http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။

"နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော် တိုက်တွန်းသူများသာဖြစ်ကြောင်း၊ နံပါတ် ၂ အချက်က တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းတွေကို ကျနော်တို့ဆောင်ရွက်မှုမရှိသေးပါ၊ နံပါတ် ၃ က ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ကရယူမည်ဖြစ်တဲ့အတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်လိုက်ပါတယ်"

လတ်တလော ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရှင်သန်ဖူးဝေ ကန့်ကော်မြေစာအုပ်ကို လာမယ့်ဇွန်လအတွင်း ထုတ်ဝေဖြန့်ချိနိုင်ဖို့နဲ့ မူဝါဒသဘောထားအမြင်ကို လက်ကမ်းစာစောင်အနေနဲ့ ရိုက်နှိပ်ဖြန့်ဝေဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။
RFA Burmese

ကုမ္ပဏီက ရွှေ ၂ တန် ပြန်ပေးဖို့ အမျိုးသားလွှတ်တော်ဆုံးဖြတ်

ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ အခြေစိုက် အာရှကမ္ဘာမြေ ကုမ္ပဏီက နိုင်ငံတော်ကို တစ်လ ရွှေပိသာချိန် ၃၀ ပေးသွင်းရမယ့်အစား တစ်လမှာ ၃ ပိသာလောက်ပဲ ပေးသွင်းခဲ့တာကြောင့်၊ နိုင်ငံတော်ကိုပေးဖို့ကျန်ရှိတဲ့ ရွှေတန်ချိန် ၂ တန်ကို ၅ နှစ်အတွင်း ပေးသွင်းရမယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

နေပြည်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီရုံးခန်းမှာ အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူတွေ ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတရေးရာ ကော်မတီအတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။

"သူတို့ကုမ္ပဏီက စာချုပ်က တစ်ရက်ကိုဆိုရင် ရွှေ ၁ ပိသာသွင်းရမှာ တစ်လကိုဆိုရင် ပိသာ ၃ဝ သွင်းရမှာ၊ အဲဒါကို တစ်လကို ၃ ပိသာပဲ သွင်းထားတဲ့အထောက်အထား ဒေသခံတွေကရတာပေါ့၊ အဲဒီအထောက်အထားကလည်း မှန်တယ်၊ အဲဒါကိုသတ္ထုဝန်ကြီးဌာနက လျော့ပေးထားတာ၊ ဘာကြောင့်လျော့ပေးလဲဆိုတော့ စမ်းသပ်ကာလဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ လျော့ပေးထားတာ၊ တကယ်တန်းကျတော့ စမ်းသပ်ကာလဆိုတာ တစ်ပြားမှသွင်းစရာမလိုဘူး၊ ဒါပေမယ့် စာချုပ်ချုပ်ထားတာက ကုမ္ပဏီက တစ်ရက်ကို ၁ ပိသာ သွင်းမယ်လို့ချုပ်ထားတာ"

အခုလို အမျိုးသားလွှတ်တော်က ခေါ်ယူတွေ့ဆုံတာဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ကုမ္ပဏီက လုပ်ကိုင်နေတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင်၊ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်မှုမရှိတာကြောင့် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်လို့ ကလောဒေသခံ ဦးအောင်ကြိုင်က အခုလိုပြောပါတယ်။

"ပွင့်လင်းမြင်သာမှု မရှိတာရယ် နောက်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက သူတို့စာချုပ်တွေနဲ့ တလွဲဖြစ်နေတယ်လေ၊ အဲဒါကြောင့်ပါ၊ ကျနော်တို့ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး၊ ဆန္ဒပြတာတို့ဘာတို့လဲ ကျနော်တို့ဆီမှာ မရှိပါဘူး၊ ကျနော်တို့က သူတို့ black list ခံသွားရရင် နိုင်ငံတော်ကြီး နစ်နာမှာစိုးလို့ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ သယံဇာတကို ဒီလူတစ်စုက အလွဲသုံးစားလုပ်သွားမှာစိုးလို့ လာပြီးဖြေရှင်းရခြင်းဖြစ်ပါတယ်"

