http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

ဖြုတ်ချခံရသည့် သမ္မတမော်စီ၏ ညီနောင်များပါတီမှ ခေါင်းဆောင်များအား ရဲကဝိုင်းထား

ကိုင်ရို၊ ဇူလိုင် ၅။
သမ္မတမော်စီအား ရာထူးမှ ဖယ်ရှားပြီးနောက် မော်စီထောက်ခံသူများ ပြုလုပ်ရန် စီစဉ်ထားသော
ဆန္ဒပြမှု မတိုင်မီတွင် ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များအား ရဲက ဝိုင်းထားလိုက်ပြီး အီဂျစ်စစ်တပ်က ပြန်လည် ရင်ကြားစေ့ရေးနှင့် လက်တုံ့ပြန် တိုက်ခိုက်ခြင်း မပြုရေးတို့ကို ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

သောကြာနေ့တွင် မော်စီအား ထောက်ခံသည့် အုပ်စုမှ ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားရာ ၎င်းမတိုင်မီ
ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား ပဋိပက္ခဖြစ်ပွားကာ ဒဏ်ရာရရှိသူများ ရှိလာသောကြောင့် စစ်တပ်သည် ၎င်းတို့၏ ပြောရေးဆိုခွင့်ရ အရာရှိက အင်တာနက် စာမျက်နှာတွင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်ထုတ်ပြန်သည့် ကြေညာချက်တွင် မည်သည့် နိုင်ငံရေးပါတီကို မဆို အာဏာရှင်ဆန်စွာ အုပ်ချုပ်သည်ကို ဖယ်သင့်ကြောင်း၊ ယခုအချိန်တွင် မော်စီ၏ ပါတီခေါင်းဆောင်များကိုလည်း လုံခြုံရေးတပ်များက ဝိုင်းထားပြီဖြစ်ကြောင်း ပါရှိသည်။

အခြေခံ ဥပဒေဆိုင်ရာ အမြင့်တရားရုံးတွင် သမ္မတသစ် မရွေးကောက်မီ ယာယီသမ္မတအဖြစ် တရားသူကြီးချုပ် အက်ဒလီမန်ဆောက ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တီဗီမှ တိုက်ရိုက် ထုတ်လွှင့်ပြီးချိန်တွင် ပဋိပက္ခဖြစ်ပွားခြင်း ဖြစ်သည်။

ညီနောင်များ ပါတီဝင်များက စစ်တပ်သည် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် မော်စီအား ဖြုတ်ချကာ အာဏာသိမ်းကြောင်း စွပ်စွဲသည်။

မော်စီသည်လည်း စစ်တပ်၏ ထိန်းသိမ်းခြင်း ခံထားရကြောင်း သမ္မတဟောင်းသည် တရားစွဲဆို ခံရဖွယ်ရှိသည်ဟု ယူဆရကြောင်း ထိပ်တန်းအရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

“စစ်တပ်ဟာ ပြည်သူတွေရဲ့ ခွင့်လွှတ်တတ်တဲ့ အလေ့အထတွေ၊ အပြုအမူတွေ ပြီးတော့ ဘာသာတရား အဆုံးအမများကို ယုံကြည်ပြီး လူတွေကို လက်တုံ့ပြန်တာတို့် အောင်ပွဲခံတာတို့ကို ခွင့်မပြုဘူး” ဟုလည်း စစ်တပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရက အီဂျစ် အရာရှိများအား ဖြုတ်ချခံရသည့် သမ္မတနှင့် ထောက်ခံသူများအား
အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းများ ရှောင်ရှားရန်ပြောကြားကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

 အစ္စလာမ္မစ် ညီနောင်များပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ကိုင်ရိုရှိ ဗလီတစ်ခုတွင်
ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဝိုင်းရံထားသည်။

“ဒါဟာအပျော့ဆွဲ အာဏာသိမ်းတာ၊ စစ်တပ်ဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး ပါးပါးနပ်နပ်
လုပ်သွားတာ” ဟု မော်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ရည်ညွှန်းကာ အရပ်သားတစ်ဦးက ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

မြန်မာ ၃ ဦး မလေးရှားမှာ မြေပြိုကျလို့ သေဆုံး

2013-07-03      
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား ၃ ယောက်သေဆုံးပြီး၊ တစ်ယောက်က ခြေထောက်ကျိုးသွားတယ်လို့  မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အဲဒီလူ ၃ ယောက်ဟာ ပြိုကျတဲ့ကျောက်ခဲပုံမှာပိမိပြီး သေဆုံးသွားတာဖြစ်ပြီး၊ အလုပ်သမား ၈ ယောက်က ရေဆိုးထုတ်ပိုက်လိုင်းတွေ တပ်ဆင်နေတုန်း မြေပျိုကျမှု ဖြစ်ပွားခဲ့တာလို့  ဆီလန်ဂေါပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဘာကြောင့်ပြိုကျသလဲဆိုတဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာဖြစ်တဲ့အတွက် အလုပ်ခွင်ရပ်နားထားဖို့ကိုလည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ အသက် ၃ဝ ဝန်းကျင်လူငယ်တွေဖြစ်ပြီး၊ မိုဟာမက် အာလန်၊ ရွမ်ဇို အလီနဲ့  ကော်ရင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
RFA (မြန်မာပိုင်း)

အီဂျစ်သမ္မတ မော်စီကို ဖြုတ်ချဖမ်းဆီး၊ ဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတတင်

ကိုင်ရို၊ ဇူလိုင် ၎
အီဂျစ် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန်အတွက် ရာထူးမှ နုတ်ထွက်ပေးရန် စစ်တပ်က သမ္မတ မိုဟာမက် မော်စီကို ၄၈ နာရီ အချိန်ပေးခဲ့ပြီးနောက် သမ္မတက ငြင်းဆန်ခဲ့ရာ ၎င်းကို ရာထူးမှ ဖြုတ်ချခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားကာ လက်ရှိ အခြေခံဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတအဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုစေမည်ဖြစ်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

သမ္မတမော်စီ လက်အောက်တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် အဗ္ဗဒယ် ဖာတာ အယ်စီစီက သမ္မတကို ရာထူးမှ ဖြုတ်ချလိုက်သည့် ကြေညာချက်ကို အစိုးရ ရုပ်သံတွင် ကြေညာသွားခဲ့ပြီး ရဲတပ်ဖွဲ့ ကလည်း မော်စီ၏ အနီးကပ် နိုင်ငံရေး အကူများနှင့် မွတ်ဆလင် ညီနောင်များအဖွဲ့ ခေါင်းဆောင်ပိုင်းများကို ဝိုင်းထားကြောင်းလည်း ယင်းသတင်းအရ သိရသည်။

အီဂျစ် အခြေခံဥပဒေခုံရုံး အကြီးအကဲ တရားသူကြီးချုပ် အဒီလီအယ်မန်ဆောကို ကြားဖြတ်အစိုးရ သမ္မတအဖြစ် သမ္မတ ရွေးကောက်ပွဲသစ် တစ်ခု ထပ်မလုပ်ခင်အချိန်အထိ စစ်တပ်က ခန့်အပ်ထားသည်။

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်း ၃၀၀ခန့် ကိုလည်း ဖမ်းဝရမ်းများ ထုတ်ထားသည်ဟု အစိုးရ မီဒီယာက သတင်း ထုတ်ပြန်ထားသည်။

အစ္စလာမ်မစ်ဝါဒီ သမ္မတကို မထောက်ခံကြသည့် ဆန္ဒပြသူများက စစ်တပ်က မော်စီကို ဖြုတ်ချလိုက်သည့် သတင်းကြောင့် မီးကုန်ယမ်းကုန် အောင်ပွဲခံလျက်ရှိပြီး မီးရှူးမီးပန်းများ ပစ်ဖောက် ခြင်း၊ ကားဟွန်းများ အဆက်မပြတ် တီးခြင်းတို့ကို ပြုလုပ်နေကြသည်။

