http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန္တလေးကျုံးဘေး ဓါးခုတ်ခံရသူ ရဲက အကူအညီမပေးဟုဆို


အောင်ကိုဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ်

မန္တလေးမြို့ ၁၄ လမ်းနှင့် ၁၅ လမ်းကြား လမ်း ၈၀ တွင် ဇူလိုင်လ ၁၇ ရက်က ဓားဖြင့်ခုတ်ခံရပြီး အခင်းဖြစ်သည့်နေရာနှင့် နီးစပ်သော မန္တလေးကျုံးဘေးတွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အကူအညီတောင်းခံရာ ကူညီခြင်းမရှိဟု ဓားဖြင့်ခုတ်ခံရသူ ကိုမျိုးသူရဦးက မဇ္ဈိမကိုပြောသည်။

“ကျွန်တော် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ။ နောက်ကနေ ဖီနိုဆိုင်ကယ်သုံးစီးနဲ့ လိုက်လာပြီး ခုတ်တာပါ။ ကျွန်တော်လည်း အိမ်ကိုမောင်းပြေးတယ်။ ပြေးရင်း ကျုံးမြောက်ဘက်ပေါက်မှာ လုံခြုံရေးကျတဲ့ ရဲနဲ့တွေ့လို့ အကူအညီတောင်းတော့ ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ် (၄) စခန်းပိုင် နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောတယ်။ ဒါနဲ့အိမ်ပြန် မိဘတွေခေါ်ပြီး အမှတ် (၄) စခန်းသွားတိုင်တော့ ရဲကတစ်ယောက်ပဲရှိတယ်” ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

သို့သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးကျုံး၏ အရှေ့ဘက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကမူ အခင်းဖြစ်ခဲ့သည့်နေရာသည် ယင်းတို့လုံခြုံရေးယူထားသည့် နေရာနှင့်ဝေးလံခြင်းကြောင့် လိုက်လံဖြေရှင်းပေးသော်လည်း အချိန်မမီတော့ဟုဆိုသည်။

“ကျုံးပတ်ပတ်လည်မှာ လုံခြုံရေးရှိနေတယ်ဆိုပေမယ့်လည်း အခုဖြစ်သွားတဲ့နေရာတွေက ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေ ဖြစ်ဖြစ်နေတယ်။ သိလို့လိုက်ချိန်မှာ မမီတော့ဘူး။ ဖမ်းဆီးအရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမကိုပြောကြားခဲ့သည်။

အမှတ် (၄) စခန်းက ရဲတပ်ကြပ်အောင်မြင့်ဦးကလည်း ကိုမျိုးသူရဦး ဓားခုတ်ခံရမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့စခန်းကို ညကလာတာဟုတ်ပါတယ်။ ဒဏ်ရာရတဲ့ ကလေးပါမလာဘူးမှတ်လို့ပါ၊ တာဝန်သိသူ တစ်ဦးက သတင်းလာပို့တယ်ထင်လို့ပါ။ ကျွန်တော်ချက်ချင်း ဆေးစာရေးပေးလိုက်ပါတယ်။ စခန်းမှူးဆီကိုလည်း သတင်းပို့ပေးလိုက်ပါတယ်” ဟု ဖြေရှင်းချက်ပေးသည်။

ဓားဖြင့်ခုတ်ခံရသူ ကိုသူရမျိုးဦး၏ ဖခင်ဖြစ်သူ ဦးကိုလတ်ကမူ “အခုတ်ခံရလို့ နီးစပ်ရာရဲကို ပြောပေမယ့် သူတို့နဲ့မဆိုင်သလို သူတို့အပိုင်မဟုတ်ဘူးလို့ ပြောလွှတ်တယ်၊ ဒါနဲ့အပိုင်ရဲစခန်းဖြစ်တဲ့ အမှတ်(၄)ရဲစခန်း ကိုသွားတော့လည်း တာဝန်မှူးအဖြစ် ဆောင်ရွက်နေတဲ့ ရဲတပ်ကြပ်က ကျုံးဘေးမှာ လုံခြုံရေးရဲတွေ ရှိပါတယ်။ သူတို့ဆီသွားပြောပါလို့ ပြောပါတယ်။ စခန်းမှာ သူတစ်ယောက်တည်းပဲ ရှိလို့ပါတဲ့။ ဒီလိုဆိုတော့ ကျွန်တော်တို့ဘ၀တွေ မလုံခြုံဘူးလို့ခံစားရတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

ကျုံးဘေး၌ လုယက်မှု၊ ဓားခုတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်ဆိုကာ ဇူလိုင်လ ၇၊ ၈၊ ၉ ရက်များတွင် ကျုံးဘေးတစ်လျှောက် သွားလာနေသည့် လိင်တူချစ်သူများကို စီမံချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ ကျုံးသို့ လိင်တူချစ်သူများ သွားရောက်မှုမရှိတော့သော်လည်း ဓားခုတ်မှုများ ပိုမို၍ ဖြစ်ပွားလျက်ရှိသည်ဟု မြို့ခံလူထုကဆိုသည်။

Mizzima - News in Burmese

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်


===================================
နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်း တွေနဲ့ဖြတ်သန်းလေ့ရှိတဲ့ သက်မွန်မြင့်က ဒီနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာလည်း မွေးနေ့အလှူအဖြစ် မှော်ဘီ က အောင်ဇမ္ဗူတောရကျောင်းတိုက်မှ သံဃာ တော်များကို ဆွမ်းဆက် ကပ်လှူဒါန်းသလို ဝါဆိုလဖြစ်တာကြောင့် ဝါဆိုသင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့တိုင်း၊ နှစ် တိုင်းမှာ အမှတ် တရလေးတွေရှိခဲ့ပြီး ဒီနှစ်မှာ လည်း ချစ်တဲ့ခင်တဲ့မိတ်ဆွေတွေက အလှူလုပ် တဲ့အချိန်မှာလာရောက်ချီးမြှင့်ခဲ့ကြသလို အလှူ အတန်းတွေကို လည်း ပြန်အမျှဝေပေးခဲ့ကြောင်း သက်မွန်မြင့်က ပြောပါတယ်။ ဒီနှစ်မွေးနေ့ အလှူအဖြစ်သက်မွန်မြင့်က အောင်ဇမ္ဗူတောရ ဆရာတော်ဦးစီးပြီး ချင်းတောင်မှာ ဇမ္ဗူအေး စေတီတည်ဖို့ရှိတာကြောင့် စေတီတည်ဖို့ အတွက် ငွေကျပ် သိန်းတစ်ရာလှူဒါန်းခဲ့ တယ်လို့ ပြောပါတယ်။ သာသနာထွန်းကား စေချင်တာကြောင့် တတ်နိုင်သလောက်ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို သက်မွန်မြင့်က "ချင်းတောင်မှာ အောင်ဇမ္ဗူ ဆရာတော်က ဦးစီးပြီး ဇမ္ဗူ အေးစေတီတည်မှာပါ။ အဲဒီအတွက် ကိုယ်ကပိုက်ဆံလှူချင်တော့ စုထား တယ်။ မွေးနေ့မှာတော့ ငွေစုထား တာပြည့်သွားလို့ ငွေကျပ် သိန်းတစ်ရာ လှူလိုက်ရတယ်။ ကိုယ် လည်း ပြည့်စုံတဲ့ လူတစ်ယောက်မဟုတ်ဘူး။ လှူချင် တော့ ငွေ စုနေတာကြာနေပြီ။ စေတီတည် မယ်ဆိုကတည်းက မွေးနေ့အမီ ကိုယ့်ဘာသာ ကိုယ်ဖြည်းဖြည်းချင်းစုနေရတာ။

မွေးနေ့မှာလှူလိုက်ရလို့ တအားဝမ်းသာပါတယ်။ ကိုယ်တတ်နိုင်သလောက် သာသနာကို ထွန်းကားစေချင် တယ်။ ကိုယ့်ရဲ့ဘာသာကို ယုံယုံကြည်ကြည်နဲ့ ကောင်းမှုကုသိုလ်လည်း လုပ်ချင်တယ်။ တိုက်လည်းတိုက်ဆိုင်သွားတယ်။ စေတီတစ်ဆူတည်ဖို့ မနိုင်တဲ့အခါကျတော့ ဒီလိုပဲ နိုင်သလောက်လေး ပါဝင်ရတာပေါ့" လို့ ပြောပါတယ်။
ချင်းတောင်မှာ ဇမ္ဗူအေးစေတီကို စတင်ဌာပနာသွင်း တည်နေ ပြီဖြစ်ပြီး ဇာတ်ကားရိုက်တွေနဲ့ မအားလပ်သေး တာကြောင့် စေတီတည် တဲ့နေရာကို မသွားဖြစ်သေးပေမယ့် စေတီထီးတင်ပွဲကိုတော့ သွားဖြစ်မှာပါလို့ သက်မွန်မြင့်က ပြောပါတယ်။ သက်မွန်မြင့်က မနှစ်က လည်း သွားရေး လာရေးခက်ခဲတဲ့ ချင်းတောင်က ဖလန်းဘုန်းကြီးေ ကျာင်းအတွက် ကား တစ်စီးနဲ့ ရွာဘက်ကအိမ်တွေအတွက် ဆိုလာပြားတွေ ကို လှူဒါန်းခဲ့ပါ သေးတယ်။မွေးနေ့ ညဘက်မှာတော့ သူငယ်ချင်းတွေနဲ့ အတူတူပျော်ပျော် ပါးပါးမုန့်သွားစားခဲ့ကြပြီး မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

Popular Journal




ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)



၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအတွက် အရွေးချယ်ခံ ကြရမည့် ဇာတ်ကားများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အတွက် အကြုံးဝင်သည့် အရွေးချယ်ခံ ရုပ်ရှင် ဇာတ်ကားများ စာရင်းကို တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန် ကြေညာရာတွင် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကား ၁၇ ကား ရှိပြီး ဒါရိုက်တာ ကိုဇော် ( အာရုဏ်ဦး ) ၊ ၀ိုင်း ၊ ညီညီထွန်းလွင် ၊ အောင်ကိုလတ် ၊ ညွှန့်မြန်မာ ညီညီအောင် အစရှိသည့် ရုပ်ရှင် ဒါရိုက်တာ များ စီစဉ် ရိုက်ကူးခဲ့သော ဟာသ ၊ အချစ် နှင့် ဘ၀သရုပ်ဖော် ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

အရွေးချယ်ခံ ဇာတ်ကားများ၏ အမည်များမှာ အချစ်ကွိုင် ၊ မေခင်ကညာ ၊ ချစ်တယ်ပြောမှ လွှတ်မယ် ၊ ငါမင်းကို ... ၊ လက်ပံ ၊ မော်ကင်းဥဒါန်း ၊ သွား .. လူဆိုး ၊ ဒါမျိုးတော့ တတ်တယ် ၊ နှစ်ပင်လိမ်တဲ့ ရည်းစား ၊ ဥ ၊ ကယန်းအလှ ၊ အလန်းလွန် အလွန်လန်း ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ၊ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ၊ အမုန်းမီးတောက် ၊ မွေခံထိုက်သူ ဖြစ်စေ ၊ ဟတ်ထိတယ် ၊ အထာသစ်နဲ့ နှစ်ခါချစ်မယ် စသည်တို့ ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား များထဲမှ သရုပ်ဆောင်ဆု ၊ ဇာတ်ပို့ဆု ၊ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ တေးဂီတဆု ၊ တည်းဖြတ်ဆု ၊ အသံဆု ၊ ဓာတ်ပုံဆု နှင့် ဇာတ်ညွှန်းဆု အစရှိသည် တို့ကို ရွေးချယ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပမည့် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား တွင် ဆုများ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
The Myawady Daily (Facebook)

“ ရွှေဥမင်ဆရာတော်ဘုရားကြီးသြ၀ါဒ ”