အာရှကမ္ဘာမြေ ကုမ္ပဏီဟာ အဲဒီကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို လုပ်နေတာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကထဲကလို့လည်း ဒေသခံတွေကပြောပါတယ်။

အဲဒီရွှေတွင်းလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က မိုးကြီးခဲ့တာကြောင့် ရွှေတွင်းတွေပြိုကျပြီး သေဆုံးသူ ရာဂဏန်းအထိ ရှိခဲ့တယ်လို့ တနိုင်တပိုင် ရွှေလုပ်ငန်းပိုင်ရှင်တွေက ပြောပါတယ်။
RFA Burmese

ကချင်ဒုက္ခသည်စခန်း စာသင်ကျောင်းတွေမှာ အရေးတကြီး အကူအညီလိုနေ

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ အခုအခါ အကူအညီထောက်ပံ့မှု နည်းနေပြီး အထူးသဖြင့် လာမဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

မကြာခင် မေလကုန် ဇွန်လရောက်လို့ ကျောင်းတွေဖွင့်ဖို့အချိန် ရောက်တော့မှာဖြစ်ပေမယ့် တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီးရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်း အဆောက်အဦးနဲ့ တခြားအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေါ်မယ်ရီတန်က ပြောပါတယ်။

ဒါ့အပြင် အဲဒီကျောင်းသားတွေအတွက် စားဝတ်နေရေးအတွက်ပါ လိုအပ်ချက် အများကြီးရှိနေတယ်လို့ သိရပါတယ်။ အရင်ကရှိတဲ့ စာသင်ကျောင်းဆောင်တွေဟာ အခုမေလအစောပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် ပြိုလဲပျက်စီးသွားပြီး အခုအချိန်အထိ ပြန်လည်မဆောက်နိုင်သေးတာလဲရှိတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ လွန်ခဲ့တဲ့လတွေက အကူအညီတချို့ရကြပေမယ့် အခုနောက်ပိုင်း ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့တွေထံကနေ စာသင်ကျောင်းနဲ့ ပတ်သက်တာတင်မကပဲ တခြားအကူအညီတွေပါ မရသလောက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ အကြားဖြစ်တဲ့တိုက်ပွဲတွေကြောင့် ပြည်သူလူထုက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာ အခုဆိုရင် ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။
RFA Burmese



နာဂဒေသတချို့မှာ ဆိုးဆိုးဝါးဝါး ဆန်ပြတ်လတ်နေ

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။

အခုလို ဆန်ပြတ်လပ်မှု ကြုံတွေ့နေရတာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွာဆုံး ဆန်ပြတ်လပ်မှုဖြစ်တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/ K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

ဆန်ရှားပါးပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံက ၇ ပြည်လောက်ရှိတဲ့ ဆန်တအိပ်ကို ရူပီးငွေ ၁၂၅၀ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ကျပ် ၂ သောင်းဝန်းကျင်လောက်နဲ့ ၀ယ်ယူစားနေရတယ်လို့ ပြောပါတယ်။

အဲဒီဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက မေတ္တာရပ်ခံထားရကြောင်းလည်း သိရပါတယ်။ ဆန်ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေခံအစိုးရစစ်တပ်နဲ့ NSCNအဖွဲ့တွေက အိန္ဒိယနိုင်ငံအထိ ဆန်အိတ်တွေ သွားရောက်ဝယ်ယူပြီး ဒေသခံတွေကို ဝယ်ယူလာတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့လည်းဆိုပါတယ်။
RFA Burmese

ရွှေတိဂုံ ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ ညနေက ဘုရားဖူးလာသူများ

ရွှေတိဂုံ စေတီတော်ကြီး၏ အကြိမ် ၃၀ မြောက် ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ တရက်အလို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက် ညနေက ဘုရားဖူးလာသူများ၊ ကမ္ဘာလှည့် ခရီးသည်များအား တွေ့ရစဉ်။ Mizzima - News in Burmese (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)




