http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

စစ်တွေ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို စွဲချက်တင်

Published on July 30, 2013 by အေးနိုင်
 
နိုင်ငံသားမဟုတ်တဲ့ ဒုက္ခသည်တွေကို လုံချင်းအိမ်ရာဆောက်လုပ်ပေးတဲ့ လုပ်ရပ်အပေါ်  ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုမှာ ဦးဆောင်တယ်ဆိုပြီး ရခိုင်ပြည်နယ် စစ်တွေမြို့တရားရုံးက မြို့ခံ ဒေါ်ညိုအေးနဲ့ ဦးကျော်ဇောဦးတို့ ၂ ဦးကို စွဲချက်တင်လိုက်ပါတယ်။
သူတို့ ၂ ဦးဟာ ဒီနှစ် မတ်လဆန်းက စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ လူထောင်ချီ ပါဝင်တဲ့ဆန္ဒပြပွဲကို ဦးဆောင်တယ်လို့ တရားစွဲဆို စစ်ဆေးခံနေရတာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ စွဲချက်တင်ခဲ့တာပါ။  နောက်တကြိမ်ရုံးချိန်းကို လာမယ့်ဩဂုတ် ၅ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
နိုင်ငံသားစိစစ်မှု မပြီးပြတ်သေးခင် အစိုးရအသိအမှတ်ပြုမှုနဲ့ တူရကီအဖွဲ့အစည်း တီကာ (TIKA) က ဘင်္ဂါလီဒုက္ခသည်တွေအတွက် လုံးချင်းအိမ်တွေ ဆောက်လုပ်ပေးမယ့်ကိစ္စကို ကန့်ကွက် ဆန္ဒပြခွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ခွင့်တောင်းပေမယ့် မရတာကြောင့် မတ် ၇ ရက်နေ့မှာ စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြတာလို့ ဒေါ်ညိုအေးက ပြောပါတယ်။
ဆန္ဒပြတဲ့ညနေမှာပဲ အဖမ်းခံရပြီး အာမခံနဲ့ လွတ်ရာက ၁ လခွဲကျော်အကြာမှာ တရားစွဲဆိုထားတာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ စွဲချက်တင်လိုက်တာပါ၊
ဒေါ်ညိုအေးက “သူတို့ဟာ ကျမတို့ နိုင်ငံသားမဟုတ်တဲ့အတွက် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားခြင်း ရှိတဲ့လူတွေက ပါဝင်တာ နည်းသေးတယ်။ နောက်ပြီးတော့ သူတို့ဟာ ကျမတို့ နိုင်ငံသားမဟုတ်ဘူး၊ ခိုးဝင်လာသူများနေတယ်။ လုံးချင်းအိမ်ရာ ဆောက်ပေးလိုက်ခြင်းအားဖြင့် ပြဿနာတွေ တော်တော်ကြီး ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်ဆိုတာ ကျမတို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် ကျမတို့ မိုးတွင်းအချိန်မရောက်မီ သူတို့ကို အမိုးအကာအောက်ရောက်ဖို့အတွက်ကို ကျမတို့က တန်လျားဆောက်ပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ၁၉၈၂ ခုနှစ် အခြေခံ ဥပဒေအရ သူတို့ကို လေ့လာစိစစ်ပြီးတော့ အစိုးရပိုင်။အနေနဲ့ ကိုင်တွယ်တဲ့နေရာမှာ လွယ်ကူချောမွေ့ဖို့အတွက် ကျမတို့က အဲဒီတောင်းဆိုမှုတွေ ပြုထားတယ်” လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေအပြီးမှာ လုံးချင်းအိမ်ရာ အနည်းငယ်သာပါရှိပြီး တန်းလျားတွေကို ဆောက်ပေးနေတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အလားတူ လိုလားချက်တွေကို ထုတ်ဖော်ဆန္ဒပြခဲ့ကြလို့ ရသေ့တောင်မြို့နယ်က ၃ ယောက်၊ ကျောက်တော်မြို့က ၄ ယောက်နဲ့ တောင်ကုတ်မြို့က ၃ ယောက်ကိုလည်း  ပုဒ်မ၁၈ နဲ့ စွဲချက်တင်ထားတယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။
ဒီဆန္ဒပြမှုတွေနဲ့ တချိန်တည်းလိုလိုဖြစ်ခဲ့တဲ့ ကျောက်ဖြူ မဒေးကျွန်းက ၁၂ ယောက်ကိုလည်း ပုဒ်မ ၁၈ နဲ့ စွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။ မဒေးကျွန်းက ဆန္ဒပြပွဲကတော့ ဂက်စ်ပိုက်လိုင်းကြောင့် လယ်မြေသိမ်းခံရသူတွေက ထိုက်သင့်တဲ့လျော်ကြေးရလိုမှု၊ လမ်းမ ကောင်းတာနဲ့ မီးမလာစတဲ့လိုလားချက်တွေကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့တောင်းဆိုချက်ထဲမှာ ပါတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေအရ ဘင်္ဂါလီတွေကို စိစစ်ရေးကတော့ အစိုးရဘက်က ဆွဲတင်စစ်ပရိုဂရမ်ကို စတင်တဲ့နေ့မှာပဲ အဓိကရုဏ်း ဆန်ဆန်ဖြစ်ပွားပြီး ရပ်တန့်ထားရပါတယ်။

ဒီဗွီဘီမှ ကူးယူဖော်ပြသည်။ 

မုဒိမ်းမှု ဆန့်ကျင်ရေး အမျိုးသမီး ၃၀၀ ခန့် ဆန္ဒ ထုတ်ဖော်မည်

ဇူလိုင်လ ၃၀ ရက် ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ကလေးသူငယ်နှင့် အမျိုးသမီး များ အဓမ္မမှု ကျူးလွန်ခံနေရမှုများကို ဆန့်ကျင်သည့်အနေနှင့် အမျိုးသမီး ၃၀၀ခန့်က ဇူလိုင်လ ၃၀ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ ဒေါ်ခိုင်ခိုင်ရွှေက ပြောကြားသည်။

လပွတ္တာမြို့နယ်တွင် ရက်ပိုင်းအတွင်း အဓမ္မမှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွား ခဲ့မှုကို မြို့ခံများက မကျေနပ်၍ မြို့နယ် ရဲစခန်းနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးထံ ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားခဲ့ရာ ဇူလိုင်လ ၂၄ရက်က တရားဝင် ခွင့်ပြုချက်ရသဖြင့် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဆင်းရဲတဲ့ အမျိုးသမီးတွေမို့ ဗဟုသုတ အားနည်းတယ်။ သူတို့လို ဘဝတူ မိန်းကလေးတွေ လုံခြုံရေး အတွက် အသိပညာပေးဖို့ လိုတာရယ်၊ အမျိုးသမီးထုက မုဒိမ်းမှုတွေကို ဆန့်ကျင်ကြောင်း ပြချင်လို့ ပြုလုပ်တာပါ” ဟု ဒေါ်ခိုင်ခိုင်ရွှေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက သဲအိတ် ထမ်းသည့် အသက် ၁၅နှစ်အရွယ် မိန်းကလေးငယ်ကို အလုပ်သမားခေါင်းက အဓမ္မ ကျူးလွန်ခဲ့ သည့်အတွက် ရဲစခန်းက ဖမ်းဆီးထားပြီး ဓာတုဗေဒ ဆေးစစ်ချက် အဖြေ ရရှိပြီ ဖြစ်ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့ စခန်း၏ စခန်းမှူး ရဲအုပ် နိုင်မိုးဇော်က ပြောကြားသည်။