သမ္မတမော်စီကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အလက်ဇန်ဒရီယာတွင် ထိပ်တိုက် တွေ့ခဲ့ကြလေရာ မော်စီကို ထောက်ခံသူ ခုနစ်ဦး သေဆုံးသွားကြောင်း လက်နက်ကိုင်တပ်ဖွဲ့ အရာရှိများက ပြောကြားသည်။

တောင်ပိုင်းပြည်နယ် မင်ယာဒေသတွင်လည်း မော်စီကို ထောက်ခံသူ များက အစ္စလာမ္မစ်ဝါဒီ မလိုလားသူများကို တိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးသွားခဲ့သေးသည်။

နှစ်ဖက် အင်အားစုများ ထိပ်တိုက်တွေ့ကာ အဓိကရုဏ်းများ ဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ၅၀ဦး သေဆုံးသွားခဲ့သည်ဟု AFP သတင်းက ဖော်ပြထားသည်။

မိုဟာမက် မော်စီကို ထောက်ခံသည့် ထောင်ပေါင်းများစွာသော အင်အားစုများက မြို့တော် ကိုင်ရို မြောက်ပိုင်းတွင် စခန်းချ သပိတ်မှောက်လျက်ရှိကြပြီး စစ်တပ်က သမ္မတကို ရာထူးချကာ ဖမ်းဆီးထား ကြောင်း အမိန့် ထုတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရုပ်သံလိုင်းများက အဆိုပါ သပိတ် စခန်းများကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်နေမှုများ ရပ်တန့်သွားခဲ့သည်။

ယခုဖြစ်ရပ်အတွက် အလွန် စိုးရိမ်မိကြောင်း မော်စီနှင့် ၎င်းကို ထောက်ခံသူများကို လက်လွတ်စပယ် ဖမ်းဆီးခြင်းများ မလုပ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက် အိုဘားမားက ပြောဆိုသွားသည်။

ပြီးခဲ့သည့် မေလက ဝါရှင်တန် အစိုးရက အတည်ပြုပေးထားသော အီဂျစ် တပ်မတော်သို့ စစ်ရေး အကူအညီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးကို ပြန်လည် ဆန်းစစ်မည်ဖြစ်ကြောင်းလည်း အိုဘားမားက ဆိုထားသည်။
The Voice Weekly



Snowden ခိုလှုံခွင့် လျှောက်လွှာ ပြင်သစ် ပယ်ချ

Snowden နိုင်ငံရေးခိုလူံခွင့် လျောက်ထားတဲ့ နိုင်ငံများ
05.07.2013
ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန်အစိုးရက ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့  Edward Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့်လျောက်ထားချက်ကို ပြင်သစ်အစိုးရက ပယ်ချလိုက်ပါတယ်။  ဥပဒေကြောင်းအရရော သူ့ရဲ့အခြေအနေအရပါ သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့်လျောက်ထားချက်ကို လက်မခံနိုင်ကြောင်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှနိုင်ငံ မော်စကိုက Sheremetyevo လေဆိပ်မှာရှိတဲ့ ခရီးသည်တွေ ခေတ္တနားနေတဲ့ နေရာမှာ ရောက်နေတာ ၁၁ရက်ကြာနေပြီဖြစ်တဲ့ Snowden ကို လိုလားမှုမရှိတဲ့ အရိပ်လက္ခဏာတွေပါ တွေ့နေရပါတယ်။ Snowden အနေနဲ့ သူသွားမယ့် နေရာ တစ်နေရာရာကို ရွေးချယ်ဖို့အတွက် လိုအပ်နေပြီလို့ ရုရှဒုတိယနိုင်ငံရေးဝန်ကြီး Sergei Ryabkov က ကြာသပတေးနေ့မှာ ပြောကြားလိုက်ကြောင်း ရိုက်စ်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုပြောကြားတာဟာ Snowden အမြန်ဆုံးထွက်ခွာသွားဖို့အတွက် တိုက်တွန်းခဲ့တဲ့ ရုရှသမ္မတ Vladimir Putinနဲ့လည်း တသဘောတည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပ

အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
05.07.2013
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုတ၀ှမ်း ကျင်းပ ဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နယူးယောက်မြို့မှာ ပြင်းထန်တဲ့ စန္ဒီမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးတဲ့နောက် ပိတ်ထားခဲ့တဲ့ နယူးယောက်မြို့ရဲ့ အထင်ကရ The Statue of Liberty လွတ်လပ်ခြင်း အထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ လာရောက် ကြည့်ရှုနိုင်အောင် လွတ်လပ်ရေးနေ့မှာ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။ သမ္မတအိုဘားမား ကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေ အတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမေရိကန်တ၀ှမ်းက လွတ်လပ်ရေး အခမ်းအနားတွေ အကြောင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့ဟာ ဗြိတိသျှလက်အောက်နေ အမေရိကန် လွတ်လပ်ရေးရယူခဲ့တဲ့ (၂၃၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာကြောင့်မိုလို့ အမေရိကန်ပြည်ထောင်စုတ၀ှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကြာသပတေးနေ့က စည်စည်ကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီလိုနေ့မျိုးမှာ မီးရှူးမီးပန်းတွေ၊ အလှပြ စီတန်းလှည့်လည်မှုတွေ၊ စင်မြင့်ဖျော်ဖြေမှုတွေနဲ့ အပြင်ထွက် ပျော်ပွဲစားတာတွေ လုပ်လေ့ရှိကြတာပါ။ အမေရိကန်ပြည်သူတွေ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆင်နွှဲနေကြချိန်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေအတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မျိုးချစ်ပုဂ္ဂိုလ်တစုက ကျနော်တို့ဟာ တန်းတူညီမျှခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်ခွင့် နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုလိုနီ လက်အောက်ခံတွေ မဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ ကံကြမ္မာကို ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ။ ကျနော်တို့ကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာကို တကမ္ဘာလုံးသိအောင် ကြေညာလိုက်တဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။”

ဒီလွတ်လပ်ရေးနေ့မှာပဲ မနှစ်က လူတွေသေဆုံးတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ရတဲ့ စန္ဒီ မုန်တိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ နယူးယောက်မြို့က အထင်ကရ The Statue of Liberty လွတ်လပ်ခြင်းအထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် တရားဝင် ပြန် ဖွင့်ပေးခဲ့ပါတယ်။ စန္ဒီမုန်တိုင်းကြောင့် ရေလွှမ်းခဲ့ရတဲ့ ဒီကျောက်ရုပ်ကြီးရှိရာ Liberty ကျွန်းမှာ ကြာသပတေးနေ့က ကြယ်ပွင့်တွေ၊ ရောင်စုံအလံတွေနဲ့ အလှဆင်ထားပေမဲ့၊ တချို့နေရာတွေကို သွားလာမှုတွေ ပိတ်ထားဆဲဖြစ်ပြီး၊ ဖယ်ရီသင်္ဘောတွေ အဓိက သွားလာ ဆိုက်ကပ်တဲ့နေရာကိုတော့ ဖွင့်ထားပေးပါတယ်။ ဒီကျွန်းငယ်လေးရှိရာကို ထွက်ခွာတဲ့ နယူးယောက်မြို့လယ် Manhattan အရပ်က Battery Park ပန်းခြံမှာ စောင့်ဆိုင်းနေကြတဲ့ လူတန်းကြီးကလည်း အရှည်ကြီးဖြစ်နေတာပါ။