ပုဇွန်တောင် CDMA 800 ဖုန်း ဒုတိယအကြိမ် မဲနှိုက် ရောင်းချ

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဒေါနလမ်း၊ အမှတ် ၈ ရပ်ကွက်တွင် တန်ဖိုးနည်း CDMA 800 ဖုန်းကဒ်များကို ဒုတိယအကြိမ် မဲနှိုက် ရောင်းချပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နေ့လည်က တွေ့ရစဉ်။
ယခုတကြိမ်တွင် လျှောက်ထားသူ ဦးရေ ၃၁၄ ယောက် ရှိပြီး ခွဲတမ်းကျသော ဖုန်းကဒ် အရေတွက်မှာ ၅၃ ကဒ် ဖြစ်ကြောင်း ရောင်းချရေး ကော်မတီဝင် ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။
Mizzima - News in Burmese
ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ


အခြားဘာသာကို ထိပါးပုတ်ခတ် ဟောပြောလျှင် အရေးယူမည်

ရန်ကုန်၊ မေ- ၂၂
မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကိုထိပါးပုတ်ခတ်သည့်အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊၂၉၅ (က)တို့ဖြင့် အရေးယူခံရနိုင်သဖြင့် မိမိဘာသာမှလွဲ၍ အခြားဘာသာများအား ပုတ်ခတ်ပြောဆိုခြင်းမပြု မိရန် လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုက ရေစီလမ်းကိုချီတက်ပြီး တခြားနိုင်ငံ တွေနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ အဖျက်တွေလည်းအများကြီးရှိတယ်။ ပြောရမယ်ဆိုရင် အကြီးမားဆုံးပြဿနာက အဓိကရုဏ်းတွေပေါ့။ တစ်ယောက်က သွေးထိုးလိုက်တာနဲ့ပါသွားတာပဲ။ သီတဂူဆရာတော်ကြီးဟောထားသလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ အရေးကြီးပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိဘာသာကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အခြားဘာသာများအား ထိခိုက်စော်ကားရန် မလိုအပ်ကြောင်း၊ အခြားဘာသာများကလည်း မိမိဘာသာများကို တိုးတက်အောင် လုပ်ဆောင်ရာတွင် အခြားသာသာများကို မပုတ်ခတ်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။

“အခြားဘာသာ၊ သာသနာနဲ့ ပတ်သက်လို့ ထိပါးပြီးပြောမိ၊ ဟောမိတယ်ဆိုရင် အလိုလိုနေရင်း ပြစ်မှု
ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မစော်ကား ဖို့လိုပါတယ်။ ညီညွှတ်တယ်ဆိုတာ
အလွန်အင်မတန်ကောင်းပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဗုဒ္ဓဘာသာသည် နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ညီညွှတ်သောဘာသာဖြစ်ပြီး ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်မှုတို့သည် နိုင်ငံအတွင်း တည်ရှိသည့် ဘာသာ၊ သာသနာအဖြစ် အသိအမှတ်ပြုပြီး ၎င်းဘာသာ၊ သာသနာများကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ဗုဒ္ဓဘာသာကို စော်ကားမှ ရယ်လို့ မဟုတ်ပါဘူး။ လူတစ်ဖက်သား ကိုးကွယ်တဲ့ ဘာသာတရားကို ထိခိုက်တာမှန်သမျှ ဒီပုဒ်မနဲ့ အကျုံးဝင်ပါတယ်။ ဒီဥပဒေအရ ကိုးကွယ်သူ လူဦးရေအနည်းအများ သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်ဘာသာကိုမဆို စော်ကားခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင် ဦးခင်ဇော်ကပြောသည်။

ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တွင် လူတစ်ဖက်သား ကိုးကွယ်သော ဘာသာ၊ သာသနာကိုစော်ကားလျှင်(သို့မဟုတ်) စော်ကားရန် ကြံစည်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
7Day News Journal

ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို

ရန်ကုန်၊ မေ- ၂၂
နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိ
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ကျွန်တော်တို့အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း Japan Time သတင်းစာတွင်ဖော်ပြထားသည်။