ယင်းဖြစ်စဉ်အပြင် အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို လယ်ပိုင်ရှင်၏ တူက အဓမ္မ ပြုကျင့်ခဲ့ခြင်း လည်း ဖြစ်ပွားခဲ့သည့်အတွက် ဆန္ဒ ထုတ်ဖော် ကြခြင်း ဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ကြမည့်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဆယ်နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ရာ သက်ငယ် မုဒိမ်း ပြုကျင့်ခံရမှု ၂၃၀၂ မှုရှိပြီး ၄၈ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန် ထားချက်များအရ သိရသည်။

ဆယ်နှစ်တာ ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မုဒိမ်းမှု ၃၈၆ မှု ဖြစ်ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

The Voice Weekly

မြောက်ဥက္ကလာပ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး သေဆုံး



ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင် သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင် ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံး ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာနှင့် သွေးတိုးရောဂါရှိပြီး ရင်ခွဲ စစ်ဆေးချက်များအရ နှလုံး၏ အစိတ်အပိုင်း အချို့မှာ ပုပ်နေသည်ကို တွေ့ရှိရကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ကာမအားတိုးဆေး သောက်ထားလား ဆိုတာတော့ အသေးစိတ် မသိသေး ပါဘူး။ ဒါပေမဲ့ ဖြစ်တဲ့ နေရာကို စစ်ကြည့်တာတော့ ဘာအစအနမှ မတွေ့ပါဘူး၊ အတူပါလာတဲ့ သူကိုလဲ မေးကြည်တော့ မသုံးထားဘူးလို့ ပြော တယ်” ဟု အဆိုပါ သေဆုံးမှုကို စစ်ဆေးလျက်ရှိသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နှလုံး ကြွက်သားပုပ်သည်ဟု ဆရာဝန်၏ အတည်ပြုချက်သည် နှလုံးတွင်းသို့ လိုအပ်သည့်သွေး (အောက်ဆီဂျင်) ပမာဏ မရောက်ရှိပါက နှလုံးခုန်ရပ်ပြီး ငါးမိနစ်မှ ၁၅ မိနစ်အတွင်း နှလုံး ကြွက်သား ပုပ်နိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

အမျိုးသား ကာမ အားတိုးဆေးဝါးများ သောက်သုံးထားမှု ရှိ မရှိ စစ်ဆေးရာ တွင် အခြားသော စိတ်ကြွဆေး၊ မူးယစ်ဆေးများ သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးခြင်းကဲ့သို့ မလွယ်ကူကြောင်း၊ နှလုံးရောဂါ (သို့) ရင်ဘတ် အောင့် တတ်သည့် ရောဂါ ဝေဒနာ ခံစားနေရသူများ အနေနှင့် ကာမ အားတိုးဆေး ဝါးများကို မသုံးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

အဆိုပါ ဆေးဝါးများသည် သွေးပေါင်ကို လျော့စေသော အာနိသင် ရှိသောကြောင့် သွေးပေါင်ကို လျော့ကျစေပြီး ခန္ဓာကိုယ်မှ အားစိုက်ထုတ်ချိန် တွင် နှလုံးတွင်းသို့ လိုအပ်သည့် သွေးပမာဏ မရောက်ဘဲ နှလုံးသွေး ရပ်ကာ သေဆုံးနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဦးနှောက်သွေးကြောများကို ထိခိုက်နိုင်ပြီး လေဖြတ်၊ လေငန်းရောဂါများ လည်း ဖြစ်ပွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၂၉/၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်ရှိ တည်းခိုခန်း နှစ်ခုတွင် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ အလားတူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။


The Voice Weekly

နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ပေါ်ခဲ့ဟု ဒေါ်ခင်မမမျိုး ပြောကြား

Tuesday, July 30, 2013

နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ အားလုံးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့သည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ ဟောပြောပွဲတွင် နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့ အတွက် စာတမ်းပြုစုနေသည့် နိုင်ငံရေး လှုပ်ရှားသူ ဒေါ်ခင်မမမျိုးက ပြောကြားသည်။

ပြည်တွင်းစစ် ဖြစ်ပွားရသည့် အကြောင်းများစွာ ရှိသည့်အထဲမှ အချက်အချို့မှာ လွတ်လပ်ရေးရပြီးစ နိုင်ငံများတွင် လည်းကောင်း၊ ကိုလိုနီခေတ် တစ်လျှောက်တွင် ကျူးကျော်သူများက လူမျိုးစုတစ်ခု သို့မဟုတ် လူမျိုးကြီး တစ်ခုကို နေရာပေးခဲ့သဖြင့် အလိုအလျှောက် သွေးခွဲခံရကာ လွတ်လပ်ရေး ရပြီးချိန်တွင် အဖိနှိပ်ခံရသူတို့ ဘက်က လက်စားချေမှုများ စတင်ကာ ပြည်တွင်းစစ် ဖြစ်ပွားလာရခြင်း၊ လူမျိုးစုငယ်များ၏ ယဉ်ကျေးမှု၊ စာပေများအား လူမျိုးကြီးတို့မှ ၀ါးမျိုကာ လူမျိုးစု လက္ခဏာများအား ဖျောက်ဖျက်ခံခဲ့ရခြင်း၊ နယ်မြေခွဲဝေရာတွင် လူမျိုးစုတို့၏ သဘာတူညီမှု မပါဝင်ခြင်းများ စသည့် အချက်များကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားရသည်ဟု ဒေါ်ခင်မမမျိုးက ပြောကြားသည်။

ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်း များထဲတွင် အသွင်ကူးပြောင်းစဉ် ကာလအတွင်း အစိုးရအနေနှင့် အုပ်ချုပ်မှုစွမ်းရည်ရှိရန် အရေးကြီးကြောင်းနှင့် အုပ်ချုပ်မှုစွမ်းရည် မရှိပါက တရားဥပဒေစိုးမိုးမှု လျော့နည်းလာတတ်ပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းလာပါက မတရားမှုများ များပြားလာကာ ပုန်ကန်ခြားနားမှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားသည်။

နိုင်ငံတကာ ပညာရှင်များက ပြည်တွင်းစစ်အဖြစ် သတ်မှတ်ထားချက်မှာ ပြည်တွင်း အခြေစိုက်သည့် အဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရမှာဖြစ်ပြီး ထိုတိုက်ပွဲအတွင်း ကျဆုံးသူ ၂၅ ဦးထက် ကျော်ပါက ပြည်တွင်းစစ် ဖြစ်ပွားသည်ဟု သတ်မှတ်ကြောင်း ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် အဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေပြီး ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းစစ်များ ဖြစ်ပွားခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းများရှိပြီး ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ စိုက်ပျိုးရေး ကဏ္ဍများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာကာ အလုပ်လက်မဲ့ ပြဿနာများလည်း ကြီးထွားလာသည်ဟု ပြောကြားသည်။

ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံများအား ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အများအားဖြင့် ပြုလုပ်လိုခြင်း မရှိသော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့ ကဲ့သို့သော တိုင်းပြည်၏ သယံဇာတကို အချောင်ရယူခဲ့သည့် အဖြစ်အပျက်များကို အင်ဂိုလာ နိုင်ငံအား ဥပမာပေးကာ ပြောကြားသည်။

ထို့အပြင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူများအကြား လူမှုရေး ပဋိညာဉ်များ တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် လူမှုရေးပဋိညာဉ် ဆိုသည်မှာ နိုင်ငံသားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများရဲ့ ပြုမူဆောင်ရွက်ချက်များအား လမ်းညွန်ပြထားကာ ပဋိပက္ခများအား ဖြေရှင်းရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းအား အထောက်အကူပြုသော စည်းမျဉ်းများဟု အဓိပ္ပာယ် ဖွင့်ဆိုထား ဖြစ်သည်။ ထို့အပြင် လူမှုပဋိညာဉ် များရှိရန် လိုအပ်ပြီး မထားရှိပါက အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူများ အကြား ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပွားလာ နိုင်သည်ဟု ပြောကြားခဲ့သည်။

