http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နမ့်ခမ်းမြို့ ရှင်ပြုပွဲ နှင့် သာသနနုဂ္ဂဟအသင်းဝင်ကဒ်ပေးအပ်ပွဲ(ဓါတ်ပုံသတင်း)

မန္တလေး၊မေ ၁၀-၂၀၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှင် ၁၃၅ပါး သာမဏေပြုပွဲ နှင့် တိုင်းရင်းသား တစ်သောင်းကျော် သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချူပ် နဲ့ အခြား ၀န်ကြီး အဆင့် တို့တက်ရောက်တဲ့ အလှုရှင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် က နမ့်ခမ်းမြို့ ဇေယျသုခကျောင်း နဲ့ ပန်းဆေးဒေသ တွေမှာ ပြီးခဲ့တဲ့ မေ ၄ရက် ၊၅ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပထမနေ့ မနက်က ပန်းဆေး ပြည်သူစစ် ရှိရာ ခိုလုံလီရှော ပန်းဆေးဒေသ မှာ ရှင် ၁၃၅ ပါး သာမဏေပြုပွဲကို နမ့်ခမ်းမြို့နယ်မှ ဆရာတော်ကြီးများ၊ သာသနာရေး ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် လျှက်စစ် ၀န်ကြီး ဦးစိုင်းထွန်းရင်၊ မြို့မီမြို့ဖများ နှင့် ဒေသခံ ရှမ်း ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာဘဲ နမ့်ခမ်းမြို့ ဇေယျသုခဘုန်းတော်ကြီးကျောင်းမှာ မြို့ပေါ်မှာနေတဲ့ ရှမ်း၊ ပလောင် နဲ့ လီရှော တိုင်းရင်းသား ၁၀၀၀ရဲ့ သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။
ပြည်နယ် လျှပ်စစ်ဝန်ကြီး လည်းဖြစ် ပြည်နယ် သာသနနုဂ္ဂဟအသင်းဥက္ကဌ လည်းဖြစ်တဲ့ ဦးစိုင်းထွန်းရင်က မြို့နယ် သာသနနုဂ္ဂဟအသင်းဝင်ကဒ်များကို ဥက္ကဌ ဦးစိုင်းသန်းဥာဏ်ထံ ပေးအပ်ခဲ့ပါတယ်။ မြို့နေလူထုက ရိုးရာအိုးစည်အတီးအမှုတ်အကများနဲ့ ကြိုဆိုခဲ့ပါတယ်။မေလ ၅ရက်နေမှာတော့ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ မှာ ကျောင်းဆောင်သစ် ဖွင့်ပွဲကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး နဲ့ ပြည်နယ် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ရှမ်း၊ ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြပါတယ်။

“အရင်တုံးကတော့ ကျွန်တော်တို့ ရိုးရာ ကိုးကွယ်တာပေါ့နော် နောက်ပိုင်းကျတော့ ယဉ်ကျေးမှု အဖွဲ့တွေ တရားဝင်ဖွဲ့စည်းပြီးတော့ ရိုးရာ ကိုးကွယ်မယ့်အစား ဗုဒ္ဓဘာသာ စစ်စစ် ကိုကိုးကွယ်မယ် ဆိုပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်ကစလုပ်ခဲ့တာ” ဟု ရှမ်းပြည်နယ်လွတ်တော် အမှတ် ဦးကျော်မြင့် ကပြောပါတယ်။ပန်းဆေးဒေသ က နမ့်ခမ်းမြို့နဲ့ မိုင် ၂၀လောက်ဝေးတဲ့ တောင်ပေါ်ဒေသ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲ့တဲ့ ပန်းဆေးပြည်သူ့စစ် ရှိရာဒေသလည်း ဖြစ်ပါတယ်။ပန်းဆေးဒေသ မှာ ရှမ်း ပလောင်နဲ့ ခိုလုံ လီရှော များ နေထိုင်ပြီး ဦးကျော်မြင့် ဟာလက်ရှိ ခိုလုံလီရှော ယဉ်ကျေးမှုရဲ့အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
စိုင်းဇင်မင်းအေး
မြန်မာဓိက















အခုနှစ်လေပြင်းတိုက်လို့ ဒေသအချို့မှာ သရက်သီးအကြွေများ

မန္တလေး၊ မေ-၁၀
ယခုနှစ်ဧပြီလမှ မေလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုများကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းမှ သရက်ခြံများမှာ လေခြွေသရက်သီးအများအပြား ရှိခဲ့ကြောင်းသိရပါတယ်။

"မိုးဦးမိုးကြိုကာလတွေမှာလေပြင်းတိုက်ခတ်တာ ပုံမှန်ပါပဲ။ ဒီနှစ် ကျွန်တော်တို့ မန္တလေးမြို့ဝန်းကျင်မှာ လေပြင်းခဏခဏတိုက်တဲ့အတွက် ဒီလေခြွေသရက်သီးတွေ ကို အလေအလွင့်မရှိအောင် မဆုံးရှုံးအောင် သရက်ချဉ်လုပ်တယ်၊သရက်ပြင်တွေ၊ သရက်ပြားတွေ လုပ်တယ်" လို့ အမရပူရမြို့နယ်၊ မိကျောင်းတက်ရွာက သရက်စိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

အခုနှစ် သရက်သီးပေါ်ချိန်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့်သရက်ခြံ များ ထိခိုက်မှုရှိခဲ့ပေမယ့်၊ စဥ့်ကိုင်နှင့် ဟန်မြင့်မိုရ်ဘက်က စိန်တလုံးသရက်ခြံများကတော့ ဧပြီလအတွင်းက ဈေးကွက်သို့ အချိန်မီတင်ပို့ခဲ့ပြီးလို့ ဆုံးရှုံးမှု မရှိသလောက်ဖြစ်ကြောင်း သိရပါတယ်။

"လေကတော့ တိုက်မှာပဲ၊ သူ့ရာသီချိန်ရောက်ရင်တိုက်မှာပဲ၊ တားလို့မှမရတာ၊ လေပြင်းတိုက်မှာကို ခန့်မှန်းသိနိုင်လည်း သရက်သီးကြွေကျတာကိုတော့ဘယ်လိုမှ တားလို့မရဘူး၊ လေတိုက်တဲ့ရာသီရောက်တိုင်း ဒီဒါဏ်ကိုခံနေရမှာပဲ"လို့ မန္တလေးမြို့ပတ်ဝန်းကျင်က သရက်စိုက်တောင်သူတစ်ဦး ကပြောပါတယ်။

ယခုလို သရက်သီးများ အကြွေများသော်လည်း ယခုနှစ်တရုတ်ဈေးကွက်သို့ တင်ပို့ရာမှာ ဈေးကောင်းရရှိကြောင်း သိရပါတယ်။ "ဒီနှစ်မူဆယ်ဈေးကွက်မှာစိန်တလုံးထက်၊ ဟင်္သာကတောင် ဈေးပိုကောင်းတယ်"လို့ သရက်ကုန်သည် တစ်ဦးက ဆိုပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ညပိုင်းမှာ ယာဉ်တွေကို ရှောင်တခင်စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်တော့မယ်

မန္တလေး၊ မေ- ၁၀
မန္တလေးမှာ ညပိုင်းအချိန်တွင်း ယာဉ်မတော်တဆမှုဖြစ်ပွားတာများလို့ညပိုင်းဖမ်းဆီးစစ်ဆေး အရေးယူခြင်းတွေကို တင်းကြပ်စွာ ပြုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