“ရှင်ဇိုအာဘေးက တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးမှုကို လျှော့ချအောင်လုပ်ဖို့ သုံး
သပ်ထားတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြောင်းလဲမှုအရ ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ့် အခြေအနေတွေဖြစ်နေပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုကပြောသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးလှုပ်ရှားမှုအများစုသည်စက်မှုလုပ်ငန်း ကြီးများအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်းပါဝင်နေသောကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အများစုကို
ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံကဏ္ဍ၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ခြင်းလည်းဖြစ်နိုင်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သုံးသပ်သည်။

၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်း ဂျပန်နိုင်ငံရှိ JBIC ဘဏ်မှ ကောက်ယူထားသော စစ်တမ်းတွင် မြန်မာနိုင်ငံသည် ဂျပန်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း တွေ့ရသည်။

ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေချိန်တွင် ပြည်တွင်းရှိ တရုတ်ကုမ္ပဏီအချို့၏ စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုနည်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘ၀များကို ထိခိုက်စေနိုင်သည်ဟု ယူဆကာ ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြမှုများသည် ပြီးခဲ့သည့်လပိုင်းအတွင်းကဖြစ်ပွားခဲ့သည်။

ဂျပန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် စီမံကိန်းများလုပ်ဆောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူများ၏ သဘောထားကို တောင်းခံလေ့ရှိသောကြောင့် ဂျပန်ကုမ္ပဏီများ ၀င်ရောက်လာမည်ဆိုပါက ကြိုဆိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးအေးသာအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးစားစက်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့်
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းစသည်တို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံးဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက ခန့်မှန်းထားသည်။

ငွေကြေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဂျပန်ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများက စိတ်ဝင်စားနေသည်။
7Day News Journal




သတို့သမီးတစ်ဦးတည်း ကျင်းပသော မင်္ဂလာပွဲ

ရန်ကုန်၊ မေ- ၂၂
မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်းကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက်ခိုက်ရန်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့ ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း ကျင်းပခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန်နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင်ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။
7Day News Journal

ပါလက်စတိုင်း (0-9) မြန်မာ (ဓါတ်ပုံ သတင်း)

မြန်မာအမျိုးသမီးအသင်းက ပါလက်စတိုင်းအမျိုးသမီးအသင်းကို (၉)ဂိုးပြတ် အနိုင်ရရှိခဲ့ပါပြီ။ ဓါတ်ပုံများ ရှုစားနိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ Palestine (0-9) Myanmar (49 photos)
Myanmar Football Federation




























မြန်မာသံရုံး ဗုံးခွဲဖို့ ကြံသူ အင်ဒိုနီးရှား နှစ်ဦးကို ဖမ်းမိ

မြန်မာသံရုံး ဗုံးခွဲဖို့ ကြံခဲ့မှုအပေါ် အင်ဒိုနီးရှားရဲက စီးနင်း ရှာဖွေမှုတွေ ဆက်တိုက်လုပ်ခဲ့
23 မေလ 2013
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ အကွက်ချ ကြံစည် ခဲ့တယ်ဆိုတဲ့ ကိစ္စမှာ ဆက်နွယ်နေမှုနဲ့ မသင်္က࿿ာဘွယ်လူ နှစ်ဦးကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မဖြစ်ခင် ကြိုတင် လက်ဦးမှု ရပြီး ဖေါ်ထုတ်နိုင်ခဲ့တဲ့ အဲဒီဗုံးခွဲ တိုက်ခိုက်မှုကို ဒီလူနှစ်ဦးထဲက တဦးဖြစ်တဲ့ Sijit Indrajit ဆိုသူက အကွက်ချ စီစဉ်ခဲ့တာလို့ ယူဆရပြီး သူ့ကို ဗုဒ္ဒဟူးနေ့ညက ဂျာကာတာမြို့ မြောက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