“ကျနော့်အတွက်တော့ နယူးယောက်မြို့ကို ပထမဆုံး လာလည်တဲ့ခရီးပါ။ ဇူလိုင်လ ၄ ရက်နေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီးကို သွားကြည့်ရတာ တကယ့်ကို ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”

အမြင့်ပေ ၃၀၅ ပေရှိတဲ့ ခန့်ညားထည်ဝါတဲ့ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို လွတ်လပ်ရေးနေ့မှာ သွားရောက်ကြည့်ဖို့ အတွက် သင်္ဘောဆိပ်မှာ တန်းစီနေတဲ့ Rick Perkins ပြောသွားတာပါ။ ဒီလို သွားကြမယ့်လူအုပ်ထဲ Boy Scouts လို့ခေါ်တဲ့ အမေရိကန် ကင်းထောက်လူငယ်အဖွဲ့တွေလည်း ပါပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူရင်းသမိုင်း နေရာတွေကို လေ့လာနိုင်ဖို့အတွက် Boy Scouts အဖွဲ့ခေါင်းဆောင်တွေက အခုလို လူငယ်တွေကို ခေါ်လာတာပါ။

“သူတို့တွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ တခြားနိုင်ငံတွေကနေ ဒီနေရာကို၊ Ellis ကျွန်းကို၊ အခု Statue of Liberty ရှိတဲ့နေရာကို လာခဲ့ကြတဲ့သူတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတို့တွေ ပြည့်ပြည့်၀၀ နားလည်အောင် လုပ်ပေးနိုင်ဖို့ပါပဲ။”

အင်ဒီယားနား ပြည်နယ်က လူငယ်ကင်းထောက်အဖွဲ့ခေါင်းဆောင် Dick Greiese ပြောသွားတာပါ။

အခုလို လွတ်လပ်ရေးနေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို သွားရောက်ခဲ့ကြသူတွေ အများအပြား ရှိခဲ့သလိုပဲ၊ အမေရိကန်ကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ဒီစီမှာတော့ လွှတ်တော်အဆောက်အဦးအနီး The National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင် ကွင်းပြင်ကျယ်ကြီးထဲမှာ စုဝေးဆင်နွှဲကြပါတယ်။

နံမည်ကျော် အဆိုတော်တွေရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေအပြီးမှာတော့ လှပတဲ့ မီးရှူးမီးပန်းတွေ အများအပြား ကောင်းကင်မှာ ပစ်ဖောက်ပြီး ဆင်နွှဲကြတာဖြစ်ပါတယ်။ ဒီလိုပဲ တခြား ပြည်နယ်တွေ၊ အရပ်ဒေသတွေမှာလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို စည်းစည်းကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ခုလို လွတ်လပ်ရေးနေ့ လူစုလူဝေး နဲ့ဆင်နွှဲမှုတွေကို အနှောက်အယှက်ပေးတဲ့ ဘယ်လို အကြမ်းဖက် ခြိမ်းခြောက်မှုမျိုးမှ မရှိခဲ့ဘူးလို့လည်း အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
မခင်ဖြူထွေး
ဗွီအိုအေ (မြန်မာပိုင်း)

မွတ်ဆလင် ညီနောင်များ အစိုးရသစ်မှာ မပါ

စစ်အာဏာ သိမ်းမှု အဆုံးသတ်ဖို့ မွတ်ဆလင် ညီနောင်များ တောင်းဆို
4 ဇူလိုင်လ 2013
ကြားဖြတ် အစိုးရသစ်မှာ ပါဝင်ဖို့ အီဂျစ် သမ္မတသစ် ဖိတ်ကြားချက်ကို မွတ်ဆလင် ညီနောင်များ အဖွဲ့က ပယ်ချ ခဲ့ပါတယ်။
အီဂျစ်ဟာ အာဏာရှင်နိုင်ငံ ဖြစ်နေပြီ၊ ဒါကြောင့် ရွေးကောက်ခံ သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချတဲ့ စစ်အာဏာ သိမ်းမှုကို အမြန်အဆုံးသတ်ဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က တောင်းဆို ခဲ့ပါတယ်။

သမ္မတ မော်စီကို ပြုတ်ကျ စေချင်တဲ့ ပြည်သူ အများစု ဆန္ဒ အရ စစ်တပ်က ဆောင်ရွက်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး ဖြစ်စဉ်တွေမှာ စစ်တပ် ဆက်ပြီး မပါ ဖို့ မျှော်လင့်ကြောင်း အီဂျစ် အတိုက်အခံ ခေါင်းဆောင် Mohamed El Baradei က ဘီဘီစီကို ပြောပါတယ်။

သောကြာ နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့က တောင်းဆို ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာင်ငံသား ၃ ဦး ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးမိ

ယမန်နေ့က ဖမ်းမိထားသည့် ဘိန်းဖြူများနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များက ရှင်းလင်းနေစဉ် (ဓာတ်ပုံ – dailynews.co.th)
July 3, 2013
မြန်မာ နိုင်ငံသား ၃ ဦးကို ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းဝယ်ရေး လုပ်ကိုင်နေသည်ဟု ယူဆရသော ယင်းဘိန်းဖြူ သယ်ယူလာသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ တည်းခိုခန်း တခုတွင်နားနေစဉ် သတင်းအရ ထိုင်းအာဏာ ပိုင်များက ၀င်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တဦး၊ ၃၀ အရွယ် အမျိုးသား တဦးနှင့် ၁၆ နှစ် အရွယ် အမျိုးသား တဦးတို့ ဖြစ်ကြောင်း၊ ဘိန်းဖြူ ၈.၅ ကီလိုဂရမ်နှင့် ခရီးသွားအိတ်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်း ဆီးရမိကြောင်း ထိုင်းသတင်းများက ဆိုသည်။

စစ်ဆေး တွေ့ရှိချက်များ အရ ယင်း ဘိန်းဖြူများကို မလေးရှားနိုင်ငံသို့ မယ်ဆိုင် လေဆိပ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။

ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက“ဘိန်းဖြူတွေဟာ ဈေးကွက်အထိ ရောက်သွားမယ် ဆိုရင် ၅၉ သန်း ကျော် ရမှာဖြစ်တယ်၊ ဒါကြောင့် ကွင်းဆက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆက်လုပ်သွားမယ်”ဟု ပြောကြောင်း မန်နေဂျာ အွန် လိုင်း တွင် ပါရှိသည်။

ဖမ်းဆီးခံထားရသည့် ၃ ဦးကို ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ထိုင်း ဥပဒေအရ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက သေဒဏ် သို့မဟုတ် တသက် တကျွန်း ပစ်ဒဏ် ကျနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ် (ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ဇော်ကိုကိုအောင်ထံမှ ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ၀.၄၅ နှင့် ၀.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေးပြား(ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော်လည်း မြန်မာအစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် ရွှေ့ဆိုင်း ထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သန်းထိုက်ဦး
ဧရာဝတီ

စနိုဒန်ကြောင့် လေယာဉ်ဆင်းခိုင်းမှု Austria ကို Bolivia ဝေဖန်

Vienna လေဆိပ်မှာ ဇူလိုင်လ ၃ ရက်နေ့က Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ် ဆင်းသက်ခဲ့ရစဉ်
03.07.2013
Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ်မှာ အမေရိကန်က အလိုရှိနေတဲ့ တရားခံပြေး အက်ဝပ် စနိုဒန် (Edward Snowden) ပါလာတယ်လို့ သံသယရှိတဲ့အတွက် လမ်းကြောင်းပြောင်းခဲ့တဲ့အပေါ် Austria နိုင်ငံကို Bolivia က ဝေဖန် ပြောဆိုလိုက်ပါတယ်။