''ညပိုင်းမှာ ယာဉ်မတော်တဆဖြစ်တာပိုများတယ်၊ဇန်န၀ါရီကနေ ဧပြီလထိ မှတ်တမ်းယူစိစစ် ခဲ့တာ နေ့ခင်းပိုင်းက ၅၈ မှု၊ ညပိုင်းဆို ၇၅ မှုလောက်ဖြစ်နေပြီ၊ညပိုင်းပိုပြီး စစ်ဆေးဖို့လိုလာပြီ၊ တစ်ခုခုဆိုဖမ်းဆီးတယ်၊ တိုင်ချက်ဖွင့်တယ်၊ တစ်ညအိပ်ခိုင်းထားတယ်၊လူကြီးသားသမီးဖြစ်လည်း မလိုချင်ဘူးထည့်၊ အဲဒီအစီအစဉ်လုပ်မှ ဖြစ်တော့မယ်''လို့ မန္တလေးတိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ဆန်းကပြောပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလထိ ယာဉ်မတော်တဆမှုပေါင်း(၁၃၃)မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ (၅၈)ဦးနဲ့ ဒဏ်ရာရရှိသူ (၁၇၉)ဦးရှိပါတယ်။ ၂၀၁၂ခုနှစ်နဲ့ ကာလတူနှိုင်းယှဉ်ပါကဒီနှစ်က ယာဉ်တိုက်မှု(၇၆)မှု၊ သေဆုံးသူ(၂)ယောက်နဲ့ ဒဏ်ရာရရှိသူ(၁၁၁)ယောက် လျော့နည်းတယ်လို့သိရပါတယ်။

ဒီနှစ်ပထမ(၄)လအတွင်း ယာဉ်မတော်တဆမှု အမှုပေါင်း၁၃၃ မှာ မော်တော်ဆိုင်ကယ် ကြောင့် အဖြစ်များပြီး သေဆုံးသူအယောက်(၄၀)၊ ဒဏ်ရာရရှိသူ (၁၀၁)ယောက်ရှိကြောင်း မှတ်တမ်း စာရင်းတွေအရ သိရပါတယ်။

အခုအခါ ယာဉ်တွေကို ညပိုင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ယာဉ်ထိန်းရဲ၊ စည် ပင်သာယာရဲ၊ က.ည.န နဲ့ ယ.က.က အဖွဲ့တွေ ပူးပေါင်းကာ မြို့နယ်အလိုက်အလှည့်ကျ ရှောင်တခင်စစ်ဆေးဆောင်ရွက်နေတယ်လို့ ၀န်ကြီးကဆိုပါတယ်။
တာရာ
မြန်မာဓိက

အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း

ရန်ကုန်၊ မေ ၉
ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီက ထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေ လိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံ တစ်ခုကလွဲရင် ကျန်တာ ဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလ ထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံး ပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း ကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။
The Voice Weekly

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့သည့် သီပေါမြို့ရောက် မင်းကိုနိုင်

သီပေါ၊ မေ ၁၀။
သီပေါမြို့သို့ ရောက်ရှိနေသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည်
ယမန်နေ့ည ၇ နာရီခန့်တွင် ဒေသခံပြည်သူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍
ဟောပြောပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကိုမင်းကိုနိုင်မှ အဓိကထား
ပြောကြားသွားခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလျက်ရှိပြီး အစိုးရ
တာဝန်ရှိသူများမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိသေးဘဲ လူငယ်အများအပြား မူးယစ်ဆေးသုံးစွဲမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ပျက်စီးကြရကြောင်း၊ ဆယ်တန်းကျောင်းသား အရွယ်လူငယ်များမှစတင်၍ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ဝယ်ယူရန်လည်း လွယ်ကူသလို အဖမ်းအဆီးမရှိ ရောင်းချနေကြကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောကြားသည်။

“လွယ်လွယ်ဝယ်လို့ လဲရတာကိုး၊ အဲတော့ သုံးဖြစ်ကြတာပေါ့၊ ဒီမှာ လူငယ် ၇၀ ရာနှုန်းလောက် သုံးကြတယ်” ဟုဒေသခံ ပြည်သူတစ်ဦး က ပြောသည်။ “မူးယစ်ဆေးဝါး ကင်းစင်ရမယ်လို့ ပြောနေပြီးတော့ ဘိန်းစွဲနေတယ့်
လူငယ်တွေအများကြီး ဖြစ်နေတာ တကယ် မလုပ်လို့ပေါ့”ဟု မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်ဆောင်နေသော်လည်းအလွယ်တကူ ဝယ်ယူသုံးစွဲနေကြပြီး လူငယ်များ ပျက်စီးနေကြခြင်းမှာ ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်းကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငြိမ်နေပါက အနှိမ်ခံဘဝမှ လွတ်မြောက်မည် မဟုတ်ဘဲ အနိုင်ကျင့် ခံကြရမည်ဖြစ်ကြောင်း၊
ပြုပြင်ပြောင်းလဲရေးအား အမှန်တကယ် ကျင့်သုံးပါက အားလုံးတန်းတူညီမျှ ခံစားရမည်ဖြစ်ကြောင်း၊
ပွင့်ပွင့်လင်းလင်း ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်မှသာလျှင် အနိုင်ကျင့်ခံရမှုများ၊ အနှိမ်ခံရမှုများ
ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူများမှ
ပြန်လည်မေးမြန်းမှုများအား ၈၈မျိုးဆက်များက အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ကိုမင်းကိုနိုင်မှ ဒေသခံများ၏ မေးမြန်းချက်များမှ ကိုနေမျိုးဇင်အား ဖမ်းဆီးမှုအပေါ်
“သူတို့တုန်းက ဖမ်းချင်သလို ဖမ်းင်္ပြီး ထောင်ချခဲ့တာလေ၊ ခုလိုပြောင်းလဲနေတဲ့ အချိန်မှာ ဒါမျိုး
မရှိသင့်တော့ဘူး။ ဒါကိုပြောင်းလဲ ရလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ပုဒ်မ ၄၀၁ အရ ဖမ်းဆီး
ထိန်းသိမ်းမှုများကို ယခုကာလတွင် ပြင်ဆင်သင့်ပြီဖြစ်ပြီး ဖမ်း ချင်တိုင်းဖမ်းပြီး ထောင်ချချင်သလို
ချခဲ့သည့် စနစ်မျိုး ကို ပြောင်းလဲရန် လူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုလည်း လိုအပ်ကြေင်း ပြောကြားသည်။

အဆိုပါပုဒ်မ ၄၀၁ အား နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးဖြင့် အကျဉ်းကျဖူးသူ အားလုံးက
၎င်းတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသာ ပုဒ်မဖြစ်သောကြောင့် အားလုံးကကန့်ကွက် နေကြခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ
မြန်မာ့ခေတ်

သီတဂူ ဓမ္မသဘင် ကျင်းပသော သဒ္ဓမ္မပါလ သံဃဒါနဆွမ်းလောင်းအသင်း ၁၀နှစ်ပြည့်

ကလေး၊ မေ ၁၀။
ကလေးမြို့နယ်၏ ကျက်သရေဆောင် သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော် အရှင်ဒေါက်တာ ဉာဏိဿရ(D.Litt,Ph.D) ကိုယ်တိုင်ကြွရောက်၍ သီတဂူ ဓမ္မသဘင်ကျင်းပတော်မူကြောင်း သိရသည်။

သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော်ကြီး၏
တရားပွဲကို ရွှေဘုံသာ ဓမ္မရုံကြီးအတွင်းတွင် ယမန်နေ့ည၌ ကျင်းပခဲ့ကြောင်း၊
ငွေကျပ်သိန်းပေါင်း(၁၅၀၀)ခန့် ကုန်ကျမည့် ဆောက်လုပ်ဆဲ သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်း အသင်း
ဓမ္မရုံကြီးအတွက် ကလေးမြို့နယ် ပြည်သူများထံမှ အလှူတော်ငွေ ရှစ်ရာသုံးဆယ့် ကိုးသိန်း
နှစ်သောင်းကျပ် (၈၃၉,၂၀၀၀၀ိ/-ကျပ်)ပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ဓမ္မပူဇာအလှူတော်ငွေ
ကျပ်သိန်းတစ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက်နေ့ နံနက် ရှစ်နာရီတွင် ပင့်သံဃာအပါး ငါးရာတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့်
လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း မည်ဖြစ်ကြောင်း၊ အသင်းကြီး၏ သြ၀ါဒ စရိယ
ဆရာတော်ကြီးများနှင့် ဆွမ်းဆန်တော်များကို နှစ်စဉ်လှူဒါန်းကြသည့် ကျေးရွာများရှိ
ဆရာတော်ကြီးများ စုစုပေါင်း ဆရာတော်သံဃာတော်အပါး(၅၀)အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍
သဒ္ဓမ္မပါလသံဃ ဒါနဆွမ်းလောင်း အသင်းကြီး၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုပွဲ လှူဒါန်းမှု
အစုစုတို့ကို ရေစက်သွန်းချ အမျှအတမ်းပေးဝေမည်ဖြစ်ကြောင်းတို့ကို ပွဲဖြစ်မြောက်ရေး ကော်မတီက
ပြောကြားခဲ့သည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာတဲ့