Rohadi ဆိုတဲ့ နောက်လူကိုတော့ အနီးမှာရှိတဲ့ Banten ပြည်နယ် Tangerang မြို့က သူ့အိမ်မှာ ဒီကနေ့ အစောပိုင်းက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိမ်မှာ ဆာလ်ဖါ အမှုန့်လို ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ သံပိုက်တွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အခုလ အစောပိုင်းက မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်သူတွေလို့ မသင်္က࿿ာဘွယ် လူနှစ်ဦးကို လက်လုပ်ဗုံး ၅လုံးနဲ့ ဖမ်းဆီးမိပြီးတဲ့နောက် ရဲတပ်ဖွဲ့က ဆက်တိုက်ဆိုသလို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ ပစ်ခတ်မှုတွေ အတွင်း လူ တဦး သေဆုံးပြီး ၂၀ကျော် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဖမ်းမိသူတွေက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေအပေါ် တိုက်ခိုက်နေမှုတွေ ရှိနေတာကြောင့် လက်စားချေတဲ့ အနေနဲ့ လုပ်တာလို့ ရဲကို ထွက်ဆိုခဲ့ပါတယ်။
BBC Burmese

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန် စီစဉ်ရှိ

ရန်ကုန်၊ မေ ၂၃။
လက်ရှိအချိန်တွင် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ လူမှုရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး
ကိစ္စရပ်များအား တရားဝင်အနေဖြင့် လူထုအကြား ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသည့် အမည်နာမဖြင့် မှတ်ပုံတင် လျှောက်ထားရန်အတွက် အခြေခံဖွဲ့စည်းပုံမူဝါဒများ ရေးဆွဲလျက်ရှိကြောင်း ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုအံ့ဘွယ်ကျော် က
မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ နာမည်နဲ့ မှတ်ပုံတင်တဲ့ အခါမှာ သက်ဆိုင်ရာက ကျွန်တော်တို့ကို နိုင်ငံရေး ကင်းရှင်းရမယ် လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ငံရေးကော ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ် ဆောင်သွားမှာပါ။ ဒီလိုမျိုး မှတ်ပုံတင် လျှောက်တယ်ဆိုတာကလဲ တရားဝင် လူထုကြားမှာ လုပ်နိုင်အောင်လို့ပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲပ
အစည်းအမည်ဖြင့် တရားဝင် မှတ်ပုံတင်ခြင်းအား လာမည့် ဇွန်လပိုင်းအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကာ လာမည့်အောက်တိုဘာလ ၈ရက်နေ့တွင် ကျ ရောက်မည့် (၂၅)နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံ ငွေရတုနှစ်ပတ်လည်နေ့အား ပြုလုပ်သွားရန်အတွက် ၈၈မျိုးဆက်ကျောင်း သားများ အပါအဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ(DPNS) တို့အား ဖိတ်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဒီ ၈၈၈၈အရေးတော်ပုံမှာ ၈၈မျိုးဆက်ကျောင်းသားမှ မဟုတ်ဘူး ၈၈မတိုင်ခင်က အဖွဲ့အစည်းတွေကော၊ တိုင်းရင်းသားပါ တီတွေကော အားလုံးကို ဖိတ်ကြားထားပါတယ်။ ပြီးတော့ ဒီအခမ်းအနားမှာ အရင်နှစ်ကနမတူဘဲ တမူထူးခြားသည့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့မှ ပါတီနိုင်ငံရေးပြုလုပ်ရန်
အစီအစဉ်မရှိသေးကြောင်းနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်နှင့်
စပ်လျဉ်း၍လည်း လွှတ်တော်တွင်း နိုင်ငံရေးပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံရေးပါတီများနှင့် အာဏာရပါတီတို့နှင့် ပူးပေါင်းကာ ငြိမ်းချမ်းပြီး အကောင်းဆုံးနည်းလမ်းဖြင့် ပြုလုပ်သွားမည်ဖြစ် ကြောင်း
အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ ဆက်လက် သိရသည်။
TMA
မြန်မာ့ခေတ်

ဌာနဆိုင်ရာ အားနည်းချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရသင့်သလောက်မရ ဖြစ်နေ

