အစိုးရက သပိတ်ကြီး ကို ပျက်စီးအောင်၊ လမ်းလွှဲရောက် အောင် 'အဖျက်အမှောင့်လုပ်မယ့် အစိုးရလူတွေ'လို့ သတ်မှတ်တာကြောင့် သတ်ပစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီတုန်းက သတ်ဖြတ် ခဲ့သူတွေ ဘက်က ရှေ့နေလိုက်နေတာ မဟုတ်ဘူး။ ဒီလို အကြောင်းခံတွေ ရှိလို့ ဒီလိုဖြစ်ခဲ့တာပါ ဆိုပြီးဆက်စပ်ပြနေ တာပါ။ ခေါင်းဖြတ်သတ်တာကို မှန် တယ်လို့ ထောက်ခံနေတာ မဟုတ်ဘူး။ 'ထို့ကြောင့် ဤသို့ဖြစ်ရသည်' ဆိုတာ ကိုပဲ မှန်းဆကြည့်လို့ရအောင် ကွင်း ဆက်ဆက်ပြလိုက်တာပါ။

(၃)

အဲဒီ သပိတ်ကာလတုန်းက ခေါင်း ဖြတ် သတ်ခဲ့တဲ့ အရေးယူပုံမျိုးကို ကျွန် တော်ပါအဝင် အတော်များများကလည်း သဘောမတူခဲ့တဲ့ အကြောင်းကိုပါ ဆက်ပြီး ပြောပြပါဦးမယ်။

စက်တင်ဘာလဆန်း ၅ ရက်မှာ ရန်ကုန်အထွေထွေသပိတ်ကော်မတီ (GSC-General Strike Committee) ကို ဖွဲ့ခဲ့တယ်။ အဲဒီကာလက ဖွဲ့စည်း ပုံ သတ်မှတ်ချက်အရ ဥက္ကဋ္ဌက ဘုန်း ကြီး၊ ကျောင်းသားက အတွင်းရေးမှူး ဆိုပြီး ဖွဲ့ခဲ့တာလည်း ဖြစ်ပါတယ်။

အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဆရာတော်က ရ ဟန်းပျို သမဂ္ဂက ဦးဥတ္တမဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ ဗကသများအဖွဲ့ချုပ် (ယာယီ) ရဲ့ ကိုယ် စာလှယ် ကိုဇော်ထွန်း (ဆေးတက္ကသိုလ်- ၂) ဖြစ်ပါတယ်။ ဂျီအက်စ်စီရဲ့ ရုံးခန်း နေရာကေ တာ့ ဆေးရုံကြီး၊ လမ်းမတော် ဘက်ဝင်ပေါက်ရဲ့ အတွင်းညာဘက်က အဆောက်အအုံလေးရှေ့မှာ စားပွဲလေး တစ်လုံး ချထားတဲ့နေရာပါပဲ။ အဲဒီ စားပွဲလေးမှာ ပုံမှန်အားဖြင့် ကျောင်းသူ နှစ်ယောက်နဲ့ အင်ဂျင်နီယာဘွဲ့ ရပြီးခါ စကျောင်းသားဟောင်း တစ်ယောက်က ထိုင်ပြီး ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ကို တာဝန်ခံပြီး လုပ်တယ်။ ဆက်သွယ် ရေးလု ပ်တဲ့ နေရာလို့ အလွယ်တကူ ပြောရင်ရပါတယ်။ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေကိုတော့ ကားလမ်းရဲ့ ဟို ဘက်ခြမ်းက သရက်တောကျောင်းတိုက် ဝင်းထဲမှာ လုပ်လေ့ရှိပါတယ်။ ရန်ကုန် ဂျီအက်စ်စီရဲ့ အဖွဲ့ဝင် အင်အားတွေ ထဲမှာတော့ ရုံးဌာနပေါင်းစုံက သပိတ် ကော်မတီတွေ၊ ရန်ကုန်ခရိုင် အလုပ် သမားသမဂ္ဂ၊ ဗကသများအဖွဲ့ ချုပ် (ယာ ယီ)၊ တက္ကသိုလ်ဆရာများသမဂ္ဂ (ယူတီအေ) အပါအဝင် ရဟန်းပျို သမဂ္ဂတွေလည်း ပါဝင်ပါတယ်။ ဂျီ အက်စ်စီက ဆန္ဒပြပွဲကြီးတွေ အတွက် ရက် သတ်မှတ်တာမျိုး၊ မြို့နယ် သပိတ်ကော်မတီဖွဲ့ဖို့ စီစဉ်တာမျိုး အပါ အဝင် လိုအပ်လာရင်လည်း သဘော ထား ကြေညာချက်တွေ ထုတ်ပြန်တာ မျိုးလုပ်ခဲ့တယ်။ မြို့နယ်အလိုက် သပိတ် ကော်မတီဖွဲ့စည်းနို င်ရေးအတွက် အထိန်း သိမ်းခံများ သမဂ္ဂကပုဂ္ဂိုလ်တွေက အား တက်သရော တာဝန်ယူပြီး လုပ်ဆောင် ပေးခဲ့တာတွေ ရှိတယ်။ ရန်ကုန်အထွေ ထွေ သပိတ်ကော်မတီက မန္တလေး သပိတ်တပ်ပေါင်းစုနဲ့ အဆက်အသွယ် လုပ်ပြီး
ညှိနှိုင်းဆောင်ရွက်နေတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကာလမှာ မြောက် ဥက္ကလာလုံထိန်းတပ် ကနေ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ့်သူ တွေကိုလည်း သွားရောက်ကြိုဆိုပြီး သရက်တော ကျောင်း တိုက်ထဲမှာ နေရာချပေးခဲ့၊ စောင့် ရှောက်ပေးခဲ့တာ လည်း ရှိခဲ့တယ်။