(သတင်းဓါတ်ပုံ - ကိုဆန်)
"ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့အချိန် လက်မှတ်မထိုးခိုင်းခဲ့ဘဲ ထောင်အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာလို့ အပြင်ရောက်မှပြောတာဖြစ်တယ်။ ကျွန်တော်တို့ သဘောမတူဘူးဆိုတာကို ဆိုလိုချင်တာပါ။

နံပါတ် ၁ လုံးဝသဘော မတူဘူး၊ အကြွေးကျန်တဲ့ကိစဟာ လုံးဝမရှိသင့်ပါဘူး၊ ဘာကြောင့်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ အသံကောင်းဟစ်ထားတယ်ဆိုရင် ဒါမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးပြောတယ်၊ တစ်နိုင်ငံလုံး လက်တွဲပီးတော့ ဒီမိုကရေစီလုပ်ရမဲ့အချိန်မျိုးမှာ ၄၀၁ အရ အကြွေး သတ်မှတ်ပီးတော့ ပြန်ပီး ပစ်ဒဏ်အနေနဲ့ပေးချင်းဟာ နံပါတ် ၁ လုံးဝသဘောမတူနိုင်ဘူး။

လုံးဝလက်မခံနိုင်သလို ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားတောင်းဆိုတယ်” လို့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ် မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သီပေါမြို့သူမြို့သားများကို ပြောကြား။
DVB TV News

အကျဉ်းသား စိစစ်ရေး ကော်မီတီ တိုးချဲ့ဖွဲ့စည်း

Insein Prison
9 မေလ 2013
ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား တွေကျန် နေသေးတယ်လို့ သူတို့ အရေး လှုပ်ရှားသူတွေ ပြောနေ

အကျဉ်းထောင်တွေထဲမှာ ကျန်နေ သေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးနိုင်ဖို့ အတွက် အစိုးရက ဖွဲ့စည်းပေး ထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အဖွဲ့ဝင် သုံးယောက် ထပ်ပေါင်းပြီး စုစုပေါင်း ၁၉ ယောက် အဖွဲ့ အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက် ပါတယ်။

နောက်ထပ် တိုးလာသူ သုံးယောက် စလုံးက လက်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တွေလည်း ဖြစ် ပါတယ်။

အဲဒီ သုံးယောက် ထဲမှာ သင်္ဃ္န်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီက ဒေါက်တာ ဝင်းနိုင်တို့ ပါဝင် ပါတယ်။

သူတို့ အနေနဲ့ အဲဒီ လူတွေကို ဆက်လက် ဖမ်းဆီး မထားသင့်ဘူး ဆိုတာ အစိုးရက ယုံကြည် လက်ခံ လာအောင် တိုက်တွန်း ပြောဆို နိုင်တယ်လို့ ကော်မီတီဝင် အသစ် နောက်တစ်ယောက် ဖြစ်တဲ့ မြန်မာ အမျိုး သား ကွန်ဂရက် ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံ နေရသူ တွေရဲ့ အချက် အလက် တွေကို ရှာဖွေ ရယူပြီးတဲ့ အခါ နိုင်ငံတော် သမ္မတ ဆီကို တင်ပြ ပေးသွားနိုင်တယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဆက်လက် ဖမ်းဆီး ထားတဲ့ အကျဉ်းသား တချို့ အကြောင်းနဲ့ ပတ်သက်လို့ အစိုးရ ပိုင်းက ပွင့်ပွင့် လင်းလင်း ထုတ်ဖော် မပြောတဲ့ အပိုင်းတွေ ရှိနေပြီး၊ အစိုးရ ဘက်က အစည်းအဝေး ခေါ်မှ ကော်မီတီ ဝင်တွေက သွားတက် ကြရတာလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။

ထောင်တွင်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး နိုင်အောင် နည်းလမ်း ရှာဖို့ ဆိုပြီး ဖေဖော်ဝါရီ လဆန်း တုန်းက နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တွေနဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ အစိုးရ တာဝန် ရှိသူတွေ တွေ့ဆုံ ခဲ့ကြ ပြီးတဲ့နောက် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီ ဆိုပြီး ၁၆ ယောက် အဖွဲ့ကို စတင် ဖွဲ့စည်း ခဲ့ပါတယ်။
BBC Burmese

အိုဟိုင်းယိုး အမျိုးသမီး ၃ ဦး ပြန်ပေးဆွဲသူ ရုံးထုတ်

အေရီယယ်ကက်စထရိုကို ရုံးထုတ်စဉ်
9 မေလ 2013
အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ အမျိုးသမီး ၃ ဦးကို အိမ်မှာ ၁၀ နှစ်နီးပါး ချုပ်လှောင်ထားခဲ့တဲ့ အေရီယယ် ကက်စထရိုဆိုသူကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုတွေနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

အသက် ၅၂ နှစ် အရွယ် အရင်က ကျောင်းကားမောင်းတဲ့ မစ္စတာ ကက်စထရိုကို အမျိုးသမီး ၃ ဦးနဲ့ အဲဒီထဲက အမျိုးသမီးတဦးရဲ့ သမီးငယ် တဦးအပါအဝင် ပြန်ပေးဆွဲမှု ၄ မှု၊ အမျိုးသမီး ၃ ဦးကို သားမယားပြုကျင့်မှု ၃ မှု၊ စုစုပေါင်း စွဲချက် ( ၇ ) ခုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

အဲဒီ သမီးလေးကို ချုပ်လှောင်ထားစဉ်ကာလမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၅ မိနစ်သာ ကြာတဲ့ တရားစီရင်မှုအတွင်း အပြာရောင် အလုပ်သမားဝတ်စုံ ဝတ်ထားတဲ့ မစ္စတာ ကက်စထရိုဟာ ကြမ်းပြင်ကိုသာ ငေးစိုက် ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးဦးနဲ့ Amanda Berry ကမွေးဖွားတဲ့ ၆ နှစ် အရွယ် မိန်းကလေးငယ်လေးတို့ကို မစ္စတာ ကက်စထရိုရဲ့ အိမ်ကနေ တနင်္လ࿿ာနေ့က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese

ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်(၁၄)ခုတွင် ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်သွားမည်

10.5.2013
နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် အထောက်အပံ့ဖြစ်စေရန် အတွက်ရခိုင် ပြည်နယ်အတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှာ ဆွဲတင်စစ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့(၆၃)ဖွဲ့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်
ဖော်ရေးညှိနှိုင်းအ စည်းအဝေးမှ ပြောကြားချက်အရ သိရသည်။