Eleven Media Group

လူကြိုက်များလာသော ဆူဇူကီးပစ်ကပ် ရက်သတ္တပတ်အတွင်း ဈေးနှုန်းမြင့်တက်လာ



သီဟကိုကို | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၇ မိနစ် 

ရန်ကုန်မြို့ ကားဈေးကွက်မှာ ဇူလိုင်လအတွင်း လူကြိုက်များလာပြီး အ၀ယ်လိုက်လျက်ရှိသော ဆူဇူကီးပစ်ကပ်ကား (ခွေးဘီလူး) တွေ ယခုရက်သတ္တပတ်အတွင်း ဈေးနှုန်းမြင့်တက်လာနေကြောင်း ရန်ကုန်မြို့ကားဈေးကွက်မှ ကားအရောင်းသမားများက ဆိုသည်။

ယခင် လူကြိုက်အများဆုံးဖြစ်ခဲ့သော ပရိုဘောက်ကားအမျိုးအစားများမှ တောင်တက်တောင်ဆင်းများတွင် အင်ဂျင်အပူတက်ကာ မီးလောင်ကျွမ်းမှုများကြောင့် နယ်အဆွဲနည်းလာခဲ့ပြီး ရန်ကုန်တွင်သာ အရောင်းအ၀ယ်ဖြစ်လျက်ရှိရာ ဈေးကွက်အတွင်း ဆူဇူကီးပစ်ကပ်များ အ၀ယ်လိုက်လာကြောင်း ယင်း တို့က ဆိုသည်။

ရန်ကုန်ကားဈေးကွက်တွင် ကားဝယ်ရောင်းလုပ်ငန်း လုပ်သက်ဆယ်နှစ်ကျော်ရှိနေသည့် ကားဝယ်ရောင်းသမား ဦးမျိုးက “အခုနောက်ပိုင်း ဆူဇူကီးပစ်ကပ်တွေက လူကြိုက်များလာပြီး ဈေးပါလိုက်တက်လာတယ်။ ဒီတစ်ပတ်ထဲမှာ အရင်ဈေးထက် သုံးသိန်းလောက်ကို လိုက်တက်လာတယ်။ လူတွေက အော်တိုဂီယာကို ပိုကြိုက်ကြတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လဆန်းတွင် ဆူဇူကီးပစ်ကပ် ၂၀၀၇၊ ၂၀၀၈ မော်ဒယ် Manual တစ်စီးလျှင် ကျပ်သိန်း ၆၀၊ ၆၅ သိန်းခန့်ရှိရာမှ ၆၃ သိန်း၊ ၆၈သိန်း အထိ ဈေးပေါက်လာသလို အော်တိုတစ်စီးလျှင် ကျပ်သိန်း ၇၀မှ ၇၃ သိန်းအထိ ဈေးတက်လာကြောင်း ကားဈေးကွက်မှ သိရသည်။

မြန်မာနိုင်ငံမှ ကားများကို အဓိကတင်သွင်းလျက်ရှိသော ဂျပန်နိုင်ငံ၏ ယန်းငွေဈေးမှာ မြင့်တက်လျက်ရှိပြီး ကားတစ်စီးလျှင် ပျမ်းမျှ ကျပ်ငွေ ၁၀ သိန်းခန့် ဈေးမြင့်လျက်ရှိရာ ရန်ကုန်ကားဈေးကွက်အတွင်း ကားဈေးနှုန်းများမှာ ဈေးနှုန်းမာလျက်ရှိပြီး အရောင်းအ၀ယ် အေးလျက်ရှိကြောင်း သိရှိရသည်။

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းသမား ဦးဖက်တီး(မော်လမြိုင်) က “သူတို့က ဈေးပေါတာထက် လူလည်းစီးလို့ရတယ်၊ လုပ်ငန်းသုံးလည်း သုံးကြတာများတော့ ဈေးကွက်မှာ အရောင်း အ၀ယ်လေး လိုက်လာတယ်။ ပရိုဘောက်ကတော့ ကျပ်သိန်း ၁၀၀၊ ၁၀၅ လောက်ပဲ”ဟု ပြောသည်။

ကားအရောင်းပြခန်းအများစုတွင် ဆူဇီးကီးပစ်ကပ် မော်ဒယ်မြင့် ၂၀၁၃ များသာ အရောင်းများပြီး တစ်စီးလျှင် ကျပ်သိန်း ၁၀၀ ကျော်ဈေးရှိလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့ကားအရောင်းပြခန်းမှ မန်နေဂျာတစ်ဦးက “Showroom တွေမှာလည်း ဆူဇူကီးပစ်ကပ်လေးတွေ အရောင်းသွက်ပါတယ်။ ၂၀၀၈ အထက်မော်ဒယ်တွေ အရောင်းများတယ်။ ၂၀၁၂ လောက်အထိ ရှိပါတယ်။ Duty ဆောင်ပြီးဆို ကျပ်သိန်း ၁၀၀ လောက်တော့ ရှိတယ်”ဟု ပြောကြားသည်။

ရန်ကုန်ကားဈေးကွက်အတွင်းတွင် အခြားကားအမျိုးအစားများဖြစ်သည့် တိုရိုတာကားများ အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး တိုရိုတာဗက်တာ ၂၀၀၈ တစ်စီးလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်၊ တိုရိုတာဗစ် တစ်စီးလျှင် ကျပ်သိန်း ၁၁၀ ၀န်းကျင်၊ ဟွန်ဒါဖစ် ၂၀၀၉ မော်ဒယ်တစ်စီးလျှင် ကျပ် ၁၂၅ သိန်း၊ အေဒီဗင် ၂၀၀၈ တစ်စီးလျှင် ကျပ် ၁၀၅ သိန်းဈေးတို့ဖြင့် ဈေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

Mizzima - News in Burmese'

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်


===================================
နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်း တွေနဲ့ဖြတ်သန်းလေ့ရှိတဲ့ သက်မွန်မြင့်က ဒီနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာလည်း မွေးနေ့အလှူအဖြစ် မှော်ဘီ က အောင်ဇမ္ဗူတောရကျောင်းတိုက်မှ သံဃာ တော်များကို ဆွမ်းဆက် ကပ်လှူဒါန်းသလို ဝါဆိုလဖြစ်တာကြောင့် ဝါဆိုသင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့တိုင်း၊ နှစ် တိုင်းမှာ အမှတ် တရလေးတွေရှိခဲ့ပြီး ဒီနှစ်မှာ လည်း ချစ်တဲ့ခင်တဲ့မိတ်ဆွေတွေက အလှူလုပ် တဲ့အချိန်မှာလာရောက်ချီးမြှင့်ခဲ့ကြသလို အလှူ အတန်းတွေကို လည်း ပြန်အမျှဝေပေးခဲ့ကြောင်း သက်မွန်မြင့်က ပြောပါတယ်။ ဒီနှစ်မွေးနေ့ အလှူအဖြစ်သက်မွန်မြင့်က အောင်ဇမ္ဗူတောရ ဆရာတော်ဦးစီးပြီး ချင်းတောင်မှာ ဇမ္ဗူအေး စေတီတည်ဖို့ရှိတာကြောင့် စေတီတည်ဖို့ အတွက် ငွေကျပ် သိန်းတစ်ရာလှူဒါန်းခဲ့ တယ်လို့ ပြောပါတယ်။ သာသနာထွန်းကား စေချင်တာကြောင့် တတ်နိုင်သလောက်ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို သက်မွန်မြင့်က "ချင်းတောင်မှာ အောင်ဇမ္ဗူ ဆရာတော်က ဦးစီးပြီး ဇမ္ဗူ အေးစေတီတည်မှာပါ။ အဲဒီအတွက် ကိုယ်ကပိုက်ဆံလှူချင်တော့ စုထား တယ်။ မွေးနေ့မှာတော့ ငွေစုထား တာပြည့်သွားလို့ ငွေကျပ် သိန်းတစ်ရာ လှူလိုက်ရတယ်။ ကိုယ် လည်း ပြည့်စုံတဲ့ လူတစ်ယောက်မဟုတ်ဘူး။ လှူချင် တော့ ငွေ စုနေတာကြာနေပြီ။ စေတီတည် မယ်ဆိုကတည်းက မွေးနေ့အမီ ကိုယ့်ဘာသာ ကိုယ်ဖြည်းဖြည်းချင်းစုနေရတာ။