“ ရွှေဥမင်ဆရာတော်ဘုရားကြီးသြ၀ါဒ ”
•••••••••••••••••••••••••••••••••


















ဆားမပါတဲ့ဟင်း အရသာမရှိသလို သတိ
မပါတဲ့ အပြောအဆို အလုပ်အကိုင်တွေလည်း
ပေါ့ပြက်ပြက်ပဲ။ သတိရှိတယ်ဆိုတာ
ကိုယ်နဲ့စိတ် ဖြစ်တာတစ်ခုခုပေါ် သတိ
မလွတ်ဖို့ ပြောတာပါ။ ပါးစပ်က လိုက်ဆို၊
လိုက်မှတ်နေဖို့ မဟုတ်ဘူး။
သတိထားရင်းက သတိရှိလာတယ်၊ သတိ
ရှိလာရင် သက်တောင့်သက်သာရှိတယ်၊
ပထမတော့ အားမရစရာလိုပဲ ပေါ့ပေါ့ပါးပါးနဲ့
သိနေရလို့ အားမရသလို ဖြစ်တယ်။
နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ်
ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်း
ကျပ်လာတယ်။ ဒါဆိုရင် သတိထားရင်းနဲ့ သတိ
လွတ်နေပြီ၊ သတိမရှိတော့ဘူး။ စိတ်ကိုလျှော့ပေးပါ။
တစ်ချို့ ယောဂီတွေ တော်တန်ရုံနဲ့ ပြန်လျှော့လို့
မရဘူး စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး
ကြည့်ပေးပါ။ ပုဂ္ဂိုလ်ရဲ့ အလုပ်က သတိထားတာ။
သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မအလုပ်
ဖြစ်သွားတယ်။ ဓမ္မအလုပ်ဖြစ်သွားရင် မှန်ကန်တဲ့
အသိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ အဲ့ဒါတွေက
သဘာဝဖြစ်နေတယ်။
- ရွှေဥမင်ဆရာတော်ဘုရားကြီး


credit to
Myanmar Internet News

တံဆိပ်ခေါင်းခွန် လျော့ချဖို့ နိုင်ငံတော်သမ္မတထံ တင်ပြမည်


Monday, July 29, 2013

ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ မေလက စတင်ပြီး တရားရုံး တံဆိပ်ခေါင်းအခွန်တွေ ဆယ်ဆမကမြင့်တက်လာတဲ့အတွက် ဈေးနှုန်းတွေကို ထက်ဝက်အထိ လျှော့ချပေးဖို့ ရှေ့နေများကွန်ယက်က အခုလာမယ့်လအတွင်း နိုင်ငံတော် သမ္မတဆီ တင်ပြသွားမယ်လို့ ပြောပါတယ်။

တရားရုံး တက်ရတဲ့ ပြည်သူတွေ ကုန်ကျစားရိတ် ကြီးမြင့်လာကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ယာယီဥက္ကဌ ဦးကြီးမြင့်က ဆိုပါတယ်။

တရားရုံး တံဆိပ်ခေါင်းအခွန်တွေ မြင့်တက်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ ဇွန်လ၁ရက်နေ့မှာ ရှေ့နေများကွန် ယက်က စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ပြီးတံဆိပ်ခေါင်းခွန်တွေ လျှော့ချပေးဖို့နိုင်ငံတော်သမ္မတဆီ တင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၂ခုနှစ် ၊အောက်တိုဘာလတုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌနဲ့ သွားရောက်တွေ့ဆုံပြီး
တံဆိပ်ခေါင်းခွန်လျှော့ချပေးဖို့ကို တောင်းဆိုခဲ့ဖူးပါတယ်။

RFA Burmese

လက်ရေး နှင့် စာလုံးပေါင်းသတ်ပုံများမှားယွင်းနေလျှင် တုန်ခါမှုနဲ့  အသိပေးနိုင်တဲ့ ဘောလ်ပင်

လက်ရေး နှင့် စာလုံးပေါင်းသတ်ပုံများမှားယွင်းနေလျှင် တုန်ခါမှုနဲ့  အသိပေးနိုင်တဲ့ ဘောလ်ပင်မျိုးကို Kickstarter မှ ပရောဂျက် အသစ်တစ်ခုအနေ တီထွင်ထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်။

Lernstift လို့ အမည်ရတဲ့ (ဂျာမန် ဘာသာအရ သင်ယူလေ့လာနိုင်သည့် ဘောလ်ပင် {learning pen}) လက်ရေးသော့ရေးနိုင်တဲ့ ဒီဂျစ်တယ် ဘောလ်ပင်က အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ မရှိမဖြစ်လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီဘောလ်ပင်ရဲ့  လုပ်ဆောင်နိုင်စွမ်းတွေကတော့ အံ့မခန်းပါပဲ။ စာရေးသားနေချိန်မှာ စာလုံးပေါင်းသတ်ပုံမှားခဲ့ရင် တုန်ခါမှုဖြင့် အသုံးပြုသူကို အသိပေးနိုင်ပါတယ်။
ဘောလ်ပင်ရဲ့  တည်ဆောက်ပုံ သာမန်ဘောလ်ပင်တွေအတိုင်းပဲ အတွင်းပိုင်းမှာ မှင်တံပါရှိပြီး ထူးခြားချက်ကတော့ Linux system, motion sensor (လှုပ်ရှားမှု အာရုံခံကိရိယာ, processor, မန်မိုရီ, vibration module (တုန်ခါမှု), Wi-Fi module တို့ ဖြင့်ဖွဲ့ စည်းတည်ဆောက်ထားတဲ့ မီနီ ကွန်ပျူတာ စနစ်ပါဝင်ပြီး ထို ဆားကစ် အလုပ်လုပ်နိုင်ရန် အတွက် AAA ဆိုဒ် ဘတ်ထရီထည့်ရန် နေရာတို့ ပါဝင်နေပါတယ်။ ကလေးငယ်တွေ အတွက် ခဲတံအဖြစ်သို့ လဲ ပြောင်းလဲအသုံးပြုလို့ ရပြီး၊ ဖောင်တိန်ပင် နှင့် ဘောလ်ပင် အနေနဲ့ ပြောင်းလဲ အသုံးပြုလို့ ရနိုင်ပါတယ်။
အစပိုင်းမှာတော့ Lernstift မှာ စာလုံးပေါင်းသတ်ပုံတွေကိုပဲ စစ်ဆေးမှုပြုလုပ်နိုင်မှာဖြစ်ပြီး အနာဂတ်တွင် ဆော့ဖ်ဝဲလ် အက်ပ်ဒိတ် လုပ်ပြီးနောက်ပိုင်းမှာ စာကြောင်းတစ်ကြောင်းလုံးရဲ့  သဒ္ဒါပိုင်းတွေကိုပါ စစ်ဆေးမှုပြုလုပ်သွားနိုင်ရန် စီစဉ်ထားခြင်းရှိပါတယ်။ ဘာသာကတော့ အင်္ဂလိပ် နဲ့  ဂျာမန်ဘာသာနှစ်မျိုး အတွက်သာထုတ်လုပ်ထားပြီး ဈေးကွက်ထဲရောက်ရှိပြီးနောက်ပိုင်းမှာတော့ အခြားဘာသာတွေ အတွက်ပါ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ Built-in Wifi စနစ်ပါရှိတဲ့ အတွက် Lernstift ကို အခြား အင်တာနက်နဲ့  ဆက်စပ်အသုံးပြုလို့ ရတဲ့ ကိရိယာတွေနဲ့  တွဲသုံးလို့ ရပါတယ်။
ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၀ ရှိပါတယ်။ http://www.lernstift.com/ မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

အင်တာနက်သတင်းမှ ဘာသာပြန်တင်ဆက်ထားပါသည်။



mspiral creative media (Facebook)

ကာဗွန်ဒိုင်အောက်ဆိုဒ်မှ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ခြင်း


လူတွေက တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ကို တန်ချိန်ပေါင်း ဘီလီယံနဲ့ ချိပြီးထုတ်လွှတ်လျက်ရှိပါတယ်။ ထို ကာဗွန်ဒိုင်အောက်ဆိုဒ်အများစုက လေထုအတွင်းမှာပျံနှံ့လျက်ရှိတာကြောင့် ကမ္ဘာကြီးပူနွေးလာမှု အစရှိတဲ့ ဆိုးကျိုးတွေကြုံတွေ့ နေရတာပါ။ မကြာသေးမှီကပဲ နယ်သာလန်မှ စူးစမ်းလေ့လာသူအုပ်စု တစ်စုက လူတွေအသုံးပြုထုတ်လွှတ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အသုံးဝင်တဲ့စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Bert Hamelers နှင့် သူ့ ရဲ့ အဖွဲ့ က ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ရေအဖြစ်သို့ ပြောင်းလဲထုတ်ယူပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်တဲ့ နည်းပညာကို အကောင်အထည်ဖော်နေပါပြီ။ ယင်း အကောင် အထည်ကိုလည်း Environmental Science & Technology Letters ဆိုတဲ့ ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ရေအဖြစ်သို့ ပြောင်းလဲထုတ်ယူမှုပုံ
- တိုင်ကီနှစ်ခုတွင် ရေဖြည့်ထားပါ။
- ရေတိုင်ကီတစ်ခုတွင် အဖိုဓာတ် (positively charged ions) များကို ဖြတ်သန်းသွားနိုင်စေတဲ့ membrance (စိုထိုင်းမှုကို ကာကွယ်ရန် အသုံးပြုသည့်အလွှာပါး) တစ်ခုထားရှိပြီး ကျန်ရေတိုင်ကီမှာတော့ အမဓာတ် (negatively charged ions) များကို ဖြတ်သန်းသွားနိုင်စေတဲ့ membrance ကိုထားရှိသွားမှာဖြစ်ပါတယ်။
- ကာဗွန်ဒိုင်အောက်ဆိုဒ်က ရေအတွင်းကို ဖြတ်ကျော်လာရင် အဖို ဟိုက်ဒရိုဂျင်ဓာတ်နဲ့  အမ ဘိုင်ကာဗွန်နိတ်ဓာတ်တို့ အဖြစ် ကွဲပြားထွက်ရှိလာမှာ ဖြစ်ပါတယ်။
- Membrane တွေက အိုင်းယွန်းဓာတ်တစ်မျိုးစီကိုသာ ဖြတ်ကျော်ခွင့်ပေးတဲ့အတွက်ကြောင့်မလို့  အီလက်ထရွန် သို့ မဟုတ် လျှပ်စီးကြောင်းတွေပေါ်ထွက်လာပြီး တစ်ဘက်မှတစ်ဘက်ကို ရွေ့ လျားသွားနေတာကိုတွေ့ နိုင်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အသုံးပြုပြီး နှစ်စဉ်နှစ်တိုင်း လျှပ်စစ်စွမ်းအား ၁၅၇၀ တယ်ရာဝပ် လောက် ထုတ်လုပ်နိုင်ပြီး ဒီလိုနည်းကိုအသုံးပြုမယ်ဆိုရင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု လျော့နည်းလာနိုင်ပါတယ် လို့  Hamelers က ပြောပြခဲ့ပါတယ်။


http://mashable.com/2013/07/23/carbon-dioxide-energy/ မှ ဘာသာပြန်တင်ဆက်ထားပါသည်။


credit to mspiral creative media (facebook)

ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလမ်းကြောင်းမှ ပြန်ထွက်နိုင်

Published on July 26, 2013 by နန်းမြနဒီ

ထိုင်း-မြန်မာနယ်စပ်ကနေ ဗီဇာနဲ့ ၀င်ရောက်လာမယ့် နိုင်ငံခြားဧည့်သည်တွေဟာ ပြည်တွင်းမှာ ကန့်သတ်ထားတဲ့ နေရာကလွဲလို့ နေရာအနှံ့ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး  အပြန်ကိုလည်း နှစ်သက်ရာ လမ်းကနေ ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
လာမယ့် ဩဂုတ်လ ပထမပတ်ကစပြီး ထိုင်း-မြန်မာနယ်စပ် တာချီလိတ် – မယ်ဆိုင်၊ မြ၀တီ – မဲဆောက်၊ ကော့သောင်း – ရနောင်း ဂိတ် ၃ ခုကနေ ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေဟာ ကန့်သတ်ထားတဲ့နေရာကလွဲလို့ နေရာအနှံ့သွားရောက် လည်ပတ်နိုင်မှာဖြစ်ပြီး ပြန်တဲ့အခါမှာလည်း  ရန်ကုန်၊ မန္တလေး လေဆိပ်အပါအ၀င် ဘယ်ထွက်ပေါက်ကမဆို ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး  တနင်္သာရီတိုင်း ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဆန်းလွင်က  ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က  ဌာနဆိုင်ရာဝန်ထမ်း ၊ ခရီးသွားလုပ်ငန်း နဲ့ ကုန်သည်တွေကို  ဟံသာဝတီခန်းမမှာမှာ ခေါ်ယူရှင်းပြခဲ့တယ်လို့ တက်ရောက်ခဲ့သူ တနင်္သာရီဂျာနယ် သတင်းထောက် မမိုးအိက ပြောပါတယ်။