ဆွဲတင်စစ် လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပုံရေးဆွဲခြင်း၊မှတ်တမ်းတင်စစ်ဆေးခြင်း၊ မွေးသေစာရင်း၊ပြောင်းဝင်၊ပြောင်းထွက်စာရင်းပြုစုခြင်း၊ထွက်ပေးသူများ စိစစ်ခြင်းနှင့် မိသားစုဓါတ်ပုံရိုက်ကူးခြင်းစသည် များကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းဆွဲတင်စစ်လုပ်ငန်းများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများစနစ်တကျဖြန့်ဝေပေးနိုင်ရန်၊လူဦးရေ အတိုးအလျော့များ သိရှိနိုင်ရန်၊တရားမဝင်ဝင်ရောက်လာသူများကို စိစစ်နိုင်ရန် အတွက်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွဲတင်စစ်လုပ် ငန်းများကိုကွင်းဆင်းစစ်ဆေးရာတွင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့(၁)ဖွဲ့ကို လဝက၊နစက၊တပ်မတော်၊ရဲတပ်ဖွဲ့၊ထွေ/အုပ်၊မြေစာရင်း၊ရခိုင် တိုင်းရင်းသားကိုယ်စားလှယ် ဘင်္ဂါလီကိုယ်စားလှယ်စုစုပေါင်း(၂၀)ဦးပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဆွဲတင်စစ်လုပ်ငန်းများစတင်ဆောင်ရွက် ခဲ့သည့် ဧပြီလ(၂၆)ရက်နေ့တွင် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် ယာယီရပ်ဆိုင်းထားတကြောင်း သိရသည်။(၂၀၁၃)ခုနှစ်၊ မတ်လအတွင်းမောင်တောမြို့နယ်တွင် လူဦးရေ(၇)သိန်း(၆)သောင်းကို ဆောင်ရွက်ခဲ့ပြီးကျန်ရှိသေးသည့် စိစစ်မှုလုပ်ငန်းများကိုအမှန်ကန်ဆုံးနှင့်
အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

'မောင်' သီချင်းဖန်တီးရှင် ဒါရိုက်တာ အာယုကွယ်လွန်

ဒါရိုက်တာ စာရေးဆရာ သာဓု ( ကွယ်လွန် ) ရဲ့သား ၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် သုမောင် (ကွယ်လွန် ) ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ( ကွယ်လွန် )၊စာရေးဆရာ မင်းလူတို့၏ ညီ "မောင်" သီချင်းရဲ့ ဖန်တီးရှင် ဒါရိုက်တာ အာယုသည် မေလ ၉ ရက်နေ့ ည ၇ နာရီ က ကွယ်လွန် သွားကြောင်း သိရသည်။
P-049
Popular Journal

ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

မြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်မဟာ(၇၀၁)ရဲ့ တပ်စခန်းကို မြန်မာစစ်တပ်၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ ၇၀၁ တပ်မှူး ဒုတိယဗိုလ်မှုးကြီး ဇွန်မိန်းက ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး တရုတ်ပြည်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ခုနောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအနေနဲ့ ရွှေလီမြစ်ဝှမ်းမှာရှိတဲ့ တပ်မဟာ (၇၀၁) တပ်စခန်းကို ဒီကနေ့ညနေပိုင်းမှာ ဆုတ်ပေးလိုက်ရပြီး၊ တိုက်ပွဲတွေအတွင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးစာရင်းတော့ မသိရသေးပါဘူး။
RFA Burmese

တတိယအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မေလကုန်တွင် ကျင်းပမည်

ရန်ကုန်၊ မေ ၉။
မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင်
အခွင့်အလမ်းပြပွဲကို လာမည့် မေလကုန်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၃ ရက်ကြာ
ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေက ခေါ်တဲ့ Qualification နဲ့ အလုပ်လာလျှောက်တဲ့သူတွေရဲ့ Qualification က match
ဖြစ်နေဖို့ လိုတယ်။ အမတို့က လုပ်ငန်းရှင်တွေနဲ့ အလုပ်လိုချင်သူတွေကို အဆင်ပြေအောင် join ပေးတာ
ဖြစ်တယ်” ဟု မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး
ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

ယင်းပြပွဲတွင် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး city mart ၊ AA
madical ကဲ့သို့ ကုမ္ပဏီကြီးများ၊ နိုင်ငံခြားမှ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှပ်နှံမည့်
ကုမ္ပဏီများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲကို မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိ ၃ ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“တချို့ အလုပ်လာလျှောက်တဲ့ သူတွေဆို အလုပ်ဘယ်လိုလျှောက်ရမယ်၊ CV ဘယ်လို ရေးရမယ်ဆိုတာတောင် မသိတဲ့ သူတွေပါတယ်။ အဲဒါတွေအတွက်လည်း အကြံပြုခန်းတွေ ထားပေးထားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးအေးဝင်းက ပြောကြားသည်။

အဆိုပါ ပြပွဲကျင်းပမည့် နေ့များတွင် လူငယ်ထု အတွင်းရှိ လိုအပ်ချက်များနှင့် ပတ်သတ်၍
အကြံပေးခန်းများ ထားရှိပေးမည်ဖြစ်ပြီး ကျွမ်းကျင် ပညာရှင်များက လိုအပ်သည်များကို အကြံပေး
ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်များက အလုပ်သမား ခေါ်ယူရာတွင်လည်း ကျွမ်းကျင် အလုပ်သမားနှင့် လုပ်သက်မရှိသေးသူ
အလုပ်သမားဟူ၍ နှစ်မျိုးရှိကြောင်း၊ ကျွမ်းကျင်အလုပ်သမား လိုချင်သူ အလုပ်ရှင်များ အနေဖြင့် Job
Fair တွင် မရနိုင်ကြောင်း၊ Job Fair တွင် လာလျှောက်သူများမှာ အမှန်တကယ် အလုပ်လိုအပ်
နေသူများဖြစ်ကြောင်း ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

အလုပ်လျှောက်ထားလိုသူ လူငယ်များအနေဖြင့် မိမိတတ်မြောက်ထားသည့် အောင်လက်မှတ် ပါရှိရုံဖြင့် အလုပ်လျှောက်ထားနိုင်မည်ဖြစ်ပြီး CV Form လက်ခံခြင်း၊ အင်တာဗျူး ပြုလုပ်ခြင်းနှင့်
အလုပ်ခန့်အပ်ခြင်းများကို တစ်ပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲသည် အလုပ်လျှောက်ထားလိုသူ များကိုသာမက အလုပ်ရှင်များ အတွက်ပါ အကျိုးရှိစေနိုင်ပြီး
အလုပ်သမားဝန်ကြီးဌာနမှလည်း အလုပ်သမားကဒ်များ တစ်ပြိုင်နက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် Job Fair ကို ၂၀၁၁ ခုနှစ် မတ်လတွင် လည်းကောင်း၊ ဒုတိယအကြိမ် Job Fair ကို ၂၀၁၂
ခုနှစ် သြဂုတ်လတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပွဲသို့ လာရောက်သူဦးရေ ၃
သောင်းကျော်ရှိပြီး အလုပ်လျှောက်သူများ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အလုပ်ရရှိခဲ့ကြောင်း
သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန်၊မေ ၉။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င် ပြိုင်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို
ရန်ကုန်မြို့ ၊ လှိုင်တက္ကသိုလ် ၀င်းအတွင်းရှိ(MICT-PARK)  အခန်းအမှတ်(၂၀၅)တွင် မေလ ၁၁ရက်နေ့ 
နေ့လည်(၂)နာရီအချိန် တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ
ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓစာပေများကို
လေ့လာချင်စိတ် ရှိလာရန်၊ လူငယ်များ၏ နှလုံးသားတွင် ဘုရားတည်ရန်၊ နိုင်ငံနှင့်အ၀ှမ်း
ဖွင့်လှစ်သင်ကြားနေသော ယဉ်ကျေးလိမ္မာသင်တန်းမှ ထူးချွန် ကျောင်းသားများအား
ချီးမြှင့်ပေးရန်၊ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မှ တကယ့်တတ်သိ နားလည်သော ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏
ဥက္ကဋ္ဌဖြစ်သူက ပြောကြားသည်။

ယခုနှစ် ကျင်းပပြုလုပ်မည့် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို အဆင့်(၃)ဆင့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပထမအဆင့်ကို ယခုလ ၁၂ရက်နေ့ တွင် အထက်မြန်မာပြည်အတွက် စံဟိန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)တွင်လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ဖျာပုံမြို့ အ-လ-က(၂) ကျောင်းတွင် လည်းကောင်း၊
ရန်ကုန်တိုင်း ဒေသကြီးအတွက် လသာမြို့နယ်၊ အ-ထ-က(၁)ကျောင်းတွင်လည်းကောင်း အသီးသီး
ကျင်းပပြုလုပ်သွား မည်ဖြစကြောင်း သိရသည်။