ရန်ကုန်၊ မေ ၂၃။
ဖွံဖြိုးရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့် စီမံကိန်း Plan များရေးဆွဲရာတွင် အားနည်းချက်အချို့ နှင့် လိုအပ်ချက်များလည်း ရှိနေသည့်အတွက် နိုင်ငံတကာ၏အကူညီနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ပြည်တွင်း၌ ရရှိသင့်သလောက် မရသည့်အခြေနေဖြစ်နေကြောင်း ပြည်တွင်းမှ ပညာရှင် အများစုက ထောက်ပြ ပြောဆိုလိုက်သည်။

ယင်းသို့ဖြစ်ရခြင်းမှာလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနပိုင်းက စီမံကိန်းPlan များရေးဆွဲပြီး လုပ်ငန်း
မစတင်မီ အချိန်ကတည်းက လူထုသို့ စီမံကိန်း အကြောင်းအရာများကို တရားဝင် အသိပေးချပြရမည်ဖြစ်သလိုယင်းစီမံကိန်းကြောင့် နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာများ အတွက်ကိုလည်း ပြည်သူလူထု ကျေနပ်စေရေးအတွက်ကြိုတင် ဖြေရှင်းမှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြည်တွင်းမှ စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ကြိုတင် စီမံမှုများ မပြုလုပ်သည့်အတွက် လက်ရှိအခြေနေထိ ပြည်တွင်း၌ အစိုးရ၏ စီမံကိန်းများ
အပါအ၀င် နိုင်ငံတကာ၏ ရင်းနှီးမြှပ်နှံရေး လုပ်ငန်းများ အကောင်ထည်ဖော်မှု အပိုင်းများ၌
ပြည်သူများနှင့် နားလည်မှုလွဲပြီး အချို့စီမံကိန်း လုပ်ငန်းနေရာများတွင် ပဋိပက္ခအသွင်ဆောင်သည့်
အခြေနေများ အထိပင် ဖြစ်ပေါ်လျှက်ရှိနေကြောင်း သိရသည်။

“အခုကျွန်တော်တို့ နိုင်ငံကို နိုင်ငံတကာက အကူညီလည်း ပေးချင်နေသလို ရင်းနှီးမြှပ်နှံမှုတွေလည်း
လုပ်ချင်နေကြတယ်။ ဒါပေမယ့် ပြည်တွင်းမှာ အခုလိုမျိုး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကြောင့်ရော
အစိုးရရဲ့ စီမံကိန်းတွေကြောင့်ပါ ပြဿနာတွေ တက်နေတော့ သူတို့က ဒီနိုင်ငံကို အကူညီပေးရမှာနဲ့
လာပြီးရင်းနှီးမြှပ်နှံဖို့ အတွက်ကို ချင့်ချိန်နေကြတယ်”ဟု ကုန်သည်/စက်မှု အသင်းချုပ်မှ အကြီးတန်း
အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့သော ရင်းနှီးမြှပ်နှံမှု ကဏ္ဍများတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ ပြေလည်စေရေးအတွက်
သက်ဆိုင်ရာ အစိုးရပိုင်းက အကြမ်း မဖက်သည့် နည်းလမ်းဖြင့် နှစ်ဦးနှစ်ဘက် ပြေလည်အောင် ဖြေရှင်းပေးရမည်ဖြစ်သလို နိုင်ငံတကာ၏ အကူညီရရှိရေးအတွက်ကိုလည်း ဌာန တွင်း တိကျသေချာသည့် အစီစဉ်များကို ပွင့်လင်းမြင်သာစွာ ရေးဆွဲ အကောင်ထည်ဖော်၍ အကူညီတောင်းယူရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုင်ငံတကာက အကူညီချေးငွေရရင် ဘယ်ကဏ္ဍမှာ ဘယ်လောက်နဲ့ ဘယ်လိုသုံးမယ်ဆိုတဲ့ တိကျတဲ့ Plan မရှိဘူး။ ဘယ်နိုင်ငံကမှ တိကျ ရေရာတဲ့ Plan တွေမရှိဘဲ ချေးငွေနဲ့ အကူညီတွေကို အလကားမပေးဘူး။ အဲဒါကြောင့် ဘယ်လိုတွေ အာမခံပေးနိုင်မလဲ ဆိုတာတွေကို နိုင်ငံတကာက အခုမေးလာကြပြီ” ဟု သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ကုန်သည်/စက်မှု အသင်းချုပ်၌ Working Group တွေ့ဆုံဆွေးနွေး ပွဲတွင် တက်ရောက်လာသည့် တာဝန်ရှိသူ အသီးသီးကို ပြောကြားထားသည်။