မွေးနေ့မှာလှူလိုက်ရလို့ တအားဝမ်းသာပါတယ်။ ကိုယ်တတ်နိုင်သလောက် သာသနာကို ထွန်းကားစေချင် တယ်။ ကိုယ့်ရဲ့ဘာသာကို ယုံယုံကြည်ကြည်နဲ့ ကောင်းမှုကုသိုလ်လည်း လုပ်ချင်တယ်။ တိုက်လည်းတိုက်ဆိုင်သွားတယ်။ စေတီတစ်ဆူတည်ဖို့ မနိုင်တဲ့အခါကျတော့ ဒီလိုပဲ နိုင်သလောက်လေး ပါဝင်ရတာပေါ့" လို့ ပြောပါတယ်။
ချင်းတောင်မှာ ဇမ္ဗူအေးစေတီကို စတင်ဌာပနာသွင်း တည်နေ ပြီဖြစ်ပြီး ဇာတ်ကားရိုက်တွေနဲ့ မအားလပ်သေး တာကြောင့် စေတီတည် တဲ့နေရာကို မသွားဖြစ်သေးပေမယ့် စေတီထီးတင်ပွဲကိုတော့ သွားဖြစ်မှာပါလို့ သက်မွန်မြင့်က ပြောပါတယ်။ သက်မွန်မြင့်က မနှစ်က လည်း သွားရေး လာရေးခက်ခဲတဲ့ ချင်းတောင်က ဖလန်းဘုန်းကြီးေ ကျာင်းအတွက် ကား တစ်စီးနဲ့ ရွာဘက်ကအိမ်တွေအတွက် ဆိုလာပြားတွေ ကို လှူဒါန်းခဲ့ပါ သေးတယ်။မွေးနေ့ ညဘက်မှာတော့ သူငယ်ချင်းတွေနဲ့ အတူတူပျော်ပျော် ပါးပါးမုန့်သွားစားခဲ့ကြပြီး မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

Popular Journal




ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)



၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအတွက် အရွေးချယ်ခံ ကြရမည့် ဇာတ်ကားများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အတွက် အကြုံးဝင်သည့် အရွေးချယ်ခံ ရုပ်ရှင် ဇာတ်ကားများ စာရင်းကို တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန် ကြေညာရာတွင် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကား ၁၇ ကား ရှိပြီး ဒါရိုက်တာ ကိုဇော် ( အာရုဏ်ဦး ) ၊ ၀ိုင်း ၊ ညီညီထွန်းလွင် ၊ အောင်ကိုလတ် ၊ ညွှန့်မြန်မာ ညီညီအောင် အစရှိသည့် ရုပ်ရှင် ဒါရိုက်တာ များ စီစဉ် ရိုက်ကူးခဲ့သော ဟာသ ၊ အချစ် နှင့် ဘ၀သရုပ်ဖော် ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

အရွေးချယ်ခံ ဇာတ်ကားများ၏ အမည်များမှာ အချစ်ကွိုင် ၊ မေခင်ကညာ ၊ ချစ်တယ်ပြောမှ လွှတ်မယ် ၊ ငါမင်းကို ... ၊ လက်ပံ ၊ မော်ကင်းဥဒါန်း ၊ သွား .. လူဆိုး ၊ ဒါမျိုးတော့ တတ်တယ် ၊ နှစ်ပင်လိမ်တဲ့ ရည်းစား ၊ ဥ ၊ ကယန်းအလှ ၊ အလန်းလွန် အလွန်လန်း ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ၊ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ၊ အမုန်းမီးတောက် ၊ မွေခံထိုက်သူ ဖြစ်စေ ၊ ဟတ်ထိတယ် ၊ အထာသစ်နဲ့ နှစ်ခါချစ်မယ် စသည်တို့ ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား များထဲမှ သရုပ်ဆောင်ဆု ၊ ဇာတ်ပို့ဆု ၊ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ တေးဂီတဆု ၊ တည်းဖြတ်ဆု ၊ အသံဆု ၊ ဓာတ်ပုံဆု နှင့် ဇာတ်ညွှန်းဆု အစရှိသည် တို့ကို ရွေးချယ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပမည့် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား တွင် ဆုများ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
The Myawady Daily (Facebook)

တံဆိပ်ခေါင်းခွန် လျော့ချဖို့ နိုင်ငံတော်သမ္မတထံ တင်ပြမည်


Monday, July 29, 2013

ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ မေလက စတင်ပြီး တရားရုံး တံဆိပ်ခေါင်းအခွန်တွေ ဆယ်ဆမကမြင့်တက်လာတဲ့အတွက် ဈေးနှုန်းတွေကို ထက်ဝက်အထိ လျှော့ချပေးဖို့ ရှေ့နေများကွန်ယက်က အခုလာမယ့်လအတွင်း နိုင်ငံတော် သမ္မတဆီ တင်ပြသွားမယ်လို့ ပြောပါတယ်။

တရားရုံး တက်ရတဲ့ ပြည်သူတွေ ကုန်ကျစားရိတ် ကြီးမြင့်လာကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ယာယီဥက္ကဌ ဦးကြီးမြင့်က ဆိုပါတယ်။

တရားရုံး တံဆိပ်ခေါင်းအခွန်တွေ မြင့်တက်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ ဇွန်လ၁ရက်နေ့မှာ ရှေ့နေများကွန် ယက်က စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ပြီးတံဆိပ်ခေါင်းခွန်တွေ လျှော့ချပေးဖို့နိုင်ငံတော်သမ္မတဆီ တင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၂ခုနှစ် ၊အောက်တိုဘာလတုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌနဲ့ သွားရောက်တွေ့ဆုံပြီး
တံဆိပ်ခေါင်းခွန်လျှော့ချပေးဖို့ကို တောင်းဆိုခဲ့ဖူးပါတယ်။

RFA Burmese

ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလမ်းကြောင်းမှ ပြန်ထွက်နိုင်

Published on July 26, 2013 by နန်းမြနဒီ

ထိုင်း-မြန်မာနယ်စပ်ကနေ ဗီဇာနဲ့ ၀င်ရောက်လာမယ့် နိုင်ငံခြားဧည့်သည်တွေဟာ ပြည်တွင်းမှာ ကန့်သတ်ထားတဲ့ နေရာကလွဲလို့ နေရာအနှံ့ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး  အပြန်ကိုလည်း နှစ်သက်ရာ လမ်းကနေ ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
လာမယ့် ဩဂုတ်လ ပထမပတ်ကစပြီး ထိုင်း-မြန်မာနယ်စပ် တာချီလိတ် – မယ်ဆိုင်၊ မြ၀တီ – မဲဆောက်၊ ကော့သောင်း – ရနောင်း ဂိတ် ၃ ခုကနေ ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေဟာ ကန့်သတ်ထားတဲ့နေရာကလွဲလို့ နေရာအနှံ့သွားရောက် လည်ပတ်နိုင်မှာဖြစ်ပြီး ပြန်တဲ့အခါမှာလည်း  ရန်ကုန်၊ မန္တလေး လေဆိပ်အပါအ၀င် ဘယ်ထွက်ပေါက်ကမဆို ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး  တနင်္သာရီတိုင်း ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဆန်းလွင်က  ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က  ဌာနဆိုင်ရာဝန်ထမ်း ၊ ခရီးသွားလုပ်ငန်း နဲ့ ကုန်သည်တွေကို  ဟံသာဝတီခန်းမမှာမှာ ခေါ်ယူရှင်းပြခဲ့တယ်လို့ တက်ရောက်ခဲ့သူ တနင်္သာရီဂျာနယ် သတင်းထောက် မမိုးအိက ပြောပါတယ်။