ပြိုင်ပွဲ ဒုတိယဆင့်ကို ၁၉ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲများကို ၂၂ရက်နေ့နှင့်
၂၄ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းသုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယဆု(၅)သိန်း၊
စတုတ္ထဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်တစ်သိန်းဖြင့် (၂၄)ဆု ချီးမြှင့်သွားမည်ဟုလဲ သိရှိရသည်။

နောက်ဆုံးပြိုင်ပွဲများကို ရုပ်သံသတင်းဌာနများဖြစ်သည့် MRTV ၊ 5MOVIEနှင့် MRTV-4 တို့မှလည်း
ထုတ်လွှင့် ပြသွားမည်ဟု သိရှိရသည်။
မြင့်ကျော်
မြန်မာ့ခေတ်

တွံတေး-ဒလ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောလူသေမှု အမြင်အမျိုးမျိုးဖြစ်နေ

ရန်ကုန်၊မေ ၉။
ယမန်နေ့က တွံတေးမှ ဒလသို့  ရေသွားလှူသော မောင်ထွဋ်မင်းနိုင်သည် အပြန်
တွံတေးကားလမ်းမပေါ်တွင် ည၈နာရီခန့်၌ သေဆုံးသွားခဲ့ပြီး ယင်းဖြစ်ပွားမှုအပေါ်  မိသားစုနှင့်
ရဲများအကြား အမြင်အမျိုးမျိုး ဖြစ်နေကြကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ထွဋ်မင်းနိုင်(၂၃)နှစ်ဖြစ်ပြီး ဒလတွင် ရေဘေးဒုက္ခနှင့် ကြုံနေရသောကြောင့်
တွံတေးမှ ထော်လာဂျီဖြင့် ရေသွားရောက် လှူဒါန်းခဲ့ပြီး အပြန်လမ်းတွင် သွားရောက်လှူဒါန်းသော
အဖွဲ့သည် အားလုံးမှုးနေကြပြီး မောင်ထွဋ်မင်းနိုင်သည် ကားတိုက်ခံရ၍ သေဆုံးသည်ဟု အတူသွားလှူကြသူများက
ပြောကြောင်း၊ သို့သော် သေဆုံးသူသည် ကားတိုက်ခံရ၍ သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ၎င်း၏အကို
ဝမ်းကွဲတော်ဆက်သူ ကိုဇော်ဇော်က ပြောကြားသည်။

“ဒဏ်ရာတွေက ကားတိုက်ထားတာနဲ့ မတူဘူး။ ရိုက်ထား ထိုးထာတဲ့ပုံမျိုးတွေဖြစ်နေတယ်။ ပြီးတော့
သူတစ်ယောက်ထဲကို ထားခဲ့ကြပြီးမှ ကားတိုက်ခံရတယ်ပြောတာ”ဟု ကိုဇော်ဇော်က ဆက်လက်ပြောကြားသည်။ ယင်းရေသွားလှူသော အဖွဲ့တွင် သေဆုံးသူ အပါအဝင် ကျား ၁၃ယောက် ထော်လာဂျီဖြင့် ပြန်လာခြင်း
ဖြစ်ကြာင်း သိရသည်။

၎င်းဒဏ်ရာသည် မိမိအမြင်ဖြင့်ဆိုလျင် ကားတိုက်ခံရသော ဒဏ်ရာမဖြစ်နိုင်ကြောင်း၊ သေဆုံးသူသည် သွားရောက်သယ်ယူချိန်တွင် ကားလမ်းမ၏ အလယ်တွင် ဖြစ်နေသောကြာင့် ပြုကျခြင်းကဲ့သို့လည်း ဖြစ်နိုင်ပြီး
အသေအခြာတော့ မပြောနိုင်ကြောင်း သေသူအား သွားရောက်သယ်ဆောင်သူ စိတ္တသုခအရေးပေါ် ကူညီရေးအဖွဲ့မှ ကိုဖြိုးကိုကိုရွှေက ပြောကြားသည်။

ထို့နောက် သေဆုံးသူနှင့် ပတ်သက်၍ တွံတေးမြို့ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြကြောင်း၊
သို့သော် သေဆုံးသူသည် ကားတိုက်ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းအမှုကို ၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်းရဲစခန်းမှ အရာခံ တိုးတိုးလွင်က ပြောကြားသည်။ ၎င်းအမှုနှင့် ပတ်သတ်၍ ဆေးစစ်ချက်များ
မထွက်ရှိသေးကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

လူတိုင်းမကင်းဘူး.....


FB-Kyaw Soe Moe

ခွင့်ပြုချက်ထက်ပိုကျူးသော အဆောက်အအုံလေးလုံးဖျက်သိမ်းခံရ

ခွင့်ပြုချက်ထက် ကျုးကျော်ဆောက် လုပ်သည့် ရန်ကင်းမြို့နယ်ရှိ အဆောက် အအုံ လေးလုံးကို ဖျက်သိမ်းလိုက် ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက် မှစတင်ကာ ခွင့်ပြုချက်ထက် ကျူးကျော် ဆောက်လုပ်သည့် အဆောက်အအုံများ အား စီမံချက်ချ ပြန်လည်ဖျက် သိမ်းရန် စေခိုင်းခဲ့ရာ ခြောက်လအတွင်း ၎င်းအ ဆောက်အအုံများကို ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။စီမံချက် စတင်ခဲ့သည့်လအတွင်း ရန် ကင်းမြို့နယ် အမှတ်(၁၃)ရပ် ကွက် ဓမ္မာရုံလမ်း မြေကွက်အမှတ် ၇၄နှင့် ၇၅ ရှိ ငါးထပ်အဆောက်အအုံနှစ်လုံးကို တရားစွဲဆို၍ ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ထားသည့် အပေါ်နှစ်ထပ် ကို ပြန်လည်ဖျက်သိမ်းရန် စေခိုင်းခဲ့ ကြောင်း၊ ယင်းနောက် ရန်ကင်းမြို့နယ် တွင်ပင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံတစ်လုံးကို ထပ်မံဖျက် သိမ်းစေခဲ့ပြီး ယခုလတွင် ရန်ကင်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်း၌ ဆောက် လုပ်နေသည့် ကားအရောင်းပြခန်းတစ်ခု မှာ မြေအကျယ် ပေ ၂ဝ ခန့် ပိုမိုဆောက် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုဖျက် သိမ်းရန် စေခိုင်းခဲ့ကြောင်း ရန်ကုန်စည် ပင်မှ သိရသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များဖြစ်သော ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့် ဦးဝိစာရလမ်းများ အား နောင်လိုအပ်သည့်အခါမျိုးတွင် လမ်း သားချဲ့ထွင်ခြင်း များ ပြုလုပ်နိုင်ရန်အ တွက် ယင်းလမ်းမအနီး အဆောက်အအုံ များအား လမ်းမကြီးနှင့် ပေ ၂ဝ အကွာ အဝေး ချန်လှပ်၍သာ အဆောက်အ အုံ ဆောက်လုပ်ရန် ရန်ကုန်စည်ပင်မှသတ် မှတ်ထားခြင်းဖြစ်သည်။

လမ်းသွယ်များအတွက် ရန်ကုန် စည်ပင်မှ သတ်မှတ်ထားသော အဆောက် အအုံအမြင့် ဆောက်လုပ်ခွင့်ပြုထား သည့်ပုံစံမှာ လမ်းအကျယ်နှစ် ဆအား လေးပေခွဲထပ်ပေါင်း၍ ယင်းထက် မကျော်သော အဆောက်အအုံကိုသာ ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်သည်။ယင်းအပြင် ရန်ကုန်မြို့တွင်း အ ဆောက်အအုံ အမြင့်များ တည်ဆောက် မှုကြောင့် မြို့၏ အထင်ကရဖြစ်သော ရွှေ တိဂုံစေတီ မြင်ကွင်း ပိတ်ဆို့သွားမှု မရှိ စေရေးအတွက်လည်း ရွှေတိဂုံကန့်သတ် ဧရိယာဇုန်နှင့် ပြင်ပဇုန်ဟူ၍ ဇုန်နှစ်ခု သတ်မှတ်ကာ အမြင့်ပေ ကန့်သတ်ထား သည်။