နိုင်ငံရေး ပြောင်းလဲမှုများနှင့်အတူ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကိုပါ တပြိုင်နက်
ပြုလုပ်နေသည့် မြန်မာပြည်၏ ပြောင်းလဲရေး အစီအစဉ် ကဏ္ဍများတွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ရှေးရှုကာ ဖွံဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာပိုင်းက တာဝန်ယူ၍ အကောင်ထည် ဖော်နေသည့်တိုင် တိကျခိုင်မာသည့် စီမံကိန်း Planများနှင့် အမှန်တကယ် လုပ်ငန်းအကောင်ထည်မှု အပိုင်းများတွင်အားနည်းနေသည့် အတွက် အမှန်တကယ်ဖွံဖြိုး တိုးတက်သင့်သလောက် မဖွံဖြိုးသလို အစိုးရ၏ လုပ်ဆောင်ချက်များကို မကျေနပ်၍ လက်ရှိအချိန်ထိ အနည်း ငယ် ဆူပူမှုများလည်း ရှိနေသေးကြောင်း သိရသည်။
ကျော်ကြီး
မြန်မာ့ခေတ်

ထင်းရှူးမြိုင်တောရကျောင်းကို ၀င်ရောက် ဖျက်ဆီး၊ ဆရာတော်ကိုဖမ်းဆီး(ရုပ်/သံ)

May 23, 2013 5:04pm
တောင်ကြီးမြို. သစ်တောရပ်မှာရှိတဲ့ ထင်းရှူးမြိုင်တောရကျောင်းကို ပြည်နယ် အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးပြီး ဆရာတော်ကိုဖမ်းဆီးသွားခဲ့တာကြောင့် တောင်ကြီးမြို.ပေါ်ကသံဃာတော်တွေ ဆန္ဒပြခဲ့ကြပါတယ်။
ဒေါ်ညိုမာသက် သတင်းပေးပို.ထားပါတယ်။
DVB TV News

သမ္မတပြောကြားခဲ့ခြင်းအပေါ် မ ကျေနပ်၍ ဆန္ဒပြ

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )
Popular Myanmar News Journal







ပြည်လမ်းပေါ်က နံပါတ်ပြားမပါသော GMC ယာဉ်တစ်စီး

နံပါတ်ပြားမပါသော GMC ယာဉ်တစ်စီးကို့ ညနေ ၆ နာရီ ခန့်ညက ဟံသာဝတီအဝိုင်းအနီး ပြည် လမ်းပေါ်တွင် တွေ့ ရစဉ်။
The Voice Weekly

မုံရွာ-တမူးမှန်လုံယာဉ် ချောက်ထဲထိုးကျ၊ နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မုံရွာ၊ မေ ၂၂
မုံရွာမြို့မှ ကလေး-တမူးမြို့ တို့သို့ ပြေးဆွဲသည့် တင့်တိုင်းအောင် ခရီးသည်တင် မှန်လုံယာဉ်သည် မေလ၂၁ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်အချိန်က မုံရွာ-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၄၉မိုင် ၄ဖာလုံ တွင် ချောက်ထဲထိုးကျခဲ့ရာ နှစ်ဦးသေဆုံးပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။
“မှန်လုံကားက မုံရွာကနေ ထွက်သွားတဲ့ ကားပါ။ မှန်လုံဆိုပေမယ့် ခရီးသည်က အနည်းအကျဉ်းပဲ ပါတယ်။ ကားပေါ်မှာ သရက်သီးကုန်တွေ တင်ထားတယ်။ ကုန်းဆင်းမှာ ချောက်ထဲ ထိုးကျသွားတာ”ဟု ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။