Austria က အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် သမ္မတ အီဗို မိုရဲလ်စ် (Evo Morales) ကို ပြန်ပေးဆွဲပြီးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ Bolivia နိုင်ငံ ကိုယ်စားလှယ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ Mr. Morales ဟာ Vienna မှာ ၁၂ နာရီကြာ ခဏရပ်နားပြီး ဗုဒ္ဒဟူးနေ့က Bolivia နိုင်ငံအပြန်မှာ Austria တာဝန်ရှိသူတွေက သူ့လေယာဉ်ကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Mr. Morales ဟာ မော်စကို ထိပ်သီး အစည်းအဝေးကနေ Bolivia နိုင်ငံကို အပြန် လမ်းမှာ အရင်လက ဟောင်ကောင်ကနေ ထွက်ပြေးပြီး မော်စကို နိုင်ငံတကာလေဆိပ်မှာ ရောက်နေချိန်နဲ့ တိုက်ဆိုင်ခဲ့ပြီး အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပေါတူဂီတို့က သူတို့နိုင်ငံ လေပိုင်နက်တွေကို ဖြတ်သန်းခွင့်ပေးဖို့ ငြင်းဆန်ခံခဲ့ရပြီး နောက်ဆုံး Austria မှာ ဆင်းသက်ခဲ့တဲ့ အဲ့ဒီလေယာဉ်မှာ စနိုဒန် ကို တင်ဆောင်မလာဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ တကယ်လို့ အက်ဝပ် စနိုဒန် ကသာ ခွင့်တောင်းမယ်ဆိုရင် ခိုလှုံခွင့်ပေးမယ်လို့ Bolivia သမ္မတ Mr. Morales က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရက အလိုရှိနေတဲ့ အက်ဝပ် စနိုဒန် ကို သယ်ဆောင်လာတယ်ဆိုတဲ့ မသင်္ကာဖွယ်ရာ သတင်းတွေကြောင့် Bolivia သမ္မတ Evo Morales  ရဲ့ လေယာဉ် ထွက်ခွာအပြီး ၁၂ နာရီအကြာမှာ လေယာဉ်လမ်းကြောင်းပြောင်းပြီး Austria နိုင်ငံကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

စနိုဒန်လိုက်လာတယ် ဆိုတဲ့သတင်းဟာ လုပ်ကြံမှု ဖြစ်တယ်လို့ Bolivia နိုင်ငံခြားရေး ၀န်ကြီး David Choquehuanca က ပြောပါတယ်။  အခုလို Austria နိုင်ငံမှာ လေယာဉ်ဆင်းလိုက်ရတဲ့အတွက် Bolivia ခေါင်းဆောင်ရဲ့ အသက်အန္တရာယ် ရှိစေတယ်လို့လည်း သူကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကိုထိန်းချုပ်

04.07.2013
အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး
နောက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ သမ္မတကို စစ်တပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ 

အီဂျစ်ရဲ့ အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး၊ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲကို ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြောင်း  အီဂျစ်စစ်ဦးစီးချုပ် အက်ဒဲလ် ဖာတာ ခါလေ အယ်လ် စီစီ (Abdul Fatah Khalil Al-Sisi) က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ကြေညာသွားပါတယ်။

သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရာထူးက ဆင်းပေးရေး အတိုက်အခံတွေက အကြီးအကျယ် တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် လူထုရဲ့ ဆန္ဒအရ စစ်တပ်က ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း မစ္စတာ အယ်လ် စီစီ က  ပြောပါတယ်။

စစ်တပ်ရဲ့ အဲဒီလို ဆောင်ရွက်ချက်ဟာ အပြည့်အဝ အာဏာသိမ်းတာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်း ထုတ်လွှင့်သွားပြီးတဲ့နောက်မှာ မစ္စတာ အယ်လ် စီစီ က Twitter လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပါတယ်။

ဒီ စစ်တပ်ရဲ့ လုပ်ရပ်ကို အီဂျစ်နိုင်ငံသားတွေ အားလုံး ပယ်ချကြဖို့၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ မစ္စတာ မော်စီ က တိုက်တွန်းခဲ့ပါတယ်။ အီဂျစ်ရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင်သစ်ဟာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ အဒ်လီ မန်ဆွာ (Adli Mansour) ဖြစ်ပါတယ်။ သူက ဒီကနေ့ ကြာသပတေးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာလည်း ဖြစ်ပါတယ်။

စစ်တပ်က ထောက်ခံတဲ့ လမ်းပြမြေပုံသစ်ရဲ့ တစိတ်တဒေသအဖြစ် သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်သုံးသပ်မယ့် အဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကော်မတီ ဖွဲ့စည်းဖို့တွေ ပါဝင်ပါတယ်။ အဲဒီလမ်းပြမြေပုံကို နိုင်ငံရေးအဖွဲ့မျိုးစုံက ထောက်ခံကြတယ်လို့ မစ္စတာ အယ်လ်စီစီ က ပဲ ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ စနိုးဒန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံ

နယူးယောက်၊ ဇူလိုင် ၂
အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့ (NSA) ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ အက်ဒ်ဝပ်စနိုးဒန် သည် နိုင်ငံပေါင်း ၂၁ သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလွှာများ ပေးပို့ခဲ့ကြောင်း ထိပ်တန်း လျှို့ဝှက်ချက်ကြီးများကို ဖွင့်ချ ထုတ်ဖော်လေ့ရှိသည့် ကမ္ဘာကျော် ဝီကီလိခ်စ် (Wikileaks) အဖွဲ့ က သတင်း ထုတ်လိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကစ၍ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရှရီမီယေဗို လေဆိပ်တွင် ရောက်ရှိနေသည်ဟု ယူဆရသည့် စနိုးဒန်သည် တောင်အမေရိကနိုင်ငံ များနှင့် ဥရောပသမဂ္ဂ နိုင်ငံများသာမက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ပါ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားစာများ ပေးပို့ခဲ့သည် ဟု ဝီကီလိခ်စ်က ဆိုသည်။


“စာရွက်စာတမ်းများကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် အက်ဒ်ဝပ်စနိုးဒန် အနှောင့်အယှက်များနှင့် ကြုံတွေ့ ရမည့် အန္တရာယ်များကို တွေ့ မြင်ရသည်။ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာများ ကို မော်စကိုမြို့ ရှိ ကောင်စစ်ဝန်ရုံးမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်” ဟု စနိုးဒန်အတွက် နိုင်ငံရေး ခိုလှုံခွင့်ရရှိအောင် ကြိုးပမ်းလုပ်ဆောင်ပေး လျက်ရှိသည့် ဝီကီလိခ်စ်က အင်္ဂါနေ့တွင် သတင်းထုတ်လိုက်သည်။

စနိုးဒန်သည် အီကွေဒေါနှင့် အိုက်စလန် နိုင်ငံများသို့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပြီး ဖြစ်ပြီး ယင်းနိုင်ငံများက ခိုလှုံခွင့်ပေးအပ်သင့်၊ မသင့် စဉ်းစားနေပုံရ ကြောင်း ဝီကီလိခ်စ်က ဆိုသည်။

တနင်္လာနေ့ အစောပိုင်းက ထုတ်ပြန်လိုက်သော ဝီကီလိခ်စ်၏ သတင်းတွင်မူ နိုင်ငံရေးခိုလှုံခွင့် ရရှိရန် ကြိုးပမ်းချက်များကို အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေး အဖွဲ့ကလိုက်လံ ပိတ်ဆို့ဟန့်တားလျှက် ရှိ သည်ဟု စနိုးဒန်က ပြောကြားကြောင်း ဖော်ပြခဲ့သည်။
အီကွေဒေါနိုင်ငံ အစိုးရကမူ စနိုးဒန်၏ အမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည် ထောင်စု၏ ဖိအားပေးမှု မှန်သမျှကို လက်သင့်ခံမည် မဟုတ်ကြောင်း ထုတ်ဖော်ပြော ဆိုထားသည်။
ရက်ပိုင်းအကြာတွင် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘီဒင်က အီကွေဒေါနိုင်ငံ အနေနှင့် စနိုးဒန်၏ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုကို ပယ်ချပေးရန် ပြောဆိုသည်။

ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင် က "အကယ်၍ စနိုးဒန်အနေနှင့် ရုရှားတွင် နေထိုင်လိုသည် ဆိုပါက မိမိတို့၏ အမေရိကန် မိတ်ဆွေများအား ထိခိုက်မည့်လုပ်ရပ်မျိုး လုပ်ကိုင် ဆောင်ရွက်နေမှုများကို မဖြစ်မနေ ရပ်ဆိုင်းရမည်" ဟု တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမားက စနိုးဒန်ကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးလျက် ရှိသည်ဟု အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ထိပ်ပိုင်းလျှို့ ဝှက်ချက်များကို ဖွင့်ချရခြင်းမှာ အမျိုးသားလုံခြုံရေး အေဂျင်စီ၏ စောင့်ကြည့်လေ့လာမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်ချက်များကို ကျော်လွန်လျက်ရှိသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်ဟု စနိုးဒန်က ဆိုသည်။
The Voice Weekly

မွတ်စလင်ပြဿနာတွေ ဖြေ ရှင်းပေးဖို့ အသင့်ရှိကြောင်း OIC ကြေညာ

2013-07-03      
OIC ခေါ် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံက မူဆလင်တွေရဲ့ လက်ရှိပြဿနာတွေ ပြေလည်အောင်ဖြေရှင်းပေးရေးအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက OIC အတွင်းရေးမှူးချုပ်နဲ့အဖွဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

OIC အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ပြုဖို့ မြန်မာအစိုးရဆီကို ပန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ OIC ရုံးခန်းမဖွင့်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း  ဒီကိစ္စမဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလက ငြင်းဆိုခဲ့ပါတယ်။ OIC ကို မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ဖို့ အဆိုပြုထားပါတယ်။

မြန်မာအစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လူသားးချင်းစာနာရေး အကူအညီတွေပေးဖို့ အသင့်ရှိနေပြီလို့ OIC အတွင်းရေးမှူးချုပ်က ပြောပါတယ်။
RFA (မြန်မာပိုင်း)

စစ်တပ်ရာဇသံ ရုပ်သိမ်းဖို့ အီဂျစ်သမ္မတ မော်စီပြော

သမ္မတမော်စီ ရုပ်သံကနေ မိန့်ခွန်းပြော
စစ်တပ်ရဲ့လမ်းပြ မြေပုံ
အီဂျစ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး စီစီ
3 ဇူလိုင်လ 2013
အီဂျစ်နိုင်ငံမှာ သမ္မတမော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ သမ္မတမော်စီက စစ်တပ်ရဲ့ ရာဇသံကို ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပြီး သူ့ကို သြဇာပေးလို့မရဘူးလို့ ပြောကြားလိုက်ပါတယ်။

အခု ဖြစ်နေတဲ့ အကျပ်အတည်းကို ဒီကနေ့ ညနေ မတိုင်ခင် ပြေလည်အောင် ဖြေရှင်းဖို့ တနင်္လ࿿ာနေ့က စစ်တပ်က ရာဇသံပေးထားတာ ဖြစ်ပါတယ်။

စစ်တပ်ကိုဘဲ ဖြစ်ဖြစ် တခြားသူတွေကိုဘဲ ဖြစ်ဖြစ် အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သမ္မတမော်စီက အမိန့်ပေးခဲ့ပါတယ်။

ကိုင်ရိုမြို့ လမ်းမတွေမှာ ဆန္ဒပြတာတွေ ညဘက်အထိ ဆက်ရှိနေပြီး တဘက်နဲ့ တဘက် ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုများလာနေတယ်လို့ သတင်းရပါတယ်။

သိရသလောက် လူ ( ၇ )ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာတော့ အီဂျစ်နိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်က ရေးဆွဲထားတယ်ဆိုတဲ့ လမ်းပြမြေပုံ အသေးစိတ်ကို အီဂျစ်စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဘီဘီစီ ကို ပေးခဲ့ပါတယ်။

အဲဒီထဲမှာ အစ္စလမ်မစ်တွေ အလိုကျ အမြန်ရေးဆွဲခဲ့တယ်လို့ အတိုက်အခံတွေ ပြောကြတဲ့ သမ္မတမော်စီရဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံအသစ်ကို ဆိုင်းငံထားဖို့ ပါပါတယ်။

နောက်ပြီး အစ္စလမ်မစ်တွေ လွှမ်းမိုးနေတဲ့ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့ တွေလည်း ပါပါတယ်။
ဒီလုပ်ငန်းစဉ်တွေနဲ့ သမ္မတရွေးကောက်ပွဲ ပြန်ကျင်းပတဲ့ လုပ်ငန်းစဉ်တွေမှာ မစ်စတာ မော်စီ ဘယ်လို ကဏ္ဍက ပါမယ်ဆိုတာကို အသေအချာမသိရပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)

အမေရီကန်အမည်ပျက် စာရင်းဝင် ဒုဗိုလ်ချုပ်ကြီး

စစ်လက်နက် ထုတ်လုပ်ရေး ဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး
2 ဇူလိုင်လ 2013
ကုလ သမဂ္ဂ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် လုပ်နေတယ်ဆိုပြီး မြန်မာ အဆင့်မြင့် စစ်အရာရှိကြီး တဦးကို အမေရိကန် အစိုးရက အမည်ပျက် စာရင်း ထည့်သွင်း လိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြောက်ကိုရီးယားက စစ်ပစ္စည်းတွေ ဆက်ပြီး ဝယ်ယူနေတဲ့ အတွက် မြောက်ကိုရီးယားရဲ့ အဏုမြူနဲ့ ဒုံးလက်နက် စီမံကိန်း တွေအတွက် ဝင်ငွေရဖို့ ကူညီရာ ကျတယ်လို့ အမေရိကန် ဘဏ္ဍဍာရေး ဌာနက ထုတ်ပြန်ပါတယ် ။

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ဖြတ်တောက်ရေးမှာ တိုးတက်မှုတွေ ရှိလာတဲ့အတွက် မြန်မာ အစိုးရကိုတော့ ပစ်မှတ် မထားဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပါဝင်တဲ့ စစ်ပစ္စည်း အမျိုးအမည်တွေကိုတော့ အမေရိကန် ဘက်က မထုတ်ပြန်ပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)

Arizona တောမီး မီးသတ် ၁၉ ယောက်သေ

တောမီး မီးသတ်အသေများ
02.07.2013
တနင်္ဂနွေနေ့တုံးက လောင်ခဲ့တဲ့ တောမီးကို ငြိမ်းသတ်ရင်း မီးသတ်သမား ၁၉ ဦး သေဆုံးသွားတဲ့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း၊ အာရီဇိုးနားပြည်နယ်ဆီကို အထူးမီးသတ်တပ်ဖွဲ့ဝင်တွေ တိုးပြီး စေလွှတ်နေပါတယ်။ တောမီးဟာ အခုထိ ငြိမ်းသတ်လို့ မရသေးဘဲ ဖြစ်နေတာပါ။