“ညွန်ချုပ် ဦးစန်းလွင်ကနေပြီးတော့ ကော့သောင်းမြို့မှာ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွားတွေ လာတဲ့အခါကျရင် လွယ်ကူအောင် ရနောင်း၊ တာချီလိတ်၊ မယ်ဆိုင်တို့၊ မြ၀တီတို့၊ မဲဆောက်တို့ကနေပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်က ၀င်ပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်ကနေ ပြန်ထွက်နိုင်တယ်။”
နယ်စပ်ဂိတ် ပိုပြီးလွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ပိုများလာမှာဖြစ်ပြီး  ဟိုတယ်နဲ့ တည်းခိုခန်း၊  အမှတ်တရပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တွေ တိုးချဲ့ဖို့၊  ဧည့်လမ်းညွှန်သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့ကိစ္စလည်း ပါဝင်ကြောင်း ညွှန်မှူးက ပြောတယ်လို့ ဆိုပါတယ်။
ဒီလိုခွင့်ပြုလိုက်ခြင်းအားဖြင့်  ကော့သောင်းမှာ အတွင်းပိုင်း ၇ မိုင်ပတ်လည်ထိ လည်ခွင့်ရတဲ့ နိုင်ငံခြားသားတွေဟာ ခုဆို  မိုင် ၂၀ လောက်ဝေးတဲ့ ရေပူစမ်းလို အပန်းဖြေနေရာတွေပါ ၀င်လည်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက ခုလို ခွင့်ပြုချက်ပေးသလိုမျိုး ထိုင်းနိုင်ငံဘက်ခြမ်းကလည်း အလားတူ လည်ပတ်ခွင့် ဧရိယာနဲ့ နေထိုင်ခွင့်သက်တမ်းတွေ တိုးမပေးနိုင်ဘူးလားလို့ ရှင်းလင်းပွဲတက်ရောက်သူတဦးက မေးမြန်းခဲ့ရာမှာ သက်ဆိုင်ရာနဲ့ ဆက်လက်ဆွေးနွေး တင်ပြပေးသွားမယ်လို့ ညွှန်မှူးက ဖြေကြားသွားကြောင်း မမိုးအိက ပြောပါတယ်။
ခုလို လည်ပတ်ခွင့် ဧရိယာနဲ့ ၀င်ထွက်သွားလာမှုတွေ တိုးမြှင့်ပေးလိုက်ပေမယ့်လည်း ဗီဇာကြေး နဲ့ အခွန်အခ   ကောက်ခံနှုန်းထားတွေကတော့ အရင်သတ်မှတ်ချက်တွေအတိုင်းပဲလို့ သိရပါတယ်။
ထိုင်းနိုင်ငံသား နဲ့ နိုင်ငံခြားသားတွေဟာ အရင်က နယ်စပ်ကနေ ၀င်ရောက်မယ်ဆိုရင် ဗီဇာကြေး ၁၀ ဒေါ်လာ   ပေးဆောင်ရပြီး  ၆ ည  နဲ့ ၇ ရက် နေခွင့်ရှိတယ်လို့ တာချီလိတ် လ၀က ၀န်ထမ်းတဦးက ပြောပါတယ်။

DVB Burmese

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ကြေညာရမည်

Published on July 26, 2013 by ကိုထွေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေဟာ ကော်မရှင်မှာ တာဝန်ပေးအပ်ခံရတဲ့အခါမှာ မိမိတို့ဦးစီးတဲ့ စီးပွားတခုတည်းဖြစ်တဲ့ မိသားစုပိုင် မြေကြီး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်တွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမယ်ဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်ကို သမ္မတထံ ပေးပို့တဲ့အခါ ဒီပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့အတွက် ဖြုတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက သဘောထား မှတ်ချက်ပြန်လည်ပေးပို့ခဲ့ပါတယ်။ ဒီအပေါ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အရင် ပြည်ထောင်စု လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့အတိုင်း ပြဋ္ဌာန်းသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ကြောင်း လွှတ်တော်ကို ပေးပို့ခဲ့ပါတယ်။
ဒီသဘောထားမှတ်ချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒ ရယူမဲခွဲခဲ့ရာမှာ ပိုင်ဆိုင်မှု ကြေညာရမယ်ဆိုတဲ့ဘက်က အနိုင်ရရှိခဲ့ပုံကို ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ခုလို ပြောပါတယ်။“သမ္မတက ဘယ်လိုမှတ်ချက်ပေးသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်လို့ အဲဒီလို မှတ်ချက်ပေးထားတယ်။ ဘာဖြစ်လို့ အဲဒီလို မှတ်ချက်ပေးရတာတုန်းလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကော်မရှင် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာရမယ်လို ပြဋ္ဌာန်းမထားလို့။ ပြည်ထောင်စု လွှတ်တော်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အဲဒီလို ပြဋ္ဌာန်းမထားတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆလို့ မရဘူးပေါ့။ ကျနော်တို့ လွှတ်တော်က အဲဒီလို သဘောထားရှိတယ်။ ဒါကြောင့် နဂိုက ကျနော်တို့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ပြဋ္ဌာန်းသင့်တယ်လို့ မှတ်ချက်ပြုတာပေါ့။ ဒီ ၂ ခုကို ခွဲလိုက်တဲ့ အခါကျတော့ ကျနော်တို့ရဲ့ လွှတ်တော်က သဘောထားကို ထောက်ခံတဲ့လူက ၃၆၂ ယောက်ရှိတယ်၊ သမ္မတရဲ့ အဆိုကို ထောက်ခံတဲ့လူက ၁၅၀ ရှိတယ်။ အဲတော့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲ အတည်ဖြစ်သွားတာပေါ့။” ဒါအပြင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် ပြင်ဆင်ရေးသားဖို့ သမ္မတက မှတ်ချက်ပေးပို့ခဲ့တာကို ဥပဒေကြမ်း ကော်မတီက အရင် နာမည်နဲ့ ခေါ်ဆိုဖို့ ပြောဆိုခဲ့တာကြောင့် လွှတ်တော်အမတ်တွေရဲ့ မဲနဲ့ အဆုံးအဖြတ်ခံယူရာမှာ ကန်ကွက်သူ ၂၁၁ မဲ၊  သမ္မတ သဘောထားကို ထောက်ခံသူ ၂၉၁ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ 

DVB Burmese

လစ်ဗျားအကျဉ်းသား ၁,၀၀၀ ကျော် ထောင်ဖောက်ပြေး

ဗွီအိုအေ (မြန်မာဌာန)

လစ်ဗျားနိုင်ငံတလွှား ဆန္ဒပြသူတွေက နိုင်ငံရေးပါတီရုံးတွေကို ၀င်စီးခဲ့ရာကနေ လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့နားက အကျဉ်းထောင်ကနေ အကျဉ်းသား ၁,၀၀၀ ကျော် လွတ်သွားခဲ့ပါတယ်။

စနေနေ့က Al-Kuifiya အကျဉ်းထောင်ဖောက်မှုဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှုရှိမရှိ၊ အကျဉ်းသားတွေဟာ အပြင်ကလူတွေရဲ့ အကူအညီ ရယူခဲ့ခြင်း ရှိမရှိဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ၀န်ကြီးချုပ် Ali Zeidan က သူတို့ပတ်ဝန်းကျင်မှာ အကျဉ်းထောင်ရှိနေတာကို မလိုလားတဲ့ဒေသခံတွေက ထောင်ဖောက် ဖျက်နိုင်အောင် အကျဉ်းသားတွေကို အကူအညီပေးခဲ့တယ်လို့ အပြစ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထရစ်ပိုလီနဲ့ ဘန်ဂါဇီ မြို့တွေမှာ ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေဟာ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အပါအ၀င် နိုင်ငံရေးပါတီတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲတွေကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ သူတို့က တိုင်းပြည်တ၀ှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ပြစ်တင်ပြောဆိုထားပါတယ်။

ဆန့်ကျင်ဆန္ဒပြသူ အတော်များများက ထရစ်ပိုလီမှာရှိနေတဲ့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ ရုံးခန်းနဲ့ တခြား အစ္စလာမ် မဟာမိတ်ရုံးခန်းတွေကို ၀င်ရောက်စီးနင်းခဲ့ကြပြီး ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ဘန်ဂါဇီမှာရှိတဲ့ မူဆလင်ညီအစ်တော်များအဖွဲ့ရဲ့ ရုံးခန်းလည်း အစီးနင်းခံရတဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောကြပါတယ်။

ကမ္ဘောဒီယားရွေးကောက်ပွဲ အာဏာရပါတီအနိုင်ရ

ဗွီအိုအေ (မြန်မာဌာန)
တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားအထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက အနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ပြန်လည် အားသစ်လောင်းထားတဲ့ အတိုက်အခံအဖွဲ့ရဲ့ အခိုင်အမာ စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံကို ၁၀ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီက ပြန်လည် အုပ်ချုပ်တော့မှာဖြစ်ပါတယ်။

လွှတ်တော်ရဲ့ အမတ်နေရာ ၁၂၃ နေရာမှာ CPP ခေါ် ကမ္ဘောဒီးယား ပြည်သူ့ပါတီက ၆၈ နေရာ ရရှိခဲ့တယ်လို့ အာဏာရပါတီ ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။ ဒါဟာ အရင်တုန်းက အမတ်နေရာ ၉၀ နဲ့စာရင် အတော်လေး မဲအရ နည်းသွားတာဖြစ်ပါတယ်။ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲအရေအတွက် စာရင်းကို တရားဝင် မထုတ်ပြန်ရသေးတာကြောင့် အတည်မပြုသေးပါဘူး။

အတိုက်အခံခေါင်းဆောင် ဆမ်ရမ်ဆီ နဲ့ သူ့ရဲ့ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေး ပါတီကတော့ ဟွန်ဆန်က သူ ပြန်အရွေးခံ ရဖို့ သေချာအောင် ရွေးကောက်ပွဲကို အသေအချာ စနစ်တကျ အကွက်ချ စီစဉ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ တကယ်လို့ မသမာတာတွေကို သက်သေ အထောက်အထားတွေနဲ့ ပြနိုင်ခဲ့မယ်ဆိုရင် လူထုဆန္ဒပြပွဲတွေနဲ့ ကန့်ကွက်သွားမယ်လို့ ဆမ်ရမ်ဆီက ခြိမ်းခြောက်နေပါတယ်။

မသမာမှုတွေရှိနေတယ်လို့ သံသယရှိကြပေမဲ့ တချို့ မဲဆန္ဒရှင်တွေ ကတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲကို လေးစားကြတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လူဦးရေ ၉.၆ သန်းက မှတ်ပုံတင်ထားကြတာပါ။ အဲဒီ မဲဆန္ဒရှင်တွေထဲက သုံးပုံတပုံဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်ကြပါတယ်။

တချို့ကလည်း ဒီလို ရွေးကောက်ပွဲမျိုးကနေ နိုင်ငံရဲ့သာယာဝပြောရေးကို ပိုပြီး ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

မလေးရှားရောက်တရားမ၀င်လုပ်သားတွေ ဒဏ်ကြေး ၈ ဆတိုးတောင်းခံရ

မဆုမွန်

ပြီးခဲ့တဲ့ သီတင်းပတ်ကစတင်ပြီး မလေးရှားနိုင်ငံတွင်း တရားမဝင်နေ ထိုင်သူ နိုင်ငံခြားသားတွေအနေနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ကို ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေ ရင်းဂစ် ၄၀၀ အစား ၈ ဆအထိ တိုးမြှင့်လိုက်ပြီး ရင်းဂစ် ၃,၀၀၀ အထိ ပေးဆောင်ရမယ်လို့ မလေးရှား တာဝန်ရှိသူတွေဘက်က မလေးရှား သတင်းဌာနတွေက တဆင့် ကြေညာခဲ့တယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အခုလိုမျိုး မလေးရှားလူဝင်မှုက တိုးမြှင့် ကောက်ခံလိုက်တဲ့ အတွက် ပိုပြီးတော့အခက်အခဲ ဖြစ်နေကြတယ်လို့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ကပ်ပုန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးဆန်းဝင်းက ပြောပါတယ်။