ရွှေတိဂုံ ကန့်သတ်ဧရိယာဇုန်အ တွင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉ဝ ရွှေတိဂုံစေတီ၏ ရင် ပြင်တော်အထိသာ အဆောက် အအုံအ မြင့် ဆောက်လုပ်ခွင့်ရှိပြီး ပြင်ပဇုန်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ပေ ၄၁၇ ပေ၊ တစ်နည်းဆိုသော် ရွှေတိ ဂုံစေတီ၏ ငှက်ပျောဖူးအောက်သာ အ ဆောက်အအုံများ တည်ဆောက်ခွင့်ရှိ ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး ခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေး ဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
၀၂၀
Popular Myanmar News Journal




ယနေမိုးသည်းထန်စွာရွာသွန်းပြီးနောက် မန်းမြို့မြင်ကွင်းများ

မန္တလေး-မေ၉ ယနေ နေ့လည်က မန်းတွင်လေပြင်းများတိုက်ပြီး မိုးသီးများကြွေကျ၍ မိုးသည်းထန်စွာရွာသွန်းခဲသောကြောင့်ကျိုးကျခဲ့သော သစ်ပင်များ၊ပျက်စီးခဲ့သောလမ်းမီးများကိုတာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြင်ဆင်လျှက်ရှိသည်။
ဖိုးလပြည့်
Popular Myanmar News Journal







အစ္စရေးတို့ အနောက်ဘက်ကမ်းတွင် အိမ် ၂၉၆ လုံးဆောက်လုပ်ရေး အတည်ပြု

ဂျေရုဆလင်၊ မေ ၉။
အမေရိကန်တို့ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ဆွေးနွေးရန် နည်းလမ်းရှာဖွေနေစဉ် အစ္စရေးဘက်မှ
ရာမယ်လာအနီးရှိ ဘေးအယ်တွင် အိမ် ၃၀၀ ခန့် ဆောက်လုပ်ရေးကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း အစ္စရေးမှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးပိုင်းက ဘေးအယ်မှာ အိမ် ၂၉၆ လုံး ဆောက်လုပ်ဖို့ မီးစိမ်းပြလိုက်ပြီ၊ ဒါပေမယ့် ဒါဟာ
ဆောက်လုပ်ရေး တကယ်မစမီ ပထမ အဆင့် လုပ်ဆောင်ချက်သာ ဖြစ်ပါသေးတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အနောက်ကမ်း အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားပြုပြောကြားသူ ၎င်းက ဆိုသည်။

၎င်းက ယခုအစီအစဉ်သည် အဆင့်မြင့်တရားရုံးအမိန့်အရ ဘေးအယ်အပြင်ပိုင်း အာပါနာမှ လွန်ခဲ့သည့် နှစ်အတွင်းရွှေ့ပြောင်းလာခဲ့ရသည့် လူများအတွက် သက်ညှာထောက်ထားသည့် အစီအစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယခုကြေညာချက်သည် လွန်ခဲ့သည့်နှစ်ရက်က ဝန်ကြီးချုပ်နေတန်ယာဟုသည် အမေရိကန်ဦးဆောင်သည့်
ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲပြန်လည်အသက်သွင်းရန် ကြိုးစားနေမှုကို
အခွင့်အရေးပေးရန် အိမ်သစ်များ ဆောက်လုပ်ရေးအတွက် တင်ဒါ ခေါ်ယူမှုကို ရပ် ဆိုင်းမိန့် တိတ်တဆိတ်
ပေးထားကြောင်း သတင်းထွက်လာပြီးမှ ထုတ်ပြန်ခြင်း ဖြစ်သည်။

အစ္စရေးငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့မှ ဟာဂစ် အောဖ်ရန်က လက်ရှိထုတ်ပြန်ချက်ကို ရှုံ့ချပြောကြားလိုက်သည်။

“ယခုထုတ်ပြန်ချက်ဟာ ဝန်ကြီးချုပ်က ကမ္ဘာကြီးကို လိမ်လည်နေတယ်ဆိုတာ ထင်ရှားစေတယ်” ဟု သူမက ပြောကြားသည်။

“တစ်ဘက်မှာတော့ သူက အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်စေမှုကို တုံ့ဆိုင်းစေလိုက်ပြီလို့ သူက ကျွန်မတို့ကို ယုံကြည်အောင် လုပ် တယ်၊ နောက်တစ်ဘက်မှာတော့ ကြီးမားတဲ့ တည်ဆောက်ရေးစီမံကိန်းကို ဆက်လက်လုပ်နေတယ်”ဟု သူမကပြောသည်။

နှစ်ဦးနှစ်ဘက် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၀ စက်တင်ဘာတွင် စတင်လုပ်ဆောင်ခဲ့သော်လည်း
နိုင်ငံတကာဥပဒေကို ချိုး ဖောက် သည် ဟု အများက လက်ခံထားသည့် အစ္စရေးနိုင်ငံသားများ
အနောက်ဘက်ကမ်းတွင် အခြေချရေးအတွက် တည်ဆောက်ရေး လုပ် ငန်းများ လုပ်ဆောင်မှုအပေါ် ကိုင်တွယ်ရခက်သည့်အငြင်းပွားမှုကြောင့် မကြာမီ ပျက်ပြားခဲ့သည်။

ပါလက်စတိုင်းဘက်မှ ၎င်းတို့သည် အစ္စရေးဘက်မှ အနောက်ဘက်ကမ်းရှိ တည်ဆောက်ရေးလုပ်ငန်းများ
မရပ်ဆိုင်းမချင်း စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

တောင်ကိုးရီးယားသမ္မတက မြောက်ကိုးရီးယားရန်စမှု အောင်မြင်မည် မဟုတ်

ဝါရှင်တန်၊ မေ ၉။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် အမေရိကန်လွှတ်တော်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တောင်ကိုးရီးယားသမ္မတ
ပါခ်ဂျင်ဟီးက ကိုးရီးယားကျွန်း ဆွယ်၏ အနာဂတ်သည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အမေရိကန်၏
ပါဝင်ပတ်သက်မှုအပေါ် မူတည်နေကြောင်း ပြောကြားသည်။

မစ္စပါခ်က မြောက်ကိုးရီးယားနှင့် မကြာခင်အထိ တင်းမာမှုများရှိပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး
ယနေ့တိုင် ဝေးနေမြဲဖြစ်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း ပြောကြားသည်။

“မြောက်ကိုးရီးယားဟာ ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေ ဆက်လက်ထုတ်ပြန်နေတယ်၊
တောင်ကိုးရီးယားအစိုးရအနေနဲ့ ပြင်းထန်စွာ တုံ့ပြန်ပါ တယ်။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပါ၊
ကျွန်မတို့ဟာ အသင့်အနေအထားကို အမြင့်ဆုံးအဆင့်မှာထားရှိပါတယ်”ဟု ပြောကြားသည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ခိုင်မာသည့် ဆက်ဆံရေးဖြစ်နေသ၍ မြောက်ကိုးရီးယားရန်စမှုများသည်
မအောင်မြင်နိုင်ကြောင်း တောင်ကိုးရီးယားသမ္မတက ဆက်လက်ပြောကြားသည်။

မတ်လနှင့် ဧပြီလအတွင်းတွင် မြောက်ကိုးရီးယားဘက်မှ အမေရိကန်နှင့် တောင်ကိုးရီးယားတို့အား
နျူကလီးယားစစ်ပွဲ တိုက်ခိုက်မည်ဆို သည် အထိ ခြိမ်းခြောက်မှုများထုတ်ပြန်ပြီး တင်းမာမှု တိုးလာစေခဲ့သည်။