ရုတ်တရက်ကျရောက်လာတဲ့ လေပြင်းမုန်တိုင်းကြောင့် တောမီးလောင်ခဲ့ပြီး hot- shot လို့ခေါ်တဲ့ အထူး မီးသတ်တပ်ဖွဲ့တွေက မီးကို ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အရေးပေါ် ခိုလှုံရာ - မီးတားထားတဲ့နေရာတွေထိအောင် မီးတောက်တွေက လွှမ်းခြုံသွားခဲ့ပြီး မီးသတ်သမားတွေ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အခု တောမီးဟာ နှစ်ပေါင်း ၈၀ အတွင်း အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီးရင် ဒုတိယမြောက် အများဆုံးဖြစ်ပါတယ်။

မီးငြိမ်းသတ်ဖို့ ကြိုးပမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ဝင် အရေအတွက်ဟာ တနင်္လာနေ့က ၂၀၀ လောက် ရှိနေရာကနေ နောက်ထပ် ၂ ဆလောက်တိုးဖို့ ခန့်မှန်းထားကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖရိကကို ရောက်နေတဲ့ သမ္မတ အိုဘားမားက သေဆုံးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခေါ်ဆိုလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့အတူ ကြေကွဲ ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျဲန် ဘရူဝါ က ဒီ တောမီးလောင်တာကို အမှောင်တိုက် လွှမ်းတဲ့နေ့ - လို့ သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ အိမ်ဖေါ်တွေ စင်္ကာပူ အလိုရှိ

2013-07-02      
ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ်
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်ဖေါ်တွေ အလိုရှိနေတယ်လို့ The Star သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် ဈေးပေါတဲ့ မြန်မာအိမ်ဖေါ်တွေကို ငှားရမ်းချင်နေကြတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအိမ်ဖေါ်တွေကို ငှားရမ်းတဲ့အခါ အကျိုးဆောင်ကုမ္ပဏီတွေကို ကော်မရှင်ခအပါအဝင် စင်္ကာပူဒေါ်လာ လေးထောင်လောက်ပေးရပြီး၊ ဖိလစ်ပိုင်အိမ်ဖေါ်တွေကို စင်္ကာပူဒေါ်လာ နှစ်ထောင့်ငါးရာလောက် ပေးရပါတယ်။

မြန်မာအိမ်ဖေါ်တွေကတော့ စင်္ကာပူဒေါ်လာ တစ်ထောင်အောက်သာရှိတယ်လို့ ဆိုပါတယ်။

လခအနေနဲ့လည်း အင်ဒိုနီးရှားအိမ်ဖေါ်တွေနဲ့ ဖိလစ်ပိုင်အိမ်ဖေါ်တွေကို တစ်လစင်္ကာပူဒေါ်လာ ၄၅ဝ - ၅ဝဝ လောက်ပေးရပြီး၊ မြန်မာအိမ်ဖေါ်ကို တစ်လ စင်္ကာပူဒေါ်လာ ၄ဝဝ အောက်သာ ပေးရပါတယ်။

ဒါ့ပြင် မြန်မာအိမ်ဖေါ်တွေဟာ အကျိုးဆောင်ကုမ္ပဏီကို ဒေါ်လာ ၃၃ဝဝ ပြန်ပေးရမှာဖြစ်တဲ့အတွက် လုပ်ခလစာ ရှစ်လစာလောက်မရဘဲ အလုပ်လုပ်ပေးရပါတယ်။

ဒါကြောင့် စိတ်ပျက်ပြီး ထွက်ပြေးသူတွေများတယ်လို့ The Star သတင်းက ဆိုပါတယ်။
RFA (မြန်မာပိုင်း)

သားသမီးများ မိဘထံသွားရောက်လည်ပတ်ရန် ဥပဒေထုတ်ပြန်

ဘေဂျင်း၊ ဇူလိုင် ၁။
နိုင်ငံတွင်း အသက်ကြီးလူဦးရေ တိုးပွားလာနေချိန်တွင် တရုတ်၌ မိသားစုဝင်များ အနေဖြင့် အသက်ကြီးဆွေမျိုးများထံ သွားရောက်လည်ပတ်ရမည့် ဥပဒေတစ်ခု တနင်္လာနေ့တွင် အသက်ဝင်တော့မည်ဖြစ်သည်။

သားသမီးများ မရှိသည့် ဗလာအိမ်များ အရေအတွက် တိုးလာနေသောကြောင့် စိုးရိမ်မှုများ ရှိလာရာ
၎င်းဥပဒေသည် သားသမီးများ အနေဖြင့် မိဘများထံသွားရောက် လည်ပတ်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အစိုးရပိုင် ဂလိုဘယ်တိုင်းမ်စ် သတင်းစာတွင် ပါရှိသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှု အရှိန်မြင့်လာခြင်းကြောင့် မိရိုးဖလာမိသားစုဝင်များ တိုးလာခြင်းကို
စိန်ခေါ်မှုများ ရှိလာနေပြီး သက်ကြီးပုဂ္ဂိုလ်များကို မေ့ပျောက်နေကြကာ ဆိုးဝါးစွာဆက်ဆံ
ခံနေရကြောင်း သတင်းများထွက်ပေါ်ခဲ့ရာ နိုင်ငံတဝှမ်း အံ့သြတကြီးဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့်နှစ်က အရှေ့ပိုင်းနယ်မြေ ကျန်ဇူရှိ လယ်သမားတစ်ဦးသည် ၎င်း၏အသက်တစ်ရာ ရှိပြီဖြစ်သည့် အမေဖြစ်သူကို ဝက်ခြံထဲတွင် ထားရှိကြောင်း ဒေသတွင်း မီဒီယာက ထုတ်ဖော်ပြပြီးနောက် အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ကြုံတွေခဲ့ရသည်။

တရုတ်လူဦးရေ၏ ၁၄ ရာခိုင်နှုန်း သို့မဟုတ် လူ ၁၉၄သန်းသည် အသက်ခြောက်ဆယ်ကျော်အရွယ်ဖြစ်ကြကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ မကြာမီက စာရင်းများအရသိရသည်။

လူဦးရေထိန်းချုပ်ရန် ၁၉၇၀နှစ်များတွင် စတင်သည့် တရုတ်နိုင်ငံ၏အငြင်းပွားဖွယ် ကလေးတစ်ဦးမွေးဖွားခွင့်ပေါ်လစီရလာဒ်တစ်ခုအဖြစ် နိုင်ငံတွင်းတွင် အသက်ကြီး ပုဂ္ဂိုလ်အရေအတွက် တိုးတက်လာနေသည်။

တရုတ်နိုင်ငံတွင် သားသမီးများတရုတ်နိုင်ငံတွင်း အခြားဒေသများသို့ အလုပ်သွားရောက်လုပ်ကိုင်
နေကြသောကြောင့် အသက်ကြီးပုဂ္ဂိုလ် များစွာသည် သားသမီးများ မရှိသည့် ဗလာအိမ်များတွင်
အထီးကျန်စွာ နေကြရသည်။

သို့သော် အင်တာနက်အ သုံးပြုသူများသည် တရုတ်မိသားစုပုံစံတွင် လွန်စွာရိုသေကြရသည့် အသက်ကြီး ပုဂ္ဂိုလ်များအား စိုးရိမ်စိတ်များပြားလာကြပြီး လက်ရှိဖြစ်စဉ်များကို တရုတ်နိုင်ငံ အင်တာနက်လိုင်းပေါ်တွင် ဝေဖန်များ ပြုလုပ်ကြသည်။

“နိုင်ငံတနိုင်ငံမှာ မိဘတွေကို ရိုသေဖို့ ဥပဒေရေးရသလား” ဟု တရုတ်နိုင်ငံသား တစ်ဦး၏ ဝေဖန်စကားတွင် ပါရှိသည်။