“ဒီအပတ်ကစပြီး သူတို့က ၈ ဆ တိုးတောင်းတယ်။ ၃,၀၀၀ လောက် ကျတယ်။ ဗြုန်းစားကြီး ကောက်ဖြစ်တာ။ ကျနော်တို့ မလေးရှားမှာနေ လာတာ တော်တော်လေး ကြာလာပြီ။ ဒီလိုကြီး ဒဏ်ငွေ ၃,၀၀၀ အထိ တခါမှ မကျဖူးဘူး။ မြန်မာပြည်ကနေ လာတာတောင် မလေးရှားကို တရားဝင် ၀င်တာ ငွေ ၄,၀၀၀ လောက်ပဲ ကျတယ်။”

ဘာကြောင့် အဲဒီလို ၈ ဆတိုးပြီး တောင်းရတာပါလဲ။

“သူတို့တွေကတော့ ဒီမှာ ဒဏ်ကြေးတွေ မြင့်တဲ့အတွက်ကြောင့်ပေါ့လေ။ အဲဒါကြောင့်မိုလို့ တရားဝင်ပေါ့လေ။ မြန်မာနိုင်ငံသား တဦးတည်းကို မဟုတ်ဘူး။ ဒီမှာရှိတဲ့ တခြားနိုင်ငံသားတွေ ကျန်တဲ့သူတွေ အတွက်ကိုရော ပုံစံတပြေးညီတည်း သတ်မှတ်ချက်ထားပြီး ရှစ်ဆ တိုးတောင်းတယ် လို့ ကြေညာတယ်။”

ဘယ်နေ့ကစပြီးတော့ တိုးတောင်းတာပါလဲ။

“ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး တိုးတောင်းတာပါ။ မလေးသတင်းစာမှာ စပြီးတော့ ကြေညာပါတယ်။ ကြေညာပြီးတာနဲ့ တရားဝင်ကိုတော့ ကျနော်တို့ မြန်မာဘက်ခြမ်း ကို ဗုဒ္ဓဟူးနေ့ကမှ စပြီးတော့ ကြေညာထားတယ်။”

အဲဒီတော့ နဂို ဒဏ်ကြေးငွေ ၄၀၀ ရှိတာတောင်မှ အလုပ်သမားတွေမှာ အခက်အခဲရှိနေတော့ အခုလို ၃,၀၀၀ တိုးတောင်းလိုက်တော့ အလုပ်သမားတွေ အဓိက ဘာ အခက်အခဲတွေ ဖြစ်နေကြပါလဲရှင့်။

“အလုပ်သမားတွေက ပြန်ချင်တယ်။ ပြန်ချင်သော်လည်း သူတို့မှာက နဂို ၄၀၀ ပေးဖို့တောင် အခက်အခဲရှိနေတော့၊ သီတဂူ ဆရာတော်ကြီး ပြန်လာပြီး ပိုက်ဆံလေးပေးတာကို စောင့်ပြီး ပြန်နေရတဲ့အနေအထားမှာ အခု ငွေ ၃,၀၀၀ ကျော် ဆိုတော့ အရမ်းကို အခက်အခဲ တွေ့နေရတယ် ပြန်ဖို့အတွက် ကလေ။ သူတို့ကလည်း အရမ်းကို ပြန်ချင်နေကြတယ်။ အဲဒီလိုဖြစ်နေကြပါတယ်။”

အခုဆိုရင် နေရပ်ရင်းပြန်ဖို့ မလေးရှားအလုပ်ရှင်တွေက ထွက်စာတင်ထားပြီး သား မိခင်နိုင်ငံကို  ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ မြန်မာ သံရုံးရဲ့ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်ရရှိပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး ရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေချိန်မှာပဲ အခုလို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ ဒဏ်ငွေ တိုးမြှင့်လိုက်တဲ့အတွက် အခက်အခဲတွေ ဖြစ်သွားကြရတာပါ။

“တချို့ဆိုရင် အလုပ်ကနေ မိသားစုလိုက် ထွက်သွားကြပြီ။ တချို့ဆိုရင် Immigration ဌာနကို သီတဂူဖောင်ဒေးရှင်း ကနေ လိုက်ပို့ပေးမယ်ဆိုလို့ အဲဒီရက်ကို စောင့်ကြတာပေါ့လေ။ Immigration ဌာနမှာ လက်ဗွေ နှိပ်ပြီးရင် ပြီးသွားပြီ။ Immigration ကနေ လက်ဗွေနှိပ်ပြီးတာနဲ့ တန်း ပြန်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ အခု ဗြုန်းဒိုင်းကြီး အဲဒီအစီအစဉ်တွေ ပေါ်လာတဲ့ အခါကျတော့ သူတို့မှာ ထပ်တိုးဖို့အတွက် ပိုက်ဆံလည်း မရှိကြဘူး။ မရှိကြတဲ့အတွက် သူတို့မှာ အခက်အခဲတွေ တော်တော်တွေ့နေတယ်။ အလုပ်ပြန်ဝင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလေ။ အားလုံးက ပြန်မယ် ဆိုတော့ အားလုံးရှိတဲ့ တယ်လီဗေးရှင်းလေးတွေကအစ နီးစပ်ရာ သူငယ်ချင်းတွေကို ၅၀၊ ၂၅ နဲ့ ရောင်းပြီး၊ အဲဒီလို အားလုံး ပြန်ဖို့ တော်တော်လေး အခက်အခဲတွေ့နေတယ်ခင်ဗျ။”

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ နေရပ်ရင်း ပြန်ဖို့အရေးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်းကူညီပေးနေကြပါတယ်။ မလေးရှားနိုင်ငံတွင်းက မြန်မာ အလုပ်သမားအရေးနဲ့ ပတ်သတ်ပြီးလည်း ပြီးခဲ့တဲ့လက ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် မြန်မာသံရုံး တာဝန်ရှိသူတွေက မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း အခုလို မြန်မာအလုပ်သမားတွေ တရားဝင်ပြန်ခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။

“သူတို့ဘက်ကတော့ ညှိနှိုင်းပေးမယ့်အနေအထားတော့ စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေရေးကြေးရေးတွေက  မတရားကြီးဖြစ်သွားတဲ့ အတွက်ကြောင့်၊ လုပ်ရတဲ့လုပ်ငန်းတွေက မတရားကျယ်တယ်။ မတည်ငြိမ်တဲ့ အတွက်ကြောင့် ပိုဆိုးတယ်။”

မြန်မာပြည်ပြန်လိုသူတွေထဲက အသက်အရွယ်ကြီးမြင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သားသည်မိခင်တွေ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့လှူဒါန်းမှုနဲ့ ဧရာဝတီဖောင်ဒေးရှင်းနဲ့ သီတဂူဆရာတော် မလေးရှားကိုရောက်စဉ်က ဖွဲ့စည်းပေးခဲ့တဲ့ သီတဂူဖောင်ဒေးရှင်းနဲ့ ပရီမီးယားကော်ဖီမစ်ကုမ္ပဏီတို့က လည်း လေယာဉ်လက်မှတ် အခမဲ့လှူဒါန်းပေးနေသလို အခြားအလှူရှင်တွေ ကလည်း လိုအပ်တဲ့ငွေကြေး အထောက်အပံ့တွေကို ကူညီလှူဒါန်းပေးနေတာ ရှိပေမဲ့လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

အခုဆိုရင် မလေးရှားနိုင်ငံတွင်း အခြေအနေတည်ငြိမ်နေပြီဆိုပေမဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်နေကြတဲ့ မြန်မာအလုပ်သမား ထောင်ချီနေပြီဖြစ်ပြီး နောက်ထပ်လည်း ပြန်ဖို့ စောင့်စားနေကြသူတွေလည်း အများအပြား ရှိနေပါတယ်။

မလေးရှားနိုင်ငံကနေ မြန်မာပြည်ပြန်ရောက်သွားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်သမား ဝန်ကြီးဌာနက အလုပ်အကိုင်ပြန်လည်ရရှိရေး စီစဉ်ဆောင် ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ 
 
VOA Burmese

မယ်ဖာလုံမြို့နယ်မှာ ဘတ်ခြောက်သန်းဖိုး စိတ်ကြွဆေးပြားနဲ့လက်နက်တွေမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့နယ်အတွင်းမှာ ထိုင်းမြန်မာနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက် နဲ့ ထိုင်းနိုင်ငံသား ၁ ယောက်ဆီက ထိုင်းဘတ်ငွေ သန်း ၆၀ ခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်မြို့နယ် တဖက်ခြမ်း ထိုင်းနိုင်ငံ ထော့ထိုင်းရွာနဲ့ ဟိုမယ့်ခမ်းရွာအကြားက ကားလမ်းပေါ်မှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံစစ်တပ်တို့ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ မော်တော်ဆိုင်ကယ် ၃ စီးနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားနှစ်သိန်း၊ဗုံးလေးလုံးနဲ့ ၉မမ ပစ္စတိုတစ်လက်တို့ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ချင်းရိုင်မြို့ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစာင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် လည်းဖြစ် ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချူပ်လည်းဖြစ်တဲ့ ဦးခွန်ဆိုင်း က မိုင်းဆတ်မြို့နယ် မိန်တုန်ကျေးရွာအုပ်စုမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်နိုင်တယ်လို့  ပြောပါတယ်။
“အစဉ်အလာအရဆိုလို့ရှိရင် ဒီဖက်လမ်းက ပူနားကို ပြည်သူ့စစ်ရဲ့ လမ်းဖြစ်တယ်၊ဒီပူနားကို ပြည်သူ့စစ်က ဒီမိုင်းဆတ်မြို့နယ် မိန်းတုန်းကျေးရွာအုပ်စုထဲမှာရှိတာ၊သူတို့ကမူးယစ်ဆေးဝါး ထုတ်လုပ်လာတာက ၁၀ နှစ်ကျော်ပြီပဲ သူတို့ရဲ့ ထွက်ပေါက်က သူတို့ဘယ်မှာထားလည်းဆိုတော့ ဒီဟိုမယ့်ခမ်းနဲ့ ထော့ထိုင်းနားမှာရှိနေတဲ့ မယ်ကြို့ဆိုတဲ့ရွာရှိတယ်၊ဒီမယ်ကြို့ဆိုရွာက ဒီထိုင်းဖက်က မုန့်ကောက်လန်ဆိုတဲ့ရွာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်။မုန့်ကောက်လန်ကဒီထော့ထိုင်းကျေးရွာအုပ်စုထဲမှာ ရှိတာပေါ့ အဲ့တော့ဒီဖက်လမ်းကို သူတို့ခဏခဏသုံးတယ်။ဒါကြောင့်မိုလို့ အခုလည်းဒီဥစ္စာ ဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။”
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေအားလုံး ခြောက်ယာက်ဖြစ်ပေမယ့် ငါးယောက်သာ ဖမ်းဆီးရမိခဲ့ပြီး မောင်မော်ဆေး ဆိုသူ တစ်ယောက်ကတော့ မြန်မာနိုင်ငံဖက်ခြမ်းကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၄ ဦးကတော့ အသက် ၂ဝ အရွယ် မောင်ကျကော် ၊ အသက် ၂ဝ အရွယ် မောင်ကျက ၊ အသက် ၁၇ နှစ်အရွယ် မောင်ကျစီး၊ နဲ့ အသက် ၃၀ အရွယ် မောင်ကျကော တို့ဖြစ်ကြပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတို့အားလုံးကို မယ်ဖာလုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