“ညွန်ချုပ် ဦးစန်းလွင်ကနေပြီးတော့ ကော့သောင်းမြို့မှာ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွားတွေ လာတဲ့အခါကျရင် လွယ်ကူအောင် ရနောင်း၊ တာချီလိတ်၊ မယ်ဆိုင်တို့၊ မြ၀တီတို့၊ မဲဆောက်တို့ကနေပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်က ၀င်ပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်ကနေ ပြန်ထွက်နိုင်တယ်။”
နယ်စပ်ဂိတ် ပိုပြီးလွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ပိုများလာမှာဖြစ်ပြီး  ဟိုတယ်နဲ့ တည်းခိုခန်း၊  အမှတ်တရပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တွေ တိုးချဲ့ဖို့၊  ဧည့်လမ်းညွှန်သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့ကိစ္စလည်း ပါဝင်ကြောင်း ညွှန်မှူးက ပြောတယ်လို့ ဆိုပါတယ်။
ဒီလိုခွင့်ပြုလိုက်ခြင်းအားဖြင့်  ကော့သောင်းမှာ အတွင်းပိုင်း ၇ မိုင်ပတ်လည်ထိ လည်ခွင့်ရတဲ့ နိုင်ငံခြားသားတွေဟာ ခုဆို  မိုင် ၂၀ လောက်ဝေးတဲ့ ရေပူစမ်းလို အပန်းဖြေနေရာတွေပါ ၀င်လည်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက ခုလို ခွင့်ပြုချက်ပေးသလိုမျိုး ထိုင်းနိုင်ငံဘက်ခြမ်းကလည်း အလားတူ လည်ပတ်ခွင့် ဧရိယာနဲ့ နေထိုင်ခွင့်သက်တမ်းတွေ တိုးမပေးနိုင်ဘူးလားလို့ ရှင်းလင်းပွဲတက်ရောက်သူတဦးက မေးမြန်းခဲ့ရာမှာ သက်ဆိုင်ရာနဲ့ ဆက်လက်ဆွေးနွေး တင်ပြပေးသွားမယ်လို့ ညွှန်မှူးက ဖြေကြားသွားကြောင်း မမိုးအိက ပြောပါတယ်။
ခုလို လည်ပတ်ခွင့် ဧရိယာနဲ့ ၀င်ထွက်သွားလာမှုတွေ တိုးမြှင့်ပေးလိုက်ပေမယ့်လည်း ဗီဇာကြေး နဲ့ အခွန်အခ   ကောက်ခံနှုန်းထားတွေကတော့ အရင်သတ်မှတ်ချက်တွေအတိုင်းပဲလို့ သိရပါတယ်။
ထိုင်းနိုင်ငံသား နဲ့ နိုင်ငံခြားသားတွေဟာ အရင်က နယ်စပ်ကနေ ၀င်ရောက်မယ်ဆိုရင် ဗီဇာကြေး ၁၀ ဒေါ်လာ   ပေးဆောင်ရပြီး  ၆ ည  နဲ့ ၇ ရက် နေခွင့်ရှိတယ်လို့ တာချီလိတ် လ၀က ၀န်ထမ်းတဦးက ပြောပါတယ်။

DVB Burmese

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ကြေညာရမည်

Published on July 26, 2013 by ကိုထွေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေဟာ ကော်မရှင်မှာ တာဝန်ပေးအပ်ခံရတဲ့အခါမှာ မိမိတို့ဦးစီးတဲ့ စီးပွားတခုတည်းဖြစ်တဲ့ မိသားစုပိုင် မြေကြီး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်တွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမယ်ဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်ကို သမ္မတထံ ပေးပို့တဲ့အခါ ဒီပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့အတွက် ဖြုတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက သဘောထား မှတ်ချက်ပြန်လည်ပေးပို့ခဲ့ပါတယ်။ ဒီအပေါ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အရင် ပြည်ထောင်စု လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့အတိုင်း ပြဋ္ဌာန်းသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ကြောင်း လွှတ်တော်ကို ပေးပို့ခဲ့ပါတယ်။
ဒီသဘောထားမှတ်ချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒ ရယူမဲခွဲခဲ့ရာမှာ ပိုင်ဆိုင်မှု ကြေညာရမယ်ဆိုတဲ့ဘက်က အနိုင်ရရှိခဲ့ပုံကို ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ခုလို ပြောပါတယ်။“သမ္မတက ဘယ်လိုမှတ်ချက်ပေးသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်လို့ အဲဒီလို မှတ်ချက်ပေးထားတယ်။ ဘာဖြစ်လို့ အဲဒီလို မှတ်ချက်ပေးရတာတုန်းလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကော်မရှင် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာရမယ်လို ပြဋ္ဌာန်းမထားလို့။ ပြည်ထောင်စု လွှတ်တော်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အဲဒီလို ပြဋ္ဌာန်းမထားတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆလို့ မရဘူးပေါ့။ ကျနော်တို့ လွှတ်တော်က အဲဒီလို သဘောထားရှိတယ်။ ဒါကြောင့် နဂိုက ကျနော်တို့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ပြဋ္ဌာန်းသင့်တယ်လို့ မှတ်ချက်ပြုတာပေါ့။ ဒီ ၂ ခုကို ခွဲလိုက်တဲ့ အခါကျတော့ ကျနော်တို့ရဲ့ လွှတ်တော်က သဘောထားကို ထောက်ခံတဲ့လူက ၃၆၂ ယောက်ရှိတယ်၊ သမ္မတရဲ့ အဆိုကို ထောက်ခံတဲ့လူက ၁၅၀ ရှိတယ်။ အဲတော့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲ အတည်ဖြစ်သွားတာပေါ့။” ဒါအပြင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် ပြင်ဆင်ရေးသားဖို့ သမ္မတက မှတ်ချက်ပေးပို့ခဲ့တာကို ဥပဒေကြမ်း ကော်မတီက အရင် နာမည်နဲ့ ခေါ်ဆိုဖို့ ပြောဆိုခဲ့တာကြောင့် လွှတ်တော်အမတ်တွေရဲ့ မဲနဲ့ အဆုံးအဖြတ်ခံယူရာမှာ ကန်ကွက်သူ ၂၁၁ မဲ၊  သမ္မတ သဘောထားကို ထောက်ခံသူ ၂၉၁ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ 

DVB Burmese

မင်းပြားမြို့ နယ်အတွင်း ကျေးရွာ၂၄ ရွာလောက် ရေလွှမ်းမိုး

2013-07-28

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်းနစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။
အဓိက ရေနစ်မြုပ်မှုနဲ့ကြုံနေရတဲ့ ကျေးရွာတွေကတော့ မင်းပြားမြို့န ယ်က မင်းဘူးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလားမတောင်စတဲ့ ကျေးရွာကနေ အထက်ပိုင်း ရွှေကျန်အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။
အခုလို ရေနစ်မြုပ်မူ ဖြစ်ပေါ်နေတဲ့ကျေးရွာတွေဟာ မြေနိမ့်ပိုင်း ကျေးရွာတွေ အများဆုံးဖြစ်ပြီး ရေဘေး ဒုက္ခရောက်သူတွေဟာ နီးစပ်ရာ ကုန်းမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ ခြေတံရှည် အိမ်တွေဆီကို ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး အမ်းမြို့နယ်မှာလည်း ကားလမ်းတွေ ရေလျှံနေတဲ့အတွက် ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။