“ဒါဟာနိုင်ငံကို စော်ကားလိုက်တာပါပဲ” ဟု နောက်တစ်ခုတွင် ဖော်ပြထားသည်။

အခြားတစ်ခုကလည်း “ အစိုးရဟာ အသက်ကြီးသူတွေကို ကာကွယ်ဖို့ ဥပဒေကိုသုံးတယ်၊ ဒါပေမယ့် တကယ်တော့ အဲဒါဟာ သားသမီးတွေကို အဖြစ်ပုံချလိုက်တာပါပဲ” ဟု ဝေဖန်ထားသည်။

“အစိုးရဟာ ကလေးတစ်ယောက် ပေါ်လစီလုပ်ကတည်းက ဒီပြဿနာကို ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာ တွေးခဲ့သင့်တယ်” ဟု အခြားဝေဖန်ချက်တစ်ခုက ပြောကြားသည်။

ရှန်ဟိုင်း သတင်းစာတွင် ဥပဒေသစ်သည် မိဘများအား ညှိနှိုင်းရေး လျှောက်ထားနိုင်ခွင့် သို့မဟုတ်
ရုံးတော်သို့ အမှုတင်နိုင်ခွင့်ကို ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ကျွမ်းကျင်သူများက ဥပဒေသည်
မည်မျှအထိ အာဏာ သက်ရောက်မည် မည်မျှ အချိန်ြကာနိုင်မည်ကို ရှင်းလင်းစွာ မသိရှိကြပေ။

“ပိုမိုများပြားတဲ့ စံချိန်စံညွှန်းတွေ ထပ်ထည့်ဖို့လိုနေတယ်” ဟု ပီကင်း တက္ကသိုလ်မှ လူမှုဗေဒနှင့် လူသားဗေဒ အင်စတီကျူး ပါမောက္ခ ကျားကျူလျန်က ဂလိုဘယ်တိုင်းမ်စ်ကို ပြောကြားသည်။

“လက်ရှိ ဥပဒေက လိုက်နာရမယ့်ဥပဒေဆိုတာထက် သားသမီးတွေရဲ့ဘာသာတရားအရလိုက်နာနေထိုင်မှု ရိုးရာအစဉ်အလာတန်ဖိုးတွေကို လူငယ်တွေ ပြန်အာရုံစိုက်အောင် သတိပေးသလိုဖြစ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားလိုက်သည်။
Ref: AFP
မြန်မာ့ခေတ်

အီဂျစ်စစ်တပ်က ရာထူးနှုတ်ထွက်ရေးအတွက် သမ္မတအား ၄၈ နာရီအချိန်ပေး

ကိုင်ရို၊ ဇူလိုင် ၂။
အီဂျစ် သမ္မတ မိုဟာမက် မော်စီ နှုတ်ထွက်ရေး လူသန်းပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်
တောင်းဆိုမှု ၄၈ နာရီအတွင်း မရရှိပါက ဝင်ရောက်ပတ်သက်ရမည်ဖြစ်ကြောင်း အီဂျစ်စစ်တပ်က ယမန်နေ့က သတိပေး ပြောကြား လိုက်သည်။

နိုင်ငံပိုင်တီဗွီနှင့် ရေဒီယိုတို့တွင်ထုတ်လွှင့်သော ကြေညာချက်တစ်ခုတွင် အီဂျစ်စစ်တပ်က ပြည်သူများ၏ တောင်းဆိုမှုများပြည့်ဝရေးကို တောင်းဆိုကြောင်းနှင့် ပါတီများအား နောက်ဆုံးအခွင့်အရေးအနေနှင့် နိုင်ငံတွင်းဖြစ်ပွားနေသော သမိုင်းတင်သည့် အခြေအနေများအတွက် တာဝန်ယူရန် ၄၈ နာရီ ပေးကြောင်း အထပ်ထပ် ပြောကြားသည်။

“တကယ်လို့ ဒီကာလတွင်းမှာ လူထုတောင်းဆိုမှု မပြီးပြည့်ခဲ့ရင်တော့ စစ်တပ်ဟာ ရှေ့ဆက်မယ့်လမ်းစဉ်နဲ့ လုပ်ငန်းစဉ်များကို လုပ်ဆောင်ဖို့ ကြေညာသွားပါမယ်” ဟု ကြေညာချက်တွင် ပါရှိသည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံတွင်း ဆယ်စုနှစ်များစွာ လွှမ်းမိုးလာသော စစ်တပ်အစဉ်အလာအရ စစ်တပ်အာဏာသိမ်းပေါ်လစီ လုပ်ရန်ခွင့်မပြုကြောင်း တနင်္လာနေ့ညပိုင်းတွင် ပြောကြားသည်။

ထုတ်ပြန်လိုက်သော ကြေညာချက်သည် အဖြေတစ်ခု မြန်ဆန်စွာရရှိရေး တစ်နိုင်ငံလုံး
ယေဘုယျဆုံးဖြတ်ချက်ရရှိရေးတို့အတွက် တွန်းအားပေးရန်သာဖြစ်ပြီး စစ်တပ်သည်နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်း မဖြစ်ချင်ကြောင်း ကာနယ် အာမက်အလီက ပြောကြားသည်။

စစ်တပ်သည် နိုင်ငံ၏ နိုင်ငံရေးတွင် တိုက်ရိုက် အခန်းကဏ္ဍမှ မပါဝင်ချင်ကြောင်း ပြောကြားသော်လည်း ဗိုလ်ချုပ်များသည် အီဂျစ်နိုင်ငံ၏ ပထမဆုံးလွတ်လပ်စွာ ရွေးကောက်ခံသမ္မတ မိုဟာမက်မော်စီအား အစိုးရ ပြန်လည်တည်ဆောက်ရေး အတွက် ဖိအားပေးနေကြသည်။

အစိုးရပြန်လည်တည်ဆောက်ရေးတွင် အစိုးရအဖွဲ့အတွင်း မွတ်ဆလင်ညီနောင်များပါတီလွှမ်းမိုးမှုလျှော့ချရေး၊ သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများ ဆောလျင်စွာကျင်းပရန် တောင်းဆိုခြင်းများ ပါဝင်ကြောင်း အီဂျစ် ရာထူးကြီး အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အီဂျစ်နိုင်ငံ တာရီရင်ပြင်ရှိ ဆန္ဒပြသူများသည် ရေဒီယိုလိုင်းများနှင့် ဖုန်းများမှ စစ်တပ်၏ ကြေညာချက်ကို နားဆင်ပြီး နောက် သြဘာပေးကြပြီး စစ်တပ်ရဟတ်ယာဉ်များ ဝေဟင်မှဝဲပျံသွားသည်ကို
အီဂျစ်အလံများဝှေ့ယမ်းခြင်း၊ စစ်တပ်ဆိုင်ရာစာတမ်းများကိုင်ဆောင်ကာ အော်ဟစ်မှုများ၊ ညအချိန်တွင်အလံများဝှေ့ယမ်းခြင်း၊ ဟွန်းမှုတ်ခြင်းများနှင့် မီးပန်းဖောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“လူတိုင်းဟာ မော်စီတရားဝင် အာဏာမဲ့ရေးနဲ့ ညီနောင်ပါတီ တရားဝင်အာဏာမဲ့ရေးကို ပြောနေကြတယ်၊ လူတိုင်းအောင်ပွဲခံနေတယ်” ဟု တနင်္လာနေ့ ဆန္ဒပြပွဲကို ဝင်နွဲနေသည့် အီဂျစ် စာရေးဆရာ ဘက်ဆန်ဆာဘရိုင်းက ပြောကြားသည်။

အီဂျစ်နိုင်ငံ သမ္မတရုံးက စစ်တပ်မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်သည် သမ္မတက သုံးသပ်ထားခြင်း
မဟုတ်သေးကြောင်း၊ အီဂျစ်နိုင်ငံသည် တတ်နိုင်သရွေ့ မည်သည့် အခြေအနေတွင်မဆို နိုင်ငံ နောက်ပြန်ဆွဲသွားမည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။