မင်းပြားမြို့ နယ်အတွင်း ကျေးရွာ၂၄ ရွာလောက် ရေလွှမ်းမိုး

2013-07-28

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်းနစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။
အဓိက ရေနစ်မြုပ်မှုနဲ့ကြုံနေရတဲ့ ကျေးရွာတွေကတော့ မင်းပြားမြို့န ယ်က မင်းဘူးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလားမတောင်စတဲ့ ကျေးရွာကနေ အထက်ပိုင်း ရွှေကျန်အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။
အခုလို ရေနစ်မြုပ်မူ ဖြစ်ပေါ်နေတဲ့ကျေးရွာတွေဟာ မြေနိမ့်ပိုင်း ကျေးရွာတွေ အများဆုံးဖြစ်ပြီး ရေဘေး ဒုက္ခရောက်သူတွေဟာ နီးစပ်ရာ ကုန်းမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ ခြေတံရှည် အိမ်တွေဆီကို ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး အမ်းမြို့နယ်မှာလည်း ကားလမ်းတွေ ရေလျှံနေတဲ့အတွက် ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။

RFA Burmese

ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ

2013-07-28

 
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင်၁၉ ရက်နေ့က ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝ ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေး အတွက် တောင်းဆိုချက်(၅)ချက်ပါစာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့ အထက(၁)က ကျောင်းသား(၄)ဦး ကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည(၈)နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေ က အာဖက်အေ ကို ပြောပါတယ်။
ကျောင်းသားမိဘများကိုပါခေါ်ယူပြောဆိုပြီး နောက်နောင်မှာ အခုလိုမပြုလုပ်ရန်ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီ ကျောင်းသား ၄ ဦးကို သြဂတ်(၉)ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။

RFA Burmese

တိုင်းပြည်တိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2013-07-27
 
မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အဓိကကျတာဟာ ပညာရေးဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာ တိုးတက်အောင် သုတ၊ ရသစာပေတွေ များများ ဖတ်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့

စတင်ဖွင့်လှစ်လိုက်တဲ့ ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် တိုးတက်ဖို့ ပညာရေးအရေးကြီးကြောင်း နဲ့ စာဖတ်အားကောင်းဖို့ လိုအပ်ကြောင်း အခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံမှာ ပထမဆုံးရွေ့လျားစာကြည့်တိုက် ကို ကော့မှူးမြို့မှာ ဖွင့်လှစ်ခဲ့တာပါ။
ရွေ့လျားစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံဟီးနိုးကုမ္ပဏီက လှူဒါန်းတဲ့ ဟီးနိုးကားအကြီးစားပေါ်မှာ စာကြည့်တိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကားနှစ်စီးဟာ ကော့မှူးမြို့နယ်ထဲ က ကျေးရွာပေါင်း ၂၁ ရွာကို အလှည့်ကျသွားရောက်ပြီး ကျေးရွာလူထု အလွယ်တကူ စာအုပ်ငှား ဖတ်နိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်။

အဲဒီလိုကားနှစ်စီးပေါ်မှာ တည်ဆောက်ထားတဲ့ ရွေ့လျားစာကြည့်တိုက်အပြင် ပုံမှန်စာကြည့်တိုက်ကိုလည်း စာအုပ်ပေါင်းများစွာနဲ့ ကွန်ပြူတာအင်တာနက် တပ်ဆင်တည်ဆောက်ထားပါတယ်။
အခုလို ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများစရန် တစ်သိန်းစီသာရပြီး အဖမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၂၅
တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းစိန်(ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်းစီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

လူသတ်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ထိုနှစ်ဦးကိုလည်း စေခိုင်းသူ ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် သည် အသတ်ခံရသူ ဒေါ်သန်းစိန်ထံမှ မြေ ၈ ဒသမ ၆ ဧကခန့်ကို ယခင်နှစ်က ဝယ်ယူခဲ့ကြောင်း၊ ယခု လယ်မြေဈေး တက်လာသောကြောင့် ပိုက်ဆံ ထပ်မံ ရလိုသည်ဟု လာရောက် ပြောကြားသော အခါ မတရားလုပ်သည်ဟု ထင်မြင်မိသည့်အတွက် တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူ သူရင်းငှား ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ကို ငွေ ၁၀ သိန်းပေး၍ လူသတ်ရန် ခိုင်းစေခဲ့သည်ဟု ကိုထူးနိုင်က ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
အသတ်ခံရသူ ဒေါ်သန်းစိန်သည် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေကိစ္စ အငြင်းပွားလျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီးရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူး ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ရှစ်သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော်လည်း ယခု ၎င်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ယူဆောင်၍ ငွေအနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့် ထံတွင် သေဆုံးသူ ဒေါ်သန်းစိန်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိကိုယ်တိုင်လည်းတစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် မည်ရွေ့ မည်မျှမှ မရခဲ့သည့်အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် ငွေကြေး အလွဲသုံးစားမှုဖြင့် အကျဉ်းထောင် ကျခံနေသည့် ၂၀၁၂ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ်ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် အချုပ် အတွင်းသို့ သွားရောက်၍ လက်မှတ်နှင့် လက်ဗွေများ ရယူကာ လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ရှစ်သိန်း၊ ကိုးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောကြားသည်။

အခင်းမဖြစ်မီ လအပိုင်းအခြားခန့်က ထင်းစုကျေးရွာမှ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည်ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ သုံးရက်အတွင်း လယ်ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် ( ခ ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ပြီး ညနေပိုင်းတွင် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာကာ ဒေါ်သန်းစိန်ကို မေးမြန်းသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်းသို့ သွားသည်ဟု ပြောပြခဲ့ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံအတွင်းသို့ ရောက်ရှိစဉ် ဒေါ်သန်းစိန်ကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် တရားခံ သုံးဦးကို ဖမ်းဆီး စစ်ဆေးဆဲဖြစ်ကြောင်း ခလောက်ချိုက် နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

တောင်ငူခရိုင် ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၀/၁ ဇဟား ချောင်းကူး တံတား အောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကို ပီနံအိတ်နှင့် ထည့်ကာ စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခေါင်းပြတ် သေဆုံးမှုနှင့် ပက်သက်၍ သေသူ၏ လက်ဗွေရာကို မေလ ၂၀ ရက်နေ့မှ စတင်ကာ ခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) နှင့် တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) များရှိ အမျိုးသမီးများ၏ မှတ်ပုံတင် လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ယနေ့ထိ မည်သူ မည်ဝါ ဖြစ်ကြောင်း စုံစမ်း မရသေးပေ။

ဆူဒိုအက်ဖီဒရင်းဆေးပြားပီနန်အိတ်(၂)လုံးဖမ်းဆီးမိ

ကလေး၊ ဇူလိုင် ၂၈။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၆)၊ အိမ်အမှတ်(၃၆)နေ ဦးရင်ကျုံးနုံး နေအိမ်မှ ပီနန်အိတ်(၂)လုံးဖြင့် ထည့်ထားသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဇူလိုင်၂၇ရက်နေ့ ည(၈)နာရီ၊ (၁၅)မိနစ်ခန့်က ဖမ်းဆီးမိကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဆူဒိုအက်ဖီဒရင်း ဆေးပြားများမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဗေဒ ပစ္စည်းများဖြစ်ကြောင်း၊ ၎င်းဆူဒိုအက်ဖီဒရင်း ဆေးပြားများကို သယ်ယူရောင်းချခွင့် မသာ၍ နယ်စပ်ကျေးရွာများတွင် ၀ှက်သိမ်းထားကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ခရိုင်(ထ/န)ခေါင်းဆောင် ရဲအုပ်လှနိုင် ဦးစီးသောအဖွဲ့၊ တာဟန်းရဲကင်းမှူး
ဒုရဲအုပ်ကျဲအိုဒင်မွိုင်း ဦးစီးသောအဖွဲ့နှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်းတို့ ပူးပေါင်းပါဝင်သော သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း၊ ရင်ကျုံးနုံးမှာ ထွက်ပြေးသွားပြီး ၎င်း၏ဇနီး ဒေါ်ဗန်ဒိုကျန်းအား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်(ထ/န)ခေါင်းဆောင် ကပြောသည်။

ရင်ကျုံးနုံး၏ နေအိမ်တွင် ရှာဖွေရာ နေအိမ်မီးဖိုခန်း အတွင်းမှ ဆူဒိုအက်ဖီဒရင်း ဆေးပြား(၆၃၀၀၀၀)ပြား ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ် (၆၃၀)သိန်း ဖြစ်ကြောင်း သိရသည်။

၎င်းဆေးပြားများကို ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၆) အိမ်အမှတ် (၁၃)နေမာထန်(ခ)လားလ်ထန်ဗဲလ်မှ လာရောက် ပို့ဆောင်ထားသော ပစ္စည်းများဖြစ်ကြောင်း၊ မာထန်၏ နေအိမ်ကို ပူပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာမာထန်(ခ)လားလ်ထန်ဗဲလ်မှာ တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။

“ဆူဒိုအက်ဖီဒရင်း ဆေးပြားများနှင့် အတူ ဖမ်းဆီးမိတဲ့ မမန်ဒိုကျန်း၊ ထွတ်ပြေး တိမ်းရှောင်နေသူ ရင်ကျုံးနုံးနှင့် မာထန်(ခ)လားလ်ထန်ဗဲလ်တို့ကို (ပ)၈၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများ ဥပဒေပုဒ်မ၁၅/၁၆(ခ)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ခရိုင်(ထ/န) ခေါင်းဆောင် ရဲအုပ်လှနိုင်ဦးက ပြောသည်။

ဇွန် (၁၅)၊ ၂၀၁၃ မှ ဇူလိုင် (၁၂)၊ ၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အစီအစဉ်ဖြင့် ကလေးဒေသတရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်ရန်ဆောင်ရွက်ခဲ့ပြီးနောက် ကလေးခရိုင် ရဲတပ်ဖွဲ့မှလည်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို
အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူး

“ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ ကျွန်မက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းပြီးလို့ရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့လက်ခံမှာပါ” ဟု လွှတ်တော်တွင် ဒုတိယအင်အားကြီးပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မိမိအနေဖြင့်မူ နိုင်ငံအကျိုး ရှေးရှု၍ ရှေ့ဆက် လျှောက်လှမ်းသွားမည် ဟုလည်း ၄င်းက ပြောခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်ပါ
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါက ၂၀၁၅ တွင် မည်သူသမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
The Voice Weekly

ဧရာဝတီမြစ် ကမ်းပါးပြို၍ နေအိမ်များရွှေ့

26.7.2013

ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျမှု ကြောင့် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကျောက်ရဲ အောင်ချမ်းသာ၊ ကျောက်ရဲငှက်ပျောတော စသည့် ကျေးရွာများမှ လူနေအိမ်အချို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အိမ်အကြီးအသေးပေါ် မူတည်၍ လူအင်အားဖြင့် အိမ်အလုံးလိုက် ထမ်းရွှေ့ ခြင်း၊ ဖျက်ရွှေ့ခြင်းတို့ ပြုလုပ်နေရပြီး အိမ်ခြေ ၃၀ ကျော် ရွှေ့ပြောင်းပြီး ဖြစ်ကာ နောက်ထပ် ဆက်လက်ကမ်းပြိုပါက ရွာလုံး ကျွတ် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ခြင်ဘို့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ရှင်းပြသည်။

မြစ်ကမ်းပါး ဆက်တိုက်ပြိုနေမှု ကြောင့် ကျေးရွာမူလတန်းကျောင်းနှင့် မြစ်ကမ်းပါး အကွာအဝေးမှာ ပေ ၁၅၀ ခန့်သာ လိုတော့ကြောင်း ၄င်းကပြောဆိုသည်။

နောက်ထပ် ပေ ၂၀၀ ခန့် ပြိုကျနိုင် သေးကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

ဒေသခံများကို မြစ်ကမ်းပါးနှင့် ပေ ၆၀၀ အတွင်း နေထိုင်ခြင်းမပြုရန် နှိုးဆော်ထားပြီး အိမ်ရာရွှေ့ပြောင်းနေသူများ အတွက် လိုအပ်သည့် အကူအညီများ ပေးရန် အလှူရှင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းဇော်ဦး ကဆိုသည်။

The Voice Weekly

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ

ပညာမာန ထားခြင်း

အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။

လောဘကြီးခြင်း

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက် တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။