RFA Burmese

ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ

2013-07-28

 
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင်၁၉ ရက်နေ့က ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝ ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေး အတွက် တောင်းဆိုချက်(၅)ချက်ပါစာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့ အထက(၁)က ကျောင်းသား(၄)ဦး ကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည(၈)နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေ က အာဖက်အေ ကို ပြောပါတယ်။
ကျောင်းသားမိဘများကိုပါခေါ်ယူပြောဆိုပြီး နောက်နောင်မှာ အခုလိုမပြုလုပ်ရန်ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီ ကျောင်းသား ၄ ဦးကို သြဂတ်(၉)ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။

RFA Burmese

တိုင်းပြည်တိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2013-07-27
 
မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အဓိကကျတာဟာ ပညာရေးဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာ တိုးတက်အောင် သုတ၊ ရသစာပေတွေ များများ ဖတ်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့

စတင်ဖွင့်လှစ်လိုက်တဲ့ ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် တိုးတက်ဖို့ ပညာရေးအရေးကြီးကြောင်း နဲ့ စာဖတ်အားကောင်းဖို့ လိုအပ်ကြောင်း အခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံမှာ ပထမဆုံးရွေ့လျားစာကြည့်တိုက် ကို ကော့မှူးမြို့မှာ ဖွင့်လှစ်ခဲ့တာပါ။
ရွေ့လျားစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံဟီးနိုးကုမ္ပဏီက လှူဒါန်းတဲ့ ဟီးနိုးကားအကြီးစားပေါ်မှာ စာကြည့်တိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကားနှစ်စီးဟာ ကော့မှူးမြို့နယ်ထဲ က ကျေးရွာပေါင်း ၂၁ ရွာကို အလှည့်ကျသွားရောက်ပြီး ကျေးရွာလူထု အလွယ်တကူ စာအုပ်ငှား ဖတ်နိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်။

အဲဒီလိုကားနှစ်စီးပေါ်မှာ တည်ဆောက်ထားတဲ့ ရွေ့လျားစာကြည့်တိုက်အပြင် ပုံမှန်စာကြည့်တိုက်ကိုလည်း စာအုပ်ပေါင်းများစွာနဲ့ ကွန်ပြူတာအင်တာနက် တပ်ဆင်တည်ဆောက်ထားပါတယ်။
အခုလို ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများစရန် တစ်သိန်းစီသာရပြီး အဖမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၂၅
တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းစိန်(ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်းစီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

လူသတ်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ထိုနှစ်ဦးကိုလည်း စေခိုင်းသူ ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် သည် အသတ်ခံရသူ ဒေါ်သန်းစိန်ထံမှ မြေ ၈ ဒသမ ၆ ဧကခန့်ကို ယခင်နှစ်က ဝယ်ယူခဲ့ကြောင်း၊ ယခု လယ်မြေဈေး တက်လာသောကြောင့် ပိုက်ဆံ ထပ်မံ ရလိုသည်ဟု လာရောက် ပြောကြားသော အခါ မတရားလုပ်သည်ဟု ထင်မြင်မိသည့်အတွက် တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူ သူရင်းငှား ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ကို ငွေ ၁၀ သိန်းပေး၍ လူသတ်ရန် ခိုင်းစေခဲ့သည်ဟု ကိုထူးနိုင်က ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
အသတ်ခံရသူ ဒေါ်သန်းစိန်သည် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေကိစ္စ အငြင်းပွားလျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီးရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူး ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ရှစ်သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော်လည်း ယခု ၎င်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ယူဆောင်၍ ငွေအနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့် ထံတွင် သေဆုံးသူ ဒေါ်သန်းစိန်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိကိုယ်တိုင်လည်းတစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် မည်ရွေ့ မည်မျှမှ မရခဲ့သည့်အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် ငွေကြေး အလွဲသုံးစားမှုဖြင့် အကျဉ်းထောင် ကျခံနေသည့် ၂၀၁၂ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ်ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် အချုပ် အတွင်းသို့ သွားရောက်၍ လက်မှတ်နှင့် လက်ဗွေများ ရယူကာ လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ရှစ်သိန်း၊ ကိုးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောကြားသည်။

အခင်းမဖြစ်မီ လအပိုင်းအခြားခန့်က ထင်းစုကျေးရွာမှ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည်ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ သုံးရက်အတွင်း လယ်ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် ( ခ ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ပြီး ညနေပိုင်းတွင် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာကာ ဒေါ်သန်းစိန်ကို မေးမြန်းသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်းသို့ သွားသည်ဟု ပြောပြခဲ့ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံအတွင်းသို့ ရောက်ရှိစဉ် ဒေါ်သန်းစိန်ကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် တရားခံ သုံးဦးကို ဖမ်းဆီး စစ်ဆေးဆဲဖြစ်ကြောင်း ခလောက်ချိုက် နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

တောင်ငူခရိုင် ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၀/၁ ဇဟား ချောင်းကူး တံတား အောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကို ပီနံအိတ်နှင့် ထည့်ကာ စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခေါင်းပြတ် သေဆုံးမှုနှင့် ပက်သက်၍ သေသူ၏ လက်ဗွေရာကို မေလ ၂၀ ရက်နေ့မှ စတင်ကာ ခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) နှင့် တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) များရှိ အမျိုးသမီးများ၏ မှတ်ပုံတင် လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ယနေ့ထိ မည်သူ မည်ဝါ ဖြစ်ကြောင်း စုံစမ်း မရသေးပေ။

ဧရာဝတီမြစ် ကမ်းပါးပြို၍ နေအိမ်များရွှေ့

26.7.2013

ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျမှု ကြောင့် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကျောက်ရဲ အောင်ချမ်းသာ၊ ကျောက်ရဲငှက်ပျောတော စသည့် ကျေးရွာများမှ လူနေအိမ်အချို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အိမ်အကြီးအသေးပေါ် မူတည်၍ လူအင်အားဖြင့် အိမ်အလုံးလိုက် ထမ်းရွှေ့ ခြင်း၊ ဖျက်ရွှေ့ခြင်းတို့ ပြုလုပ်နေရပြီး အိမ်ခြေ ၃၀ ကျော် ရွှေ့ပြောင်းပြီး ဖြစ်ကာ နောက်ထပ် ဆက်လက်ကမ်းပြိုပါက ရွာလုံး ကျွတ် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ခြင်ဘို့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ရှင်းပြသည်။

မြစ်ကမ်းပါး ဆက်တိုက်ပြိုနေမှု ကြောင့် ကျေးရွာမူလတန်းကျောင်းနှင့် မြစ်ကမ်းပါး အကွာအဝေးမှာ ပေ ၁၅၀ ခန့်သာ လိုတော့ကြောင်း ၄င်းကပြောဆိုသည်။

နောက်ထပ် ပေ ၂၀၀ ခန့် ပြိုကျနိုင် သေးကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

ဒေသခံများကို မြစ်ကမ်းပါးနှင့် ပေ ၆၀၀ အတွင်း နေထိုင်ခြင်းမပြုရန် နှိုးဆော်ထားပြီး အိမ်ရာရွှေ့ပြောင်းနေသူများ အတွက် လိုအပ်သည့် အကူအညီများ ပေးရန် အလှူရှင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းဇော်ဦး ကဆိုသည်။