အဲဒီကာလက ဆေးရုံကြီးဝင်းထဲ မှာပဲ အခြေစိုက်တဲ့ ကျောင်းသား လှုပ် ရှားမှုကြီးကြပ်ရေး ကော်မတီ (SCSM) လည်း အပြိုင်ရှိနေခဲ့ပြီး ဂျီအက်စ်စီနဲ့ အက်စီအက်စ်တို့ ညီညွတ်ရေးလုပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။

(၄)

ရန်ကုန်မှာ တန်ပြန်သပိတ်ဖြိုခွဲ ရေး ကိစ္စအတွက် ပြည်သူလူထုကြား မှာ အထိတ်တလန့်ဖြစ်အောင်၊ ဒုက္ခရောက် အောင်၊ သပိတ်ကြီးကို နိုင်ငံရေး လမ်း ကြောင်းကနေ လမ်းလွဲသွားအောင် လုပ်တဲ့သူတွေကို ဖမ်းမိချိန်မှာ ပြည်သူ လူထုကြီးက ဒေါသတွေ၊ ခံစားမှုတွေနဲ့ သတ်ဖြတ်တဲ့အဆင့်အထိ လက်တုံ့ပြန် မိကြတာတွေ ဖြစ်ခဲ့တယ်လို့ ရှေ့ ပိုင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။

အဲဒီလို လက်စားချေ၊ လက်တုံ့ပြန် သူတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတာကို လည်း အဲဒီအရေးတော်ပုံကာလက တည်းက ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီးသား ပါ။

ရွှေတိဂုံဘုရားလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ ခေါင်းဖြတ်သတ်တယ် လို့ သတင်းကြားတော့ ဆေးရုံကြီးဝင်း ထဲမှာရှိနေတဲ့ ဂျီအက်စ်စီခေါင်းေ ဆာင် တချို့နဲ့ ကျွန်တော်က အဲဒီနေရာကို အပြေးအလွှား သွားကြည့်ခဲ့ကြ ပါသေး တယ်။ အဲဒီနေရာရောက်တော့ သတ် ထားတဲ့ ခန္ဓာကိုယ်တွေကို မီးရှို့နေကြပါ ပြီ။ မီးခိုးတလူလူ ထွက်နေတာကိုပဲ အဝေးက လှမ်းမြင်ရ တယ်။ အဲဒီအချိန် မှာ ဦးဝိစာရလမ်းဘက်က စစ်သားတွေ လာနေတာကို လည်း လှမ်းတွေ့နေရပါ သေးတယ်။ (အဲဒီနေရာမှာ လူသုံး ယောက်ခေါင်း ကို ဖြတ်ခဲ့သူဟာ အမျိုး သမီးငယ်တစ်ယောက်ဖြစ်ပြီး တရားရုံး က သေဒဏ်အပြစ်ပေးခဲ့ပါတယ်။)