ယင်းမှန်လုံအမြန်ယာဉ်မှာ မိုင်တိုင် အမှတ်၄၉အနီးရှိ ကုန်းဆင်းတွင် ချောက်အတွင်း ပြုတ်ကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ ယာဉ်မောင်းနှင့် ခရီးသည် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိသူလေးဦးမှာ မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူ နေကြောင်း အဆိုပါ မှန်လုံယာဉ်လိုင်းထံမှ သိရသည်။
The Voice Weekly

ဇနီးသေဆုံး၍ ခင်ပွန်းအဆိပ်သောက် လိုက်သေ

ဟင်္သာတ၊ မေ ၂၂
ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ စိတ္တသုခလမ်းတွင် ဇနီးဖြစ်သူ သေဆုံးပြီး နှစ်ပတ်ကျော်အကြာတွင် ခင်ပွန်းဖြစ်သူ အဆိပ်သောက်သေဆုံးမှု မေလ ၁၉ ရက်နေ့ နံနက် ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့ခံများထံမှ သိရသည်။

အဆိပ်သောက် သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်ရှိ ဦးဖြိုးဝေလှိုင် ဖြစ်ပြီး မေလ ၂ ရက်နေ့က ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျ သေဆုံးသွားသည့်အတွက် ဝမ်းနည်းကြေကွဲကာ အဆိပ်သောက်ခြင်း ဖြစ်ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကို သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၃ ဖြင့် အမှုဖွင့်ထား ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။
The Voice Weekly

လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီ ၀န်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

ထားဝယ်၊ မေ ၁၈၊ 2013
ထားဝယ်ဒေသတွင် အကြီးဆုံး လျှပ်စစ်ဖြန့်ဝေရေး ကုမ္ပဏီဖြစ်သော ဖိုးသီးချိုလျှပ်စစ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် (PTC) မှ ၀န်ထမ်းတစ်ဦးသည် ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို လျှပ်စစ်မီးသွယ်တန်းရန် ပြင်ဆင်နေစဉ် ဓါတ်လိုက်သေဆုံးခဲ့ကြောင်း မျက်မြင်ကြုံတွေ့သူများ ထံမှသိရသည်။

ဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဓာတ်တိုင်ပေါ်၌ လျှပ်စစ်မီးချိတ်ရန် ပြင်ဆင်နေစဉ် ဓာတ်လိုက်ခြင်းဖြစ်ပြီး ဓာတ်တိုင် မီးကြိုးတွင် တွဲပြီး ဓာတ်လိုက်နေသဖြင့် ဓာတ်တိုင်ကို ကန်မှ ပြုတ်ကျလာကြောင်း ဆင်ဆိပ်ရပ်ကွက်နေ မျက်မြင်ကြုံတွေ့ရသူများက ပြောသည်။

“ဓာတ်တိုင်ပေါ်တက်ပြီး မီးချိတ်ဖို့ ပြင်နေတုန်း ဓာတ်လိုက်တာပါ။ ဆေးရုံကိုရောက်လို့ ဆရာဝန်က စမ်းတော့ နှလုံးမခုန်တော့ဘူး” ဟု ဖိုးသီးချို ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ရှင်းပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဖိုးသီးချို ကုမ္ပဏီ၏ ထားဝယ်ရုံး မန်နေဂျာကို မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ်ရာ တာဝန်ရှိသူ အပြင်သွားနေသည်ဟု အဆိုပါ ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

ဓာတ်တိုင်ပေါ်တက်သည့်အခါ အောက်တွင် ကျန်ရစ်သူက အမြဲ သတိပေးနေရန် လိုအပ်သည်ဟု ဆင်ဆိပ်ရပ်ကွက်နေ လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ပို့လွတ်ထားသည့် လျှပ်စစ်သည် ဗို့အား ၄၀၀ ကီလိုဗို့ရှိသည်။
Dawei Watch

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com