ဒေါသ ထားခြင်း

ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။

ပျင်းရိခြင်း

အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။

ဆက်ဆံရေး ညံ့ဖျင်းခြင်း

လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။

လေ့လာဆည်းပူးမှု မရှိခြင်း

ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။

...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

todaymyanmar.net

ဧရဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား

7/26/201

အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ရေကြီး ရေလျှံမှုဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေဟာ ငါး သိုင်းချောင်းမြို့မှာ စိုးရိမ်ရေအထက် ၃ စင်တီမီတာ ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမြစ်ရေ ဟာ ဒီကနေ့ မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေနိုင် တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း သာပေါင်းနဲ့ ဒေးဒရဲမြို့ နယ်တွေက ကျေးရွာတချို့မှာ ရေကြီးရေလျှံဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာဆိုရင် အခုလ ၁၅ ရက်နေ့ကတည်းက ရေစတက်နေပြီး ပေါင်းမြို့နယ် ထဲက အနိမ့်ပိုင်ကျေးရွာ ၅၀ လောက် ရေစကြီးနေပြီလို့ သာပေါင်းမြို့နယ် ခင်နန်ရွာက ကျေးရွာတာဝန် ရှိသူ ဦးဝင်းစမ်းက ဒီဗွီဘီကို ပြောပါတယ်။

“သာပေါင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀ ရှိတယ်။ ဒီဘက် အထက်ဘက်အခြမ်းပေါ့ င၀န်တာနဲ့ အနောက်ဘက်က ရခိုင်ရိုးမရဲ့ ဆင်းလာတဲ့ တောင်ခြေနဲ့ ညှပ်ပြီတော့ ရေကြီးတဲ့ သဘောပါ။ အဲဒီအနေအထားမှာ ကျနော်တို့ တချို့ စိုက်ကွင်း လယ်တွေ စိုက်ထားတဲ့ဟာတွေ မြုပ်တယ်၊ အဲဒါလည်း အနည်းအကျဉ်းပေါ့နော် ဧကအနေအထားနဲ့ ဆိုရင် ဧက ၈၀ ၀န်းကျင်ပေါ့ ရေ၀င်စပြုနေပြီးပေါ့။ တအားဆိုး ဆိုးရွာရွာ ပျက်ဆီးလောက်တဲ့ အနေအထား အခုအချိန်မှာ မရှိဘူး။ ဒီထက် ပိုတက်လာမယ်ဆိုရင်တော့ ပျက်စီးမယ့် အနေအထားရှိပါတယ်။ ဟိုဘက် င၀န်တာရဲ့ အရှေ့ဘက်ခြမ်း ခရေနီတို့၊ ကျားရယ် အုပ်စုတွေ ဆိုလို့ရှိရင် ရေရဲ့အနေအထားဟာ ၁၅ ပေအထိ တက်သွားနိုင်မယ့် အနေအထားရှိတယ်။ ခန့်မှန်းခြေ ကတော့ ကျေးရွာပေါင်းဆိုလို့ရှိရင် ၅၀ ၀န်ကျင်းကတော့ ရှိတယ်။

ရေကြီးတဲ့အတွက် အိမ်တွေအားလုံး ရေနစ်မြုပ်ကုန်တဲ့အဆင့်အထိ မရှိပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ ထားဖို့ နေရာအခက်အခဲရှိနေပြီး လက်လုပ်လက်စားသမားတွေအတွက်လည်း ရေကြီးလို့ အလုပ်အကိုင် မရှိတော့ အခက်အခဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရေကြီးရတဲ့ အဓိက အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဝင်းစမ်းက “မိုးများတာလည်းပါတယ်၊ တရုတ်ဘက်တို့ ဘာတို့ကနေပြီးတော့ ရေခဲတွေပျော်ပြီး ဒီဧရာဝတီမြစ်ကနေပြီးတော့ ဆက်သွယ်ပြီးတော့ စီးဆင်းလာ တယ်။ နောက်ပြီးတော့ ရခိုင်ရိုးမပေါ်မှာ မိုးရွာတဲ့အခါကျတော့ အဲဒီရေတွေဟာ ကျနော်တို့ဆီကို တိုက်ရိုက် ဆင်းတဲ့ တောင်ကျချောင်းတွေရှိတယ်။ ချောင်းတွေကနေစီးဆင်းလာတဲ့အခါကျတော့ ဒီရေတွေဟာ များပြားလာတယ်။ အောက်ကလည်း အခုကာလ မုန်သုတ်လေ ရှိနေတဲ့အခါ၊ နောက်လေဖိအားတွေ ရှိနေတဲ့ အခါကျတော့ ဒီရေက တက်ပြီး ကုန်းတွေ ရေလျှံလောက်အောင် ရေကြီးတာပေါ့။”

ဒေးဒရဲမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းက မိုးများလို့ ရေတက်ပြီး မြစိမ်းကန်၊ သောကြာနဲ့ ဖိုး ရှမ်းကြီးကျေးရွာစုတွေမှာ လယ်ယာမြေဧက လေးငါးထောင်လောက် ရေနစ်မြုပ်နေတာ လေးရက်လောက် ရှိနေပြီလို့ မြို့ခံ ဆန်ကုန်သည်တဦးက ပြောပါတယ်။

“မိုးနည်းနည်းများတယ်၊ အောက်ရေကလည်းတက်လို့ပါ။ လေးငါးတောင်လောက်တော့ ရှိနိုင်တယ်။ ဒီ တစ်ရက် နှစ်ရက်ဆို ပြန်ကျသွားမှာလေ။ ကျနော်တို့ မြစိမ်းကန်၊ သောကြာ၊ ဖိုးရှမ်းကြီးဘက်တို့ ရွာတွေပါ။ အခုရေတော့ နည်းနည်းပြန်ဆင်းသွားပါပြီ။ မိုးလည်းနည်းနည်းပါးသွားတယ်၊ မိုးက ရွာတော့ ရွာတယ်၊ ပထမရက်တွေလောက် မိုးမများဘူး။”

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက် ၇ ခု ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပြီး အခုတော့ ရေကျသွားပြီဖြစ်ပါတယ်။

DVB TV News

ပန်ကာနှင့်အိပ်စက်ခြင်း

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလို ဖြစ်သည်။ သို့ သော် ဘေးထွက်ဆိုးကျိုးများက လူ တစ်ယောက်၏ကျန်းမာရေးကို ထိ ခိုက်စေသည်။ အိပ်စက်သူ၏ အသက် အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်
စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်
များ လေးခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ ထို့အပြင်-

(၁)အသံ
ပန်ကာမှ ထွက်သောအ သံကြောင့် အိပ်ချိန်တွင် နှောင်ယှက် မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက် မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက်ပို၍ ဖြစ်စေသည်။

(၂)ရုတ်တရက်ကလေးများသေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ် ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီး
သလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်း စနစ်ကို ထိခိုက်စေသည်ဟု သိရသည်။

(၃)ခြောက်သွေ့သောလေ
ပန်ကာမှ လေကို ခြောက် သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်မှ လြွေပန်ကို ခြောက်သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း မရှိချေ။

(၄)ဦးခေါင်းခွံအတွင်းရှိ လေ လမ်း ကြောင်း
နေ့အချိန် ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ် ၍ ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသောပန်ကာမှ လေများ ကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထား သောဦးခေါင်းအတွင်း လေလမ်း ကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေး သင့်သည်။

ထူး
Health Updates Journal

မျက်ဖြူဆိုက်လေ ပေါက်ဖော်ကြိုက်လေ



ဧရာဝတီ

ထိုင်းမှာ လုပ်အားခ ဈေးတက်လို့ အလုပ်ရုံတွေ ကမ္ဘောဒီးယားနိုင်ငံ ကို ပြောင်းရွှေ့

ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ထိုင်းအလုပ်ရုံတစ်ချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ စီစဉ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ကစပြီး အနည်းဆုံး တစ်ရက်လုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၃ဝဝ သတ်မှတ်ခဲ့ပါတယ်။
အဲသလိုသတ်မှတ်ခဲ့ပြီး မြန်မာနယ်စပ်အနီးတပ်ခရိုင်မှာ လုပ်အားအလွန်အမင်းလိုအပ်တဲ့ အလုပ်ရုံတချို့ ပိတ်လိုက်ရပါတယ်။ မဲဆောက်မြို့နယ်မှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ရှူးဖိနပ်လုပ်ငန်းတွေဟာ သူတို့ရဲ့စက်ရုံတွေ ၂ဝ ကျော် ကို ကမ္ဘောဒီးယားနိုင်ငံထဲကို ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ တပ်ခရိုင် ဖက်ဒရေးရှင်း ဥက္ကဌက ပြောပါတယ်။
ကမ္ဘောဒီးယားမှာ အနည်းဆုံး တစ်ရက်လုပ်ခက ထိုင်းဘတ်ငွေ (၇ဝ / ၈ဝ) လောက်သာရှိပါတယ်။ တပ်ခရိုင်အတွင်းမှာ အလုပ်သမားတွေ အများအပြားလိုအပ်တဲ့ အလုပ်ရုံပေါင်း ၆၅၈ ရုံရှိပြီး အလုပ်သမားပေါင်း ငါးသောင်းလေးထောင် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားကလည်း ထိုင်းအလုပ်ရုံတွေ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို ထိုင်းအလုပ်ရုံတွေ ဈေးချိုတဲ့ ကမ္ဘောဒီးယားကို ပြောင်းရွှေ့စပြုလာတာဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသားအရေအတွက် အနည်းဆုံး ၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
RFA Burmese

Tunisia အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

ဗွီအိုအေ (မြန်မာပိုင်း)

တရုတ် စစ်သင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်

ကိုဇော်ဝင်းလှိုင်

ဘင်းဂျား၊ အင်ဒိုနီးရှားရဲ့ ယာဉ်မျှစီး လူ့အဖွဲ့အစည်း

Published on July 26, 2013 by DVB

သင်တခါမှ မတွေ့ဖူးတဲ့သူကို သင့်ရဲ့ ယာဉ်ပေါ် တက်စီးခွင့်ပြုဖူးပါသလား။ ဒါ ကျောချမ်း စရာပေါ့လေ။ ဒါပေမယ့် ဂျကာတာမြို့ရဲ့ ယာဉ်ကြောထဲမှာ တယောက်တည်း မောင်းရတာက လည်း စိတ်ကသိကအောက်ဖြစ်စရာနဲ့ ငြီးငွေ့စရာ ကောင်းနိုင်ပါတယ်။
နီဘင်းဂျားလို့ ခေါ်တဲ့ လူ့အဖွဲ့အစည်းတခုကတော့ မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အတွက် အဖြေတွေ ရှာပေးရင်း အဲဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။
နီဘင်းဂျားအဖွဲ့ဝင်တချို့နဲ့ လိုက်ပြီး စီးခဲ့တဲ့ နူးရ်အာအဇီဇာက “အခု ကျမက အရှေ့ဂျကာတာ ပရာမူခလမ်းကို ပူထရီနဲ့လိုက်သွားချင်ပါတယ်။ ကားထဲက လူတွေက တနေရာတည်းကို သွားကြမှာပါ။ မဲလ်လီဆာကတော့ ပိုပြီးဝေးတဲ့ ပူလိုဂဒေါင်း ကို သွားချင်တာပါ” လို့ ပြောပါတယ်။