မကြာမီက မြောက်ကိုးရီးယားတို့သည် အရှေ့ဘက်ကမ်းခြေရှိ ၎င်းတို့၏ဒုံးကျည်နှစ်ကို ပြန်လည်ရုတ်သိမ်းသွားရာတင်းမာမှုပြေလျော့သည့် အခြေအနေဖြစ်နေသည်။

တောင်ကိုးရီးယားသမ္မတက ၎င်းကဲ့သို့လုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ်
သက်ရောက်မှုမရှိကြောင်း ပြောကြား သည်။

“နှစ်ဖက်ယုံကြည်မှုဟာ ငြိမ်းချမ်းရေးလမ်းကြောင်း လို့ ကျွန်မအခိုင်အမာယုံကြည်ပါတယ်၊
နျူလက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုးရီးယားကို တောင်ကိုးရီးယားတို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး”ဟုတောင်ကိုးရီးယားသမ္မတက ပြောကြားသည်။

၎င်း၏ ယခုမိန့်ခွန်းသည် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတနှင့် တွေ့ဆုံပြီး နောက်ရက်တွင် ပြောဆိုခြင်း ဖြစ်သည်။

သမ္မအိုဘားမားကလည်း တွေ့ဆုံပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် မြောက်ကိုးရီးယား၏
မကြာခင်က ရန်စမှုများသည် တောင်ကိုး ရီးယားနှင့် အမေရိကန်ဆက်ဆံရေးကို ပိုမိုနီးကပ်လာစေကြောင်း
ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ကတော့ ညီညွတ်မှုမြဲညီညွတ်ပြီးတော့ မြောက်ကိုးရီးယားကတော့
အထီးကျန်မြဲဖြစ်မှာပါ” ဟု ၎င်းက ဆို သည်။
Ref:CNN
မြန်မာ့ခေတ်

အကြောင်းအရာသုံးမျိုးနှင့် တစ်ကိုယ်တော်ဆန္ဒပြ ကျောက်တံတားရဲကထိန်းသိမ်း

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ မေ ၉။
ရန်ကုန်မြို့၊ မြို့တော်ခမ်းမ အနီးတွင် အကြောင်းအရာသုံးခုအား တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သော
ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုထင်ကျော်အား ကျောက်တံတား ရဲစခန်းမှ ထိန်သိမ်းလိုက်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရသော အကြောင်းအရင်းများမှာ မိကျောင်းကန် ပြန်လည်ရရှိရေးနှင့် ထိုဆန္ဒပြမှုတွင်
ဝင်သောဆန္ဒပြသူ ဖမ်းဆီးထားမှုအား အာမခံမဲ့ဖြင့် လွတ်ပေးရန်၊ ၂၀၀၂မှ ၂၀၀၄ ခုနှစ်အတွင်း
မရမ်းကုန်း(၆)ရပ်ကွက်အား တိုင်းတရားသူကြီးမှ ခရိုနီတစ်ဦးအား ရောင်းစားသောကိစ္စအား
ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြေရှင်းပေးရန်၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိမ်းရဲအား ခေါ်၍
ပါးရိုက်သော ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဖြစ်သူအား အရေးယူပေးရန်စသည့် အချက်များကို
တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုထင်ကျော်က ပြောကြားသည်။

အဆိုပါအချက်များအား တောင်းဆိုနေစဉ် ကျောက်တံတား ရဲစခန်းမှ  စစ်ဆေးလို၍
ခေါ်သွားခြင်းဖြစ်ကြောင်း မြင်တွေ့သူတစ်ဦးက ပြောကြားသည်။

ယင်းသည် ထိုသို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြင့် ရန်ကုန်းတိုင်းအတွင်း ခြောက်မြို့နယ်တွင် ပုဒ်မ၁၈ ဖြင့်၇မှု တရားစွဲ ခံထားရကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းသည် ထိုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုအား၂၀၁၂ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၃ခုနှစ်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အောင်သိုက်
မြန်မာ့ခေတ်

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို

မြောက်ဥက္ကလာ၊ မေ ၉။
မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော
အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို
အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူကတောင်းဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို
ဖမ်းထားပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်တယ်”ဟု ပြုကျင့်ခံရသူ
ကလေးငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက
အိမ်သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ကစားနေစဉ် လူတစ်ဦးက
အိမ်တစ်အိမ်သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင်
သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု
သံသယရှိသူ ဦးအောင်မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး
အရေးယူထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ်မရောက်သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက်ပိုပြီး ပုဒ်မတပ်လို့ မရတော့ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက်လေးအရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက်အရွယ်ကိုမဆို အဓမ္မ ပြုကျင့်ပါက
ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေးယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ်
ကျူးလွန်ခြင်းအတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော
ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ်တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

အရှိန်အ၀ါသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်သင့်


May 9, 2013
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့အနေနဲ့ ပေးဆောင်ရမယ့် အခွန်ပမာဏထက် လျော့နည်း ပေးဆောင်နေသူတွေ၊ အခွန်ရှောင်နေသူတွေနဲ့ အရှိန်အ၀ါအမျိုးမျိုးသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ လိုတယ်လို့ စီးပွားရေးဆောင်းပါးရှင် ဦးဟန်ထွန်း (အခွန်)က ပြောပါ တယ်။

ဦးဟန်ထွန်း

ဦးဟန်ထွန်း(အခွန်)ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါလဲ။

“ကောင်းပါတယ်။ အခွန်စိစစ်ကြပ်မတ်ကောက်ခံမှုမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒီလို အဖွဲ့ဖွဲ့ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုရင် အခွန်ကောက်ခံမှုက ပိုမျှတမှန်ကန်လာမယ်လို့ မျှော်လင့်တယ်။”

ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ မြင်ပါလဲ။

“အခွန်ပေးဆောင်လိုက်တဲ့ ပမာဏထိ မပေးဆောင်ဘဲနဲ့ လျော့နည်းပေးဆောင်နေတာတွေ၊ အခွန်ဆောင်သင့်ရဲ့သားနဲ့ မဆောင်ဘဲ ရှောင်နေတာတွေ၊ နောက် အရှိန်အ၀ါ အမျိုးမျိုးသုံးပြီး ဟန့်တားနေတာတွေ၊ နောက် တချို့လည်း တမင်သက်သက်ကို အခွန်ရှောင်နေတဲ့အလုပ် လုပ်နေတာ ရှိတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စိစစ်ဖော်ထုတ် လုပ်ဆောင်သွားမယ်ဆိုရင် တိုးတက်ကောင်းမွန်ပြီး ပိုမျှတ မှန်ကန်လာမယ်လို့ မျှော်လင့်ရတယ်။”

အဖွဲ့ထဲပါသူတွေနဲ့ ပတ်သက်လို့ရော။

“မြင်တာ အတိုချုပ်ပြောရရင်တော့ အခွန်ကောက်ခံတဲ့ လုပ်ငန်းကို၊ အခွန်စည်းကြပ် ကောက်ခံမှု တာဝန်ကို လက်တွေ့တာဝန်ထမ်းဆောင်နိုင်ခဲ့သူ အရေအတွက် နည်းနေတယ်။ သီအိုရီပိုင်းလောက်ပဲ လေ့လာ နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်တွေ့နဲ့ ကွာဟမှုတချက်ဖြစ်မှာ စိုးတယ်။ ပကတိအခြေအနေအရ အခွန်စီမံခန့်ခွဲရေး ဆိုတာ လက်တွေ့လုပ်ကိုင်ဖူးမှ အခွန်စီမံခန့်ခွဲရေးရဲ့ ဘယ်လိုနေရာမှာ အားနည်းချက်ရှိတယ်၊ အားသာချက်ရှိတယ်ဆိုတာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းစွာ သိနိုင်မယ်လို့တော့ ယူဆတယ်။”

အခွန်စိစစ်မယ့် လုပ်ရမယ့် တာဝန်ထဲပါတာက ၀န်ဆောင်မှုတို့၊ ကုန်သွယ်မှု၊ ထုတ်လုပ်မှုတို့ အခွန်ကောက်ခံမှု အဲအခွန်တွေမှာ. ဆရာတို့ သိသလောက် ကျနော်တို့ တိုင်းပြည်မှာ ဘယ်အခွန်တွေက တော်တော်လေးကို ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေဖြစ်နေပါလဲ။