The Voice Weekly

ဧရဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား

7/26/201

အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ရေကြီး ရေလျှံမှုဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေဟာ ငါး သိုင်းချောင်းမြို့မှာ စိုးရိမ်ရေအထက် ၃ စင်တီမီတာ ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမြစ်ရေ ဟာ ဒီကနေ့ မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေနိုင် တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း သာပေါင်းနဲ့ ဒေးဒရဲမြို့ နယ်တွေက ကျေးရွာတချို့မှာ ရေကြီးရေလျှံဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာဆိုရင် အခုလ ၁၅ ရက်နေ့ကတည်းက ရေစတက်နေပြီး ပေါင်းမြို့နယ် ထဲက အနိမ့်ပိုင်ကျေးရွာ ၅၀ လောက် ရေစကြီးနေပြီလို့ သာပေါင်းမြို့နယ် ခင်နန်ရွာက ကျေးရွာတာဝန် ရှိသူ ဦးဝင်းစမ်းက ဒီဗွီဘီကို ပြောပါတယ်။

“သာပေါင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀ ရှိတယ်။ ဒီဘက် အထက်ဘက်အခြမ်းပေါ့ င၀န်တာနဲ့ အနောက်ဘက်က ရခိုင်ရိုးမရဲ့ ဆင်းလာတဲ့ တောင်ခြေနဲ့ ညှပ်ပြီတော့ ရေကြီးတဲ့ သဘောပါ။ အဲဒီအနေအထားမှာ ကျနော်တို့ တချို့ စိုက်ကွင်း လယ်တွေ စိုက်ထားတဲ့ဟာတွေ မြုပ်တယ်၊ အဲဒါလည်း အနည်းအကျဉ်းပေါ့နော် ဧကအနေအထားနဲ့ ဆိုရင် ဧက ၈၀ ၀န်းကျင်ပေါ့ ရေ၀င်စပြုနေပြီးပေါ့။ တအားဆိုး ဆိုးရွာရွာ ပျက်ဆီးလောက်တဲ့ အနေအထား အခုအချိန်မှာ မရှိဘူး။ ဒီထက် ပိုတက်လာမယ်ဆိုရင်တော့ ပျက်စီးမယ့် အနေအထားရှိပါတယ်။ ဟိုဘက် င၀န်တာရဲ့ အရှေ့ဘက်ခြမ်း ခရေနီတို့၊ ကျားရယ် အုပ်စုတွေ ဆိုလို့ရှိရင် ရေရဲ့အနေအထားဟာ ၁၅ ပေအထိ တက်သွားနိုင်မယ့် အနေအထားရှိတယ်။ ခန့်မှန်းခြေ ကတော့ ကျေးရွာပေါင်းဆိုလို့ရှိရင် ၅၀ ၀န်ကျင်းကတော့ ရှိတယ်။

ရေကြီးတဲ့အတွက် အိမ်တွေအားလုံး ရေနစ်မြုပ်ကုန်တဲ့အဆင့်အထိ မရှိပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ ထားဖို့ နေရာအခက်အခဲရှိနေပြီး လက်လုပ်လက်စားသမားတွေအတွက်လည်း ရေကြီးလို့ အလုပ်အကိုင် မရှိတော့ အခက်အခဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရေကြီးရတဲ့ အဓိက အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဝင်းစမ်းက “မိုးများတာလည်းပါတယ်၊ တရုတ်ဘက်တို့ ဘာတို့ကနေပြီးတော့ ရေခဲတွေပျော်ပြီး ဒီဧရာဝတီမြစ်ကနေပြီးတော့ ဆက်သွယ်ပြီးတော့ စီးဆင်းလာ တယ်။ နောက်ပြီးတော့ ရခိုင်ရိုးမပေါ်မှာ မိုးရွာတဲ့အခါကျတော့ အဲဒီရေတွေဟာ ကျနော်တို့ဆီကို တိုက်ရိုက် ဆင်းတဲ့ တောင်ကျချောင်းတွေရှိတယ်။ ချောင်းတွေကနေစီးဆင်းလာတဲ့အခါကျတော့ ဒီရေတွေဟာ များပြားလာတယ်။ အောက်ကလည်း အခုကာလ မုန်သုတ်လေ ရှိနေတဲ့အခါ၊ နောက်လေဖိအားတွေ ရှိနေတဲ့ အခါကျတော့ ဒီရေက တက်ပြီး ကုန်းတွေ ရေလျှံလောက်အောင် ရေကြီးတာပေါ့။”

ဒေးဒရဲမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းက မိုးများလို့ ရေတက်ပြီး မြစိမ်းကန်၊ သောကြာနဲ့ ဖိုး ရှမ်းကြီးကျေးရွာစုတွေမှာ လယ်ယာမြေဧက လေးငါးထောင်လောက် ရေနစ်မြုပ်နေတာ လေးရက်လောက် ရှိနေပြီလို့ မြို့ခံ ဆန်ကုန်သည်တဦးက ပြောပါတယ်။

“မိုးနည်းနည်းများတယ်၊ အောက်ရေကလည်းတက်လို့ပါ။ လေးငါးတောင်လောက်တော့ ရှိနိုင်တယ်။ ဒီ တစ်ရက် နှစ်ရက်ဆို ပြန်ကျသွားမှာလေ။ ကျနော်တို့ မြစိမ်းကန်၊ သောကြာ၊ ဖိုးရှမ်းကြီးဘက်တို့ ရွာတွေပါ။ အခုရေတော့ နည်းနည်းပြန်ဆင်းသွားပါပြီ။ မိုးလည်းနည်းနည်းပါးသွားတယ်၊ မိုးက ရွာတော့ ရွာတယ်၊ ပထမရက်တွေလောက် မိုးမများဘူး။”

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက် ၇ ခု ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပြီး အခုတော့ ရေကျသွားပြီဖြစ်ပါတယ်။

DVB TV News

တရုတ် စစ်သင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်

ကိုဇော်ဝင်းလှိုင်

မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမှု အများဆုံးဖြစ်နေဆဲ

ကိုကျော်ကျော်သိန်း

ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော် ၂၀၁၃ Magsaysay ဆု ချီးမြှင့်ခံရ

ကိုဇော်ဝင်းလှိုင်
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေမှာ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော်ကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် Magsaysay ဆုကို ချီးမြင့်လိုက်ပါတယ်။ ဒီဆုဟာ အာရှတိုက်အတွင်း အတုယူ အားကျဖွယ် ကောင်းလောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရာမှာ  ခေါင်းဆောင်မှုကို ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
 
မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရသူတွေ ပြန်လည် ပြုစု ပျိုးထောင်နိုင်ရေးအတွက် အကူအညီတွေ ပေးနေတဲ့ လူထုအခြေပြု မေတ္တာဖောင်ဒေးရှင်းကို စတင်တည်ထောင်သူ တဦးလည်းဖြစ်တဲ့ လဖိုင်စိုင်းရော်ကို ၂၀၁၃ ခုနှစ်အတွက် Ramon Magsaysay ဆု ချီးမြှင့်ဖို့ ရွေးချယ်ရခြင်းနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်ရေး ဖောင်ဒေးရှင်းက ဆက်သွယ်ရေးအရာရှိ မန်နျူရယ် ဟီဇွန် (Manuel Hizon) က ဗွီအိုအေကို ရှင်းပြပါတယ်။
 
“သူပြောသွားတာကာတော့ - ကာလကြာရှည် လက်နက်စွဲကိုင် ပဋိပက္ခနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား အားလုံး ပူးပေါင်း ပါဝင်နိုင် ခေါင်းဆောင်မှုကို အေးအေးဆေးဆေးနဲ့ အားကျ အတုယူဖွယ်ရာ ပြသနိုင်ခဲ့တဲ့အတွက်ကြောင့် အခုလို သူ့ကို အသိအမှတ်ပြု ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒုက္ခကြုံတွေ့နေရတဲ့ လူ့အဖွဲ့အစည်းတွေ ပြန်လည် ထူထောင်ရေးနဲ့ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာနဲ့ ဒေသခံ NGO တွေရဲ့ လုပ်ဆောင်မှုကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်စေမယ့် အချေအတင် ဆွေးနွေးမှုကိုလည်း သူ့ရဲ့ လုပ်ဆောင်ချက်က အားဖြည့်ပေးရာ ရောက်ခဲ့ပါတယ်။”
 