အဲဒီနေရာက ပြန်လာပြီးတော့ ဂျီ အက်စ်စီခေါင်းဆောင်တချို့နဲ့ ကျွန် တော်တို့ စကားပြောရင်း 'ဒီကိစ္စမျိုးကို ဟန့်တားတဲ့ ကြေညာချက်မျိုး ထုတ်ပြန် ဖို့ လိုအပ်လာပြီ' လို့ သဘောတူညီ ခဲ့ကြတယ်။ ဒါကြောင့်လည်း စက်တင် ဘာ ၁၁ ရက်မှာ အထွေထွေသပိတ် ကော်မတီ (ရန်ကုန်) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။ ကြေညာ ချက်ခေါင်းစဉ်ကို 'ရက်စက်စွာသတ်ဖြတ် အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မေတ္တာရပ်ခံ ချက်' လို့ ရေးထားတယ်။ အဲဒီကြေညာချက်ကို လိုရင်းတိုရှင်း ရေး ထားပြီး
နံပါတ်စဉ်တပ်ထားတာလည်း တွေ့ရတယ်။

၁။ ''ယခုအချိန်၌ ရန်ကုန်မြို့ နေရာ အနှံ့အပြားတွင် အစိုးရမှ စေ လွှတ်စေခိုင်းထားသူဟု ယူဆရသူ များအား လည်းကောင်း၊ ခိုင်လုံသော အထောက်အထားဖြင့် ဖမ်းမိသူများ အားလည်းကောင်း၊ ဒေါသထွက်ေ န သော လူထုကြီးက ရက်စက်စွာ ခေါင်း ဖြတ်သတ်ခြင်းများ ဖြစ်ပွားေ ပ်ါပေါက် နေပါသည်။

၂။ သို့ရာတွင် ယဉ်ကျေးသိမ်မွေ့ သော ဗမာလူမျိုးများအတွက် ဤဖြစ်ရပ် သည် လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ် ရာ ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ခေါင်းဖြတ်အပြစ် ပေးခြင်းအစား အခြားသောနည်း လမ်း များကို ရွေးချယ်ကြပါရန် မိဘပြည်သူ များအား မေတ္တာရပ် ခံအပ်ပါသည်။''

ဒီကြေညာချက်ကို အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) က ထုတ် ပြန်တဲ့ကာလရဲ့ တစ်ချိန်တည်းနဲ့ နောက်ပိုင်းရက်တွေမှာ တခြားသမဂ္ဂ တွေကလည်း ကြေညာချက် ထုတ်ပြန် တာ၊ ပြောဆိုတာ မျိုးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့တာကိုပါ သတိရပါတယ်။
နိုင်ငံရေးဦးတည်ချက်နဲ့ လုပ်နေတဲ့ လူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဘယ် လို အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံ ခဲ့၊ အားမပေးခဲ့ကြဘူးဆိုတာ သမိုင်းမှာ လည်း သက်သေရှိခဲ့ပြီးပါပြီ။

ဖြစ်ရတဲ့အကြောင်းရင်းကို နား လည်ပေမယ့် အားပေးအားမြှောက် မလုပ်ခဲ့ကြပါဘူး။ စစ်အာဏာရှင်တွေ ဘက်က သပိတ်ကြီးကို သရုပ်ဖျက်ဖို့ အတွက် အချက်အလက်တွေ နည်းနိုင် သမျှ နည်းအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ ကြတဲ့ အရေးတော်ပုံတပ်သားတွေထဲမှာ ရန်ကုန်အထွေထွေ သပိတ်ကော်မတီ (ဂျီအက်စ်စီ) လည်း အဓိကနေရာတစ် ခု ကနေ ပါဝင်ခဲ့တဲ့အကြောင်း မှတ် တမ်း တင်လိုက်ပါတယ်။