“အဲဒါက ပြောရတော်တော်ခက်တယ်။ အခွန်ဥပဒေမှာကိုက အားနည်းချက်တွေ ရှိနေတယ်။ ဟိုတုန်းက ကုန်ပစ္စည်းထုတ်လုပ်ရင် ထုတ်လုပ်တဲ့ စက်ရုံမှာတင် အခွန်ကောက်ပြီးသားဖြစ်နေတယ်။ အခုက ထွက်လာတဲ့ ကုန်စည် ဈေးကွက်ထဲရောက်မှ အခွန်တံဆိပ်ကပ်ရောင်းဆိုတော့၊ တချို့အခွန်တံဆိပ်တွေက အစစ်တွေမဟုတ်ဘူး။ သူတို့ဘာသာ ရိုက်နှိပ်ပြီးမှ ကပ်တာတွေ့နေရတယ်။ ဥပမာ- ဘီယာတမျိုးဆိုရင် မြန်မာပြည်ထဲမှာထုတ်လုပ်တယ်။ Export Only တံဆိပ်လုပ်လိုက်တယ်။ ဘီယာကို ပို့ကုန်လုပ်လိုက်ရင် အခွန်လွတ်တာကိုး။ သို့သော် export only လုပ်ထားတာတွေက ပြည်တွင်းမှာ ပျံ့နေတယ်လေ။ အဲဒါကလည်း တကယ့် စီးပွားရေးအဖွဲ့အစည်းကြီးတခုက လုပ်နေတာ။ အဲတော့ တာဝန်ရှိအဖွဲ့အစည်းကြီးတခုက အခွန်ရှောင်တာကို နမူနာပြ လုပ်နေတော့ အများပြည်သူအခွန်ဆောင်ကိစ္စကျတော့ လုပ်ကိုင်ရခက်တာပေါ့။”

ဒီအခွန်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွဲတခုမှာ ပြောသွားတယ်။ မြန်မာပြည်မှာ အခွန်ယဉ်ကျေးမှု ထွန်းကားဖို့ လိုနေပြီ။ အဲဒီအပေါ် သုံးသပ်ပေးပါလား။

“အခွန်ယဉ်ကျေးမှုက အခွန်ကောက်ခံတဲ့အပိုင်းပေါ့။ အခွန်စည်းကြပ်ကောက်ခံတဲ့ ဌာနတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကပဲ အခွန်ယဉ်ကျေးမှုကို ထောင်ချင်လို့မရဘူး။ အခွန်ယဉ်ကျေးမှု ထူထောင်တယ်ဆိုတာက ကောက်ခံရရှိတဲ့ အခွန်တွေကို အများပြည်သူအကျိုးစီးပွားအတွက် ဘာတွေ ကျခံသုံးစွဲတယ်။ ရာခိုင်နှုန်းမြောက်မြားစွာဟာ ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ကျခံသုံးစွဲနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားအောင် ပြဖို့အတွက် တာဝန်ရှိတယ်။ ဒါက အစိုးရမှာ တာဝန်ရှိတယ်။ အခွန်ကလည်း တိုးကောက်တယ်၊ တဖက်ကလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ခတွေ၊ တယ်လီဖုန်းဆက်သွယ်ခတွေ၊ လျှပ်စစ်မီတာခတွေ အစရှိသဖြင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကလည်း အခွန်တိုးကောက်တဲ့အတွက် သက်သာသွားသလားဆိုတော့ မသက်သာဘူး။ သူတို့ကလည်း တပြိုင်နက်တည်း လိုက်တိုးနေတယ်ဆိုတော့ ပြည်သူလူထုဟာ ငါတို့ရတဲ့ အခွန်တွေအတွက်ကို ငါတို့ အကျိုးခံစားခွင့် ရှိရပါလားဆိုတဲ့ အသိ မပေါ်လာနိုင်ဘူး။ အဲလို မပေါ်လာတဲ့အတွက် အခွန်ယဉ်ကျေးမှုဆိုတာကလည်း ဖြစ်မလာနိုင်တာပေါ့။

“အခွန်ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့ဆိုတာကလည်း အခွန်ဘဏ္ဍာကောက်ခံတဲ့ အစိုးရကလည်း ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ အခွန်ဆောင်ဖို့အတွက် လူတွေက စိတ်ဝင်စားလာမယ်။ အခွန်ဆောင်ခြင်းအားဖြင့် ငါတို့မှာ တနည်းနည်းတော့ လှည်ပြီး အကျိုးရှိတာပဲဆိုတဲ့ အတွေးမျိုး ၀င်လာမှာပေါ့။”

ပြည်ထောင်စုအစိုးရအဖွဲ့က မေ ၈ ရက်ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့မှာ အဖွဲ့ဝင် ၉ ဦး ပါဝင်ပြီး သူရဦးသောင်းလွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန် ရ၊ မရ စိစစ်ဖို့၊ လက်ရှိအခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် အကြံပြုဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ 
ရွှေအောင်
DVB

မန်ယူက ဒေးဗစ် မွိုင်းစ်ကို မန်နေဂျာ ခန့်ဖို့ရှိ

David Moyes လက်ရှိ အဲဗာတန် မန်နေဂျာ ဒေးဗစ် မွိုင်းစ်
9 မေလ 2013
မန်ချက်စတာ ယူနိုက်တက် ဘောလုံး ကလပ် အသင်းရဲ့ နာမည်ကျော် မန်နေဂျာကြီး ဆာ အဲလက်စ် ဖာဂူဆန် အနားယူတော့ မယ်လို့ ကြေငြာပြီး နောက်တနေ့မှာပဲ မန်ယူရဲ့ မန်နေဂျာ အသစ် အဖြစ် အဲဗာတန် ကလပ် အသင်း မန်နေဂျာ ဒေးဗစ် မွိုင်းစ်ကို ခန့်အပ်မယ့်အကြောင်း မကြာခင် ကြေညာဖို့ ရှိနေပါတယ်။

ဒီတရက်အတွင်း ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်ကတော့ မန်ယူအသင်းမှာ ၂၆ နှစ်ကြာ တာဝန်ယူ အုပ်ချုပ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ကပဲ အနားယူတော့မယ့်အကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုင်းစ် ဟာ ငွေ သိပ်မသုံးနိုင်ဘဲနဲ့ အဲဗာတန်ကို အောင်မြင်တဲ့ ကလပ်အသင်းတခု အဖြစ် ကြာရှည် ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့တာကို ဘောလုံး အကဲခတ်တွေက ချီးကျူးကြပါတယ်။

ဒေးဗစ် မွိုင်းစ်အနေနဲ့ အသင်းကို ရောက်ရောက်ချင်း ပထမဆုံး ရင်ဆိုင်ရမှာကတော့ တိုက်စစ်မှူး ဝိန်း ရူနီကို အသင်းမှာ ဆက်နေဖို့ စည်းရုံး လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

မန်ယူကတော့ ရူနီကို မရောင်းဘူးလို့ ပြောပေမယ့် ရူနီကတော့ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိကြောင်းကို ပြီးခဲ့တဲ့ ၂ ပတ်ကပဲ ဖာဂူဆန်နဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

မန်ယူအနေနဲ့ သူတို့ရဲ့ ထိန်တန်း အသင်းသားဟောင်းဖြစ်တဲ့ လက်ရှိ ရီယဲလ် မက်ဒရစ်အသင်းက စီ ရော်နယ်ဒိုကိုလည်း ပြန်လည် ဝယ်ယူနိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
BBC Burmese

သန်လျင်ဆန္ဒပြပွဲ ဓာတ်ပုံများ

တွံတေး၊ဒလ စသောမြို့နယ်များမှ လယ်မြေအသိမ်းခံရသော တောင်သူလယ်သမားများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး အင်အား ၁၅၀ခန့်ပါဝင်ခဲ့သည်။
The Street View







နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com