အခုလို ဖိလစ်ပိုင်နိုင်ငံက Magsaysay ဆုချီးမြှင့်တဲ့အတွက် ၀မ်းသာဂုဏ်ယူမိကြောင်းနဲ့ ဒီဆုဟာ တစ်ဦးတစ်ယောက်ထဲကို ချီးမြှင့်တာ မဟုတ်ဘဲ သူပါဝင် လုပ်ဆောင်ခဲ့တဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေနဲ့ ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ အားလုံးကို ချီးမြှင့်တာဖြစ်တယ်လို့ လဖိုင်စိုင်းရော်က ပြောပါတယ်။ 

“ကျမလည်း အတိုင်းမသိ ၀မ်းသာတယ်။ အံ့လည်းအံ့သြတယ်။ ဒါပေမဲ့ ကျမတစ်ယောက်တည်း အောင်မြင်မှုတော့ မဟုတ်ဘူးပေါ့နော်။ ကျမတို့အားလုံးရဲ့ ၀ိုင်းဝန်းကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ ဂုဏ်ပြုတယ်လို့ သဘောပေါက်ပြီးတော့ ကျမ အားလုံးကိုယ်စား ၀မ်းသာအားရ ရယူခြင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

 
မေး။          ။ သူတို့က ဆရာမကို ဘယ်တုန်းက အကြောင်းကြားတာပါလဲ ဆရာမ ဆုရတဲ့အကြောင်းကို။ သူတို့ကတော့ သူတို့ဟာသူတို့ ဘုတ်အဖွဲ့နဲ့ လျှို့ဝှက် လုပ်ကြတာဆိုတော့လေ။ သူတို့က ရွေးချယ်ပြီးတော့မှပဲ ချက်ခြင်း ရုတ်တရက်ကြီး အကြောင်းကြားတယ်ဆိုတော့ များသောအားဖြင့်က အတော် အံ့အားသင့် သွားကြတာလေးတွေ ရှိတယ်လို့ သူတို့က ပြောတယ်။ ဆရာမကိုရော ဘယ်လို အကြောင်းကြားလဲ။
 
“ညကတော့ သူတို့လေ ကျမ လားရှိုးမှာရောက်နေတုန်းပေါ့ ဇူလိုင် ၁၂ ရက်နေ့ကထင်တယ်။ ကျမကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာ။”
 
မေး။          ။ အဲ့ဒီဆုကို ဆရာမ ကိုယ်တိုင် သွားယူမှာလား။ ၃၁ ရက်နေ့ ဆုပေးပွဲလုပ်မယ်လို့ ပြောပါတယ်။
 
“ဟုတ်ကဲ့ပါရှင့်။ ကျမကိုယ်တိုင်ပဲ သွားယူပါမယ်။ ကျမရယ်၊ ကျမကတော့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အနားယူလိုက်ပါပြီ။ ကျမရယ်၊ ကျမရဲ့ အခု ဒီ လက်ရှိပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာပေါ့နော်  Dr. Saboi Jum ရယ်၊ ကျမတို့နှစ်ယောက် အတူတကွ သွားယူဖို့တော့ စီစဉ်နေပါတယ်ရှင့်။”
 
မေး။          ။ ဆိုတော့ ကျမ ဟိုက်လိုက်လေး နည်းနည်း ပြောပြပါလား ဆရာမ။ ဆရာမတို့ လုပ်နေတာလေးတွေကို အကြမ်းမျဉ်းပဲပေါ့။ ဘာတွေ ဘယ်လိုနေရာတွေမှာ လုပ်တယ်။ မေတ္တာဖောင်ဒေးရှင်းအနေနဲ့ ဘာတွေ လုပ်တယ်ဆိုတာလေးကို ပြောပြလို့ ရမလားဆရာမ။
 
“ဟုတ်ကဲ့ရှင့်။ ကျမတို့ ၁၉၉၈ ခုနှစ် ကျမတို့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း စတင်တည်ထောင်ကတည်းကကို ကျမတို့က နေရာမရွေး ဒေသမရွေး လူမျိုးမရွေး အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအချိန်မှာပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေဟာ ဒေသရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားတာ ဖြစ်ပြီးတော့ ကဏ္ဍတွေ တော်တော်များပါတယ်။ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တော စသည်ဖြင့်ပေါ့။ အားလုံးလိုလို ဒေသအလိုက် လိုအပ်ချက်တွေကို လုပ်နေတာဆိုတော့ တော်တော်များများ ဟိုဟာပေါ့ ကဏ္ဍတွေ များပြားပါတယ်လို့။ ဆိုတော့ ခုအချိန်မှာဆိုလို့ရှိရင် အားလုံးရဲ့ ယုံကြည်ပံ့ပိုး ကူညီမှုတွေကြောင့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ ဒေသလုပ်ငန်းတွေဟာ ပြည်နယ် ၅ ခုနဲ့ တိုင်းဒေသကြီး ၄ ခုမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျမလေ ကျေးဇူးတင်တယ်။ ဟိုဟာပေါ့ ၁၉၉၄ ခုနှစ် KIO နဲ့ နိုင်ငံတော်ရဲ့ အပစ်အခတ်ရပ်စဲရေး ရရှိပြီးတဲ့နောက် ကျမတို့ ဒီ ဒေသတွေမှာပေါ့နော် ပြည်တွင်း မငြိမ်သက်မှုရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဒေသတွေကို အကူအညီပေးနိုင်မယ့် ကိစ္စတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပေးဖို့ တံခါးဖွင့်ပေးတဲ့ နိုင်ငံ့အကြီးအကဲတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို ကျမ ကျေးဇူးတင်ကြောင်းကို ဒီနေရာကနေ ပြောချင်ပါတယ်။ ပြီးတော့ ကျမကို အမှတ်မထင်ပေါ့နော် ၁၉၈၉ ခုနှစ်မှာ ကျမကို ဒီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ပေါ့လေ လမ်းညွှန်ပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ KIO ဒုဥက္ကဌကြီး ဦးဘရန်ဆိုင်း ဒီနောက်ပိုင်းမှာလည်း တောက်လျှောက် ကျမကို KIO ခေါင်းဆောင်များကလည်း အမြဲပဲ ကျမကို ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အားပေးကူညီခဲ့တဲ့အတွက်ကြောင့်မို့ သူတို့ကိုလည်း ကျမ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။”
 
ဒီဆုကိုတော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ သြဂုတ်လ ၃၁ ရက်နေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
 
ဒီ Magsaysay ဆုကို မြန်မာနိုင်ငံသား ၄ ဦး လက်ခံရရှိဖူးတာမှာ ၁၉၅၉ ခုနှစ်က The Nation သတင်းစာကို စတင်တည်ထောင်သူ သတင်းစာ ဆရာကြီး ဦးလောရုံ (Edward Law Yone) ၊ ပရဟိတအကျိုး သယ်ပိုးသူ တီတီလု့စ် (Tee Tee Luce) ၊ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းဖွင့်ပြီး စေတနာ့ဝန်ထမ်း ဆေးကုသပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်နဲ့ ၂၀၀၉ ခုနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International က ကစောဝါး တို့ ဖြစ်ကြပါတယ်။

VOA Burmese

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ ဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော်ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကိုကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။ 

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။

 RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com