(၅)

လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက အကြောင်း ကို ပြန်စဉ်းစားရင်း တက်ကြွ အားရစရာ မြင်ကွင်းတွေ၊ ခံစားမှုတွေက အသက်ကို ပြန်ငယ်သွားစေခဲ့ပြီး ရင်ခုန်သံတွေကို ပျိုမျစ်လာစေတယ်လို့ ပြောရင် ဒီကနေ့ ခေတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေက နားလည်ခံစားနိုင်ပါ့မလား လို့လည်း တွေး မိကြောင်း ပါခင်ဗျာ့။
နောင်ကျော်
Popular Myanmar News Journal

နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များလာ၍ မြို့ပတ်ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်ဘူတာကြီးတွင် ရထားစီးနင်းမည့် နိုင်ငံခြားသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-နန်းစုနှင်းထွေး)
နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များပြားလာသောကြောင့် ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

"အခုလက်ရှိ တစ်နေ့ကို မြို့ပတ်ရထား စီးနင်းတဲ့ နိုင်ငံခြားဦးရေ ၈၀ နဲ့ ၁၀၀ ကြား ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ရထားလမ်းတစ်လျှောက် ၀ဲယာတွေမှာ သန့်ရှင်းသာယာ လှပရေး လုပ်ငန်းတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ အခုရထားက သန့်ရှင်းရေး ၀န်ထမ်းအင်အား ၁၀၀ ကျော်နဲ့  စတင်ရှင်းနေပြီလို့လည်း တင်ပြလာတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ရာတွင် ရထားလမ်းဘေးဝဲယာရှိ အမှိုက်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ရှင်းလင်းခြင်း၊ ရထားလမ်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများကို ရှင်းလင်းခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကျူးကျော်များမှာလည်း ယခင်က ဖယ်ရှားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပြန်လည်ကျူးကျော် နေထိုင်လာကြခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယင်းသို့ မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းနှင့် ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ကျူးကျော်တဲတွေ ရှိတာကလည်း မြို့ပတ်ရထားလမ်းတစ်လျှောက် အမြင်မသင့်လျော်ဘူး။ ဒါကြောင့်ရှင်းမယ်။ ရှင်းမယ့်နေရာမှာလည်း နောက်ပိုင်းပြန်မကျူးကျော်လာအောင် စဉ်ဆက်မပြတ်ရှင်းမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Eleven Media Group

၈၈၈၈ အရေးတော်ပုံအောက်မေ့သတိရခြင်းအခမ်းအနား

ရန်ကုန်၊ သြဂုတ် ၈
၈၈၈၈ အရေးတော်ပုံကြီးအား အောက်မေ့သတိရခြင်းအခမ်းအနားတစ်ခုကို သြဂုတ် ၈ ရက်နေံ နံနက် ၈ နာရီက မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့ဝယ်ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားကို မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမျက်နှာစာဖက်မှ အလံများနှင့် လွမ်းသူ့ပန်းခွေများကိုင်ဆောင်၍ "ကမ္ဘာမကြေဘူး" သီဆိုလျှက် မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့သို့လမ်းလျှောက်ချီတက်ခဲ့ကြပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ကျဆုံးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်တို့အတွက် ဂုဏ်ပြုသ၀ဏ်လွှာကိုဖတ်ကြားကာ၊ လွမ်းသူ့ပန်းခွေချဂုဏ်ပြုခဲ့ကြပြီးနောက်၊ ကိုးကွယ်ယုံကြည်ရာ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာပို့အမျှပေးဝေခဲ့ကြသည်။

ယင်းအခမ်းအနားကို ၈၈၈၈ အရေးတော်ပုံကြီးတွင် တစ်တပ်တစ်အားပါဝင်ခဲ့ကြသည့် BRF(Burma Revolutionary Forces) အဖွဲ့ကစီစဉ်ပြုလုပ်ကြောင်းသိရသည်။
PP
Popular Myanmar News Journal
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)







နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com