ဆန္ဒပြပွဲကြောင့် အစိုးရဝန်ကြီး ငါးဦး တနင်္လာနေ့တွင် နှုတ်ထွက်သွားကြပြီး နောက်ဆုံးနှုတ်ထွက်သွားသူသည် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ကာမယ်အားမ်ဖြစ်ကြောင်း အီဂျစ်အစိုးရပိုင်
သတင်းဋ္ဌာနတွင် ဖော်ပြသည်။

ယမန်နေ့က ဆန္ဒပြသူများသည် ရွေးကောက်ပွဲမတိုင်မီ သမ္မတမော်စီဦးစီးခဲ့သည့် မွတ်ဆလင်ညီနောင်များရုံးချုပ်သို့ တိုက်ခိုက်ကြပြီး လက်နက်များ ကိုင်ဆောင်ဝင်ရောက်ကြကာ ရုံးကိုမီးရှို့ခဲ့ကြသည်။

ဆန္ဒပြပွဲကြောင့် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့နှစ်ရက်ပေါင်းတွင် လူ ၁၆ ဦးသေဆုံးခဲ့ပြီး ၇၈၉
ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်ဟု အီဂျစ်သတင်းဋ္ဌာနတွင် ဖော်ပြသည်။
Ref:CNN
မြန်မာ့ခေတ်

စနိုဒင် ရုရှားမှာ ခိုလှုံခွင့် တောင်းခံ

ရုရှား သမ္မတ ပူတင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
2 ဇူလိုင်လ 2013
ထွက်ပြေး တိမ်းရှောင်နေရတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင် ဟာ ပြီးခဲ့တဲ့ တနဂင်္နွေနေ့တုန်း သူတို့ဆီမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေး အရာရှိက ပြောပါတယ်။

မစ္စတာ စနိုဒင်ကို ခိုလှုံခွင့် ပေးမယ့်သူ ရှိလို့ သူကလည်း သွားချင်တယ် ဆိုရင် မတားပါဘူး ၊ သူရုရှားမှာ နေချင်တယ် ဆိုရင်တော့ တခုတော့ လိုက်နာရမယ် ၊ မိတ်ဖက် အမေရိကန်တွေကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို ရပ်ပစ်ရမယ်လို့ ရုရှား သမ္မတ ပူတင်က ပြောပါတယ်။

မစ္စတာ စနိုဒင်ဟာ အီကွေဒေါ နိုင်ငံကို မသွားဖြစ်ခဲ့ဘဲ အခုတော့ ရုရှား နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေတယ်လို့ ယူဆနေကြပါတယ်။

အီကွေဒေါ အစိုးရကို မစ္စတာ စနိုဒင်က ပေးတဲ့ စာထဲမှာ သူ့ကို ခိုလှုံခွင့် ပေးဖို့ စဉ်းစားခဲ့တဲ့ ရဲရင့်တဲ့ စိတ်ဓါတ် အပေါ် ချီးကျူး စကား ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ တရားနည်းလမ်း မကျတဲ့ လူဖမ်းပွဲကို သူက ရှုတ်ချ လိုက်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်ကို သွားမယ်

ထိုင်း တော်ဝင် မင်းသမီး သီရိဒုံ
2 ဇူလိုင်လ 2013
ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ဒီကနေ့ အင်္ဂ࿿ါနေ့မှာ မြန်မာ နိုင်ငံကို တစ်ရက်ကြာခရီး သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Chulachomklao Royal Academy တော်ဝင် စစ် တက္ကသိုလ်ရဲ့ သမိုင်း ဌာန ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မင်းသမီး သီရိဒုံက အဲဒီ တက္ကသိုလ်က ဗိုလ်လောင်း တွေကို လေ့လာရေး ခရီး ခေါ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်ခိုက်မှာ မင်းသမီးသီရိဒုံဟာ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး သမိုင်းဝင် နေရာ တချို့ကိုလည်း သွားရောက် လေ့လာမယ်လို့ သိရ ပါတယ်။

အခု တကြိမ်ဟာ လက်ရှိ မြန်မာ အစိုးရ သစ် တက်လာပြီးတဲ့နောက် မင်းသမီး သီရိဒုံရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

နိုင်ငံတကာရှိ ၈၈ မျိုးဆက်များ၏ ၂၅ နှစ်မြောက် ပထမဆုံးအကြိမ် ညီလာခံ အမေရိကန်နိုင်ငံတွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၁။
နိုင်ငံတကာရှိ ၈၈ မျိုးဆက်များ၏ ၂၅ နှစ်မြောက် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ညီလာခံကို အမေရိကန်နိုင်ငံ အင်ဒီးယန်းနားပြည်နယ်ရှိ ဖို့စ်ဝေးတက္ကသိုလ်တွင် လာမည့် ဇူလိုင် ၅ ရက်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသား ကိုမောင်မောင်ကျော်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းပွဲ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ၂၅ နှစ်အတွင်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခြင်းဖြစ်ပြီး နောင်အနာဂတ်အတွက် လုပ်ဆောင်ဖွယ်ရာများကို ဆုံးဖြတ်ချက်တစ်ခုအနေဖြင့် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၈၈ ဆိုတာ မျိုးဆက်က တစ်ခုတည်း ရှိပါတယ်။ ၈၈ မျိုးဆက်တိုင်းဟာ ဒီမိုကရေစီ အရေးကိုပဲ တောင်းပါတယ်။ ဒီမိုကရေစီ အရေးကို မတောင်းတဲ့ ၈၈ မျိုးဆက်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့တွေ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်တဲ့အခါ တစ်ကြိမ်တစ်ခါတုန်းကတော့ တလှေတည်းစီးပြီး တခရီးတည်းသွားခဲ့ကြတယ်။ ခုချိန်မှာ တလှေတည်းစီးပြီး မသွားကြပေမယ့် တခရီးတည်း သွားနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ တစ်ခုတည်းပါပဲ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယင်းညီလာခံတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းများမှ ၁၂ ဦး ဖိတ်ကြားခြင်းခံရပြီး
တစ်ဦးတစ်ယောက်ချင်း ဖိတ်ကြားခံရသည်လည်း ရှိကြောင်း၊ လက်ရှိတွင် ယင်းညီလာခံသို့ မြန်မာနိုင်ငံမှ ၆ ဦး တက်ရောက်မည်ဟု သိရှိရပြီး မည်သူ တက်ရောက်မည်ဆိုသော စာရင်း အတိအကျကိုမူ မသိရသေးကြောင်း ညီလာခံကော်မတီမှ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

“ခုလောလောဆယ်တော့ သွားတဲ့သူတွေလည်း သွားနေကြပါပြီ။ ကိုဘသက်အောင်တို့၊ ကိုထွန်းကြည်တို့တော့ သွားပြီလို့ သိရတယ်။ ဒီနေ့ပဲ ဦးသိန်းထွန်းလည်း သွားမယ်လို့ သိရတယ်ခင်ဗျ။ ဘယ်သူတွေ တက်မယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ ကျွန်တော်လည်း ဟိုရောက်မှပဲ
သိရမှာ”ဟု ၎င်းက ပြောသည်။

ယင်းညီလာခံကို ညီလာခံ ကော်မတီအနေဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၃ ရက်ကြာ  ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ထိုင်း၊ ဖင်လန်၊ သြစတေးလျ၊ နယူးဇီလန် စသည်တို့မှ ၈၈ မျိုးဆက် ကိုယ်စားလှယ်ပေါင်း ၃၅၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများမှလည်း ယင်းညီလာခံအတွက် သဝဏ်လွှာများ ပေးပို့ထားကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com