ကားထဲကလူတွေက တယောက်နဲ့ တယောက်ခုမှ တွေ့ကြတာပါ။ ပထမတော့ အွန်လိုင်း ကပါ နောက်တော့ မျက်နှာချင်းဆိုင်တွေ့ကြတာပေါ့ရှင်။ သူတို့က နီဘင်းဂျား လူ့အဖွဲ့အစည်း ၀င် တွေပါ။
နီဘင်းဂျားဆိုတာက လမ်းကြုံစီးတာလို့ အဓိပ္ပာယ်ရတဲ့ အင်ဒိုနီးရှားအရပ်သုံးစကားက လာတာပါ။ ဒါက တွစ်တာကို အခြေခံပြီး မော်တော်ယာဉ်ပိုင်ရှင်တွေကို ထိုင်ခုံအပိုတွေ ထားခိုင်းပြီး သက်တောင့်သက်သာနဲ့ တခရီးတည်းသွား  လူထုသယ်ယူပို့ဆောင်ရေးကို သုံးနေကြသူတွေကို စုစည်းပေးထားတဲ့ လူ့အဖွဲ့အစည်းတခုပါ။
လွန်ခဲ့တဲ့ ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီး နီဘင်းဂျားဟာ ခုဆို အမြဲသုံးနေသူ ၂၀၀၀ ကျော် ရှိနေပါပြီလို့ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ တည်ထောင်သူ အင်ဒရီယာ အဒီရ စ၀ပ်စ်တီ က ပြောပါတယ်။
“လူတွေက ဘာဖြစ်လို့ မျှစီးရမှာလဲလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ကျနော်က အငှားယာဉ်တစီး ငှားနိုင် ဒါမှမဟုတ် ကျနော်ကိုယ်ပိုင် ကားမော်တော်ဆိုင်ကယ်ကို မောင်းသွား လို့ ရပါတယ်။ လူ့အဖွဲ့အစည်းရဲ့အမြင်က တခြားလူတွေနဲ့ ကားကြုံစီးတာဟာ ဆင်းရဲမှုကို ပြတဲ့ လက္ခဏာ ဒါမှမဟုတ် အလကားစီးချင်လို့ လိုမြင်ကြတယ်ဗျ။ ဒါပေမယ့် နီဘင်းဂျားတွေမှာက ကားကြုံစီးမှုတိုင်းအတွက် အခြေအနေနဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ လူတွေဟာ သူတို့ သဘောတူညီတဲ့အရာတိုင်းအတွက် မျှဝေနိုင်ကြပါတယ်။ ကျနော်တို့က ဒီမှာ အခြေခံအားဖြင့်ကို ခရီးသွားနေတဲ့ အတောအတွင်း အားလုံးတညီတည်းပါပဲ။”
တချို့ ဘုံအကျဆုံးအခြေအနေနဲ့ သတ်မှတ်ချက်တွေမှာ သောက်စရာတွေနဲ့ မုန့်တွေ ဝေစားတာမျိုးတွေ ပါပါတယ်။ နောက် သတ်မှတ်မှုတွေကို မစီးခင်မှာ သဘောတူထားပြီး ဖြစ်ကြရပါမယ်လို့ အင်ဒရီယာက ပြောပါတယ်။
“လူ့အဖွဲ့အစည်းထဲမှာ  ဒါက ပူးပေါင်းဆောင်ရွက်တာပါ။ အကျိုးကျေးဇူးရှိတဲ့ ဆက်ဆံရေး တခုပေါ့ဗျာ။ ခင်ဗျားဟာ လမ်းပြတယောက် ဒါမှမဟုတ် ကားမောင်းတဲ့သူလည်း ဖြစ်ချင် ဖြစ်နိုင် တာပေါ့။”
နီဘင်းဂျားတွေနဲ့ ဘယ်သူမဆို ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေ ဒါမှမဟုတ် တက္ကစီကို တောင် မျှစီးနိုင်ပါတယ်။ ဂါမာကီတိုရီယာယံတိုရီက သူရဲ့ မော်တော်ဆိုင်ကယ်နောက်ခုံမှာ နေ့တိုင်း မျှစီးခွင့် ပေးပါတယ်။
“ကျနော်က လူအတော်များများနဲ့ မျှစီးပါတယ်။ တခါတရံ သူတို့က မနက်စာတွေ ဒါမှ မဟုတ် မုန့်တွေနဲ့ အအေးတွေကို ယူလာပြီး မျှဝေစားကြပါတယ်။ သူတို့လုပ်တာတွေကို ကျနော် ခံစားလို့ ရပါတယ်။ တခါက ကျနော် မနက် ၆နာရီခွဲမှာ မျှစီးလိုက်တော့ အမျိုးသမီးတယောက်က ကျနော်အတွက် မနက်စာယူလာပေးခဲ့တယ်ဗျ။ သူက အဲဒါကို သူဘာသာလုပ်လာတာလို့ ကျနော် ထင်တယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ မျှစီးမယ့်လူက အချိန်မှန် ရောက်မလာတဲ့ အချိန်မျိုးပေါ့ဗျာ။ ကျနော်တို့က အချိန်တခု သတ်မှတ် သဘောတူထားခဲ့ကြ ပြီးပေမယ့် သူတို့က ပေါ်မလာခဲ့ကြတော့တာပေါ့။”
အသက် ၂၃ နှစ် ရှိပြီဖြစ်တဲ့ ရက်ဖီ ဖက်ဘရီယန်က နီဘင်းဂျားအဖွဲ့ဝင်တယောက် ဖြစ်ပြီး နေ့တိုင်းလိုလို ကားကြုံလိုက်စီးတဲ့အတွက် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်တာကို ခံခဲ့ရပါတယ်။
“ပထမတော့ ကျမက စိတ်အနှောင့်အယှက် နည်းနည်းဖြစ်ခဲ့ရတာပေါ့ရှင်။ အဲဒါက ကျမက ကားပိုင်ရှင်နဲ့ စီးသွားရင်း တခုခုကို မျှဝေတာမျိုးပါ။ ဒီလိုမျှပြီး စီးတာဟာ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ သူတို့မသိကြဘူးရှင့်။ အဲဒါဟာ မတူညီတဲ့နောက်ခံအကြောင်း တရားတွေ၊ စရိုက်လက္ခဏာတွေ ရှိတဲ့မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နည်းလမ်းသစ်တခု ပေါ့ရှင်။ ကျမတို့လူတွေ ပိုပြီးသိလာတယ်။ ကျမတို့ မျှဝေနိုင်တယ်။ မျှစီးကြ၊ အသိပညာလည်း ဖလှယ်နိုင်ကြပါတယ်။”
ဂျာကာတာမှာ လမ်းကီလိုမီတာ ၇၀၀၀ ကျော်ရှိပြီး မော်တော်ဆိုင်ကယ် ၁၀ သန်းနဲ့ ကား ၃ သန်းဟာ နေ့တိုင်းလမ်းတွေပေါ်မှာ အုံခဲနေတတ်ပါတယ်။
လမ်းအရှည်က ၁ နှစ် မှာ ၁ ရာခိုင်နှုန်းအောက်ပဲ တိုးလာမှုရှိတဲ့ ဂျကာတာဟာ နောက်နှစ် မှာ လုံးဝ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံရမယ်လို့မျှော်လင့်ရပါတယ်။
အွန်လိုင်း နီဘင်းဂျား လူ့အဖွဲ့အစည်းကတော့ သူရဲ့ တွစ်တာအဖွဲ့ဝင် ၂ သောင်း ၇ ထောင် နဲ့ အဖြေထုတ်ပေးဖို့ ကြိုးစားနေပါတယ်။

ရည်ရွယ်ချက်ကတော့ ခရီးအတူသွားကြတဲ့ လူစုလေးတွေနဲ့ မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရာမှာ အကူအညီပေးဖို့ပါ။ အဲဒီနည်းနဲ့ လမ်းတွေပေါ်က မော်တော်ယာဉ်တွေရဲ့အရေအတွက်ကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၃၀ ရှိပြီဖြစ်တဲ့ ပူးတွဲတည်ထောင်သူ ပူထရီဆင်တာနူအတွက်ကတော့ အဲဒါဟာ မော်တော်ကားမျှစီးတာထက် ပိုလွန်ပါတယ်။
“ကျမတို့က လူ့အဖွဲ့အစည်းတခုကို ဖန်တီးချင်ပါတယ်။ အဲဒီထက်တောင် ပိုပါတယ်ရှင်။ ကျမတို့က ဂျကာတာကို သူ့ရဲ့ ပြည်သူလူထုတွေအတွက် ပိုပြီး ဖော်ရွှေရင်းနှီးတဲ့ နေရာတခု ဖြစ်စေချင်ပါတယ်။ ကျမတို့အတွက်က မော်တော်ကား မျှစီးတာထက်ပိုပါတယ်။ ကျမတို့က လူအဖွဲ့အစည်း ကြီးမားလာပြီး တခြားသူတွေကို သူတို့သွားချင်တဲ့ ခရီးပန်းတိုင်ကို အဆင်အပြေဆုံးနည်းနဲ့ ရောက်သွားအောင် ကူညီချင်တာပါရှင်။ ဂျကာတာက လူတွေကို တယောက်နဲ့ တယောက် သိလာစေချင်ပါတယ်။ တကယ်လို့ ရှင်တို့က လုံခြုံရေးအတွက် စိတ်ပူတယ်ဆိုရင်တော့ အဲဒါဟာ ရှင်တို့က ကျမတို့ကို မသိသေးလို့ပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျမတို့က ယာဉ်ကိုပဲ အကူအညီပေးနေတာမဟုတ်ပဲ တခြားသူတွေအတွက် လူမှုဘ၀ အသစ်တခုကိုလည်း ဖန်တီးပေးဖို့ပါ။”

ခုချိန်မှာတော့ နီဘင်းဂျားတွေက ယာဉ်မျှစီးနေကြတဲ့ သူရဲ့အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး စိတ်ချရအောင် တွစ်တာကိုသုံးပြီး  ဆက်သွယ်နေကြပါတယ်။
ကူးပြောင်းပေးတာ တခု မလုပ်ခင်မှာ တခြားမျှစီးမယ့်သူတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွစ်တာ တစေ့တစောင်း အချက်အလက်တွေကို သိနိုင်ပါတယ်။
အခု နီဘင်းဂျားတွေမှာ နေရာဒေသ အခြေခံမြေပုံ သုံးစွဲမှုပါတဲ့ ၂.၀ မိုဘိုင်းလ် အစီအစဉ်တခု စတင်သုံးစွဲဖို့ အဆင်သင့် ရှိနေပါပြီ။

ပူထရီဆင်တာနူက “ဒီအစီအစဉ်နဲ့ ကျမတို့က ယာဉ်အတူမျှစီးဖို့ ကျမတို့ နေရာအနီးအနားက တယောက် ယောက်ကို ရှာနိုင်ပါတယ်။ အဲဒါက ပိုပြီး ထိရောက်ပါတယ်။ ရှင်တို့က အဲဒီသူကို တွစ်တာမှာ ဖော်ပြနေစရာ လမ်းတွေကို တချိန်လုံး စစ်ဆေးနေစရာ မလိုတော့ဘူးပေါ့” လို့ ပြောပါတယ်။
ဒါပေမယ့် အတော်များများကတော့ လူစိမ်းတွေနဲ့ ယာဉ်မျှစီးရတာကို စိတ်မသက်မသာ ဖြစ်နေကြတုန်းပါပဲ။ ယာဉ်မျှစီးတာဟာ လုံခြုံစိတ်ချရတယ်လို့တော့ အာမမခံနိုင်ပါဘူးလို့ ပူထရီက ပြောပါတယ်။ ဒါကြောင့် အရေးကြီးတာက တယောက်နဲ့ တယောက် အပြုသဘောထားရှိကြဖို့ပဲ ဖြစ်ပါတယ်။
ပူထရီဆင်တာနူက “အတော်များများက အလားတူပဲ မေးကြပါတယ်။ ဒါဘယ်လိုလုပ်နေသလဲ၊ ကျမတို့ တယောက်နဲ့ တယောက် ဘယ်လိုယုံကြည်ရမလဲ၊ လုံခြုံစိတ်ချရသလား၊ စိတ်မချရဘူး လားပေါ့ရှင်။ သံသယရှိတာကတော့ သဘာဝပါ။ ကျမတို့မှာ အများအားဖြင့် ဂျကာတာ လမ်းတွေဟာ မလုံခြုံဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အချိန်ရလာတာနဲ့အမျှ ရှင်တို့ဟာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပိုပြီးသိလာကြမှာပါ။ လူတွေ အွန်လိုင်းကဖြစ်ဖြစ်၊ ဒီတိုင်းပဲဖြစ်ဖြစ် ပြန်ပြီးအဆက်အသွယ်ရှိလာဖို့ လိုပါတယ်။ အဲဒီလိုရှိလာတာနဲ့ သံသယတွေ အားလုံး ပျောက်သွားမှာပါပဲရှင်။ နောက် ယာဉ်စီးသွားနေတဲ့အချိန်အတွင်း ရှင်တို့က ကျောင်းတုန်းက သူငယ်ချင်းဟောင်းတယောက်နဲ့ ပြန်တွေ့ရင် တွေ့နိုင်ပါသေးတယ်။ ဒါမှမဟုတ် တမြို့တည်းက လာတဲ့သူတယောက်ယောက်နဲ့ တွေ့နိုင်မယ်၊ အလားတူ မိတ်ဆွေတွေ ရလာမယ်လေ။ နေ့ကုန်သွားတဲ့အချိန်မှာတော့ ကျမတို့ အားလုံး ချိတ်ဆက်မိပြီး သွားပြီပေါ့” လို့ ပြောပါတယ်။

နူးရ်အာအဇီဇာ (Nur Azizah) က အာရှဒေသသတင်းဆောင်းပါးကဏ္ဍအတွက် ဂျာကာတာမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB Burmese

မျက်မမြင် ဆယ်တန်းအောင် ကျောင်းသူတစ်ဦး၏ ရင်ဖွင့်သံ

အောင်မြင်သူများထဲမှ တစ် ဦးဖြစ်သူ မဇင်မာသိန်းနှင့် မဇ္ဈိမက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို
ကောက်နှုတ်ဖော်ပြပေးထားပါသည်။

မျက်စိအမြင်အာရုံ ချို့ယွင်းခဲ့တာနဲ့ ပတ်သက်ပြီး ပြောပေးပါ။

ငယ်ငယ်တုန်းက ဝါးတဲ့ အခြေအနေပါ။ စာအုပ်နဲ့ အရမ်းကြီး ကပ်ကြည့်မှ မြင်ရတာ။ နောက်ကြည့်တာ ကြာလာရင် လည်း မျက်စိက ကိုက်လာတယ်။ သုံးနှစ်သမီးတုန်းက ဖားအံ က ပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက ငါးနှစ် သမီးရောက်ရင် ခွဲပေးမယ်။ မျက်စိပြန် ကောင်းသွားမယ်။ အာမခံတယ်ဆိုလို့ ငါးနှစ် သမီးမှာ ပြန်သွားခဲ့ပေမယ့် ဆရာဝန်ကြီးက နိုင်ငံခြားကို ထွက်သွားပြီဆိုလို့ မခွဲခဲ့ရပါဘူး။ ခုနစ်တန်း အရောက်မှာ မဲဆောက်ကိုသွားပြီး မျက်စိခွဲစိတ်တာက နေလုံးဝ မမြင်ရတော့တာပါ။

အဲဒီအချိန်နောက်ပိုင်းမှာရော ဘယ်လိုအ ခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ။

အရမ်းကြောက်ပါတယ်။ လမ်းလျှောက် ရတာကို အရင်ကမြင်ရသေးတယ်။ ပြီးတော့ ရုတ်တရက်ကြီး မမြင်ရတော့ တာဆိုတော့ လမ်းလျှောက်ရင် ငါ ပြုတ်ကျသွားမလားလို့ အရမ်းစိုးရိမ်တယ်။ ဘေးမှာ အဖော်မပါရင် ပိုဆိုးပါတယ်။ ပြီးတော့ ခုနစ်တန်းထိ ကျောင်း တက်ဖူးတယ်ဆိုတော့ မျက်မမြင်စာတွေကို ပြန်သင်ရတာ ခက်ခဲပါတယ်။ လူက လည်း ညှက်တော့ စာရေးတဲ့အချွန်ကို ကိုင်ရတာ အရမ်းပင်ပန်းတယ်။ အခုတော့ အဆင်ပြေ သွားပါပြီ။ ဆယ်တန်း ကို နှစ်ချင်းပေါက်အောင် ဘယ်လို ကြိုးစားခဲ့ပါသလဲ။ အဓိကကတော့စာကို အကြွေးမထားလို့ပါ။ ဆရာမတွေက လည်း ဂရုတစိုက် သင်ပေးတာနဲ့ ဘုရားသခင် ကျေးဇူးတော်ကြောင့်ပါ။

စာဘယ်လို ကျက်မှတ်သလဲဆိုတာလေး ပြောပြပေးပါလား။

စာကျက်တာကျတော့ သမီးတို့ မျက်မ မြင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ပုံနှိပ်တွေရှိပါတယ်။ အဲဒီပုံနှိပ်တွေ ကနေ ဖတ်ပြီးတော့ ကျက်ရတာပါ။ ပြီးတော့အ တန်းထဲမှာ သင်တာကို သေချာနားထောင် ပါတယ်။ သင်တာက
တော့ ခဝဲခြံကျောင်းမှာဘဲ သင်တာပါ။ လပတ်စာမေးပွဲတွေ ဖြေရင်တော့ အင်းစိန် အ-လ-က(၂)မှာ သွားဖြေရတာ ပါ။ အဲဒီမှာသွားဖြေရတဲ့အချိန်အခက်အခဲရှိလား ဆိုရင်အခက်အခဲက အထွေအထူးတော့ မရှိပါဘူး။ နေရာသစ်ဆို
တော့ သွားရေးလာရေး အခက်အခဲကတော့ ရှိတာပေါ့။ သမိုင်းဘာ သာကတော့ သမီးအတွက် အရမ်းခက်ပါတယ်။ တိုင်ရင်းသူဆိုတော့လေ။

ကွန်ပျူတာသင်နေတယ်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါ ဘယ်လိုသင်ယူရတာလဲ။ ဘယ်အဆင့်ထိ ရောက်နေ ပြီလဲ။

ညီမတို့ သင်တဲ့ကွန်ပျူတာက သူများ တွေလို သာမန်ကွန်ပျူတာဆိုပေမယ့် နည်း နည်းထူးခြားတာက ကီးဘုတ်
တွေမှာ ဂျောဆိုတဲ့ စနစ်တစ်ခု ထည့်ထားတဲ့အတွက် ဥပမာ ခလုတ်ကို နှိပ်လိုက်ရင် အေလို့ အသံထွက်တယ်။ အဲ့ဒီ အသံထွက်ကို နားထောင်ပြီး အသုံးပြုရ တာပါ။ အခုမှ စသင်နေတာဆိုတော့ အခြေခံနဲ့ စာရင်းအင်းကို သင်နေတာပါ။

ဖုန်းအသုံးပြုနေတဲ့ မျက်မမြင်အချို့ကိုလည်း တွေ့ခဲ့ရတယ်။ အဲ့ဒီဟာကရော ဘယ်လို အသုံးပြုကြတာလဲ။

ကွန်ပျူတာကို သုံးသလိုပါဘဲ အစ်မ။ သူ အထဲကိုလဲ ဂျောလို့ ခေါ်တဲ့စနစ်တစ်ခု ထည့်လိုက်ရင် ခလုတ်တွေ
နှိပ်တဲ့အခါ အသံထွက်ပါတယ်။ ခလုတ်တွေက ထွက်လာတဲ့ အသံကို နားထောင်ပြီး အသုံးပြုတာပါ။ ကွန်ပျူ တာလိုပါပဲ။

မျက်စိမမြင်ရတဲ့ အခြေအနေကနေ ခုလို ၁ဝ တန်းအောင် အောင်ကြိုးစားနိုင်တယ်ဆိုတော့ အောင်စာရင်း ထွက်တဲ့အခါ ဘယ်လို မျိုးခံစားရလဲ။

အရမ်းပျော်ပါတယ်။ ဘယ်လိုမျိုးနဲ့ ဘယ် လောက်လဲလို့ ပြောပြလို့မတတ်ပါဘူး။ ၁ဝ တန်း အောင်စာရင်း မထွက်ခင် ကဆိုရင် အိပ်လို့ လည်းမရဘူး။ စားလို့လည်း မရဘူး။ စိတ်ကလည်း ဂနာမငြိမ်ဖြစ်နေတာပေါ့နော်။ ရင်တွေ အရမ်းခုန်နေပြီး ဘုရားသခင်ထံ မှာလည်း အမြဲမပြတ် ဆုတောင်းပါတယ်။

ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ရော ကြုံတွေ့ခဲ့ရ သေးလား။

ခွဲခြားဆက်ဆံခံရတာမျိုးတွေတော့ မကြုံတွေ့ခဲ့ရပါဘူး။ သူငယ်ချင်းတွေကလည်း ဒီမှာရှိတဲ့ မျက်မမြင်ဘဝတူ သူငယ်ချင်းတွေ နဲ့ မျက်စိမြင်တဲ့ သူငယ်ချင်းတွေကလည်း အိမ်မှာ ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ
လေ။ ဒါပေမဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ကျောင်းမှာ တွေ့လို့ ခေါ် တုန်းကသူတို့ ကိုယ့်ကိုမြင်ရလို့ မှတ်မိပေ မယ့်။ ကိုယ်ကမမြင်ရတော့ မမှတ်မိ ဘူးပေါ့ နော့်။ အဲ့ဒီတုန်းကတော့ တော်တော်ဝမ်းနည်းပါတယ်။

မျက်မမြင်တစ်ယောက်ရဲ့ ဆန္ဒတွေထဲမှာ မျက်စိမြင်ချင်တဲ့ စိတ်က ပထမဖြစ်မှာပေါ့နာ်၊ အဲ့ဒါဆိုရင် ဒုတိယဆန္ဒကရော ဘယ်ဟာဖြစ်မလဲ။

ဟုတ်ပါတယ် အစ်မ။ ညီမ အဖြစ်ချင် ဆုံးဆန္ဒကတော့ မျက်စိ အရမ်းပြန်မြင်ချင် ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်။ ညီမရဲ့ ဒုတိယအဖြစ်ချင်ဆုံးဆန္ဒက သူများကို အား မကိုးရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့သူ ဖြစ်ချင်တယ်။

စိတ်ဓာတ်ခွန်အားကို ဘယ်လိုပြန်ယူလဲ။

သူငယ်ချင်းတွေဆီက ယူရတာပါ။ ငါက မှ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေကို မြင်တွေ့ခွင့်ရသေးတယ်။ သူငယ်ချင်းတွေ ထဲမှာ အလင်းအမှောင်ကို ခွဲခြားနိုင်သေးတဲ့ သူတွေရှိသလို လုံးဝမခွဲခြားနိုင်တဲ့ သူတွေ ရှိတယ်လေ။သူတို့တောင် အဆင်ပြေပြေနဲ့ သွားလာလှုပ်ရှားနိုင်သေးရင် ငါလည်း အဆင်ပြေမှာပါဆိုပြီး စိတ်ဓာတ်ခွန်အားကို ယူပါတယ်။

ရည်ရွယ်ချက်ကို ပြောပေးပါဦး။


ဆယ်တန်းအောင်ပြီဆိုတော့ တက္ကသိုလ်တက်ပြီး ဘွဲ့ရအောင်ယူချင်ပါတယ်။ အခု လည်း ကွန်ပျူတာသင်တန်း တက်နေပါ တယ်။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားချင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပြီး သူများတွေ အားကိုးလို့ရ တဲ့သူဖြစ်ချင်ပါတယ်။ ဘဝတူတွေကို ပြောချင် တာကလည်း အားငယ်စရာ မလိုပါဘူး။ ကြိုး စားရင်အရာအားလုံး ဖြစ်နိုင်ပါတယ်။ ကိုယ့် ဘဝကို စိတ်ပျက် အားလျှော့တာမျိုး မရှိဘဲ။ ကြိုးစားပြီး အားတင်းထားပါလို့ ပြောချင်ပါ တယ်။ အခုကလေးတွေကို အချိန်ပိုင်း စာသင်ပေးနေပါတယ်။ မျက်မမြင်ကျောင်း မှာလည်း လုပ်အားပေးဝင် လုပ်နေပါတယ်။

ဘဝကိုရှေ့ဆက်ပြီး ဘယ်လိုရင်ဆိုင်ကျော် ဖြတ်သွားဖို့ စိတ်ကူးထားလဲ။

ရိုးရိုးသားသားနဲ့ ကြိုးစားသွားချင်တယ်။ သူများတွေကိုလည်း တတ်နိုင်သလောက် ကူ ညီသွားချင်တယ်။ ဘဝတူ
တွေကိုလည်း တတ်နိုင်သလောက် ကူညီသွားချင်ပါတယ်။

အခြားဘဝတူတွေကိုရော ဘယ်လိုမျိုးလေး အားပေးစကားပြောချင်ပါသလဲ။

အားမငယ်ပါနဲ့။ ကြိုးစားပါ။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်ပါတယ်။ ဘာသာတရားကိုလည်း မမေ့ပါနဲ့လို့ ပြောချင် ပါတယ်။

Mizzima burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com